【 ဆောင်းပါး 】 လူလုံးမလှသည့် စာမူခငွေ အခွန်ရယ်ဆောင်ရဦးမည်လား

【 ဆောင်းပါး 】 လူလုံးမလှသည့် စာမူခငွေ အခွန်ရယ်ဆောင်ရဦးမည်လား

၁၉၄၇ ခုနှစ် သြဂုတ်လထုတ် ရှုမဝမဂ္ဂဇင်းတွင် ‘ဘရန်ဒီတစ်ပုလင်း’ ဝတ္ထုတိုဖြင့် စတင်တာထွက်ခဲ့ သည်။စာမူခမှာ တစ်ပုဒ် ကျပ် ၅၀။နောက်တစ်လ ရှုမဝတွင် နောက်တစ်ပုဒ် ထပ်မံဖော်ပြတော့ ၇၅ ကျပ်။သုံးပုဒ်မြောက်မှ စတင်ကာ တစ်ပုဒ် ကျပ် ၁၀၀။ ထိုအချိန်တုန်းကငွေမှာ အင်္ဂလိပ်ငွေ။တစ်လ ၂၀၀ ခန့်ဆိုလျှင် တစ်အိမ်ထောင် ကောင်းကောင်းစားလောက်သည့်ခေတ်။ထိုသို့သောခေတ်၊ ထိုသို့သော ၁၉၄၇ ခုနှစ်တွင် စာရေးဆရာကြီး သော်တာဆွေ ရေးပြခဲ့သော သူရရှိခဲ့သည့် စာမူခနှုန်းထားဖြစ်သည်။

ထိုအချိန်က ရှုမဝတွင်လည်းရေး၊ အခြားသောမဂ္ဂဇင်းများတွင်လည်းရေး၊ သူ့မိသားစုအတွက် တစ်လ ၂၀၀ ပေးနိုင်သည့်အပြင် သောက်သောက်စားစား ပျော်ပျော်ပါးပါး။ရည်းစားလည်း တစ်ယောက်ပြီး တစ် ယောက် ထားနိုင်သည့် စာရေးဆရာများ မော်ကြွားနိုင်သည့် သက္ကရာဇ်များဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာကိုရောက်တော့ ဆရာသော်တာဆွေ နောက်အိမ်ထောင်ပြုသည်။ပထမအိမ်ထောင်မှ သားသမီးများစရိတ်အတွက် တစ်လ ၂၅၀ ပေးပါမည်ဟု ရှုမဝဦးကျော် က တာဝန်ခံလိုက်သဖြင့် ယောက္ခမဖြစ်သူက ကျေအေးသည်။ ၁၉၅၄ ခုနှစ်တွင် ဆရာသော်တာဆွေ၏ ဝတ္ထုတိုအတွက် ရှုမဝမှပေးသော စာမူခမှာ ကျပ် ၃၀၀။ရှုမ၀ ဦးကျော် က ရှုမဝမဂ္ဂဇင်းတွင် ဟာသကဏ္ဍ (အဟိ) ထပ်ဖွင့်ကာ ဆရာသော်တာဆွေအား တာဝန်ယူစေပြီး နောက်ထပ် ကျပ် ၃၀၀ ထပ်ပေးသဖြင့် ဆရာသော်တာဆွေသည် သက်‌ေတာင့်သက်သာ။ ကြက်သမား၊ အရက်သမား ပေါသည်ဆိုသော ရွာတန်းရှည်ရွာ (ယခု ၆ မိုင်ခွဲနှင့် ၇ မိုင် ဝန်းကျင်) တွင် စဘော်မပါ တစ်လ ကျပ် ၃၀ ဖြင့် အိမ်ဌားနေသည်။ရှုမဝတင်မက အခြားမဂ္ဂဇင်းများတွင်လည်းရေး၊ လုံးချင်းစာအုပ်လည်းထွက်။ကြက်လည်းတိုက်၊ အရက်လည်းခပ်ကြိုက်ကြိုက်ဖြင့် ဒုတိယအိမ်ထောင်ရေးဘဝမှာ စိတ်လက်ချမ်းသာသမို့ ဆရာသော်တာဆွေ၏ ဘဝသည် အိုကေမှာစိုပြေလို့။

ပြောရလျှင် ထိုခေတ်ထိုအခါက စာရေးဆရာဘဝသည် မယားနှစ်ယောက်ယူနိုင်၊ မိသားစုနှစ်စုကို သက်တောင့်သက်သာ ထမ်းထားနိုင်သည့် အခြေအနေ။ မိန်းမဖြစ်သူက တောင်ကြီးသူ။နွေရာသီကျောင်းပိတ်ရက်တွင် တောင်ကြီးပြန်ချင်သည် ဆိုတော့လည်း ပြဿနာမရှိ။ရုပ်ရှင်ရိုက်ရန် ဇာတ်ညွှန်းတစ်ပုဒ်ရေးခြင်းဖြင့် အိုကေ။တောင်ကြီးတွင် သူတို့တင်မက လာဧည့်မြှောင်ကြသော စာရေးဆရာတရုန်းရုန်းတို့ကိုပင် မငြိုမငြင် ပျော်ပျော်ရွှင်ရွှင် တင်ကျွေးနိုင်သည့် အခြေအနေမျိုး။ ဘာ့ကြောင့် ထိုသို့စတိုင်ထွား နိုင်ကြတာလဲဆိုတော့ ဖဆပလခေတ် ရောက်သည်အထိ မည်သည့်စာကိုမဆို အများပြည်သူ ဝယ်ဖတ်နိုင်ကြသောကြောင့်ဖြစ်သည်။မဂ္ဂဇင်းဆိုလည်းအပိုင်။လုံးချင်း၀တ္ထုဆို လည်း အပိုင်ဝယ်သည်။ထို့ကြောင့် မဂ္ဂဇင်းဈေးကွက်၊စာအုပ်ဈေးကွက်သည် ဒေါင်ဒေါင် မြည်။

ဘာ့ကြောင့် အပိုင်ဝယ်သိမ်းကြတာလဲဆိုတော့ ပြည်သူတို့၏စီးပွားရေးမှာ ဝယ်သိမ်းနိုင်သည်အထိကောင်းသောကြောင့် ဖြစ်သည်။နောက်ထပ်စဉ်းစားမိသောတစ်ချက်မှာ ပုံနှိပ်မီဒီယာကို ယှဉ်နိုင်စွမ်းသည်အထိအခြားမီဒီယာများ အားမကောင်းသေးခြင်း ကြောင့်လည်းဖြစ်သည်။ ထိုအချိန်က ရုပ်သံဆိုလျှင် ရုပ်ရှင်။ပြီးတော့ ရေဒီယိုဆိုလျှင် အဓိကဖျော်ဖြေမှုပေးနေသည့် မီဒီယာ။ ထို့ကြောင့် ပုံနှိပ်မီဒီယာ၏ အခန်းကဏ္ဍမှာ အကျယ်ပြန့်ဆုံးနှင့် အားအကောင်းဆုံးအဖြစ် ဈေးကွက်လည်း ကောင်းသဖြင့် စာမူခမှာလည်း ဒေါင်ဒေါင်မြည်ခဲ့သည်။ ကျနော်မမွေးသေးသော ၁၉၇၂ ခုနှစ်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ကမ္ဘာ့စာအုပ်နှစ်ဟု သတ်မှတ်ခဲ့ သည်။၁၉၇၂ ခုနှစ် ဇန်နဝါရီမှစတင်ကာ မြန်မာနိုင်ငံ၌ လုံးချင်းစာအုပ်ထုတ်ရန် သက်ဆိုင်ရာဌာနက စက္ကူ လုံးဝမပေးနိုင်တော့ကြောင်း သိရသည်။၁၉၆၂ ခုနှစ်၊ချောက်ထဲကျတော့မည်ဆိုသော တိုင်းပြည်ကို ကယ်တင်လိုက်သည့် အာဏာရှင်အစိုးရသည် ၁၀ နှစ်တာ တိုင်းပြည်အုပ်ချုပ်ပြီးနောက် စက္ကူတောင်မပေး နိုင်သည့်အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

စက္ကူတောင် မပေးနိုင်သည့်ခေတ်တွင် စာရေးဆရာတို့၏ဘ၀ တဖြည်းဖြည်းနိမ့်ပါးလာခြင်းမှာ သဘာဝကျပေသည်။တိုင်းပြည်စီးပွားရေးမှာလည်း အာဏာရှင်ကြီးနှင့် ပတ်ဝန်းကျင်မျှသာ သုံးနိုင်ဖြုန်းနိုင်သည့် အနေအထား။သာမန်ပြည်သူများမှာမူ အစိုးရဆိုး၏ နှိပ်စက်စီးပွားဖျက်မှုဒဏ်ကြောင့် ရွှေထီးဆောင်းခဲ့သည့်ခေတ်ကို ပြန်လွမ်းကာ အာသာဖြေရတော့သည့် ဘဝမျိုးဖြစ်လာသည်။ ထို့ကြောင့် မဂ္ဂဇင်းတွေ စာအုပ်တွေလည်း အပိုင်မဝယ်နိုင်တော့။စာအုပ်အဌားဆိုင်တစ်ခေတ် ဘယ်အချိန်ကစတင်ခဲ့သလဲဆိုသည့် ဇစ်မြစ်ကို အသေအချာမသိရှိသော်လည်း တိုင်းပြည်စီးပွားရေးနှင့် အချိုးညီစွာ ၁၉၇၀ ၀န်းကျင်ခန့်က စတင်ခြင်းဟုထင်၏။ ပြောရလျှင် ဆရာသော်တာဆွေတို့ မော်ကြွားနိုင်ခဲ့သော လွတ်လပ်ရေးမရမီနှင့် ဖဆပလခေတ်လောက် မကောင်းတော့သော်လည်း ဆိုးလွန်းသည့်အခြေအနေတော့မဟုတ်။ယခင်လောက် စောင်ရေမရှိတော့သော်လည်း မဂ္ဂဇင်းတစ်ခေတ်သည်ရှိနေမြဲ၊ လုံးချင်းတစ်ခေတ်မှာလည်း တစ်နိုင်ငံလုံးအနှံ့ ကျယ်ပြန့်ခဲ့သော စာအုပ်အဌားဆိုင်တို့က ဒေါင့်တိုင်ကောင်းသဖွယ်မို့ သိသာစွာယိုင် သွားတာမျိုးမဟုတ်။

၁၉၈၀ ပြည့်နှစ်ကျော် ကာလများတွင် ဆရာသော်တာဆွေ ဇနီး မုန့်ဟင်းခါးဆိုင်ထွက်ရသည့် အခြေအနေမို့ ဆရာ့စာမူခဖြင့် မိသားတစ်စုလုံးဝမ်းကျောင်းရန် ခက်လာသည့်သဘောဟု ထင်၏။ ထိုသို့သောအခြေအနေမျိုးမှသာ ဒုတိယစစ်အာဏာရှင် လက်ထက် ရောက်တော့ ပက်ပက်စက်စက် ခုတ်မည်ထစ်မည်ဆိုသော စာပေကင်ပေတိုင်စခန်းက အနုပညာ၏ အမြုတေဖြစ်သော လွတ်လပ်မှုနှင့် အမှန်တရားကို ရက်ရက်စက်စက်ခုတ်ပိုင်းပစ်သည်။ ခေတ်ကြီးက အာဏာရှင်နှင့် ပြည်သူကြား အရှင်မထားလိုသည်အထိ စိန်ခေါ်သံပြင်းခဲ့လို့လားမသိ။ဘ၀တစ်သက်တာ အတိုက်အခိုက်များဖြင့်သာ ကုန်လွန်သော သိုင်းလောကသားများ၏ သိုင်းဝတ္ထုတစ် ခေတ်မှာ ဒုတိယအာဏာရှင်တို့တွင် ပထမစာမျက်နှာတွင် ဟုန်းဟုန်းတောက်ခဲ့သည်။ စစ်အစိုးရအုပ်ချုပ်သော ၁၀ နှစ်တာ မပြည့်သေးမီမှာပင် ဘယ်ပြည်သူမဆို အချိန်မရွေးသေနိုင်၊ အချိန် မရွေးထောင်ကျနိုင်၊ အချိန်မရွေးစီးပွားပျက်နိုင်၊ နေ့စဉ်ဆိုသလို ကြပ်ကြပ်တည်းတည်းဖြင့် ကြောက်ကြောက်ခဲခဲဘဝသို့ ရောက်ရှိလာခြင်းကြောင့်လားမသိ။သိုင်းတစ်ခေတ်အကုန် ထပ်ပွင့်လာသည့် စာတစ်ခေတ်မှာ အဘကယ်၊ အဘိုးကယ်ပါဆိုသည့် ထူးဆန်းထွေလာများနှင့် လျှို့ဝှက်သည်းဖိုတစ်ခေတ် ဖြစ်သည်။ထို့ကြောင့် ဘယ်ဘိုးတော် ဘယ်လိုစွမ်းပြီး ဘယ်လိုမသည်နှင့် ဆေးစွမ်းအဖြာဖြာ ရောသမမွှေထားသော မဂ္ဂဇင်းတို့၏ပိုင်ရှင်တို့ သူဌေးဖြစ်ခဲ့သည်။

 

စာပေကင်ပေတိုင်တို့က မည်သို့ပင်ခုတ်ထစ်ပါစေ၊လုံးချင်းဈေးကွက်သည် အရှိန်ကျန်နေဆဲမို့ မင်းလူတစ်ခေတ်၊ဂျူးတစ်ခေတ်၊တာရာမင်းဝေတစ်ခေတ်၊စသည်ဖြင့် ရှိခဲ့သလို အပျော်ဖတ်ဝတ္ထုတို့ သည်လည်း စာအုပ်အဌားဆိုင်ဈေးကွက်မှသည် ရွေ့နိုင်သေးသည့် အခြေအနေရှိခဲ့သည်။ သို့သော်၊တိုင်းပြည်စီးပွားရေးကလည်း ပျက်သထက်ပျက်၊ဓားထက်လွန်းလှသောစာပေ ကင် ပေ တိုင်စခန်းကလည်းမလျှော့တမ်းထက်လာခြင်းနှင့်မီဒီယာစုံတဖြည်းဖြည်းအားကောင်းလာခြင်းအရ ပုံနှိပ်မီ ဒီယာမှာတဖြည်းဖြည်း နောက်ဆုတ် ပေးလာရသော်လည်း သတင်းဂျာနယ်တစ်ခေတ်မှာကောင်းကောင်းအ လုပ်ဖြစ်ခဲ့သေးသည်။ ၂၀၁၀ပြည့်နှစ်လွန်ကာလကိုရောက်တော့ စာအုပ်အဌားဆိုင်ယဉ်ကျေးမှု လုံးပျက်သွားခြင်းနှင့်အ တူ ရေစုံမှာကြုံသလိုမျောနေရသော ပုံနှိပ်မီဒီယာမှာ အရှိန်ပြင်း လှသော ဒီဂျစ်တယ်အွန်လိုင်း လှိုင်းလုံးကြီး နှင့်အတွေ့တွင် အရေးပေါ်ခန်းထဲသို့ ရောက်ခဲ့ရသည်။ မဂ္ဂဇင်းများ၊ဂျာနယ်များတဖြုတ်ဖြုတ်ကြွေသည်။လောလောဆယ်ပုဂ္ဂလိကသတင်းစာတစ်စောင် ရပ်ဆိုင်းသွားပြီး အသက်ရှူမမှန်တော့သည့် သတင်းစာနှင့်ရုပ်သံလိုင်းများလည်းရှိနေသည်။

လက်ရှိဆိုလျှင် စာပေအနုပညာရှင်များအတွက် ရေးစရာမဂ္ဂဇင်း မရှိသလောက်ရှားခဲ့ပြီဖြစ်သည်။စာအုပ်ဈေးကွက်မှာ ရပ်တည်လို့ရသည့်အဆင့်တွင် ရှိသော်လည်း အုပ်ရေတစ်သောင်းရောင်းရသည့် စာအုပ်ဟူ၍ မကြားဖူး သည်မှာကြာခဲ့ပြီ။ပြောရလျှင် စာရေးသားခြင်း တစ်ခု တည်းဖြင့် မိသားစုဘဝရပ်တည်နိုင်ရန်မပြောနဲ့၊ တစ်ကိုယ်တော်ရပ်တည်ရန်ပင် ချောင်ချောင်လည်လည် မရှိပေ။ သို့သော်၊မည်သူကမှ အလုပ်မဖြစ်ဘူးတော့မဟုတ်။စာပေလောကမှ နာမည်ကြီးစာဟောဆရာများ မှာ ကောင်းကောင်း အလုပ်ဖြစ်သည်။၂၀၁၀ဒီဘက်၊စာပေဟောပြောပွဲကျင်းပခွင့် လွတ်လပ်လာပြီးနောက် မြို့တိုင်းလိုလို စာပေဟောပြောပွဲများ အပြိုင်အဆိုင်ကျင်းပလာခြင်းနှင့်ပရိသတ်ကျလောက်အောင် ဟောနိုင် ပြောနိုင်သောစာရေးဆရာ သိပ်မရှိခြင်းအရ တကယ်ဟောနိုင်သူများ တကယ်အလုပ်ဖြစ်ကြခြင်းဖြစ်သည်။ ဘယ်လောက်ထိအောင်အလုပ်ဖြစ်သလဲဆိုတော့ တစ်နာရီခွဲကျော်ကြာသော ဟောပြောမှုအတွက် ဉာဏ်ပူ ဇော် ခမှာကျပ်သိန်းဂဏန်းရှိပြီး နာမည်ကြီးလျှင်ကြီးသလို ရက်ခပ်စိပ်စိပ်ဟောရပြောရသည်ဟု လည်းကြား မိသည်။ စာမဟောနိုင်သူများမှာမူ သတင်းစာနှင့်ဂျာနယ်များတွင် မနာတမ်းရေးသည့်တိုင် ဌာန်ကုန်ရ ၅သိန်း ထက်ပိုမည်ဟုမထင်။ဘာ့ကြောင့်ပြောနိုင်သလဲဆိုတော့ ကျနော်ကိုယ်တိုင်သည်လည်းသတင်းစာနှင့်ဂျာ နယ်တို့တွင် ဆောင်းပါးရေးနေသောကြောင့်ဖြစ်သည်။

ကျနော်အများဆုံးရဖူးသည့်စာမူခမှာကျပ်သုံးသောင်း ဖြစ်ပြီး ပုံမှန်ရေးနေကျနေရာများတွင် ရနေသောစာမူခမှာ ကျပ်၂၇၀၀၀၊ကျပ်နှစ်သောင်းနှင့်ကျပ်တစ်သောင်း တို့ဖြစ်သည်။ဆိုတော့ များသောအားဖြင့်တစ်လလျှင် ဆောင်းပါး၁၃ပုဒ်ဝန်းကျင်ရေးလေ့ရှိပြီး ရရှိသောစာ မူခမှာ ကျပ်နှစ်သိန်းခုနှစ်သောင်းဝန်းကျင်ဖြစ်သည်။ ကျနော့်စာမူခဝင်ငွေမှာ စာပေလောကတွင် သိပ်အများကြီးမဟုတ်သော်လည်းမဆိုးလှသောအဆင့် ရှိသည်။ကျနော့်လောက်စာမူခမရသူလည်း များစွာရှိသည်။ လုံးချင်းစာအုပ်ရေး သူများကရောဟုမေးပါက စားဝတ်နေရေးမပူရဘဲစိတ်အေးလက်အေးရေးနိုင်သူတောင် အနည်းဆုံးအချိန်သုံး၊လေးလယူရပြီး ရသော စာမူခမှာ တစ်လ၅သိန်းရတာထက်မပိုနိုင်။သုံး၊လေးလတစ်အုပ်ရေးနိုင်သည်ထားဦးတော့၊ကိုယ့်စာအုပ် ဆက်တိုက်ထုတ် လိုသူရှိဦးမှ။ တစ်လ၂သိန်းဆိုသောဝင်ငွေမှာ ရန်ကုန်တွင် အိမ်ပိုင်ရှိသူတောင် ကိုယ့်ဘာသာတစ်ယောက်တည်း ချွေတာသုံးပြီးကျန်းမာရေးကုန်ကျစရိတ်မရှိဦးမှ။၅သိန်းဆိုသောဝင်ငွေဆိုလျှင် အိမ်ပိုင်ရှိတောင် မိသားစု ခြစ်ချုပ်သုံးဦးမှ။ အိမ်ပိုင်မရှိသူ များအတွက်ဆို ၅သိန်းလည်း လုံးဝမလွယ်။ ဒါတွေကို ဘာ့ကြောင့်ပြောနေရသလဲဆိုတော့ ငတ်နေသူများနှင့်မငတ်ရုံတမယ်သောစာပေ အနုပ ညာရှင် များလည်း တစ်နှစ်ကျပ်သိန်း၂၀ကျော်ပါက အခွန်ဆောင်ရမည်ဟုပြဌာန်းထားခြင်းကြောင့်ပင်။ အ သက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှရရှိသောငွေဟုဆိုသည်။အတတ်ပညာရှင်များသည် လစာမဟုတ်ဘဲ ဝန်ဆောင်မှုဝင်ငွေ တစ်နှစ်ကျပ်သိန်း၂၀ကျော်မှစ၍ အခွန်ဆောင်ရမည်ဟုသိရသည်။ တစ်နှစ်ကျပ်သိန်း ၂၀ကျော်မှ သိန်း၅၀ကြားကို ၅ရာခိုင်နှုန်း အခွန်ဆောင်ရမည်။ယင်းအတတ်ပညာရှင်ထဲတွင် မွဲနေတေေ န သောစာရေးဆရာများလည်းပါဝင်ကြောင်းသိရသည်။ တစ်နှစ်သိန်း၂၀ကျော်ဆိုတော့ တစ်လစာမူခဝင်ငွေ တစ်သိန်းခြောက်သောင်းကျော်လျှင် အခွန် ဆောင်ရမည့်သဘောဖြစ်သည်။

 

တစ်သိန်းခြောက်သောင်းကျော်ဆိုသည့်ငွေသည် တစ်ကိုယ်တော်ရပ်တည် မည်ဆို ပါက ကျူးကျော်တဲဌားနေတောင် ခပ်ခက်ခက်ဝင်ငွေဖြစ်သည်။ သတင်းစာ၊ဂျာနယ်တစ်စောင်ပြီးတစ်စောင်ပြုတ်နေသဖြင့် ရေးကွက်ရယ်ရှားလာကာ မိသားစု နပ်မှန်အောင် ပြာယာခတ်နေရသည့်စာပေလောကသားများဘဝ၊ငတ်နေလည်းအခွန်ဆောင်ရမည်ဆိုခြင်း မှာ ရေနစ်သူကို ဝါးလုံးနှင့်ကူထိုးနေသလားဟုတွေးမိကာ နှစ်သောင်းတန်ယခုဆောင်းပါးကို ရေးလိုက်ရပါ သည်။

လင်းဆက်ငြိမ်းချမ်း

ကိုးကား - ကျွန်တော့် ဘဝဇာတ်ကြောင်း (သော်တာဆွေ)

( Zawgyi )

၁၉၄၇ ခုႏွစ္ ၾသဂုတ္လထုတ္ ရႈမဝမဂၢဇင္းတြင္ ‘ဘရန္ဒီတစ္ပုလင္း’ ဝတၳဳတိုျဖင့္ စတင္တာထြက္ခဲ့ သည္။စာမူခမွာ တစ္ပုဒ္ က်ပ္ ၅၀။ေနာက္တစ္လ ရႈမဝတြင္ ေနာက္တစ္ပုဒ္ ထပ္မံေဖာ္ျပေတာ့ ၇၅ က်ပ္။သုံးပုဒ္ေျမာက္မွ စတင္ကာ တစ္ပုဒ္ က်ပ္ ၁၀၀။ ထိုအခ်ိန္တုန္းကေငြမွာ အဂၤလိပ္ေငြ။တစ္လ ၂၀၀ ခန႔္ဆိုလွ်င္ တစ္အိမ္ေထာင္ ေကာင္းေကာင္းစားေလာက္သည့္ေခတ္။ထိုသို႔ေသာေခတ္၊ ထိုသို႔ေသာ ၁၉၄၇ ခုႏွစ္တြင္ စာေရးဆရာႀကီး ေသာ္တာေဆြ ေရးျပခဲ့ေသာ သူရရွိခဲ့သည့္ စာမူခႏႈန္းထားျဖစ္သည္။ ထိုအခ်ိန္က ရႈမဝတြင္လည္းေရး၊ အျခားေသာမဂၢဇင္းမ်ားတြင္လည္းေရး၊ သူ႔မိသားစုအတြက္ တစ္လ ၂၀၀ ေပးႏိုင္သည့္အျပင္ ေသာက္ေသာက္စားစား ေပ်ာ္ေပ်ာ္ပါးပါး။ရည္းစားလည္း တစ္ေယာက္ၿပီး တစ္ ေယာက္ ထားႏိုင္သည့္ စာေရးဆရာ မ်ား ေမာ္ႂကြားႏိုင္သည့္ သကၠရာဇ္မ်ားျဖစ္သည္။ ၁၉၅၄ ခုႏွစ္၊ ႏိုဝင္ဘာကိုေရာက္ေတာ့ ဆရာေသာ္တာေဆြ ေနာက္အိမ္ေထာင္ျပဳသည္။ပထမအိမ္ေထာင္မွ သားသမီးမ်ားစရိတ္အတြက္ တစ္လ ၂၅၀ ေပးပါမည္ဟု ရႈမဝဦးေက်ာ္ က တာဝန္ခံလိုက္သျဖင့္ ေယာကၡမျဖစ္ သူက ေက်ေအးသည္။ ၁၉၅၄ ခုႏွစ္တြင္ ဆရာေသာ္တာေဆြ၏ ဝတၳဳတိုအတြက္ ရႈမဝမွေပးေသာ စာမူခမွာ က်ပ္ ၃၀၀။ရႈမ၀ ဦးေက်ာ္ က ရႈမဝမဂၢဇင္းတြင္ ဟာသက႑ (အဟိ) ထပ္ဖြင့္ကာ ဆရာေသာ္တာေဆြအား တာဝန္ယူေစၿပီး ေနာက္ထပ္ က်ပ္ ၃၀၀ ထပ္ေပးသျဖင့္ ဆရာေသာ္တာေဆြသည္ သက္‌ေတာင့္သက္သာ။ ၾကက္သမား၊ အရက္သမား ေပါသည္ဆိုေသာ ႐ြာတန္းရွည္႐ြာ (ယခု ၆ မိုင္ခြဲႏွင့္ ၇ မိုင္ ဝန္းက်င္) တြင္ စေဘာ္မပါ တစ္လ က်ပ္ ၃၀ ျဖင့္ အိမ္ဌားေနသည္။ရႈမဝတင္မက အျခားမဂၢဇင္းမ်ားတြင္လည္းေရး၊ လုံးခ်င္း စာအုပ္လည္းထြက္။ၾကက္လည္းတိုက္၊ အရက္လည္းခပ္ႀကိဳက္ႀကိဳက္ျဖင့္ ဒုတိယအိမ္ေထာင္ေရးဘဝမွာ စိတ္လက္ခ်မ္းသာသမို႔ ဆရာေသာ္တာေဆြ၏ ဘဝသည္ အိုေကမွာစိုေျပလို႔။ေျပာရလွ်င္ ထိုေခတ္ထိုအခါက စာေရးဆရာဘဝသည္ မယားႏွစ္ေယာက္ယူႏိုင္၊ မိသားစုႏွစ္စုကို သက္ေတာင့္သက္သာ ထမ္းထားႏိုင္သည့္ အေျခအေန။ မိန္းမျဖစ္သူက ေတာင္ႀကီးသူ။ေႏြရာသီေက်ာင္းပိတ္ရက္တြင္ ေတာင္ႀကီးျပန္ခ်င္သည္ ဆိုေတာ့လည္း ျပႆနာမရွိ။႐ုပ္ရွင္႐ိုက္ရန္ ဇာတ္ၫႊန္းတစ္ပုဒ္ေရးျခင္းျဖင့္ အိုေက။ေတာင္ႀကီးတြင္ သူတို႔တင္မက လာဧည့္ေျမႇာင္ၾကေသာ စာေရးဆရာတ႐ုန္း႐ုန္းတို႔ကိုပင္ မၿငိဳမျငင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ တင္ေကြၽးႏိုင္သည့္ အေျခအေနမ်ိဳး။ ဘာ့ေၾကာင့္ ထိုသို႔စတိုင္ထြားႏိုင္ၾကတာလဲဆိုေတာ့ ဖဆပလေခတ္ ေရာက္သည္အထိ မည္သည့္စာကိုမဆို အမ်ားျပည္သူ ဝယ္ဖတ္ႏိုင္ၾကေသာေၾကာင့္ျဖစ္သည္။မဂၢဇင္းဆိုလည္းအပိုင္။လုံးခ်င္း၀တၳဳဆို လည္း အပိုင္ဝယ္သည္။

 

ထို႔ေၾကာင့္ မဂၢဇင္းေဈးကြက္၊စာအုပ္ေဈးကြက္သည္ ေဒါင္ေဒါင္ျမည္။ဘာ့ေၾကာင့္ အပိုင္ဝယ္သိမ္းၾကတာလဲဆိုေတာ့ ျပည္သူတို႔၏စီးပြားေရးမွာ ဝယ္သိမ္းႏိုင္သည္အထိေကာင္းေသာေၾကာင့္ ျဖစ္သည္။ေနာက္ထပ္စဥ္းစားမိေသာတစ္ခ်က္မွာ ပုံႏွိပ္မီဒီယာကို ယွဥ္ႏိုင္စြမ္း သည္ အထိအျခားမီဒီယာမ်ား အားမေကာင္းေသးျခင္းေၾကာင့္လည္းျဖစ္သည္။ ထိုအခ်ိန္က ႐ုပ္သံဆိုလွ်င္ ႐ုပ္ရွင္။ၿပီးေတာ့ ေရဒီယိုဆိုလွ်င္ အဓိကေဖ်ာ္ေျဖမႈေပးေနသည့္ မီဒီယာ။ ထို႔ေၾကာင့္ ပုံႏွိပ္မီဒီယာ၏ အခန္းက႑မွာ အက်ယ္ျပန႔္ဆုံးႏွင့္ အားအေကာင္းဆုံးအျဖစ္ ေဈးကြက္လည္း ေကာင္းသျဖင့္ စာမူခမွာလည္း ေဒါင္ေဒါင္ျမည္ခဲ့သည္။ က်ေနာ္မေမြးေသးေသာ ၁၉၇၂ ခုႏွစ္ကို ကမာၻ႔ကုလသမဂၢအဖြဲ႕က ကမာၻ႔စာအုပ္ႏွစ္ဟု သတ္မွတ္ခဲ့ သည္။၁၉၇၂ ခုႏွစ္ ဇန္နဝါရီမွစတင္ကာ ျမန္မာႏိုင္ငံ၌ လုံးခ်င္းစာအုပ္ထုတ္ရန္ သက္ဆိုင္ရာဌာန က စကၠဴ လုံးဝမေပးႏိုင္ေတာ့ေၾကာင္း သိရသည္။၁၉၆၂ ခုႏွစ္၊ေခ်ာက္ထဲက်ေတာ့မည္ဆိုေသာ တိုင္းျပည္ကို ကယ္တင္လိုက္သည့္ အာဏာရွင္အစိုးရသည္ ၁၀ ႏွစ္တာ တိုင္းျပည္အုပ္ခ်ဳပ္ၿပီးေနာက္ စကၠဴေတာင္မေပး ႏိုင္သည့္အေျခအေနသို႔ ေရာက္ရွိခဲ့ျခင္းျဖစ္ သည္။ စကၠဴေတာင္ မေပးႏိုင္သည့္ေခတ္တြင္ စာေရးဆရာတို႔၏ဘ၀ တျဖည္းျဖည္းနိမ့္ပါးလာျခင္းမွာ သဘာဝက်ေပသည္။တိုင္းျပည္စီးပြားေရးမွာလည္း အာဏာရွင္ႀကီးႏွင့္ ပတ္ဝန္းက်င္မွ်သာ သုံးႏိုင္ျဖဳန္းႏိုင္သည့္ အေနအထား။သာမန္ျပည္သူမ်ားမွာမူ အစိုးရဆိုး၏ ႏွိပ္စက္စီးပြားဖ်က္မႈဒဏ္ေၾကာင့္ ေ႐ႊထီးေဆာင္းခဲ့သည့္ေခတ္ကို ျပန္လြမ္းကာ အာသာေျဖရေတာ့သည့္ ဘဝမ်ိဳးျဖစ္လာသည္။ ထို႔ေၾကာင့္ မဂၢဇင္းေတြ စာအုပ္ေတြလည္း အပိုင္မဝယ္ႏိုင္ေတာ့။စာအုပ္အဌားဆိုင္တစ္ေခတ္ ဘယ္အခ်ိန္ကစတင္ခဲ့သလဲဆိုသည့္ ဇစ္ျမစ္ကို အေသအခ်ာမသိရွိေသာ္လည္း တိုင္းျပည္စီးပြားေရးႏွင့္ အခ်ိဳးညီစြာ ၁၉၇၀ ၀န္းက်င္ခန႔္က စတင္ျခင္းဟုထင္၏။ ေျပာရလွ်င္ ဆရာေသာ္တာေဆြတို႔ ေမာ္ႂကြားႏိုင္ခဲ့ေသာ လြတ္လပ္ေရးမရမီႏွင့္ ဖဆပလေခတ္ေလာက္ မေကာင္းေတာ့ေသာ္လည္း ဆိုးလြန္းသည့္အေျခအေနေတာ့မဟုတ္

။ယခင္ေလာက္ ေစာင္ေရမရွိေတာ့ေသာ္လည္း မဂၢဇင္းတစ္ေခတ္သည္ရွိေနၿမဲ၊ လုံးခ်င္းတစ္ေခတ္မွာလည္း တစ္ႏိုင္ငံလုံးအႏွံ႔ က်ယ္ျပန႔္ခဲ့ေသာ စာအုပ္အဌားဆိုင္တို႔က ေဒါင့္တိုင္ေကာင္းသဖြယ္မို႔ သိသာစြာယိုင္သြားတာမ်ိဳးမဟုတ္။ ၁၉၈၀ ျပည့္ႏွစ္ေက်ာ္ ကာလမ်ားတြင္ ဆရာေသာ္တာေဆြ ဇနီး မုန႔္ဟင္းခါးဆိုင္ထြက္ရသည့္ အေျခအေနမို႔ ဆရာ့စာမူချဖင့္ မိသားတစ္စုလုံးဝမ္းေက်ာင္းရန္ ခက္လာသည့္သေဘာဟု ထင္၏။ ထိုသို႔ေသာအေျခအေနမ်ိဳးမွသာ ဒုတိယစစ္အာဏာရွင္လက္ထက္ေရာက္ေတာ့ ပက္ပက္စက္စက္ ခုတ္မည္ ထစ္မည္ဆိုေသာ စာေပကင္ေပတိုင္စခန္းက အႏုပညာ၏ အျမဳေတျဖစ္ေသာ လြတ္လပ္မႈႏွင့္ အမွန္တရားကို ရက္ရက္စက္စက္ခုတ္ပိုင္းပစ္သည္။ ေခတ္ႀကီးက အာဏာရွင္ႏွင့္ ျပည္သူၾကား အရွင္မထားလိုသည္အထိ စိန္ေခၚသံျပင္းခဲ့လို႔လားမသိ။ ဘ၀တစ္သက္တာ အတိုက္အခိုက္မ်ားျဖင့္သာ ကုန္လြန္ေသာ သိုင္းေလာကသားမ်ား၏ သိုင္းဝတၳဳတစ္ ေခတ္မွာ ဒုတိယအာဏာရွင္တို႔တြင္ ပထမစာမ်က္ႏွာတြင္ ဟုန္းဟုန္းေတာက္ခဲ့သည္။ စစ္အစိုးရအုပ္ခ်ဳပ္ေသာ ၁၀ ႏွစ္တာ မျပည့္ေသးမီမွာပင္ ဘယ္ျပည္သူမဆို အခ်ိန္မေ႐ြးေသႏိုင္၊ အခ်ိန္ မေ႐ြးေထာင္က်ႏိုင္၊ အခ်ိန္မေ႐ြးစီးပြားပ်က္ႏိုင္၊ ေန႔စဥ္ဆိုသလို ၾကပ္ၾကပ္တည္းတည္းျဖင့္ ေၾကာက္ေၾကာက္ခဲခဲဘဝသို႔ ေရာက္ရွိလာျခင္းေၾကာင့္လားမသိ။သိုင္းတစ္ေခတ္အကုန္ ထပ္ပြင့္လာသည့္ စာတစ္ေခတ္မွာ အဘကယ္၊ အဘိုးကယ္ပါဆိုသည့္ ထူးဆန္းေထြလာမ်ားႏွင့္ လွ်ိဳ႕ဝွက္သည္းဖိုတစ္ေခတ္ ျဖစ္သည္။ထို႔ေၾကာင့္ ဘယ္ဘိုးေတာ္ ဘယ္လိုစြမ္းၿပီး ဘယ္လိုမသည္ႏွင့္ ေဆးစြမ္းအျဖာျဖာ ေရာသမေမႊထားေသာ မဂၢဇင္းတို႔၏ပိုင္ရွင္တို႔ သူေဌးျဖစ္ခဲ့သည္။

စာေပကင္ေပတိုင္တို႔က မည္သို႔ပင္ခုတ္ထစ္ပါေစ၊လုံးခ်င္းေဈးကြက္သည္ အရွိန္က်န္ေနဆဲမို႔ မင္းလူတစ္ေခတ္၊ဂ်ဴးတစ္ေခတ္၊တာရာမင္းေဝတစ္ေခတ္၊စသည္ျဖင့္ ရွိခဲ့သလို အေပ်ာ္ဖတ္ဝတၳဳတို႔ သည္လည္း စာအုပ္အဌားဆိုင္ေဈးကြက္မွသည္ ေ႐ြ႕ႏိုင္ေသးသည့္ အေျခအေနရွိခဲ့သည္။ သို႔ေသာ္၊တိုင္းျပည္စီးပြားေရးကလည္း ပ်က္သထက္ပ်က္၊ဓားထက္လြန္းလွေသာစာေပ ကင္ ေပ တိုင္စခန္းကလည္းမေလွ်ာ့တမ္းထက္လာျခင္းႏွင့္မီဒီယာစုံတျဖည္းျဖည္းအားေကာင္းလာျခင္းအရ ပုံႏွိပ္မီ ဒီယာမွာတျဖည္းျဖည္းေနာက္ဆုတ္ေပး လာရေသာ္လည္း သတင္းဂ်ာနယ္တစ္ေခတ္မွာေကာင္းေကာင္းအ လုပ္ျဖစ္ခဲ့ေသးသည္။ ၂၀၁၀ျပည့္ႏွစ္လြန္ကာလကိုေရာက္ေတာ့ စာအုပ္အဌားဆိုင္ယဥ္ေက်းမႈ လုံးပ်က္သြားျခင္းႏွင့္အ တူ ေရစုံမွာႀကဳံသလိုေမ်ာေနရေသာ ပုံႏွိပ္မီဒီယာမွာ အရွိန္ျပင္းလွေသာ ဒီဂ်စ္တယ္အြန္လိုင္း လႈိင္းလုံးႀကီး ႏွင့္အေတြ႕တြင္ အေရးေပၚခန္းထဲသို႔ ေရာက္ခဲ့ရသည္။ မဂၢဇင္းမ်ား၊ဂ်ာနယ္မ်ားတျဖဳတ္ျဖဳတ္ေႂကြသည္။ေလာေလာဆယ္ပုဂၢလိကသတင္းစာတစ္ေစာင္ ရပ္ဆိုင္းသြားၿပီး အသက္ရႉမမွန္ေတာ့သည့္သတင္းစာႏွင့္ ႐ုပ္သံလိုင္းမ်ားလည္း ရွိေနသည္။လက္ရွိဆိုလွ်င္ စာေပအႏုပညာရွင္မ်ားအတြက္ ေရးစရာမဂၢဇင္း မရွိသေလာက္ရွားခဲ့ၿပီျဖစ္သည္။စာအုပ္ေဈးကြက္မွာ ရပ္တည္လို႔ရသည့္အဆင့္တြင္ ရွိေသာ္လည္း အုပ္ေရတစ္ေသာင္းေရာင္းရသည့္ စာအုပ္ဟူ၍ မၾကားဖူး သည္မွာၾကာခဲ့ၿပီ။ေျပာရလွ်င္ စာေရးသားျခင္း တစ္ခု တည္းျဖင့္ မိသားစုဘဝရပ္တည္ႏိုင္ရန္မေျပာနဲ႔၊ တစ္ကိုယ္ေတာ္ရပ္တည္ရန္ပင္ ေခ်ာင္ေခ်ာင္လည္လည္ မရွိေပ။ သို႔ေသာ္၊မည္သူကမွ အလုပ္မျဖစ္ဘူးေတာ့မဟုတ္။စာေပေလာကမွ နာမည္ႀကီးစာေဟာဆရာမ်ား မွာ ေကာင္းေကာင္း အလုပ္ျဖစ္သည္။

 

၂၀၁၀ဒီဘက္၊စာေပေဟာေျပာပြဲက်င္းပခြင့္ လြတ္လပ္လာၿပီးေနာက္ ၿမိဳ႕တိုင္းလိုလို စာေပေဟာေျပာပြဲမ်ား အၿပိဳင္အဆိုင္က်င္းပလာျခင္းႏွင့္ပရိသတ္က်ေလာက္ေအာင္ ေဟာႏိုင္ ေျပာႏိုင္ေသာစာေရးဆရာ သိပ္မရွိျခင္းအရ တကယ္ေဟာႏိုင္သူမ်ား တကယ္အလုပ္ျဖစ္ ၾကျခင္းျဖစ္ သည္။ ဘယ္ေလာက္ထိေအာင္အလုပ္ျဖစ္သလဲဆိုေတာ့ တစ္နာရီခြဲေက်ာ္ၾကာေသာ ေဟာေျပာမႈအတြက္ ဉာဏ္ပူ ေဇာ္ ခမွာက်ပ္သိန္းဂဏန္းရွိၿပီး နာမည္ႀကီးလွ်င္ႀကီးသလို ရက္ခပ္စိပ္စိပ္ေဟာရေျပာရသည္ဟု လည္းၾကား မိသည္။ စာမေဟာႏိုင္သူမ်ားမွာမူ သတင္းစာႏွင့္ဂ်ာနယ္မ်ားတြင္ မနာတမ္းေရးသည့္တိုင္ ဌာန္ကုန္ရ ၅သိန္း ထက္ပိုမည္ဟုမထင္။ဘာ့ေၾကာင့္ေျပာႏိုင္သလဲဆိုေတာ့ က်ေနာ္ကိုယ္တိုင္သည္လည္းသတင္းစာႏွင့္ဂ်ာ နယ္တို႔တြင္ ေဆာင္းပါးေရးေနေသာေၾကာင့္ျဖစ္သည္။က်ေနာ္အမ်ားဆုံးရဖူးသည့္ စာမူခမွာ က်ပ္သုံးေသာင္း ျဖစ္ၿပီး ပုံမွန္ေရးေနက်ေနရာမ်ားတြင္ ရေနေသာစာမူခမွာ က်ပ္၂၇၀၀၀၊က်ပ္ႏွစ္ေသာင္းႏွင့္က်ပ္တစ္ေသာင္း တို႔ျဖစ္သည္။ဆိုေတာ့ မ်ားေသာအားျဖင့္တစ္လလွ်င္ ေဆာင္းပါး၁၃ပုဒ္ဝန္းက်င္ေရးေလ့ရွိၿပီး ရရွိေသာစာ မူခမွာ က်ပ္ႏွစ္သိန္းခုႏွစ္ေသာင္းဝန္းက်င္ျဖစ္သည္။ က်ေနာ့္စာမူခဝင္ေငြမွာ စာေပေလာကတြင္ သိပ္အမ်ားႀကီးမဟုတ္ေသာ္လည္းမဆိုးလွေသာအဆင့္ ရွိသည္။က်ေနာ့္ေလာက္စာမူခမရသူလည္း မ်ားစြာရွိသည္။လုံးခ်င္းစာအုပ္ေရးသူမ်ားကေရာဟုေမးပါက စားဝတ္ေနေရးမပူရဘဲစိတ္ေအးလက္ေအးေရးႏိုင္သူေတာင္ အနည္းဆုံးအခ်ိန္သုံး၊ေလးလယူရၿပီး ရေသာ စာမူခမွာ တစ္လ၅သိန္းရတာထက္မပိုႏိုင္။သုံး၊ေလးလတစ္အုပ္ေရးႏိုင္သည္ထားဦးေတာ့၊ကိုယ့္စာအုပ္ ဆက္တိုက္ထုတ္လိုသူရွိဦးမွ။ တစ္လ၂သိန္းဆိုေသာဝင္ေငြမွာ ရန္ကုန္တြင္ အိမ္ပိုင္ရွိသူေတာင္ ကိုယ့္ဘာသာတစ္ေယာက္တည္း ေခြၽတာသုံးၿပီးက်န္းမာေရးကုန္က်စရိတ္မရွိဦးမွ။၅သိန္းဆိုေသာဝင္ေငြဆိုလွ်င္ အိမ္ပိုင္ရွိေတာင္ မိသားစု ျခစ္ခ်ဳပ္သုံးဦးမွ။အိမ္ပိုင္မရွိသူမ်ားအတြက္ဆို ၅သိန္းလည္း လုံးဝမလြယ္။ ဒါေတြကို ဘာ့ေၾကာင့္ေျပာေနရသလဲဆိုေတာ့ ငတ္ေနသူမ်ားႏွင့္မငတ္႐ုံတမယ္ေသာစာေပ အႏုပ ညာရွင္ မ်ားလည္း တစ္ႏွစ္က်ပ္သိန္း၂၀ေက်ာ္ပါက အခြန္ေဆာင္ရမည္ဟုျပဌာန္းထားျခင္းေၾကာင့္ပင္။

အသက္ေမြးဝမ္းေက်ာင္းပညာလုပ္ငန္းမွရရွိေသာေငြဟုဆိုသည္။အတတ္ပညာရွင္မ်ားသည္ လစာမဟုတ္ဘဲ ဝန္ေဆာင္မႈဝင္ေငြ တစ္ႏွစ္က်ပ္သိန္း၂၀ေက်ာ္မွစ၍ အခြန္ေဆာင္ရမည္ဟုသိရသည္။ တစ္ႏွစ္က်ပ္သိန္း ၂၀ေက်ာ္မွ သိန္း၅၀ၾကားကို ၅ရာခိုင္ႏႈန္း အခြန္ေဆာင္ရမည္။ယင္းအတတ္ပညာရွင္ထဲတြင္ မြဲေနေတေ န ေသာစာေရးဆရာမ်ားလည္းပါဝင္ေၾကာင္းသိရသည္။ တစ္ႏွစ္သိန္း၂၀ေက်ာ္ဆိုေတာ့ တစ္လစာမူခဝင္ေငြ တစ္သိန္းေျခာက္ေသာင္းေက်ာ္လွ်င္ အခြန္ ေဆာင္ရမည့္ သေဘာျဖစ္သည္။ တစ္သိန္းေျခာက္ေသာင္းေက်ာ္ ဆိုသည့္ေငြသည္ တစ္ကိုယ္ေတာ္ရပ္တည္ မည္ဆို ပါက က်ဴးေက်ာ္တဲဌားေနေတာင္ ခပ္ခက္ခက္ဝင္ေငြျဖစ္သည္။ သတင္းစာ၊ဂ်ာနယ္တစ္ေစာင္ၿပီးတစ္ေစာင္ျပဳတ္ေနသျဖင့္ ေရးကြက္ရယ္ရွားလာကာ မိသားစု နပ္မွန္ေအာင္ ျပာယာခတ္ေနရသည့္စာေပေလာကသားမ်ားဘဝ၊ငတ္ေနလည္းအခြန္ေဆာင္ရမည္ဆိုျခင္း မွာ ေရနစ္သူကို ဝါးလုံးႏွင့္ကူထိုးေနသလားဟုေတြးမိကာ ႏွစ္ေသာင္းတန္ယခုေဆာင္းပါးကို ေရးလိုက္ရပါ သည္။

လင္းဆက္ၿငိမ္းခ်မ္း

ကိုးကား - ကြၽန္ေတာ့္ဘဝဇာတ္ေၾကာင္း (ေသာ္တာေဆြ)