【 ဆောင်းပါး 】 "လွဲမှားသည့် သာယာသောစိတ်"

【 ဆောင်းပါး 】 "လွဲမှားသည့် သာယာသောစိတ်"

တစ်ခုသော မနက်ခင်းတွင် ခိုးကြောင်ခိုးဝှက်ဖွင့်သည့် လဘက်ရည်ဆိုင်တွင် ကျွန်တော်နှင့် ကျွန်တော့်မိတ်ဆွေတို့ထိုင်ရင်း လမ်းထဲကအကြောင်းတစ်ခုကိုပြောဖြစ်သည်။

လမ်းထဲမှာ အတော်ကိုဆင်းရဲသည့်သူတစ်ယောက် သူအသက်ရှင်လည်း ဘာမှ သူ့အတွက်မက်စရာမရှိသည့်တိုင် အတတ်နိုင်ဆုံးကျန်းမာအောင်နေနေပုံ၊ မရှိ ရှိတာလေးနှင့် ဘ၀ကိုသာယာမှုရှာပုံကိုပြောရင်း ရပ်ကွက်ထဲ သူများမိန်းမကိုကြာခိုပြီး ရပ်ကွက်ထဲမှ ၀ိုင်းကြဉ်ခံထားရသည့် လူကြီးတစ်ယောက်အကြောင်းထိ ရောက်သွားခဲ့သည်။
ကျွန်တော်တို့နှစ်ဦးစလုံးက ကျောင်းဆရာအလုပ်ဖြင့် အသက်မွေးခဲ့ရသူများပီပီ လေကြောကရှည်လှသည်။ နောက်တော့ သတ္တဝါတိုင်း ရောက်သည့်ဘ၀ကို ခုံမင်ကြကြောင်းပြောရင်း လမ်းခွဲခဲ့ကြသည်။   

"လူတွေဟာ ခဏတာသာယာမှုလေးတွေနဲ့ သေမယ်ဆိုတာသေချာတဲ့အချိန်မှာတောင် ကြံဖန်ပျော်ရွှင် ကျေနပ်နေကြတယ်” ဟု ကျွန်တော့်မိတ်ဆွေကဆိုသည်။

တကယ်လည်းဟုတ်ပါသည်။လူတို့သည် လူ့ဘ၀တွင် တခဏတာလေးရသည့် သာယာစိတ်နှင့် သံသရာကိုလည်းမေ့ပါသည်။ကံကြမ္မာကိုလည်းမေ့ပါသည်။အန္တရာယ်ကိုလည်းမေ့ပါသည်။တဒင်္ဂသာယာမှုတွေနှင့် ပျော်မွေ့နေကြသည်။ဥပမာက ထက်လှသည့် သင်တုန်းဓားပေါ်က ပျားရည်စက်ကို လျှက်သလိုပင်။လျှက်လေ ရှလေဆိုသလို သာယာမှုတဒင်္ဂကြောင့် ဘ၀မှာအထိအခိုက်ကများလှသည်။

ထိုသာယာမှုအတွက် ဘာမဆိုလုပ်မိကြသည်။လူအများစုသည် သာယာမှုနှင့်တွေ့လျှင် မရှောင်နိုင်ကြပါ။အကယ်၍ ရှောင်နိုင်လျှင်တောင်မှ မရှောင်ဖြစ်ကြပါ။မရှောင်ချင်ကြပါ။

ပင်လယ်ရေသောက်မိသလို သောက်လေသောက်လေ ငတ်မပြေနှင့် အမှားတွေကို ကျူးလွန်မိကြသည်။

ထိုသူတွေအဖြစ်က  တိမ်တွေနှင့်မခြား။ဆန္ဒရမ္မက်နောက်လိုက်ကာ မျောနေတတ်ကြသည်။ထိုအဖြစ်မျိုးဖြစ်နေသည်ကို သတိပြုမိသူကရှားသည်။

ကောင်းကင်၌လွင့်မျောနေသောတိမ်သည် လေတိုက်တိုင်း အလိုက်သင့်လွင့်မျောနေရသည်။ဦးတည်ချက်၊ ကန့်သတ်ချက်မရှိဘဲ ရွေ့လျှားနေရသည်။အသွင်အမျိုးမျိုးပြောင်းကာ နောက်ဆုံးတွင် လုံး၀ပျက်စီးသွားရသည်။လူ့ဘ၀သည်လည်း ဒီလိုပင်ဖြစ်သည်။

လူသည်လည်း လောဘ၊ ဒေါသတို့၏ စေခိုင်းရာသို့ ကိုယ်ပိုင်ခံယူချက်၊ ဦးတည်ချက်၊ ကန့်သတ်ချက်မရှိဘဲ သာယာမှုတစ်ခုတည်းနှင့် တွေဝေမိုက်မဲစွာ ကျေနပ်နေလျှင် လွင့်မျောတိမ်တိုက်များပမာ အဓိပ္ပါယ်ကင်းမဲ့နေပါလိမ့်မည်။

လူတိုင်းလူတိုင်း သာယာမှုကို မက်မောတတ်ကြပါသည်။မိန်းမ၊ အစားအသောက်၊ အဝတ်အထည်၊ အလှအပ၊ ငွေ ကြေး၊ ရာထူး၊ အာဏာ စသည်ဖြင့် တစ်ခုမဟုတ်တစ်ခု သာယာတတ်ကြ၏။တချို့ကလည်း စာပေ၊ ဂီတ၊ တချို့ကလည်း အရက်ယမကာ။ရပ်ကွက်ထဲကိုကြည့်မည်ဆိုလျှင် ထိုသဘောကို ထင်ထင်ရှားရှားတွေ့နိုင်မည်ဖြစ်သည်။ဟင်းတစ်ခွက်ကြောင့် လင်မယားရန်ဖြစ်ပြီး ကွာရှင်းကြတာ၊ မိန်းမလိုချင်သည့် လက်ဝတ်ရတနာနှင့် အဝတ်အစားမဝယ်ပေးတာကနေစပြီး လင်မယားကွဲတာမျိုးလည်းရှိပါသည်။

တချို့အမျိုးသမီးတွေဆိုလျှင် အပေါင်းအသင်းခုံမင်သဖြင့် ဘဝပျက်ရသည့်အဖြစ်တွေရှိသလို လောင်းကစားကြောင့် နေအိမ်ပါဆုံးရှုံးကာ လမ်းဘေးရောက်ကြရသည့်အဖြစ်လည်းရှိပါသည်။သို့သော် ထိုအကျင့် (ဝါ) သာယာမှုကို ပြင်မလားဆို မပြင်ရုံမျှမက နောင်တမရကြသည့်သူတွေကို အပုံအပင်တွေ့ရသည်။

အသိတစ်ယောက်ဆို ဘောလုံးပွဲ လောင်းကစားလုပ်ရင်း အလုပ်ထဲမှငွေကို ယူသုံးမိသဖြင့် အလုပ်ပြုတ်ကာ မိသားစုတွေ တကွဲတပြားဖြစ်ရသ်ည့အထိပင်။သို့သော် ထိုလောင်းကစားကို ယခုထိစိတ်မနာသေး။သူတွက်ချက်တာမှားလို့ ခံရသည်ဆိုပြီး တစ်ချက်ကောင်းမိလျှင် ပြန်တက်လာနိုင်သေးသည်ဟု ယခုထိထင်နေဆဲဖြစ်သည်။

အရက်ကိုနှစ်ခြိုက်ကာ အရက်နှင့်သာယာနေသူလည်း ဘာဆန်းသလဲ။မိုးလင်း၊ မိုးချုပ် အရက်သောက်ပြီး ဝင်ငွေလည်းမရှာနိုင်၊ မိသားစုအတွက်လည်း ဘာတစ်ခုမှအကူအညီမပေးနိုင်ဘဲ သေသွားသူတွေလည်းရှိပါသည်။မသေလည်း အရက်ကိုမဖြတ်နိုင်။

လူအများဆုံးသာယာတတ်တာကတော့ ငွေကြေးဖြစ်ပါသည်။ပိုက်ဆံသည် ရှိသမျှကုန်ပစ္စည်းမျိုးစုံနှင့် ဖလှယ်နိုင်သည့်အတွက် လူတိုင်းလိုလို ပိုက်ဆံအပေါ် ထူးထူးကဲကဲသာယာတတ်ကြသည်။

ပိုက်ဆံကြောင့် မိတ်ဆွေသူငယ်ချင်းအချင်းချင်း အခင်မင်ပျက်ရတတ်သည်။မိသားစုအချင်းချင်း စိတ်ဝမ်းကွဲရသည်။တရားရုံးမှာ သံယောဇဉ်ကင်းစွာ အရှက်မရှိရင်ဆိုင်ကြရသည်။တစ်ယောက်နှင့် တစ်ယောက် ရိုက်နှက်သည်အထိဖြစ်ရသည်။

မသမာမှုအပေါ် သာယာသွားကြသည့် အရင်းရှင်အချို့ကတော့ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းမျိုးစုံကို အတုလုပ်၍ အရောင်းအဝယ်လုပ်ကြသည်။ပိုက်ဆံတစ်မျက်နှာပဲကြည့်၍ ဘဝတူချင်း စာနာစိတ်ကင်းကင်းနှင့် စီးပွားပြိုင်၏။နိမ့်ကျသူ ဆင်းရဲသားများအပေါ် ညှာတာသနားစိတ်ကင်းမဲ့စွာ ခေါင်းပုံဖြတ်အမြတ်ထုတ်ကြ၏။အာဏာရှိ အုပ်ချုပ်သူများကို လာဘ်ထိုးကာ သွယ်ဝိုက်၍တစ်မျိုး၊ ပြောင်ကျကျတစ်ခါ အများပြည်သူ၏ အိမ်၊ ခြံ၊ မြေတို့ကို အချောင်သိမ်းယူကြ၏။ထိုအိမ်၊ ခြံ၊ မြေနေရာတွေမှာ ဈေးဆိုင်တည်၏။စက်ရုံတည်၏။ကုမ္ပဏီရုံးခန်းဖွင့်၏။ထိုအများပြည်သူထဲမှ ဝန်ထမ်းခန့်၍ လစာနည်းနည်းပေး၏။စားသုံးသူဆီမှအမြတ်များများယူ၏။    

ရာထူး၊ အာဏာ၊ အရှိန်အဝါ (နေရာများ) အပေါ် သာယာနေသူများလည်းရှိပါသေးသည်။နေရာတစ်ခုအတွက်လိုအပ်သည့် ပညာ၊ အတွေ့အကြုံများကို ဖြည့်ဆည်းရင်း အချိန်ကာလတစ်ခုကို စိတ်ရှည်ရှည်စောင့်ဆိုင်းရင်း မှန်မှန်ကန်ကန်ကြိုးစားသူတွေများပါသည်။

တချို့မသမာသူများကတော့ နေရာတစ်ခုအတွက် မည်သည့်နည်းနှင့်မဆို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ အခွင့်အရေးကို အလစ်ချောင်းနေတတ်ကြ၏။ထိုနေရာကိုရဖို့အတွက် ရသောနေရာကိုမြဲဖို့အတွက် ဘယ်သူ့ငွေကြေးတွေခင်းရ ခင်းရ၊ ဘယ်သူ့ဘဝတွေရင်းရ ရင်းရ၊ ဘယ်သူ့အသက်တွေစတေးရ စတေးရဆိုသော ခံယူချက်နှင့် အဓမ္မဖန်တီးတတ်ကြ၏။

ခေါင်ထိအကုန်ဆိုသကဲ့သို့ နေရာတစ်နေရာရလျှင် ကျန်သည့်သာယာမှုတွေ အကုန်ရနိုင်လေသည်။ထို့ကြောင့်လည်း နေရာအပေါ်သာယာမှုလွန်ကဲလျှင် မသမာမှုပိုကြီးပါသည်။ပိုများပါသည်။

တကယ်တော့ သာယာမှုကို လူတိုင်းနှစ်သက်ပါသည်။ထိုသာယာမှုအပေါ် လူတိုင်းနစ်မျောလွယ်ပါသည်။

သို့သော်လည်း မိမိ၏သာယာမှုသည် တခြားတစ်စုံတစ်ယောက် (သို့မဟုတ်) တခြားသူအများစုအတွက် အနှောင့်အယှက်ဖြစ်မည်။ထိုသူတို့အပေါ် မသမာမှုဖြစ်မည်ဆိုလျှင်တော့ ဆက်ပြီးမသာယာသင့်တော့။ဆက်ပြီး အလိုက်သင့်နစ်မြောနေသင့်မနေသင့်ကို လူဆိုသည့် စိတ်နှင့်ဆင်ခြင်စဉ်းစားသင့်ပေသည်။

ကိုယ်သာယာချင်သလို သူများလည်းသာယာချင်မှာပေါ့ဟု ကိုယ်ချင်းစာတရားမထားနိုင်သည့်တိုင် မင်းတို့သာယာမှုတွေအားလုံးကို ရိုက်ချိုး၊ ဖျက်ဆီး၊ ခုတုံးလုပ်ပြီး ငါ့သာယာမှုကို လုပ်ယူရမယ်ကွဟု ရက်ရက်စက်စက်အတွေးက လူမဆန်သည့်အတွေးဆိုးဖြစ်သည်။ထိုအတွေးတွေကြောင့် ကမ္ဘာ့သမိုင်းတွင် ဟစ်တလာလို၊ ပို့ပေါ့လို လူ့သမိုင်းတွင် ပြန်မပြောပြချင်လောက်အောင် ဆိုးသွမ်းယုတ်ညံ့သည့် ရက်စက်သည့် လူမဆန်သောသူတွေ ပေါ် ထွန်းခဲ့သည်။ယခုအသိဉာဏ်မြင့်သည့်ခေတ်တွင် ဒီလိုလူစားတွေ မပေါ်ထွန်းစေချင်တော့။မပေါ်ထွန်းအောင်လည်း ၀ိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်သည်။

သိလျှင် ပြင်စေချင်ပါသည်။မှန်ကန်ကောင်းမွန်သောအလုပ်နှင့် အကျင့်အကြံအပေါ်သာ သာယာစိတ်ဖြစ်စေချင်ပါသည်။ဤသို့မှန်ကန်သည့် သာယာစိတ်ကသာ လောကီလောကုတ္တရာနှစ်ဖြာကို အကျိုးများစေမည်ဖြစ်သည်။

မောင်ဦးလွင်
သြဂုတ် - ၁၀