【 ဆောင်းပါး 】 သင့်အလုပ်ကို ပုံစံသစ်ဖြင့် ပြန်လုပ်ပါ

【 ဆောင်းပါး 】 သင့်အလုပ်ကို ပုံစံသစ်ဖြင့် ပြန်လုပ်ပါ

အရင်ဆောင်းပါး “သင့်အလုပ်ကို ပုံစံသစ်ဖြင့် ပြန်လုပ်ပါ” မှာ ပြောပြခဲ့သလို ကျောင်းအုပ်ကြီး ဂရေ ဂရင်းရဲ့ ကျောင်း ကလင်တန်ဒဲလ်မှာ ကျောင်းသားတွေ စာညံ့ပြီး စာမေးပွဲကျတဲ့သူတွေ များလာတဲ့အတွက် ခရိုင်အုပ်ချုပ်ရေးအရာရှိကိုယ်တိုင် သူ့ရုံးခန်းတံခါးကို လာခေါက်ပြီး သူ့ကျောင်းကို ကျရှုံးစာရင်းသွင်းလိုက်ပြီလို့ အကြောင်းကြားတဲ့အတွက် ဂရင်းက သူအလုပ်ပြုတ်တော့မယ်လို့ ထင်ခဲ့မိတယ်။

ဒါပေမဲ့ သူက အလုပ်မပြုတ်ခဲ့တဲ့အပြင် နယူးယောက်တိုင်းမ်စ် တီဗီမှာ အင်တာဗျူးတွေ မေးရတဲ့အထိ ကျော်ကြားတဲ့ ဆယ်လီတစ်ယောက်ဖြစ်ခဲ့တယ်။ ဘယ်လိုတွေဖြစ်ကုန်တာလဲ။

မော်တန် တီ ဟန်ဆန် ဆက်ရေးပြထားတာလေး ဖတ်ကြည့်ကြရအောင်။

ဘာတွေဖြစ်ခဲ့တာလဲ။ဝါရှင်တန် ဗျူရိုကရက်တွေ မိုးကျရွှေကိုယ်လို အကူအညီတွေနဲ့ ကောင်းကင်ကနေ ဆင်းလာလို့လား။ပညာရေးတိုးတက်အောင်မြင်အောင် ဟားဗတ်ကနေ အထူးကိုယ်စားလှယ်နဲ့ နောက်ဆုံးပေါ် နည်းစနစ်ဖော်မြူလာ ပို့ပေးလိုက်လို့လား။အဲလိုမဟုတ်ပါ။အကြပ်အတည်းကြားမှာ ပိတ်မိနေတဲ့ ဂရင်းဟာ မမျှော်လင့်တဲ့ နေရာကနေ စိတ်ကူးကောင်း တွေ့သွားလို့ပါ။အဲဒါက ဘေ့စ်ဘောကစားရာက ရတာပါ။လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့သားရဲ့ အဖွဲ့သေးသေးလေးကို နည်းပြလုပ်ပေးနေတုန်းက ယူကျုက သင်ကြားရေး ဗီဒီယိုတွေရဲ့ အောက်ခြေစာတန်းမှာ ရေးထားတဲ့ ကစားနည်းရဲ့ အခြေခံကို ဖတ်မိပြီး အကြံရခဲ့တာပါ။

“လေ့ကျင့်ခန်းတစ်ခုခြင်းရဲ့ လုပ်ဆောင်ပုံတွေကို သင်မြင်တွေ့ရမှာဖြစ်ပါတယ်” လို့ ကျွန်တော်တို့ လေ့လာချက်ရဲ့ အင်တာဗျူးတစ်ခုမှာ သူစိတ်တက်ကြွစွာ ပြောခဲ့ပါတယ်။ဂရင်းက အဲဒီ ယူကျုဗွီဒီယိုလေးတွေကို သူ့သားရဲ့အဖွဲ့ကို ပြဖို့ စိတ်ကူးခဲ့တယ်။သူကိုယ်တိုင်လည်း ဗီဒီယိုလေးတွေ ဖန်တီးခဲ့တယ်။ကောင်လေးတွေက သူတို့ရဲ့ အိမ်မှာ ဗီဒီယိုကို တစ်ပတ်တစ်ခါ ကြည့်ကြပြီး ဘေ့စ်ဘော ဒိုင်းမွန်းကို လာကြတဲ့အခါ ကစားဖို့ ပြင်ဆင်ပြီးသား ဖြစ်နေကြပြီ။

“ကလေးတစ်ယောက်ချင်းစီကို ထပ်ခါထပ်ခါ ပြောပြနေစရာ မလိုတော့ဘူးဆိုတာ တွေ့လာရတယ်” လို့ ဂရင်းက ပြန်ပြောပြတယ်။

“အဲဒါတင်မက သူတို့ကြည့်ချင်တဲ့အပိုင်းကို သူတို့ဖာသာ ပြန်ပြန်ကြည့်ပြီး လေ့လာနိုင်တယ်။”

ကောလိပ်တုန်းက ကိုယ်တိုင် ဘေ့စ်ဘောကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ဂရင်းဟာ သူ့ကိုပိုင် ကစားနည်း ဗီဒီယို ၂၀၀ လောက် ထုတ်လုပ်ဖြစ်ခဲ့တယ်၊

ခံစစ် - အမြင့်ဘော၊ ပထမနေရာနဲ့ တတိယနေရာကလူ။ပြီးတော့ တဆက်တည်း - ဖမ်းယူမှု - လက်နဲ့ပစ်ရာမှာ အလှည့်အပြောင်း ၂ ကိုပါ ထုတ်လုပ်ခဲ့တယ်။ကောင်လေးတွေက သူ့ဗီဒီယိုကို ကြိုက်ကြတယ်။အပတ်တိုင်း နည်းပြရဲ့ သင်ကြားမှုတွေကို ဒိုင်းမွန်းကစားကွင်းထဲမှာ နာရီကြာကြာ မတ်တပ်ရပ် နားထောင်နေရမယ့်အစား သူတို့က လေ့ကျင့်ကစားကွင်းထဲမှာ ‌လေ့ကျင့်ချိန် ပိုရလာခဲ့တယ်။အသင်းဟာ ပြိုင်ပွဲအဆင့်ဆင့် အောင်မြင်ခဲ့တယ်။မိဘတွေလည်း ဝမ်းသာမဆုံး ဖြစ်ခဲ့ကြတယ်။ဂရင်းက သူလေးလေးနက်နက် တန်ဖိုးရှိတာ လုပ်ခဲ့နိုင်ပြီလို့ တွေးမိခဲ့တယ်။

သူ့ကျောင်းက စာရင်းထဲမှာ ပါလာပြီဆိုတာ သိလိုက်တာနဲ့ ဂရင်းက ဆရာ၊ ဆရာမတွေကို အစည်းအဝေးခန်းထဲမှာ စုခိုင်းလိုက်တယ်။သူက အင်တာနက်မှာ သူတင်ထားတဲ့ ဘေ့စ်ဘော ဗီဒီယိုတွေကို ဖွင့်ပြလိုက်တယ်။

“ကျွန်တော်တို့ သင်ကြားတာတွေကို ဗီဒီယိုရိုက်ပြီး ကျွန်တော်တို့ရဲ့ ကျောင်းသား/ကျောင်းသူတွေ ကြည့်နိုင်အောင် အင်တာနက်ပေါ် တင်ကြရအောင်” လို့ သူတိုက်တွန်း အကြံပေးခဲ့တယ်။

“ကလင်တန်ဒဲလ်မှာ ဒါမျိုး ကြိုးစားတာဟာ ဘယ်လောက် မိုက်သလဲ။”

ကျောင်းသား/ကျောင်းသူတွေဟာ သင်ခန်းစာတွေကို အိမ်မှာပဲဖြစ်ဖြစ် ဘတ်စ်ကားပေါ်မှာပဲဖြစ်ဖြစ် ကြည့်ရှုလေ့လာနိုင်ပြီး၊ ကျောင်းခန်းထဲမှာ “အိမ်စာ” လုပ်နိုင်ခဲ့တယ်။ဆရာ၊ ဆရာမတွေက သင်ကြားသူအဖြစ်ထက် နည်းပြတွေအဖြစ် လုပ်နိုင်လာခဲ့တယ်။သူတို့က လုပ်ငန်းစဉ်ကို ပြောင်းပြန်လှန်ခဲ့တယ်။အိမ်က ကျောင်းစာသင်ခန်းဖြစ်သွားပြီး၊ ကျောင်းမှာက အိမ်စာလုပ်ကြတယ်။

ဝန်ထမ်းအဖွဲ့ဝင်တွေက သူတို့ရဲ့ ကျောင်းအုပ်ကြီး ခေါင်းများချောင်သွားပြီးလားလို့ ခေါင်းတခါခါ ဖြစ်ကုန်ကြတယ်။အဲလို မဟုတ်ကြောင်းကို ဂရင်းက အချက်အလက်တွေနဲ့ သက်သေပြခဲ့တယ်။အဲဒီနှစ် အစောပိုင်းတုန်းက ဂရင်းက လူမှုရေးဘာသာသင်နေတဲ့ နည်းပညာပိုင်းလည်း ကျွမ်းကျင်တဲ့ ဘောလုံးနည်းပြဟောင်း အန်ဒီရှီးလ်ကို “ပြောင်းပြန်” သင်ကြားရေးစနစ်ကို သုတေသနလုပ်ခိုင်းခဲ့တယ်။ရှီးလ်ရဲ့ အတန်းတစ်တန်းဟာ ဆိုးဆိုးဝါးဝါး ကျရှုံးခဲ့တယ်၊ “ကျောင်းသားတွေက အတန်းအောင်ဖို့ နောက်ဆုံးတစ်ကြိမ်ပဲ ထပ်ကြိုးစားခွင့်ရှိတော့တယ်” လို့ ဂရင်းက ကျွန်တော်တို့ကို  ပြောပြခဲ့တယ်။ရှီးလ် လူမှုရေးဘာသာ သင်နေတဲ့ အခြားအတန်းကတော့ တော်ကြတယ်။ “ကျွန်တော်တို့ တော်တဲ့ အတန်းကိုတော့ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး၊ ဒါပေမယ့် ညံ့တဲ့ အတန်းကိုတော့ ကောင်းအောင် မွမ်းမံရမယ်။”

အတန်းနှစ်တန်းလုံးကို သင်ထောက်ကူပစ္စည်းတွေနဲ့ လေ့ကျင့်ခန်းတွေ အတူတူပဲ ပေးခဲ့ပါတယ်၊ ဒါပေမဲ့ ညံ့တဲ့အခန်းကိုတော့ ပြောင်းပြန် အတန်းအဖြစ် ပုံစံပြောင်းခဲ့တယ် - အိမ်မှာ ဗီဒီယိုကြည့်ပြီး ကျောင်းမှာ ဆရာ၊ ဆရာမတွေရဲ့ အကူအညီနဲ့ အိမ်စာလုပ်တဲ့နည်းနဲ့ပေါ့။ဂရင်းက “ကျွန်တော်တို့မှာ နောက်ထပ်ဆုံးရှုံးစရာ ဘာမှမကျန်တော့ဘူး၊ ဆိုတော့ ဘာလို့စမ်းမကြည့်သင့်ဘူးလဲ” လို့ ရှင်းပြခဲ့ပါတယ်။  

ရှီးလ် စမ်းသပ်မှု စလုပ်ပြီး လအနည်းငယ်ကြာတော့ ဂရင်းက ကျောင်းသားတွေရဲ့ ပထမအကြိမ် စာမေးပွဲရမှတ်တွေကို သူ့ရုံးခန်းစားပွဲမှာ ထိုင်ပြီး စစ်ကြည့်လိုက်တော့ သူက စာရင်းတွေ တစ်ခုခုမှားများနေသလားလို့တောင် ထင်မိသွားတယ်။ပြောင်းပြန် စာသင်ခန်းက ကျောင်းသူ၊ ကျောင်းသားတွေက ပုံမှန်စာသင်ခန်းက ကျောင်းသူ၊ ကျောင်းသားတွေထက် ရမှတ် အများကြီးပိုကောင်းနေတာကို တွေ့ရတယ်။အနိမ့်ဆုံး အဆင့်က အခု စီ (C) ဖြစ်သွားပါပြီ။

နှစ်ကျအတန်းတွေမှာ ပိတ်မိနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေက အခုတော့ အတန်းသစ်တက်ရဖို့ အခွင့်အလမ်းပွင့်သွားပါပြီ။အကောင်းဆုံးကတော့ ကျရှုံးနှုန်းဟာ အခု တဟုန်ထိုးကျဆင် သွားပါပြီ - သုည ဖြစ်သွားပါပြီ။ ဒီရလဒ်က တကယ်ကြီးဖြစ်နိုင်ခဲ့တာလား။

ဂရင်း သံသယရှိခဲ့တယ် ဘာလို့လဲဆိုတော့ ပြောင်းပြန် စာသင်ခန်းက ရှီးလ်ရဲ့  ကျောင်းသူ၊ ကျောင်းသားတွေက အိမ်စာလုပ်တဲ့အခါမှာ ဆရာ၊ ဆရာမတွေရဲ့ အကူအညီနဲ့ ကျောင်းခန်းထဲမှာ လုပ်ခဲ့ရလို့ပါ။အဲဒီ ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းပြီးသွားကြတဲ့အခါ အာရုံစိုက်ဖို့ ခက်ခဲလိမ့်မယ် - သူတို့ရဲ့အိမ်က အရမ်းဆူညံရှုပ်ထွေးတယ်၊ သူတို့နေတဲ့ ရပ်ကွက်တွေက အရမ်းအန္တရာယ်များတယ်၊ ကျောင်းပြီးလို့ ဝင်ရမယ့် လုပ်ငန်းခွင်တွေကလည်း တောင်းဆိုမှု အရမ်းများပြီး တာဝန်ကြီးလှတယ်။အဲဒီ ကျောင်းသူ၊ ကျောင်းသားတွေမှာ ကျောင်းစာနဲ့ပတ်သက်ပြီး အခက်အခဲတွေ့ခဲ့ရင် သူတို့မှာ မေးစရာလူမရှိဘူး၊ ကျောင်းစာတွေကလည်း သူတို့ မိဘတွေ သိတာထက် ပိုမြင့်နေမှာဖြစ်တယ်။

ပြောင်းပြန် စာသင်နည်း မော်ဒယ်မှာ ကျောင်းသားတွေက သူတို့ရဲ့သင်ခန်းစာတွေကို ဘတ်စ်ကားပေါ်မှာဖြစ်ဖြစ်၊ သူတို့ရဲ့ အိပ်ခန်းထဲမှာဖြစ်ဖြစ်၊ သူတို့ ကုန်စုံဆိုင်ရဲ့ နားနေခန်းထဲမှာဖြစ်ဖြစ် ကြည့်လို့ရတယ်။ကျောင်းတက်နေတုန်းကတော့ သူတို့ဖာသာ လေ့လာတဲ့ နေရာမှာ ဆရာ၊ ဆရာမ ဒါမှမဟုတ် အတန်းဖော်တွေက သူတို့အခက်တွေ့နေတဲ့ သင်ခန်းစာတွေကို ကူညီရှင်းပြပေးနိုင်တယ်။

ဂရင်းရဲ့ ကနဦး စမ်းသပ်ချက်ဟာ အားတက်စရာပဲ၊ ဒါပေမဲ့ ဒါက စာသင်ခန်းတစ်ခန်းထဲမှာ စမ်းသပ်ကြည့်ရတာပဲ ရှိသေးတယ်။ရလဒ်က ကံစွပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။အခု ဂရင်း တောင်းဆိုသလို တစ်ကျောင်းလုံးမှာ ဒီစနစ်ကို စမ်းသပ်ကြည့်ဖို့ကျတော့ တာဝန်ကြီးနေပြန်တယ်။ဆရာ၊ ဆရာမအများက ကျောင်းအုပ်ကြီးရဲ့ အကြံကို ဆန့်ကျင်ကြတယ်။သူတို့ သင်တန်းမှာ သင်ယူခဲ့ရတာအားလုံးနဲ့ ဆန့်ကျင်နေရုံမက လွန်ခဲ့တဲ့ နှစ် ၃၀၀ က စာသင်ကြားမှုပုံစံကို ပြန်ကျင့်သုံးနေရာလည်း ရောက်တဲ့အတွက်ဖြစ်တယ်။  

အုပ်ချုပ်ရေးမှူးတစ်ယောက် ကျွန်တော်တို့ကို ကလင်တန်ဒဲလ်ကို သွားတုန်းက ပြောပြတာက ဆရာ၊ ဆရာမ တော်တော်များများက ဂရင်း တက်ကြွနေတဲ့ အပေါ်မှာ သံသယ စွဲစွဲမြဲမြဲ ဖြစ်နေကြတယ်တဲ့။သူတို့က “ပြောင်းပြန်” စာသင်နည်းကို ခရိုင်က ဘိုင်ပြတ်လို့ ဆရာ၊ ဆရာမတွေကို နည်းပညာနဲ့ အစားထိုးဖို့ ကြံရွယ်တဲ ပထမခြေလှမ်းလို့ပဲ ယူဆနေကြတယ်။

ဂရင်း က သူ့ ဆရာ၊ ဆရာမတွေကို တစ်ခုခု အခြေခံကျကျ စဉ်းစားဖို့ လိုပြီလို့ ပြောခဲ့တယ်။သူတို့ သူတို့အလုပ်လုပ်ပုံက စပြီး ပြန်စဉ်းစားဖို့ လိုတယ်၊ သင်ကြားခဲ့တဲ့ နည်းစနစ်ကို ပုံစံအသစ်နဲ့ ပြောင်းပြီး သွားဖို့လိုတယ်။

“ကျောင်းသားတွေက လုပ်မှာ မဟုတ်တဲ့ အိမ်စာတွေကို အိမ်မှာလုပ်ဖို့ ဘာလို့ ဆက်ပေးနေဦးမှာလဲ” လို့ ဂရင်းက သူ့ဆရာ၊ ဆရာမတွေကို မေးခွန်းထုတ်လိုက်တယ်။

အရင်ပုံစံဟောင်းက အလုပ်မဖြစ်တော့ဘူး။ ဂရင်းရဲ့ တိုက်တွန်း အကြံပေးနေတဲ့ကြားက အစပိုင်းမှာ ဆရာ၊ ဆရာမ တချို့ကပဲ အပြောင်းအလဲလုပ်ဖို့ကို သဘောတူကြတယ်။ခရိုင်က အုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုရင် ဂရင်းရဲ့ ကြိုးပမ်းမှုအလုံးစုံကို အရမ်းသံသယရှိတဲ့အတွက် ဂရင်းကို “စာရင်းကနေ ရှင် ဘယ်တော့မှ ဖယ်ထုတ်ပေးခွင့်ရမှာ မဟုတ်ဘူးနော်” လို့ သူမကပြောခဲ့တယ်။

ဒီစကားက ဂရင်းအပေါ်မှာ ထိရောက်ခဲ့တယ်။ယှဉ်ပြိုင်စိန်ခေါ်ရတာကို ကြိုက်တဲ့ အားကစားသမားဟောင်း ဂရင်းအဖို့တော့ ဒါက ပြိုင်ပွဲစပြီလို့ အချက်ပေးလိုက်သလိုပါပဲ။သူက သံသယရှိသူတွေ မှားတယ်လို့ သက်သေပြမလား၊ ကြိုးစားတဲ့ကြားက ရှုံးတာကို ရင်ဆိုင်မလား ရွေးရတော့မယ် အခြေအနေပါ၊ သူက ကျောင်းမှာ ပြောင်းပြန်စနစ်ကို သုံးဖို့ ရွေးချယ်လိုက်တယ်။

ဂရင်းက ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို တွေ့ဆုံပြီး သူ့အစီအစဉ်ကို တင်ပြခဲ့တယ်။သူ့ကို အဲဒီစနစ်သစ်ကို နှစ်နှစ်ကြိုးစားစမ်းသပ် အကောင်အထည်ဖော် ခွင့်ပြုပေးခဲ့တယ်။သူ စလုပ်ခဲ့တယ်။ ၂၀၁၀ ရဲ့ ဆောင်းဦးပေါက်ရာသီမှာ နောက်ထပ်တိုးချဲ့စမ်းသပ်တဲ့အနေနဲ့ နဝမတန်း စာသင်ခန်း ကိုးခန်းမှာ သင်္ချာ၊ စာဖတ်၊ သိပ္ပံ နဲ့ လူမှုရေး ပညာတွေကို ပြောင်းပြန်စနစ်နဲ့ သင်ကြားဖို့ လုပ်ခဲ့တယ်။အကျ အရှုံးစာရင်း ထိုးကျသွားခဲ့တယ်။

“ဒါက ကျွန်တော့်အဖို့ လက်ခ‌မောင်းခတ်ရမယ့်ကိန်း ဆိုက်လာပြီလို့ ဆိုရတော့မယ်” လို့ ဂရင်းက ပြောလိုက်တယ် “ဒါက အလုပ်ဖြစ်မယ်ထင်တယ်။”

ပြောင်းပြန်စနစ်က ဆရာက ကျောင်းသား/ကျောင်းသား၊ ကျောင်းသား အချင်းချင်း ကူညီသင်ပြပေးနိုင်လို့ အလုပ်ဖြစ်တာ နေမယ်၊ နောက်ပြီး ကျောင်းသားတွေက ကိုယ့်တိုးတက်မှုကို ကိုယ့်ဖာသာရှာနိုင်ခွင့် ရတာကြောင့်လည်းဖြစ်မယ်လို့ ဂရင်း စဉ်းစားမိတယ်။အရင်က ကျောင်းချိန် ၈၀ ရာခိုင်နှုန်းက သင်ကြားချိန်ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းက တစ်ဦးချင်း ဒါမှမဟုတ် အုပ်စုလေးတွေအတွင်းမှာ ပြဿနာအဖြေရှာတဲ့ အချိန်ဖြစ်တယ်။အခုတော့ ဒီအချိုးက ၂၀/၈၀ ကို ပြောင်းသွားပါပြီ။ဆရာ၊ ဆရာမတွေက သူတို့မိသားစုကို အချိန်ပိုပေးလာနိုင်ပါပြီ၊ အရင်လို အိမ်စာတွေ အိမ်သယ်ပြီး အမှတ်ခြစ်ရတာမျိုး လုပ်စရာ မလိုတော့ပါဘူး။ကျောင်းသားတွေအပေါ်မှာလည်း စာမလိုက်နိုင်တဲ့ ကျောင်းသားတစ်ဦးချင်းကို သီးခြား သင်ကြားကူညီဖို့ အချိန်ပိုပေးလာနိုင်ပါပြီ။

အခြားကျောင်းတွေမှာလည်း သီးခြား စာသင်ခန်းတွေခွဲပြီး ပြောင်းပြန်စနစ်နဲ့ စမ်းသပ် သင်ကြည့်ကြတယ်။ဒါပေမဲ့ ဘယ်ကျောင်းကမှတော့ ဂရင်း နောက်တစ်ဆင့် ထပ်လုပ်မှာကို လုပ်မကြည့်ဖူးကြဘူး။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ ဂရက် ဂရင်းက အမေရိကနိုင်ငံမှာ တစ်ကျောင်းလုံးကို ပြောင်းပြန်နည်းစနစ်နဲ့ သင်တဲ့ ပထမဆုံးကျောင်းအုပ်ဆရာကြီး ဖြစ်ခဲ့တယ်။

အတန်းတိုင်း၊ စာသင်သား ၇၀၀ စလုံး ပဲ။နောက်တစ်နှစ်မှာ သူက တစ်ကျောင်းလုံးကို ဆောင်းဦးရာသီက နွေဦးရာသီအထိ စာသင်နှစ် တစ်နှစ်လုံး ပြောင်းပြန်သင်နည်းစနစ်နဲ့ သင်ကြားခဲ့တယ်။ရလဒ်က အရမ်းကောင်းတယ်။ပြောင်းပြန်နည်းစနစ် မလုပ်ခင်တုန်းက ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ၃၅ ရာခိုင်နှုန်းဟာ တစ်တန်းမဟုတ် တစ်တန်း တဗုန်းဗုန်း ကျခဲ့ကြတာချည်းပဲ။ပြောင်းပြန်နည်းကိုလည်း ပြောင်းလိုက်ပြီးရော ၁၀ ရာခိုင်နှုန်း လျော့လျော့ပဲ စာမေးပွဲကျတော့တယ်။ပြောင်းပြန်နည်းစနစ် နောက်မှာ ၂၀၁၆ ခုနှစ်မှာ အတန်းအောင်တဲ့နှုန်းက ၈၀ ရာခိုင်နှုန်းကနေ ၉၄ ရာခိုင်နှုန်းအထိ အောင်ချက်ကောင်းခဲ့တယ်။ကောလိပ်တက်ခွင့် ရခဲ့တာလည်း ၂၀၁၁ မှာ ၆၃ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၄ စာသင်နှစ်မှာ ၈၁ ရာခိုင်နှုန်းအထိ တက်လှမ်းခဲ့တယ်။

အခုထိ ဖတ်ကြည့်တော့ စာဖတ်သူ ဘယ်လိုစဉ်းစားမိသလဲ။မလျှော့တဲ့ ဇွဲ၊ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ လိုလျင်ကြံဆ နည်းလမ်းရဆိုသလို သမရိုးကျနည်းနဲ့ ဘယ်လိုမှ ဆယ်မလို့ မရနိုင်တော့တဲ့ သူ့ကျောင်းကို နည်းသစ်လမ်းသစ်ရှာပြီး ပြန်လည်ထူမတ်ခဲ့တဲ့ ဂရေ ဂရင်း ဆိုတဲ့ ကျောင်းအုပ်ကြီးရဲ့ ကြိုးပမ်းမှုဟာ အတုယူစရာတစ်ခု ဖြစ်ခဲ့တယ် မဟုတ်ပါလား။

          ကိုယ့်လုပ်ငန်းကို ပုံစံပြောင်း၍ ဆောင်ရွက်ကြခြင်းဖြင့် တိုးတက်အောင်မြင်သူများ ဖြစ်ကြပါစေ။

          (ဆက်လက်ဖော်ပြပါမယ်။)

သက်ထွန်း (သျှမ်း)