【 ဆောင်းပါး 】 သွေးတူသော်လည်း အတွေးမတူကြ

【 ဆောင်းပါး 】 သွေးတူသော်လည်း အတွေးမတူကြ

လောကလူ့ရွာတွင် လူချင်းတူသော်လည်း ကံချင်းမတူ၊ ကံချင်းတူသော်လည်း ဉာဏ်ချင်းမတူ၊ ဉာဏ်ချင်းတူပြန်သော်လည်း ဝီရိယချင်းမတူကြပြန်ပေ။အသားအရောင်တူပြီး တစ်မြေထဲမွေး တစ်ရေထဲသောက်သူချင်းဖြစ်သော်လည်း စိတ်အတွေးကတော့ တူညီမှုမရှိဘဲ တစ်ယောက်တစ်မျိုး ဖြစ်နေကြပါသည်။

တစ်မိဝမ်းထဲက မွေးလာသော သွေးတူညီအကိုများဖြစ်သည့်တိုင် တစ်ယောက်နှင့် တစ်ယောက် အတွေးအခေါ် အယူအဆချင်း မတူညီကြပေ။တချို့ညီအကိုညီအမများသည် ရုပ်ရည်ချင်း အသံချင်း အမူအရာလှုပ်ရှားမှုချင်း ခွဲမရအောင် တူကြသော်လည်း စိတ်အတွေးချင်းတော့ မတူညီကြပေ။တချို့များဆိုလျှင် စိတ်အတွေးချင်း လုံးဝကိုဆန့်ကျင်ဘက် ဖြစ်နေတတ်သေးသည်။

မည်သို့ပင်ဆိုစေ လူတိုင်းလူတိုင်းသည် ကိုယ့်စိတ်ကူးနှင့်ကိုယ် သူ့စိတ်ကူးနှင့်သူ တွေးတတ်ပြောတတ် လုပ်တတ်ကြလေသည်။

သေတဗျမြို့တွင် စူဠကာလ၊ မဇ္ဈိမကာလနှင့် မဟာကာလ ညီအစ်ကိုသုံးယောက်ရှိသည်။မိဘများ ကွယ်လွန်သွားသောအခါ မိဘတို့၏ လက်ငုတ်လက်ရင်း အလုပ်များကို ဆက်လက်လုပ်ကိုင်ကြသည်။

တစ်ခါသော် စူဠကာလနှင့် မဟာကာလ ညီအစ်ကိုနှစ်ယောက် ကုန်ရောင်းကုန်ဝယ်အတွက် ခရီးထွက်လာခဲ့သည်။မကြာမီမှာပင် ဘုရားရှင်သီတင်းသုံးတော်မူသော ဇေတဝန်ကျောင်းတော်အနီးသို့ ရောက်လာသည်။လူအများသည် ဘုရားရှင်ဟောကြားသော တရားတော်ကို နာယူရန် ဇေတဝန်ကျောင်းထဲသို့ ဝင်ရောက်သွားကြလေ၏။

မဟာကာလသည် ဘုရားရှင်၏ တရားတော်ကို နာယူချင်စိတ်ပြင်းပြကာ သူ၏ ကုန်လှည်းများကို ညီဖြစ်သူ စူဠကာလထံ အပ်ထားပြီး ဇေတဝန်ကျောင်းထဲသို့ ဝင်ရောက်ခဲ့လေသည်။

ဘုရားရှင်ထံမှ တရားနာပြီးသောအခါ မဟာကာလသည် စီးပွားရေး အိမ်ထောင်ရေးနှင့်တကွ သံယောဇဉ်ကြိုးအားလုံးကိုဖြတ်ကာ ရဟန်းပြုရန် ဆုံးဖြတ်လိုက်တော့သည်။ထို့ကြောင့် ညီဖြစ်သူကို အကျိုးအကြောင်းရှင်းပြကာ ဘုရားရှင်ထံမှာ ရဟန်းဝတ်လေသည်။

စူဠကာလက ပထမတော့ အကိုဖြစ်သူကို နည်းအမျိုးမျိုးဖြင့် ရဟန်းမဝတ်ရန် တားမြစ်သေးသည်။ဘယ်လိုမှတားမရသည့် အဆုံးတွင် သူကိုယ်တိုင် မဟာကာလနှင့်အတူ ရဟန်းလိုက်ဝတ်သည်။

မဟာကာလ၏ ရည်ရွယ်ချက်မှာ ဘုရားရှင်နှင့် တရားတော်အပေါ်မှာ ယုံကြည်ချက်အပြည့်အဝဖြင့် သစ္စာလေးပါးတရားကို သိရန်ဖြစ်သည်။

စူဠကာ၏ ရည်ရွယ်ချက်ကတော့ အကိုဖြစ်သူကို အနီးကပ်စည်းရုံးရင်း မကြာခင်တွင် ညီအကိုနှစ်ယောက်လုံး လူပြန်ထွက်ပြီး အကို မဇ္ဈိမကာလနှင့်အတူ မိသားစုစီးပွားကို စည်းစည်းလုံးလုံး ဆက်လုပ်ရန်အတွက် ဖြစ်သည်။

မဟာကာလမထေရ်သည် ညဉ့်ဦးယံလွန်၍ အခြားသူတို့ အိပ်ပျော်နေချိန်တွင် သုဿာန်သို့သွားကာ သုဿာန်ဓုတင်ဆောက်တည်ပြီး တရားဘာဝနာ ပွားများသည်။မနက်စောစော အခြားရဟန်းများ မနိုးသေးမီ ကျောင်းသို့အရောက် ပြန်လာသည်။

တစ်ညသောအခါတွင် လောလောလတ်လတ် သေဆုံးထားသော အမျိုးသမီးအလောင်းတစ်လောင်း သုဿာန်သို့ ရောက်လာသည်။သုဿာန်စောင့်သည် အသုဘကမ္မဋ္ဌာန်းဘာဝနာ ပွားများရန်အတွက် သူ့ကိုကြိုတင်မှာထားသော မဟာကာလထံ အကြောင်းကြားလိုက်သည်။

မဟာကာလမထေရ်လည်း သုဿာန်သို့ ချက်ချင်းရောက်လာသည်။အလောင်းကောင်ကို မီးမလောင်မီ သုံးဆယ့်နှစ်ကောဋ္ဌာသစုံအောင် ကြည့်ပြီးနောက် အသုဘဘာဝနာ ပွားများသည်။ထို့နောက် အလောင်းကို မီးလောင်ပြီးသောအခါတွင်လည်း မီးမလောင်ခင်က အလောင်းနှင့် နှိုင်းယှဉ်ကာ ဖြစ်ခြင်းပျက်ခြင်းနှင့် ဖောက်ပြန်ပြောင်းလဲကာ မမြဲသော အနိစ္စသဘောကို ထင်စွာရှုမှတ်နေလေသည်။မကြာမီမှာပင် မဟာကာလမထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်သွားလေသည်။

မဟာကာလမထေရ် ရဟန္တာဖြစ်ပြီးနောက်တွင် ဘုရားရှင်သည် ကာလညီအကိုတို့၏ ဇာတိမြေ သေတဗျမြို့ ယင်းတိုက်တောသို့ ကြွရောက် သီတင်းသုံးတော်မူသည်။စူဠကာလ၏ ဇနီးသည် လူလွှတ်ကာ ဘုရားရှင်နှင့် သံဃာတော်များကို ဆွမ်းကျွေးရန် သူတို့အိမ်သို့ ဆွမ်းဖိတ်စေသည်။

စူဠကာလ၏ ဇနီးသည် ဘုရားရှင်ကို ဆွမ်းလှူရန် အဓိကမဟုတ်ဘဲ လင်ယောင်္ကျားဖြစ်သူ စူဠကာလကို နည်းအမျိုးမျိုးသုံးပြီး လူဝတ်လဲစေဖို့ အဓိကဖြစ်လေသည်။ရဟန်းများက အလှူအတွက် အဆင်သင့်ဖြစ်စေရန် စူဠကာလကို အိမ်သို့ ကြိုတင်စေလွှတ်လိုက်သည်။စူဠကာလ သူ့အိမ်သို့ရောက်သောအခါ သူ့ဇနီးနှင့် အပေါင်းအပါများက ဝိုင်းဝန်း၍ ချုပ်နှောင်ကာ ဇွတ်အတင်း လူဝတ်လဲပေးလိုက်ကြသည်။

စူဠကာလ လူဝတ်လဲသွားကြောင်း သိလိုက်ရသော မဟာကာလ၏ ဇနီးသည်လည်း ဘုရားရှင်နှင့် သံဃာတော်များကို ဆွမ်းဘုန်းပေးရန် ဖိတ်ပြန်သည်။ဘုရားရှင်က ကြိုတင်စီစဉ်စရာရှိတာ စီစဉ်ရန်အတွက် မဟာကာလမထေရ်ကို မလွှတ်ဘဲ အခြားရဟန်းတစ်ပါးကို လွှတ်လိုက်သဖြင့် မဟာကာလ၏ ဇနီးနှင့် ဆွေမျိုးတစ်စုတို့ အခက်တွေ့သွားသည်။

ဘုရားရှင်နှင့် မဟာကာလအပါအဝင် ရဟန်းများ ဆွမ်းစားသောအခါတွင် မဟာကာလ၏ ဇနီးနှင့် ဆွေမျိုးတစ်စုတို့သည် မဟာကာလကို လူဝတ်လဲပေးရန် အခြေအနေကိုသာ စောင့်ကြည့်နေကြလေ၏။ဆွမ်းစားပြီးသောအခါ ဘုရားရှင်က ဆွမ်းအနုမောဒနာတရား ဟောရန် မဟာကာလမထေရ်တစ်ပါးသာ ထားခဲ့ပြီး ဘုရားရှင်နှင့် ကျန်ရဟန်းများအားလုံး ကျောင်းသို့ပြန်ကြွလာခဲ့ကြသည်။

မဟာကာလ၏ ဇနီးနှင့် ဆွေမျိုးတစ်စုသည် ဝမ်းသာသွားကြလေ၏။သို့သော်လည်း သူတို့ကြိုတင် ကြံစည်ထားသော အစီအစဉ်များသည် လုံးဝမအောင်မြင်ခဲ့ပါလေ။ရဟန္တာဖြစ်နေပြီးသော မဟာကာလမထေရ်သည် ဆွမ်းအနုမောဒနာတရား ဟောပြီးသည်နှင့် တန်ခိုးတော်ဖြင့် အိမ်အမိုးကိုဖောက်ထွက်ပြီး ကောင်းကင်ခရီးဈာန်ယာဉ်စီးကာ ဘုရားရှင် သီတင်းသုံးရာကျောင်းသို့ ပြန်ကြွလာခဲ့လေသည်။

လမ်းခရီးတွင် ရဟန်းအပေါင်းက မဟာကာလမထေရ်အတွက် စိုးရိမ်ပူပန်မိကြောင်းပြောကြရာ ဘုရားရှင်က သိတော်မူသဖြင့် စူဠကာလသည် ကမ်းနား၌ပေါက်သော အားနည်းသည့် သစ်ပင်နှင့် တူသည်။မဟာကာလမူကား အလွန်အင်မတန်ခိုင်ခံ့သော ကျောက်တောင်နှင့် တူသည်ဟု နှိုင်းပြတော်မူကာ အောက်ပါဒေသနာတရားကို ဟောကြားတော်မူလေသည်။

“ရဟန်းတို့ မခိုင်မာသော သစ်ပင်ကို လေပြင်းမုန်တိုင်းသည် နှိမ်နင်းဖျက်ဆီးနိုင်သကဲ့သို့ တင့်တယ်၏ဟု အဖန်ဖန်ရှုနေသော စက္ခုစသောဣန္ဒြေကို မစောင့်ထိန်းသော အစားအစာ၌အတိုင်း အရှည်ကိုမသိ ပျင်းရိလျက် ဝီရိယအားနည်းသူကို ကိလေသာမာရ်ကိုယ်တွင်းရန်သည် စင်စစ်ဧကန် နှိပ်စက်ညှင်းဆဲ ဖျက်ဆီးနိုင်၏။”

“ကျောက်တောင်ကို လေပြင်းမုန်တိုင်းသည် မတိုက်ခိုက် မလှဲဖြိုနိုင်သကဲ့သို့ တင့်တယ်၏ဟု အဖန်ဖန်ရှုကြည့်မနေသော ဣန္ဒြေကိုစောင့်ထိန်းသော အစားအစာ၌ အတိုင်းအရှည်ကိုသိပြီး သဒ္ဓါတရားလည်းရှိကာ လုံ့လဝီရိယရှိသူကို ကိလေသာမာရ် ကိုယ်တွင်းရန်သည် ဧကန်မုချ မဆွဲဆောင် မနှိပ်စက် မညှင်းဆဲ မဖျက်ဆီးနိုင်ပေ။”

မဟာကာလသည် အတွေးကောင်း အတွေးမှန်ကို လက်တွေ့အောင်မြင်အောင် လုပ်ဆောင်နိုင် ခဲ့ပါသည်။ညီဖြစ်သူ စူဠကာလသည် အတွေးကောင်းကို မတွေးနိုင်ခဲ့၍ လောကဆင်းရဲမှ မလွတ်နိုင်ခဲ့ သော်လည်း သူ့အတွေးသည် ဆိုးဝါးယုတ်မာသော အတွေးမဟုတ်သဖြင့် တော်သေးသည် ဆိုရပေမည်။

သံသရာဝဋ်မှ မလွတ်သေးသော်လည်း အခြားဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခမပေးဘဲ သူ့မိသားစုအတွက် သမ္မာအာဇီဝနည်းလမ်းဖြစ်သော ကုန်သွယ်မှုဖြင့် အသက်မွေးဝမ်းကျောင်းပြုဖြစ်ပါသည်။

အတွေးမတူတာ ပြဿနာကြီး မဟုတ်သော်လည်း အတွေးမမှားဖို့တော့ လိုပါသည်။အကောင်းဆုံး မတွေးနိုင်သော်မှ မိမိ၏အတွေးကို မမှားရအောင် သတိကြီးစွာထားသင့်ပါသည်။ဆင်ခြင်အသိ ဆင်ခြင်သတိမရှိဘဲ အတွေးဆိုးကို လက်တွေ့လုပ်ဆောင်မိလျှင် မိမိအကျင့်စာရိတ္တလည်းပျက်၍ အခြားသူများ၏ ဘဝတွေပါ အတိုင်းအဆမရှိ ပျက်စီးသွားနိုင်ပါသည်။

လူနည်းစုဖြစ်သော်လည်း တချို့သည် အတွေးကောင်းကို ပိုင်ဆိုင်ကာ လောကသံသရာ ဆင်းရဲတွင်းမှ လွတ်မြောက်သွားကြသည်။

လူများစုကတော့ အတွေးကောင်းကို မပိုင်ဆိုင်ကြသေးပါ။သို့သော်လည်း သူတို့သည် လောကသံသရာ ဝဋ်ဆင်းရဲမှ မလွတ်မြောက်သေးသည့်တိုင် သူတို့အတွေး သူတို့အပြော သူတို့လုပ်ရပ်ကြောင့် အခြားမည်သူမျှ စိတ်မဆင်းရဲ ကိုယ်မဆင်းရဲစေကြပါ။

တချို့လူနည်းစုကတော့ အလွန်ကြောက်စရာကောင်းပါသည်။သူတို့၏ အတွေးဆိုးကြောင့် သူတို့မိသားစုအတွက်လည်း မကောင်းအခြားသူတွေကိုလည်း ဒုက္ခရောက်စေကြပါသည်။

ထို့ကြောင့် အတွေးမမှန်သေးလျှင်နေပါစေ အတွေးမမှားဖို့တော့ ဂရုစိုက်သင့်သည်ဟု ထင်မြင်မိပါသည်။

ရိုက်မောင်း