【 ဆောင်းပါး 】 သာစည်ညမှသည် ကြုံတောင့်ကြုံခဲ ပင်းတယ - ကမဲဘုရားပွဲ

【 ဆောင်းပါး 】 သာစည်ညမှသည် ကြုံတောင့်ကြုံခဲ ပင်းတယ - ကမဲဘုရားပွဲ

ပျဉ်းမနားမှလွန်သော် ရထားကြီးက မောကြီးပန်းကြီး ခုတ်မောင်းနေသလိုရှိသည်။

ကျနော်က ရထား “ခရေဇီ” ဖြစ်သည်။ရထားနှင့် ခရီးသွားရသည်ကို ကြိုက်သည်။ဓာတ်ပုံတွေထဲက စူပါအမြန်ရထားကြီးတွေတွေ့လျှင် ခရီးသွားချင်စိတ်ပေါက်သည်။ကိုယ့်ရထားကြီးကတော့ နှေးသည်၊ နှေးသည့်အပြင် အထက်အောက်လည်းခုန်၍ ဘယ်ညာလည်းရမ်းသည်၊ ဘာပဲဖြစ်စေ စီးစရာက ဒါပဲရှိသည်၊ ရထားက သာစည်ကိုဝင်ရန် အရှိန်လျှော့လာနေသည်။ကျနော်က သာစည်ကို အလွန်ရင်းနှီးသည်၊ သာစည်မရောက်ဖူးမီကတည်းက စာတွေ့နှင့်ပင် အလွန်ရင်းနှီးနေခဲ့သည်။

ဆရာနိုင်ဝင်းဆွေက သူ၏ “နွေတည” နှင့် “မသိန်းရှင်ဆီပို့ပေးပါ” ဝတ္ထုများဖြင့် ကျနော့်ကိုခေါ်သွားဖူးသည်။အင်းစိန်အုပ်စု (အစ အစ) စနေစာပေဝိုင်းမှ ဆရာများသည် နိုင်ဝင်းဆွေနှင့် တရင်းတနှီး အတူနေထိုင်ခဲ့ဖူးသူတွေများဖြစ်သည်။

ဆရာနီဟိန်း၊ ဆရာဗန်းမော်တင်အောင်၊ သခင်မြသန်း၊ဆရာမြသန်းတင့်တို့နှင့်အတူ ကျွန်း ပြန်၊ ကဗျာဆရာကြီး ဆရာတင်မိုး၊ ဆရာမောင်လင်းယုန် (ရှမ်းပြည်)၊ ဆရာဖေမြင့်၊ ကြည်နိုင်၊ မောင်တင်ဆင့်၊ စိုးမြင့်လတ် စသည်တို့မှာ ဆရာနိုင်ဝင်းဆွေနှင့် အတူနေ အတွဲများကြသည်။

ဆရာနိုင်ဝင်းဆွေကို စာရေးရာတွင် အလွန်ဇွဲကြီးသူဟု တညီတညွတ်ပြောကြသည်။သူ၏ လုံးချင်းများကို သုံးလေးကြိမ် ပြန်ရေးပြန်ကူးသည်ဟု ဆိုသည်။ဒါကြောင့် သူ့အဖွဲ့အနွဲ့တွေကောင်းခြင်းဖြစ်မည်၊ “သာစည်ဘူတာ သဘာဝအလှ” ကို ရေးဖွဲ့ရာမှာလည်း လက်ဖျားခါလောက်အောင် ကောင်းနေခြင်းဖြစ်သည်၊

ရထားကြီးက သာစည်ဘူတာထဲမှာ ရှူးရှူးရှဲရှဲဖြင့် အပူငွေ့များကို မှုတ်ထုတ်ကာ ရပ်တန့်သွားသည်။

သာစည်မြို့ခံ ကဗျာဆရာ အောင်လွန်းမြိုင်နှင့် အဖွဲ့သားလေးငါးယောက်ကလည်း သာစည်ကနေ ရထားနှင့်အတူတက်ကြမည်၊ ရထားက သာစည်မှာ အတော်ကြာကြာနားတတ်သည်၊ သာစည်သည် မြေပြန့်မှ တောင်ပေါ်တက်ဖို့ စတင်သော ဘူတာဖြစ်၍ အကြီးဆုံးဘူတာဖြစ်သော ရန်ကုန်နှင့် မန္တလေးပြီးလျှင် ဒုတိယလိုက်သော ဘူတာဖြစ်သည်၊ တောင်ပေါ်မတက်ခင် ရထားတွဲများ ဘရိတ်များကို အင်ဂျင်နီယာများ စစ်ဆေးသောနေရာဖြစ်သည်။အင်ဂျင်နီယာက စက်ခေါင်းနှင့် တွဲများကို စစ်ဆေး၍ အန္တရာယ်ရှိမည်ဟုမြင်သော တွဲကို ဖြုတ်ချနိုင်သည် အသစ်ဆက်တွဲနိုင်သည်၊ ရထားဥပဒေကို အင်္ဂလိပ်က အတော်သေသေချာချာလုပ်ထားခဲ့သည်၊ သာစည်မှာ နည်းနည်းအချိန်ရသည်။ဘူတာအနီးဆိုင်မှာထိုင်ကြ အဆာပြေစားကြသည်။သာစည်ရောက်လျှင် ခရီးတဝက်ကျိုးပြီဟု ပြောနိုင်သည်၊ မရှိလို့ လုပ်စား ဖြေးဖြေးပေါ့။

အပန်းပြေလောက်လျှင် တောင်ပေါ်ရထားကြီး ထွက်ခွာသည်။ဘုရားငါးဆူ လှိုင်းတက်မှာ တောင်တက်ခရီးကစသည်။ညနေက အရှိန်ကလေးကျန်ရှိသည်နှင့် မှီသူမှီ လှဲသူလှဲ တချို့က ခုံအောက်ထဲဝင်လိုက်ကြသည်။ခုံအောက်လူက သာ၍ ဇိမ်ကျသည်၊ လူသွားလမ်းဘက် ခြေထောက်ထုတ်ထားလိုက်သည်၊ ကျော်လိုကကျော် ခွလိုကခွ၊ နောက်တရက်မှာ အောင်ပန်းကိုရောက်တော့မည်။

ဆရာဒဂုန်တာရာ မွေးနေ့ပွဲအတွက် ကျနော်တို့ တက်လာသည်မှာ တစ်ရက်စောသည် ကျနော်တို့ရောက်ချိန်မှာ လူမစုံသေးဟု ပြောရမည်။

ဆရာမကြီးသင်းမြစန္ဒီက အဆာပြေစားဖို့ အဆင်သင့်လုပ်ထားသည်။သူက သူနာပြုဆရာမကြီးဖြစ်၍ “သင်းမြစန္ဒီ” ကလောင်အမည်နှင့် ဝတ္ထုတိုလည်းရေးသည်။စားပြီးသည်နှင့် “ပင်းတယဂူဘုရား” ဘက်သွားဖို့ တိုင်ပင်လိုက်ကြသည်။

“ပင်းတယ” သည် ရှမ်းပြည်တောင်ပိုင်းတွင် ထင်ရှား၍ လူသိများသော “ဂူဘုရား” ဖြစ်ပြီး ဈေးဆိုင်တွေ စုံလင်သော နေရာလည်းဖြစ်သည့်အပြင် တိုးရစ်များအရောက်အပေါက်လည်းများသည်၊ “ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူဘုရား” သည်။ပင်းတယမြို့တွင် တည်ရှိနေ၏။ရှမ်းပြည်ရောက်တိုင်း ပင်းတယဂူကိုရောက်ရခြင်းမှာ အောက်ပြည်က ရွှေတိဂုံဘုရားကဲ့သို့ မရောက်မဖြစ်သည့် ဘုရားပင်ဖြစ်သည်။ကျနော်တို့က အုပ်စုနှင့်သွားသည့်အတွက် ကားတစ်စီးစု၍ ငှားလိုက်သဖြင့် စရိတ်နည်းကာ ခရီးတွင်သည်။ညနေပိုင်း အောင်ပန်းပြန်ဖို့လည်း အဆင်ပြေသည်။ကျနော်က ဟာသလုပ်လိုက်သည်။

“ဒီကားမှာ ပေါ်လစ်ဗျူရိုပါသလား ဆုံးဖြတ်ရခက်မှာစိုးလို့၊ စီစီနဲ့ မဆုံးဖြတ်နိုင်ရင် ခက်မယ်” ဟု။

နှစ်သုံးဆယ်ကာလလောက်က တည်ရှိခဲ့ဖူးသော လက်ဝဲပါတီကြီးတစ်ခုကို ရည်ရွယ်ပြောခြင်းဖြစ်သည်။ပေါ်လစ်ဗျူရိုမှာ ဦးဆောင်အဖွဲ့ဖြစ်၍ စီစီမှာ ဗဟိုကော်မတီဖြစ်သည်။ကျနော့်စကားကို မြတ်နိုးစွာပဲ ရယ်ပွဲဖွဲ့လိုက်ကြသည်။လမ်းတစ်ဝက်အရောက်လောက်မှာ ကျနော်တို့လိုပဲ စာရေးဆရာများပါရှိသော ကားတစ်စီးကို တွေ့လိုက်ကြရသည်။စာရေးဆရာ မောင်မြေနီ (တောင်ကြီး) တို့ ကားဖြစ်သည်။တောင်ကြီးကနေ ဆရာဒဂုန်တာရာ မွေးနေ့ပွဲ ကျင်းပရာသို့ တက်ရောက်ရန် တောင်ကြီးမှဆင်းလာသောအဖွဲ့ဖြစ်သည်။

တောင်ကြီးမှာ ဝါဆိုကိုဦးလည်းရှိသည်။ကိုဦးအိမ်မှာလည်း ညအိပ်ညနေ တည်းဖူးသည်။သူတို့က သတင်းပေးသွားသည်မှာ ကြုံရခဲသော ပွဲကလေးကို ဝင်လိုက်စမ်းပါတဲ့။ဒေသ၏ ဓလေ့စရိုက်အစစ်မှာ ဒီနေရာမျိုးမှာမှရနိုင်သည်။နောက်ပြီး ပင်းတယဂူမရောက်မီ လမ်းပေါ်မှာ တွေ့ရမှာဆိုတော့ နေရာကျလှသည်။

ခပ်လှမ်းလှမ်းမှ မြင်ရသည်မှာပင် ရင်ခုန်သွားသည်၊ ပအိုဝ့်ဘောင်းဘီအနက်ရောင်က ပွဲတစ်ခုလုံးမှာ လွှမ်းနေသည်။(ရှမ်းက ပင်နီရောင် ဝတ်သည်)၊ ပေါင်းမိုးပါသောနွားလှည်းတွေနှင့် လှန်ထားသော နွားတွေ တွေ့ရသည်။ဘုရားမှာ “တမဲ - မြစေတီ” ဟု တွင်သည်။ဉာဏ်တော်လည်းမြင့်၍ စေတီရံလည်းများသည်။သူတို့ဆီက သဘာဝမှာ ကျနော်တို့ မြေပြန့်နှင့်မတူဟု ထင်သည်။အောက်ပြည်ဘုရားပွဲတွေက အနည်းဆုံး တစ်ပတ်၊ ဆယ်ရက်၊ တွံတေး ရွှေဆံတော်ဘုရား သံလျင်ကျိုက်ခေါက်ဘုရားတို့မှာ နှစ်ပတ်လောက်ကျင်းပကြသည်။

အခု တမဲရွာသည် ပင်းတယမြို့နယ်တွင် အုပ်စုရွာကြီးဖြစ်သည်။ပင်းတလဲ၊ ကျောက်တလုံး၊ ကုန်းဇောင်း၊ ကျောက်စက်၊ ရေဦး စသည့် ရွာကြီးတွေလည်းရှိသေးသည်။တောင်တွေ တစ်တောင်ကျော် နှစ်တောင်ခြားက လာရသဖြင့် “တမဲ” ရွာကြီး တစ်အုပ်စုလုံး တစ်ရက်တည်း စုပေါင်းကျင်းပခြင်းဖြစ်ပုံရသည်။ပွဲထဲမှာ အိုးစည်ရှည်သံတွေက ဖုံးလွှမ်းထားသည်၊ ယာယီအမိုး ယာယီအကာများ၊ တောင်ကုန်းမြင့်လေးအပေါ်မှာက ရွှေရောင်တလက်လက်နှင့် သပ္ပါယ်စွာ ဖူးတွေ့ရသော တမဲစေတီတော်ရင်ပြင်တစ်ခုလုံးမှာ ဘုရားဖူးပွဲတော်လာများဖြင့်မဆန့် ပရဝုဏ်အပြင်ကို လျှံကျနေသည်။အိုးစည်ဝိုင်းတွေကလည်း အများကြီး။တမဲအုပ်စုထဲမှာ ရွာ ၂၀ လေက်ရှိလေမလား၊ မှန်းကြည့်ခြင်းသာဖြစ်သည်။

ကျနော်တို့ အားလုံး အံသြဝမ်းမြောက်သွားကြသည်။ဒီလိုအမှတ်တရပွဲမျိုးကို ကြည့်လိုမြင်လိုကြသည်၊ ရန်ကုန်မှာ ဒီပွဲမျိုး ဘယ်မှာမြင်ဖူးပါ့မလဲ။အချိုရှာ သကာဖြင့် တွေ့လေပြီ။

ဗဖူးနှင်းဆီ