【 ဆောင်းပါး 】 လွတ်ထွက်သွားတဲ့ နေ့ရက်များ

【 ဆောင်းပါး 】 လွတ်ထွက်သွားတဲ့ နေ့ရက်များ

   တချို့ရက်များသည် သူထီးတည်း ဖွဲ့တည်နေလေသည်။ထိုသို့သောနေ့များတွင် မိုးကောင်းကင်သည် ဟင်းလင်းဖြစ်နေတတ်သလို တိမ်များသည်လည်း ပါးလျှစွာ ဖြတ်သန်းကြသည်။နေ့တစ်နေ့သည် မရှိသလို ဖြစ်နေတတ်ပြီး အားလုံးသည် နေသားတကျ လည်ပတ်နေလေ့ရှိသည်။သို့သော် အသေ။ထို့သို့သောနေ့များသည် သမိုင်းထဲနှင့် လူတို့တခုတ်တရဖွဲ့စည်းလေ့ရှိသော အမှတ်တရနေ့များ၏ ဝေးရာတွင် တစ်ဦးတည်းထိုင်နေသူ တစ်ယောက်လို။ 
                                                                (၁)
   ထိုနေ့သည် ဆောင်းရာသီ၏ တစ်ခုသော နေ့ရက်ဖြစ်သည်။တိတိကျကျဆိုရပါက ဖေဖော်ဝါရီ ၁ ရက် ဖြစ်သည်။ထိုမတိုင်ခင် ဇန်နဝါရီ ၃၁ ရက် ညသည် ပျော်ရွှင်မှုများစွာဖြင့် ညကို ဖြတ်သန်းခဲ့သည်။မနက်ဖြန် ရုံးမှာတွေ့မည်ဟု ဘေး၀ိုင်းက လူအချို့ နှုတ်ဆက်ခြင်းကြောင့် မနက်ဖြန်သည် ရုံးဖွင့်သော တနင်္လာမှန်းကို သိသည်။စားပွဲထိုးက အစ်ကို နောက်တစ်ခွက်ယူဦးမလား လာမေးသည့်အခါ ကျနော်သောက်နေသည့် ဘီယာလက်ကျန်နှင့်ဆို ၆ ခွက်မြောက်သို့ ရောက်ပြီဆိုသည်ကို သတိထားမိသည်။ခုနစ်ခွက်မြောက် ဘီယာခွက် လာချသည်တွင် မနက်ဖြန်မနက် ကျနော်ကိုဖြတ်သွားသည့် အမျိုးသမီးဆီ ဖုန်းဆက်ဖို့ တွေးမိသည်။သူမသည် မြေနီကုန်းက သင်ကြားရေးစင်တာတွင်လုပ်နေဖြင့် မနက်ဖြန်ဆို သူမဖုန်းချလို့မရအောင် သူမလုပ်ရာကျောင်းသို့ ဆက်မည်ဟု တွေးထားသည်။
   ဖေဖော်ဝါရီ ၁ ရက်သို့ ဝင်နေပြီဖြစ်သည့် ည ၁၂ နာရီကျော်တွင် ၁၉ လမ်းရှိရာ မြို့ထဲ၌ ကားကြီးတချို့ အပြင်းအထန် မောင်းနှင်သွားသည်။တချို့လမ်းဘေးမှ လူများက အော်ဟစ်ဆဲကြသည်။လမ်းတွင် လူအသွားအလာကြဲပါးစပြုပြီ။သို့သော် သိမ်ကြီးစျေးတစ်၀ိုက် ကလပ်ရှိသို့ သွားမည့်သူတွေက ဆူးလေဘက် လမ်းလျှောက်ဖို့ ပြင်နေကြသည်။တချိုကတော့ မနက်ဆို ရုံးတက်၊ ကျောင်းတက်ရမည်ဖြစ်သဖြင့် ပြန်ဖို့ပြင်နေသည်။
   ကျနော်သည် စျေးသည်ဆီက ပုရစ်တစ်ကောင်ကို အမြည်းတောင်းရင်း ပလက်ဖောင်းတွင်ထိုင်ကာ ဝါးစားနေမိသည်။ညသည် မီးရောင်များကြား ယိမ်းထိုးနေလေသည်။ထို့နေ့သည့် ဖေဖော်ဝါရီ ၁ ရက် မနက် အစောပိုင်းဖြစ်သည်။   
                                                                (၂)
   စိတ်ပျက်ဖွယ်သတင်းများကို မကြားရမီအထိ ကျနော်တို့စိတ်များသည် အသစ်များဖြင့် ရွှင်လန်းနေသည်။ရုံးလစာသည် လစဉ် လကုန်ပြီး ၃ ရက်နေ့ရောက်မှရသည်။ထို့ကြောင့် လကုန်သည့်အခါတိုင်း သူများနည်းတူပျော်ဖို့  ချေးငှားပြီး ပျော်ရသည်။လခထုတ်ရက်ရောက်သည့်အခါလည်း ချေးငှားသမျှကို ပြန်ဆပ်ရင်း ထပ်ပျော်ရသည်။ထို့ကြောင့် လှည်းတန်းရှိတစ်၀ိုက်ရှိ ဘီယာဆိုင်များသို့ လကုန်ပြီး ၃ ရက်နေ့ဆို အမြဲရောက်သည်။သို့သော် ထိုလက လှည်းတန်းရှိ ဘီယာဆိုင်များသို့ ကျနော်တို့ မရောက်ဖြစ်။လူများပြည်လျှံနေတတ်သည့် ဘီယာ ဆိုင်များသည် နောက်ရက်များတွင် ကြေကွဲနေသောသူများနှင့် ပြည်လျှံနေမည်ကို ကျနော်တို့ ကြိုမသိချင်းလည်းဖြစ်နိုင်သည်။ 
   အင်လျားကန်ဘောင်သည် ထိုရက်က လူအချို့ကို လက်ခံခဲ့သည်။သို့သော် ဗိုင်းရပ်စ်တစ်မျိုး လျော့ပါးချိန်တစ်ခုသော ဗိုင်းရပ်စ်ဆိုးက ကျနော်တို့ကို ကိုက်ဝါးမျိုဖို့ အပြင်းအထန်ကြိုးစားနေသည်ကို ကျနော်တို့ သတိမပြုမိ။လမ်းမီးတိုင်များသည် ရှိပြီးသားဗိုင်းရပ်စ်ကြောင့် အထီးကျန်နေသည်။မကြာမီ လာမည့် ဗိုင်းရပ်စ်၏ ကိုက်ခဲမှု မခံရသေးခင်အထိ ညသည် လွတ်လပ်စွာ ယိမ်းထိုးနေသည်။လမ်းပေါ်တွင် ခွေးတစ်ကောင်စ နှစ်ကောင်စ အိပ်နေသည်။ဆိုင်အချို့ရှေ့ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံသီချင်းက  လုံခြုံရေးအစောင့်ဝန်ထမ်းအချို့၏ ဖုန်းမှ လမ်းမ ပေါ်သို့ သဲ့သဲ့လွှင့်သည်။ထိုညသည် ဇန်နဝါရီလ၏ နောက်ဆုံးညဖြစ်သည်။
                                                                (၃) 
   မနက်ဖြန်ကို မည်သို့ထုဆစ်မည်ဟု ကျောက်သားအရိုင်းတုံးကို ရရှိထားသည့် ကျောက်ဆစ်သမားနှယ် ရင်ခုန်မျှော်လင့်ချက်ဖြင့် ထိုညက အတော်များများအိပ်ယာဝင်ခဲ့ကြသည်။မြို့ပတ်ရထား၏ နောက်ဆုံးရထားသည် ဘူတာကြီးမှ ည ၉ နာရီ ၂၅ ဆို ထွက်ပြီ။ထိုညက ရထားအတက်အဆင်းထိုင်ပြီး မြို့ပတ်ရထားလမ်းတစ်လျှောက် ညရှုခင်းကို ကြည့်ပြီးပြန်သူတွေရှိခဲ့သည်။သမ္မတကမ်းခြေ အရက်ဆိုင်ရှိရာ ပန်းဆိုးတန်းကုန်းတံတားဘေး ရထားလမ်းတွင် လူတစ်ယောက် ဂစ်တာထိုင်တီးနေသည်။ခပ်လှမ်းလှမ်းရှိ မီးရထားဆောက်လုပ်ရေးဆိုက်ထဲ နေ့မီးညမီးများဖြင့် ထိန်လင်းနေသည်။ 
   လှည်းတန်းဘူတာသည် ထိုညတွင် နှာခေါင်းစည်းစများဖြင့် စင်္ကြံကော်ရစ်တာတစ်လျှောက် ရထားအ ဖြတ်တွင် ပြန့်ကြဲသွားသည်။ရထားပေါ်သူတစ်ဦးက လေးဖြူ၏ နောက်ဆုံးရထားလေး သီချင်းကို ငြီးနေသည်။လမ်းများတွင် အနီရောင်အစများ လွင့်ပျံနေသည်။ကလေးငယ်များ လမ်းမ၌ ဆော့ကစားနေကြသည်။ကြောက်စရာဗိုင်းရပ်စ်၏ ဖိစီးနေမှုလျော့ပါးစပြုသည့် အရိပ်ယောင်များဖြစ်သည်။တစ်လထက် တစ်လ တစ်ရက်ထက် တစ်ရက် ဗိုင်းရပ်စ်၏ အကြောက်တရားအောက်မှ လွတ်မြောက်စပြုလာသဖြင့် စျေးရုံအချို့ စည်ကားလာပြီ။လဘက်ရည်ဆိုင်အချို့ စားပွဲအလယ်မှ ပလပ်စတစ်အကာအချို့မရှိတော့။ဘီယာဆိုင်တံခါး၀များ ကျဉ်းမြောင်း စွာဟထားရာမှ ခပ်ဟဟ ဖွင့်လာချေပြီ။ဖေဖော်ဝါရီရက်များတွင် လမ်းမပေါ် စားပွဲ၀ိုင်းအချို့ရောက်လာမည်။ ၁၉ လမ်းသည် လမ်းများပေါ် ခုံအချို့ စခင်းရန် ဟန်ပြင်သည်။ဗိုင်းရပ်စ်ကြောင့် ငုပ်လျှိုးခဲ့ရသည့် အိပ်မက်များ ပြန်ပွင့်ဖူးရန် ဖေဖော်ဝါရီကို မျှော်လင့်ကြသည်။
                                                                (၄)
   နေ့ရက်သည့် အထီးတည်း ဖြတ်သွားသည်။လူအချို့ ခေါင်းငိုက်စိုက်ကျစွာ။လမ်းများတွင် မျှော်လင့်ချက်အသေများ ပြန့်ကြဲလို့။ထိုနေ့သည့် ဗိုင်းရပ်စ်အသစ်ကိုက်ခဲ့ခြင်းခံလိုက်ရသဖြင့် လွတ်ထွက်သွားသည့် နေ့များ၏ အစပိုင်းနေ့ရက်ဖြစ်သည်။
   ထိုနေ့သည့် ဖေဖော်ဝါရီလ၏ အစောပိုင်းနေ့ရက်ဖြစ်သည်။ထိုနေ့တွင် မိုးကောင်းကင်သည် မနက်ခင်းမှာပင် အုပ်မှိုင်းနေလေ၏။
   လင်းနိုင်ကျော်စိုး