【 ဆောင်းပါး 】 သင်ရုံတင် မသင်ပါနဲ့၊ ချိတ်ဆက်ပါ

【 ဆောင်းပါး 】 သင်ရုံတင် မသင်ပါနဲ့၊ ချိတ်ဆက်ပါ

ကိုယ့်အလုပ်မှာ အစွမ်းပြပြီးလုပ်နိုင်အောင်လို့  မော်တန် တီ ဟန်ဆန်က နည်းပေးလမ်းညွှန်မှုတွေ ပြုခဲ့ရာမှာ အလုပ်ကို ပိုကောင်းအောင် ပုံစံပြောင်းလုပ်ကိုင်ရုံမက တန်ဖိုးထည့်သွင်းပြီး လုပ်ရမယ့် နည်းလမ်းတွေကို ပြောပြခဲ့ပြီးတဲ့နောက် အခုဆောင်းပါးမှာတော့ ကိုယ့်အရည်အချင်း တိုးသထက် တိုးတက်အောင် လေ့ကျင့်ရမယ့် နည်းလမ်းတွေကို သူ့ရဲ့သုတေသနမှာတွေ့ခဲ့တဲ့ စွမ်းဆောင်ရှင်တွေ လေ့ကျင့်ခဲ့ပုံတွေနဲ့ အတုယူစရာ ပြောပြခဲ့ပါတယ်။

လေ့ကျင့်သင်ကြားရာမှာလည်း သင်ရုံတင် မသင်ပါနဲ့ ချိတ်ဆက်ပါဆိုပြီး ဘယ်လိုအဖိုးတန်တဲ့ လမ်းညွှန်ချက်တွေပေးဦးမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

ဧပြီလ ၅ ရက်နေ့ ၂၀၁၀ ခုနှစ် မှာ ပိုလန်နိုင်ငံ အိုရီအွန်က အသက်သုံးဆယ်အရွယ် ဒန်မက်လက်လင်က သူ့ရဲ့ လစာကောင်းတဲ့ ဓာတ်ပုံပညာရှင်အလုပ်ကနေ နုတ်ထွက်လိုက်ပြီး သူ့ကိုယ်သူ ကြေးတန်းစား ဂေါက်ရိုက်ပညာရှင်ဖြစ်ရမယ်လို့ ကြွေးကြော်ခဲ့တယ်။သူက အချိန်ပြည့် ဂေါက်ရိုက်လေ့ကျင့်ဖို့ စီစဉ်ပြီး လွန်ခဲ့တဲ့ငါးနှစ်လုံးလုံး သူစုဆောင်းထားတဲ့ ပိုက်ဆံကို ချွေတာသုံးဖို့ လုပ်ခဲ့တယ်။ပြဿနာက တစ်ခုပဲရှိတယ်။ဒန်က ဂေါက်ရိုက်အားကစားကို အရင်တုန်းက တစ်ခါမှ အပြီးအထိ မကစားဖူးဘူး၊ လေ့ကျင့်ကွင်းမှာတောင် အကြိမ်နည်းနည်းလောက်ပဲ ရိုက်ခဲ့ဖူးတယ်။အထက်တန်းကျောင်းတုန်းက နိုင်ငံတွင်းလှည့်ပြိုင်ရတဲ့ ပြိုင်ပွဲတွေမှအပ နောက်တစ်နှစ်ကျော်အထိ ပြိုင်ပွဲလည်း တစ်ခါမှ မဝင်ခဲ့ဖူးဘူး။အထိုင်များတဲ့သူတော့လည်း မဟုတ်ဘူး၊ အိုလံပစ်အပြေးသမား အူစိန်ဘော့လောက်နီးနီးတော့ လုပ်နိုင်ပါတယ်လို့ သူ့ကိုယ်သူ တွေးကြည့်လိုက်တယ်၊၊ဒန် ရူးများသွားပြီလား။

ဒန်က သူ့စွန့်စားခန်းကို စမ်းသပ်မှုတစ်ခုလို့ ပုံဖော်ပြောဆိုတတ်ပြီး၊ “ရည်မှန်းချက်အသစ်နဲ့ ပုံစံအသစ် စလုပ်ဖို့ရာ ဘဝမှာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ်နဲ့ သူများတွေကို သက်သေပြချင်လို့ ကြိုးစားအားထုတ်ခဲ့တာပါ” လို့ ပြောခဲ့တယ်။

သူဖတ်ဖူးတဲ့ မယ်လ်ကွန် ဂလက်ဝဲရဲ့ ရောင်းအကောင်းဆုံး “တမူထူးသူ” (Outlier) ထဲမှာ ရေးထားသလို လူတစ်ယောက်ဟာ နာရီ ၁၀,၀၀၀ လေ့ကျင့်ရင် အဲဒီနယ်ပယ်မှာ ထိပ်ရောက်နိုင်ပါတယ်လို့ သူယုံကြည်တယ်။အဲဒီတော့ သူက “ဒန်ရဲ့ အစီအစဉ်” ကို ထုဆစ်ပုံဖော်ခဲ့တယ် - “လိုအပ်တဲ့ ‌လေ့ကျင့်ချိန်ပြည့်ဖို့အတွက် တစ်ပတ်ကို နာရီ ၃၀ ဂေါက်ရိုက်ကျင့်မယ်”
လေးနှစ်နဲ့ နာရီ ၅,၂၀၀ ကြာပြီးတဲ့အထိ ဒန်က သူထုဆစ်ပုံဖော်ခဲ့တဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ခဲ့တယ်။သူရဲ့ လျော့နည်း ရိုက်ချက် (Handicap) က ၂.၆ ကိုတောင် ရရှိနေပါပြီ။ဒီနံပတ်က ဂေါက်ရိုက်အားကစားသမား အချင်းချင်းဆို ဆရာအဆင့်လို့ပြောမယ့် နံပတ်ပါ။ (ဟန်ဒီကက်ပ် နံပတ်နည်းလေ တော်လေဖြစ်ပါတယ်)။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သာမန်ဂေါက်သမားတစ်ယောက်ရဲ့ ဟန်ဒီကက်ပ်က ၁၄.၃ လောက်ရှိပါတယ်။ဒန်ရဲ့  ဟန်ဒီကက်ပ်က အမေရိကားမှာရှိတဲ့ ဂေါက်သမား ၂၄ သန်းထဲမှာ ထိပ်တန်း ၅ ရာခိုင်နှုန်းအဆင့်မှာရှိပါတယ်။ဒန်က ကြေးတန်းစား ဂေါက်သီးရိုက် အားကစားသမား ဖြစ်ချင်မှ ဖြစ်လာပါလိမ့်မယ်၊ ဒါပေမဲ့ ဒါက နည်းနည်းလေးမှ ကိစ္စမရှိပါဘူး။သူက လေးနှစ်အတွင်းမှာ သာမန်မဟုတ်ဘဲ အလွန်ထူးချွန်ပြောင်မြောက်တဲ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ပါပြီ။သူဘယ်လိုလုပ်ခဲ့တာလဲ။ကောင်းပြီ သူက သူ့ကို ပံ့ပိုးပေးဖို့ ထူးချွန်တဲ့ နည်းပြဂေါက်သမားတစ်ဦး၊ ကြံ့ခိုင်ရေးနည်းပြတစ်ဦး၊ ကိုယ်ရေးနည်းပြတစ်ဦး၊ အရိုးအဆစ်ကျွမ်းကျင်ပညာရှင်တို့ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့တယ်။နောက်ပြီး သင်ခန့်မှန်းသလိုပဲ သူက တန်နဲ့ချီတဲ့ လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်။သူက နေ့စဉ်ရက်ဆက်၊ လစဉ်လဆက် ရေဆူမှတ်ရောက် အပူချိန်အောက်၊ မိုးသည်းထဲ၊ အရိုးခိုက်အောင်ချမ်းတဲ့ ရာသီဥတုအောက် အကြိမ်ကြိမ် အလီလီ အခါခါ အကြီးအကျယ် ဂေါက်ရိုက်ခဲ့တယ်။ကျွန်တော်တို့ရဲ့ မိဘတွေနဲ့ ဆရာတွေ ကျွန်တော်တို့ကို မောင်းခဲ့သလိုပဲ၊ တစ်ခုခုကို ကျွမ်းကျင်ချင်ရင် မရပ်မနား အထပ်ထပ်လုပ်ရမယ်။အနာခံမှ အသာစံရမယ် (Practice makes perfect)၊ ဟုတ်တယ်ဟုတ်။

မဟုတ်ပါဘူး။လျှို့ဝှက်ချက်က ထပ်ကာထပ်ကာလုပ်တာ မဟုတ်ပါဘူး၊ နာရီပေါင်း ၁၀,၀၀၀ လေ့ကျင့်ရင် ပညာရပ်တစ်ခုခုမှာ ကျွမ်းကျင်မယ်ဆိုတဲ့ အဆိုအမိန့်ဟာ လမ်းလွဲ‌ရောက်စေမယ့် အကြံဉာဏ်တစ်ခုပါ။တစ်နှစ်လေ့ကျင့်ပြီး အဲဒီအလေ့အကျင့်အတိုင်း နောက်ဆယ်နှစ် ဆက်ကျင့်နေမယ်ဆိုလည်း  ပြည့်စုံတဲ့ကျွမ်းကျင်သူ ဖြစ်မလာနိုင်ပါဘူး။အခြားကျင့်ပါများ ကျွမ်းကျင်တစ်မျိုးမျိုးတော့ ဖြစ်ကောင်းဖြစ်လာမှာပေါ့။

ဖလော်ရီဒါပြည်နယ် တက္ကသိုလ်က ပ‌ရော်ဖက်ဆာ ကေ အန်ဒြစ်အဲရစ်ဆင်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက တေးဂီတ၊ သိပ္ပံပညာနဲ့ အားကစားတွေမှာ လူတွေက ကျွမ်းကျင်ပိုင်နိုင်အောင် ဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို လေ့လာခဲ့ကြတယ်။အဲရစ်ဆင်နဲ့ ရောဘတ်ပူးတို့က သူတို့ရဲ့ Peak ဆိုတဲ့ စာအုပ်ထဲမှာ ဆွေးနွေးကြသလိုပဲ ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ဖို့အတွက် အကြောင်းနှစ်ချက်က အထပ်ထပ်လေ့ကျင့်ချိန်၊ မှန်တယ်၊ ဒါပေမဲ့ ပိုအ‌ရေးကြီးတဲ့အချက်က - အဲရစ်ဆင်က ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ခြင်းဆိုတာကို စဉ်းစားဖော်ထုတ်ခဲ့တယ်။

သိသာထင်ရှားတဲ့ တိုးတက်မှုရလဒ်ကို ရချင်တဲ့သူတွေက ဝေဖန်အကြံပေးမှုကို တောင်းဆိုကြပြီး၊  ကိုယ်တိုးတက်လိုတဲ့ အပိုင်းအပေါ်မှာ ဝေဖန်အကြံပေးခံရတဲ့အတိုင်း အသေးအမွှား ချို့ယွင်းချက်လေးတွေကအစ တိတိကျကျ ဂရုတစိုက်ပြုပြင်ပြီး စွဲစွဲမြဲမြဲ လေ့ကျင့်တတ်ကြတယ်။ဒီလို ရည်ရွယ်ချက်ရှိရှိနဲ့ အကြံဉာဏ်ကောင်းများ ရယူလေ့ကျင့်ခြင်းက တစ်ချို့လူတွေက ဘာလို့ မြန်မြန်ဆန်ဆန် သင်ယူတတ်မြောက်ကြသလဲဆိုတာရဲ့ အဖြေပါပဲ။  

ဒွန်က အဲဒီ ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ခြင်းနဲ့ စွဲစွဲမြဲမြဲ လေ့ကျင့်ခဲ့တယ်။သူ့ရိုက်ချက်နဲ့ ဂေါက်ဘော ဘယ်နေရာကိုရောက်ရမယ်ဆိုတဲ့ မှန်းဆချက်က အတိအကျ မှန်ကန်တယ်။ကျင်းရဲ့ ဘယ်ဖက်နားလေးဆိုတဲ့ မှန်းဆချက်မျိုးမဟုတ်ဘဲ ဘယ်ဖက်ကနေ ၁၁ ပေအကွာဆိုတဲ့ တိကျမှုမျိုးပါ။သူက ရိုက်ချက်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက ဘယ်ကိုကျမယ် - ဖဲလ်ဝေးအပေါ် (၄၀.၉ ရာခိုင်နှုန်း)၊ ဘယ်နှစ်ရာခိုင်နှုန်းက ဘယ်ဖက်ကို နည်းနည်းလွဲသွားမယ် (၃၁.၀ ရာခိုင်နှုန်း)၊ ဘယ်နှစ်ရာခိုင်နှုန်းက ညာဖက်ကို နည်းနည်းလွဲသွားမယ် (၂၈.၁ ရာခိုင်နှုန်း) - ဆိုတာ အတိအကျသိပါတယ်။သူ့ရိုက်ချက်တိကျမှုကို ကျင်းတိုင်းအတွက် မှတ်သားထားတယ်။ပြီးတော့ အဲဒါကို သူပြန်လည်ပြုပြင်ရန် စွမ်းဆောင်ရည် ပုံစံပြဇယား ဆွဲထားတယ်။ (အရင်အမှားကို ၄၁.၅ ရာခိုင်နှုန်း ပြင်ဆင်နိုင်ခဲ့တယ်။ ၂၃.၅ ရာခိုင်နှုန်း သဲကျင်းကနေ ဆယ်တင်နိုင်ခဲ့တယ်)။

သူက အတ္တလန်တာအပြင်က မှာယူတဲ့ 3D အဆင့်မြင့်နည်းပညာကို အသုံးချပြီး သူ့ရိုက်ချက်တွေကို စိစစ်ခဲ့တယ်။သူ့ရဲ့ နည်းပြကို အဲဒါကိုပြပြီး နောက်တစ်ခါရိုက်ရင် ဘာပြုပြင်ဖို့လိုမယ်ဆိုတာ အကြံဉာဏ်ရယူခဲ့ပြီး သူ့နည်းပြပြောတဲ့အတိုင်း အတိအကျပြုပြင် ရိုက်ခဲ့တယ်။ (သူ့နည်းပြက ခြေကို တစ်လက်မ ချဲလိုက်လို့ အကြံပြုကောင်းပြုမှာပေါ့)။ ဒန်က သူ့စွမ်းရည် တိုင်းတာတာကို အဓိကအရေးပါတဲ့ နောက်တိုင်းတာနည်း တစ်နည်းနဲ့လည်း လုပ်ခဲ့သေးတယ်။အဲဒါက သူရဲ့ လျော့နည်းရိုက်ချက် (Handicap) အမှတ်နဲ့ တိုင်းတာ တာပါ။

ဒန်ရဲ့ လေ့ကျင့်မှုတွေအရ ရလဒ်အနေနဲ့ကတော့ သူသာ ရိုက်ချက်တစ်မျိုးတည်းကို ထပ်ကာတလဲလဲ ကျင့်နေပြီး မတိကျတဲ့နည်းနဲ့ တိုးတက်မှုတိုင်းတာနေမှာထက်စာရင် အများကြီးတိုးတက်မှုကို ရရှိခဲ့တယ်။ကျွန်တော်တို့ရဲ့ လေ့လာမှုအတွက် သူနဲ့ အင်တာဗျူးတုန်းက သူပြောပြခဲ့တာက ဒန်က သူတခြားဂေါက်သမားတွေ အများကြီးနဲ့ တွေ့ခဲ့ပါတယ်၊ သူတို့က သူ့လို ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်မှုပုံစံနဲ့ လေ့ကျင့်ကြတာ မဟုတ်ပါဘူး၊ သူတို့က ဘောလုံးကို အကြိမ်ကြိမ်အခါခါရိုက်ဖို့ပဲ အာရုံထားကြပါတယ်။သူတို့က သူတို့လုပ်နေတဲ့ အလုပ်အပေါ်မှာ အာရုံကောင်းကောင်းမစိုက်ကြတဲ့အတွက် တိုးတက်မှုလည်း သိပ်မရှိကြပါဘူး။ဒန်ကတော့ သူ့လေ့ကျင့်ချိန်ရဲ့ မိနစ်တိုင်းကို အကျိုးရှိအောင်လုပ်တယ်။ဒီတော့ ဒါက သင်ယူခြင်း အရည်အချင်းဖြစ်ပါတယ်၊ ထပ်ခါတလဲလဲလုပ်ခြင်း အရေအတွက် မဟုတ်ပါဘူး။ဒီလိုလေ့ကျင့်ခြင်းက ဒန်ကို ၂.၆ လျော့နည်း ရိုက်ချက် (Handicap) ဖြစ်တဲ့အထိ အခုလို လေးနှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ အောင်မြင်နိုင်စေခဲ့တာပါ။

ဒီလိုအထင်ကြီးစရာကောင်းတဲ့ ထိပ်တန်းအစွမ်းမျိုးပြနိုင်တဲ့ အားကစား၊ စစ်တုရင်နဲ့ စာလုံးပေါင်းပျားတွေက ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်မှုလုပ်ခဲ့ကြပါတယ်၊ လုပ်ငန်းခွင်လောကက ဝန်ထမ်းများကလည်း ဒီလိုချဉ်းကပ်လုပ်ဆောင်မှုမျိုးနဲ့ သူတို့ရဲ့အလုပ်တွေကို လုပ်မယ်ဆိုရင် သမိုင်းဝင်နာမည်တွင်တဲ့အထိ ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်နိုင်ကြမယ်ဆိုတာ သင်တွေးမိနိုင်ပါတယ်။ဒါပေမဲ့ အများစုကတော့ မလုပ်ကြပါဘူး။

ကုမ္ပဏီတွေက နှစ်ပေါင်းများစွာ လုပ်ငန်းတိုးတက်ရေး နည်းစနစ်တွေဖြစ်တဲ့ Six Sigma နဲ့ “အဖွဲ့အစည်းနဲ့ သင်ကြားခြင်း” စတာတွေနဲ့ ထုတ်လုပ်ရေး၊ ပစ္စည်းသိုလှောင်ရေးနဲ့ သယ်ယူပို့ဆောင် ပံ့ပိုးရေး၊ ဖောက်သည်များ မှာယူ‌ရေးနဲ့ ဝန်ဆောင်မှုပေးရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပံ့ပိုးပေးခဲ့တယ်။ဒါပေမဲ့လည်း ဒီချဉ်းကပ်မှုတွေက အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်တွေဆီ ပျံ့နှံ့သွားခြင်းမရှိသလို ဝန်ထမ်းတစ်ဦးချင်းစီကိုလည်း ရောက်ရှိသွားခြင်း မရှိပါဘူး။လုပ်ငန်းခွင်ထဲကို တစေ့တစောင်းကြည့်မယ်ဆိုရင် ဝန်ထမ်းအနည်းငယ်ကသာ ဒန် သူ့ဂေါက်ရိုက်ပညာ တိုးတက်အောင် လုပ်ခဲ့သလို လုပ်တာကို တွေ့ရမှာဖြစ်ပါတယ်။အကျိုးဆက်ကတော့ လူတွေက အစည်းအဝေးလုပ်တာပဲဖြစ်ဖြစ်၊ ဆလိုက်ထိုးပြီး အစီရင်ခံတင်ပြတာပဲဖြစ်ဖြစ်၊ အရောင်းမြှင့်တင်ရေးလုပ်တာပဲဖြစ်ဖြစ် သူတို့လုပ်နေကျအတိုင်းပဲ ဆက်လုပ်နေတာကို တွေ့ရမှာပါ။သူတို့က “လိုတဲ့အရည်အချင်း ပြည့်ပါပေတယ်” အဆင့်ကို ရောက်လာမှာဖြစ်ပေမယ့်၊ အစွမ်းပြပြီး အလုပ်လုပ်နိုင်သူတွေတော့ ဖြစ်လာမှာ မဟုတ်ဘူး။

လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင်အောင် လေ့ကျင့်ချင်တဲ့ ဝန်ထမ်းတွေဟာ စိန်ခေါ်မှုတချို့ကို ရင်ဆိုင်ရမှာပါ။ကျွမ်းကျင်သူတွေက ဝန်ထမ်းတွေအနေနဲ့ ရည်ရွယ်ချက်ရှိရှိ လေ့လာသင်ယူရာမှာ စဉ်ဆက်မပြတ် သင်ယူရေးနည်းစနစ်ကို နေ့စဉ်လုပ်ငန်းခွင်မှာ ဘယ်လိုကျင့်သုံးနိုင်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် ပြောပေးမှာ မဟုတ်ပါ။နောက်ပြီး အဖွဲ့အစည်းအားလုံးလိုလိုမှာ ဒီနည်းစနစ်ကို ပံ့ပိုးနိုင်ဖို့ လုံလောက်တဲ့ အထောက်အပံ့ မရှိတတ်ကြပါဘူး။လုပ်ငန်းဆောင်ရွက်မှု သုံးသပ်ချက်တွေကို လေ့လာကြည့်ပါ။ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်သင်ယူရေးမှာ မန်နေဂျာပဲဖြစ်ဖြစ် ဝန်ထမ်းပဲဖြစ်ဖြစ် အကူအညီကောင်းစွာဖြစ်စေမယ့် တုံ့ပြန်အကြံဉာဏ်ပေးမှုမျိုးကို နေ့စဉ်နဲ့ အမျှရရှိဖို့ လိုအပ်ပါတယ်။အခု‌တော့ ဝန်ထမ်းအားလုံးလိုလိုဟာ အဲလိုတုံ့ပြန်အကြံဉာဏ်ပေးတာကို တစ်နှစ်တစ်ခါလုပ်တဲ့ အလုပ်လုပ်ဆောင်မှု သုံးသပ်ဝေဖန်ချိန်ကျမှ သူတို့ရဲ့ ကြီးကြပ်သူ/အထက်လူကြီးဆီကနေ ရကြတာပါ။  

“အေး ရော်ဂျာရေ မင်းရဲ့ လုပ်ပုံကိုင်ပုံကို လေ့လာစောင့်ကြည့်ခဲ့တာ တစ်နှစ်ပြည့်ပါပြီ၊ မင်းအနေနဲ့ နောက်နှစ်ကျရင်တော့ ဘယ်ဖက်ကို နည်းနည်းလေး ပိုသတိထားလုပ်ပေးသင့်တယ် ထင်တယ်” ဟူသတတ်။ရယ်စရာကောင်းလိုက်တာ၊အဲဒါက ကျွန်တော်တို့ အလုပ်ထဲမှာ အခုထိလုပ်နေကျပုံစံပါ။ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်သင်ကြားခြင်းကလည်း အလျင်လိုတဲ့ လုပ်ငန်းခွင်ရဲ့ လက်ရှိအခြေအနေနဲ့ သိပ်တော့ သင့်တော်လှတာ မဟုတ်ပါဘူး။အားကစားနဲ့ အနုပညာတွေမှာတော့ ပွဲမဝင်ခင် အပြင်က ကျင်းပတာကို (ဖျော်ဖြေပွဲတို့ ပြိုင်ပွဲတို့ပေါ့)  ခြေကုန်လက်ပမ်းကျအောင် လေ့ကျင့်ရတာမျိုးပါ။ဒါပေမဲ့ ဝန်ထမ်းတွေအတွက်ကျတော့ သူတို့ရဲ့ နိစ္စဒူဝအလုပ်တွေကို ဘေးချိတ်ပြီး အရည်အချင်းတိုးတက်အောင် လေ့ကျင့်ဖို့က တော်တော်ကြိုးစားရမယ့်ကိစ္စမျိုး ဖြစ်နေတာပါ၊ သူတို့က အမြဲအလုပ်များနေတတ်ကြတာမလား။ အားကစားသမားတွေအနေနဲ့က သူတို့ရဲ့ တိုးတက်/ဆုတ်ယုတ်မှုကို တိုင်းတာရာမှာ ဝန်ထမ်းတွေထက် အချိန်ရလွယ်ပါတယ်။ဒန်ကိုပဲကြည့်တော့၊ သူ့ရိုက်ချက်နဲ့ ဂေါက်ဘော ဘယ်ကိုရောက်တယ်ဆိုတာကို  (ဘယ်ဖက် ဆယ့်တစ်ပေမှာဆိုတာမျိုး) အတိအကျ ခြေရာကောက်နိုင်ပါတယ်။ဒါပေမဲ့ လုပ်ငန်းတာဝန်ဦးစားပေးခြင်း၊ အရောင်းမြင့်အောင်လုပ်ခြင်းတို့၊ ဖောက်သည်ရဲ့ တိုင်တန်းချက်ကို ကိုင်တွယ်ဖြေရှင်းပေးခြင်းတို့၊ ထိရောက်တဲ့ အီးမေးလ်ရေးသားခြင်းတို့၊ အစည်းအဝေးမှာ နားထောင်ခြင်းတို့လို ကျွမ်းကျင်အရည်အချင်းဆိုင်ရာ တိုင်းတာမှုတွေကျတော့ ဘယ်လိုလုပ်ရမှာပါလဲ။ အဲဒီအကြောင်းပြချက်တွေကြောင့် အချို့ကျွမ်းကျင်ပညာရှင်တွေက ရည်ရွယ်ချက်ရှိရှိ လေ့လာသင်ယူခြင်းကို ဝန်ထမ်းတစ်ဦးချင်းစီ လုပ်ငန်းခွင်အတွင်းမှာလုပ်ဖို့ မ‌ထောက်ခံကြပါဘူး။ပရော်ဖက်ဆာ အဲရစ်ဆင် မှတ်ချက်ပေးခဲ့သလို စွမ်းဆောင်သူမှာ တိကျတဲ့ စွမ်းဆောင်ရည်တိုင်း စနစ်ရှိမယ်၊ နောက်ပြီး ကောင်းစွာ စွမ်းဆောင်ဖို့အတွက် ဘာအရည်အချင်း လိုအပ်တယ်ဆိုတာ သိမယ်ဆိုတဲ့ အခြေအနေမှာမှ ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ခြင်းဟာ သင့်တော်တယ်လို့ ဆိုပါတယ်။နောက်ပြီး အဲဒီလိုအပ်တဲ့ အရည်အချင်းတွေကို အဆင့်တစ်ခုချင်းစီ ခွဲခြားတတ်ဖို့လည်း လိုတယ်လို့ ဆိုပါတယ်။

“ဘယ်ကဏ္ဍတွေမှာ သုံးဖို့ မသင့်ဘူးလဲ” ဆိုတော့ “ဒီနေ့ခေတ်ရဲ့ များပြားလှတဲ့  အလုပ်တာဝန်တွေဖြစ်တဲ့ လုပ်ငန်းမန်နေဂျာ၊ ဆရာ/ဆရာမ၊ လျှပ်စစ်ပညာရှင်၊ အင်ဂျင်နီယာ၊ အကြံပေးပုဂ္ဂိုလ် စသဖြင့်” အားလုံးလိုလိုမှာလို့ပဲ ပြောရမယ်လို့ သူရေးသားခဲ့ပါသေးတယ်။

ကျွန်တော်ကတော့ သဘောမတူပါဘူးလို့ လေးစားသမှုနဲ့ ပြောချင်ပါတယ်။ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ခြင်းဟာ လုပ်ငန်းခွင်ထဲမှာ ကျွန်တော်တို့ မျှော်လင့်တာထက် အများကြီးပိုကောင်းပါတယ်။ဒါပေမဲ့ အရေးကြီးတဲ့ အလှည့်အပတ်လေးတွေတော့ လိုအပ်တယ်။ကျွန်တော်တို့ရဲ့ သုတေသနထဲမှာ တွေ့ခဲ့ရတာကတော့ ကျွန်တော်တို့က ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ခြင်းကို တစ်နေရာကနေ ကူးယူပြီး ကိုယ့်အလုပ်ထဲမှာ တစ်ပုံစံတည်း အတုခိုးလုပ်ဆောင် ("copy and paste") လို့ မရနိုင်ပါဘူး။အဲဒီအစား ကျွန်တော်တို့က ဗားရှင်းပြောင်းပြီး (ပုံစံပြောင်းပြီး) လုပ်ဆောင်ရမှာပါ။အဲဒါကို ကျွန်တော်က သင်ကြားခြင်းဆက်ထုံးလို့ နာမည်ပေးထားတယ်။ကျွမ်းကျင်မှု တိုးတက်အောင် လုပ်ငန်းခွင်ထဲမှာ လုပ်နိုင်တဲ့ ဝန်ထမ်းတွေနဲ့ မန်နေဂျာတွေက အနုပညာနဲ့ အားကစားတွေမှာ ကျင့်သုံး‌လေ့ရှိတဲ့ သမာရိုးကျ ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ခန်းတွေမှာ ရှာမတွေ့နိုင်တဲ့ အချို့ နည်းဗျူဟာလေးတွေကို လိုက်နာကျင့်သုံးကြတယ်။သူတို့က သီးခြားလေ့ကျင့်ခန်းတစ်မျိုးဖြစ်တဲ့ အစည်းအဝေးတွေနဲ့ အစီရင်ခံတင်ပြချက်တွေကနေ အခွင့်အရေးတစ်ခုအနေနဲ့ သင်ယူရတဲ့ “အလုပ်လုပ်ရင်း ပညာသင်” ဆိုတဲ့ လက်တွေ့လုပ်ငန်းခွင်မှ သင်ယူနည်းကို မသုံးကြတော့ဘူး။သူတို့က သင်ကြားဖို့အတွက် တစ်နေ့ကို မိနစ်အနည်းငယ်ပဲ အသုံးပြုကြတော့တယ်၊ ဂီတသမားတွေနဲ့ အားကစားသမားတွေ လုပ်လေ့ရှိတဲ့ သုံး-လေးနာရီ လေ့ကျင့်ခန်းတွေကို ပယ်လိုက်ကြတယ်။သူတို့က နည်းပြတွေဆီကတင်မဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ငယ်သားတွေနဲ့ အထက်လူကြီးတွေဆီက ပေါ့ပေါ့ပါးပါးကြားရတဲ့ သတင်းနဲ့ တုံ့ပြန်အကြံပေးမှုတွေကိုလည်း အားကိုးကြတယ်။ဒါ့အပြင် သူတို့က လုပ်ငန်းခွင်ထဲမှာ ပျံ့နှံ့စိမ့်ဝင်နေတဲ့ “Softer Skill” လို့ခေါ်တဲ့ နှလုံးရည်ကို တိုင်းတာရမယ့် အဆင့်တွေကို လုပ်ဆောင်လာခဲ့တယ်။

ကျွန်တော်တို့ရဲ့ လေ့လာချက်ထဲမှာ တွေ့ရတဲ့ ထိပ်တန်းသင်ယူတတ်သူတွေဟာ သူတို့ရဲ့ အရည်အချင်းတွေကို အလုပ်ကို အရူးအမူးလုပ်တာ၊ အလေ့အကျင့်တစ်ခုကို ထပ်ခါထပ်ခါလုပ်တာကနေ ကျွမ်းကျင်ပိုင်နိုင်လာတာ မဟုတ်ပါဘူး။သူတို့က ပျမ်းမျှခြင်း တစ်ပတ်ကို ၄၈ နာရီ အလုပ်လုပ်သူတွေဖြစ်ပြီး၊ သမာရိုးကျ သင်ယူသူတွေထက် တစ်နာရီပဲ ပိုလုပ်တဲ့သူတွေပါ။သူတို့ဟာ လုပ်ငန်းခွင်ထဲမှာ သင်ယူရင်း ဆက်ထုံးတစ်ခုခြင်းရဲ့ အရည်အသွေးကို အာရုံစိုက်ပြီး ဉာဏ်ပါပါ အလုပ်လုပ်ကြသူတွေဖြစ်တယ်။သူတို့ အဲဒါတွေကို ဘယ်လိုလုပ်သလဲဆိုတာ သိရှိနားလည်လာအောင် ကျွန်တော်တို့ရဲ့ လေ့လာမှုထဲက အလုပ်စွမ်းရည်တိုးတက်လာအောင် ရှာဖွေကြိုးစား လုပ်‌ဆောင်နိုင်ခဲ့တဲ့၊ သူ့အလုပ်သူ အစဉ်အမြဲ သုံးသပ်ဆင်ခြင်တတ်တဲ့၊ ကျဆုံးမှုကနေ သင်ခန်းစာယူတတ်တဲ့၊ နောက်ကျတော့ ရလဒ်ကောင်းအနေနဲ့ ထိပ်တန်းစွမ်းဆောင်ရှင် ၁၀ ရာခိုင်နှုန်းစာရင်းဝင်တစ်ယောက် ဖြစ်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို  အသေးစိတ်လေ့လာကြည့်လိုက်ရအောင်လား။

ကိုယ့်လုပ်ငန်းကို ပုံစံပြောင်း၍ တန်ဖိုးထည့်သွင်းဆောင်ရွက်ကြရင်း၊ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ သင်ယူလေ့ကျင့်ကြခြင်းဖြင့် အစွမ်းပြ၍ အလုပ်လုပ်နိုင်သူများ ဖြစ်ကြပါစေ။

(ဆက်လက်ဖော်ပြပါမယ်)

သက်ထွန်း (သျှမ်း)