【 ဆောင်းပါး 】 အချိန်ခဏလေးမှာ

【 ဆောင်းပါး 】 အချိန်ခဏလေးမှာ

ဂေါတမ မြတ်စွာဘုရားသခင် ပွင့်တော်မူစဉ်အခါကဖြစ်ပါသည်။

တာဝတိံသာနတ်ပြည်၌ မာလာဘာရီနတ်သားသည် နတ်သမီးတစ်ဖက်ငါးရာစီ ခြံရံကာ နတ်ပန်းဥယျာဉ်သို့ ထွက်လာသည်။နတ်သမီးငါးရာက သစ်ပင်တွေပေါ်မှ နတ်ပန်းများကို ခြွေချပေးသည်။ကျန်နတ်သမီးငါးရာက ထိုပန်းများကိုကောက်ယူကာ နတ်သား မာလာဘာရီအတွက် ပုံစံအမျိုးမျိုး တန်ဆာဆင်ကာ ဆက်သကြသည်။သစ်ပင်ပေါ်မှ နတ်ပန်းများ ခြွေချပေးနေသည့် နတ်သမီးငါးရာထဲမှ နတ်သမီးတစ်ပါးသည် ရုတ်တရက်ကံကုန်သွားသဖြင့် နတ်သက်ကြွေရရှာသည်။ထိုနတ်သမီးသည် လူတို့ဌာနေဖြစ်သော သာဝတ္ထိပြည်ရှိတစ်ခုသော လင်မယားအိမ်ရှိ ဇနီးဖြစ်သူ၏ဝမ်း၌ ပဋိသန္ဓေနေရသည်။အချိန်တန်သောအခါ သမီးမိန်းကလေးအဖြစ် မွေးဖွားလာသည်။ထိုမိန်းကလေးသည် ဘဝဟောင်းကို သတိရသော ဇာတိသရဉာဏ်ရသဖြင့် ယခင်ဘဝက မာလဘာရီနတ်သား၏ ကြင်ယာတော်နတ်သမီးဖြစ်ခဲ့သည်ကို သတိရသည်။ထိုအခါ ယခင် မာလဘာရီနတ်သား၏ ကြင်ယာတော် နတ်သမီးဘဝကိုပင် ပြန်တမ်းတမိသဖြင့် ကုသိုလ်ကောင်းမှုများလုပ်သည်။

အချိန်တန်၍ အရွယ်ရောက်လာသောအခါ မိဘများသဘောတူပေးစားသဖြင့် အမျိုးသားတစ်ယောက်နှင့် အိမ်ထောင်ကျသည်။သူမကတော့ ယခင်နတ်သမီးဘဝကိုပင် ဆုတောင်းကာ ကောင်းမှုကုသိုလ်များလုပ်သည်။မကြာမီ ကလေးတစ်ယောက်မွေးသည်။သူမကတော့ ကုသိုလ်ကောင်းမှုများကို မပြတ်လုပ်သည်။ကိုယ်တိုင်အလှူဒါနပြုလုပ်သလို အခြားသူများကိုလည်း အလှူဒါနပြုလုပ်ရန် တိုက်တွန်းသည်။အခြားသူများ၏ အလှူကိစ္စများတွင်လည်း အစွမ်းကုန်ဝင်ရောက်ကူညီလုပ်ကိုင်ပေးသည်။ငါးပါးသီလကို လုံလုံခြုံခြုံစောင့်ထိန်းသည့်အပြင် ဥပုသ်နေ့များတွင်လည်း ရှစ်ပါးသီလကို မပျက်မကွက်စောင့်ထိန်းသည်။

သူမသည် ကုသိုလ်ပြုတိုင်းမှာလည်း သူမ၏လင်ယောင်္ကျားနှင့် ပေါင်းရပါစေဟု အမြဲဆုတောင်း၏။ထို့ကြောင့် သူမသည် လင်ယောင်္ကျားကို လေးလေးစားစား ချစ်ခင်ပူဇော်တတ်သော မိန်းမအဖြစ် သူမကို လူအများက ပတိပူဇိကာဟု ခေါ်ကြသည်။တကယ်တော့ သူမက လက်ရှိလင်ယောင်္ကျားကို ရည်ရွယ်ဆုတောင်းတာမဟုတ်ဘဲ နတ်သား မာလာဘာရီ ကို ရည်ရွယ်ဆုတောင်းခြင်းဖြစ်သည်။သို့နှင့် သူမသည် ကလေးသုံးယောက် ထပ်မွေးသည်။ကလေးလေးယောက် မိခင်ဖြစ်လာကာ တစ်နေ့သောအခါတွင် ရောဂါဖြစ်ပြီး လူ့ဘဝမှ ကွယ်လွန်ခဲ့ပါတော့သည်။သူမ၏ ကုသိုလ်ကောင်းမှုပြုထားခြင်းတွေက သူမ၏ဆုတောင်းကိုပြည့်စေခဲ့သည်။သူမသည် တကယ်ပင် နတ်သား မာလာဘာရီ၏ဇနီး နတ်သမီးပြန်ဖြစ်ခဲ့သည်။သူမ နတ်သမီးဘဝပြန်ရောက်ချိန်တွင် နတ်သားကြီးနှင့် နတ်သမီးများက နတ်ပန်းဥယျာဉ်ထဲမှာ နတ်ပန်းများ ပျော်ပျော်ရွှင်ရွှင်ခူးနေကြဆဲဖြစ်သည်။နတ်သားကြီးက သူမကို စောစောကမတွေ့မိလို့ အကျိုးအကြောင်းမေးတော့ သူမက နတ်သမီးဘဝမှစုတေ၍ လူ့ဘဝမှာနေထိုင်ခဲ့ရကြောင်း နတ်သမီးဘဝပြန်ရောက်ဖို့ ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ရကြောင်း အိမ်ထောင်ကျ၍ သားသမီးလေးယောက်ရခဲ့ကြောင်း ရှင်းပြသည်။သူမ၏စကားကြားရတော့ နတ်သားကြီးက အတော်အံ့သြသွားသည်။

“ဒါဆို နှမတော်ရယ် လူ့ဘဝဟာ ဒီလောက်သက်တမ်းတိုနေမှတော့ လူတွေဟာ ကြောက်လန့်သံဝေဂတွေရပြီး မဟုတ်မတရားတာမလုပ်ရဲဘဲ ကုသိုလ်တရားတွေပဲ ဖိလုပ်နေကြမှာပေါ့နော်”

“မထင်ပါနဲ့ မောင်ကြီးရယ် လူတွေက မောင်ကြီးတွေးသလို မတွေးကြပါဘူး။သူတို့တွေက ဘယ်တော့မှမသေကြတော့မယ့်အတိုင်း အေးဆေးပါပဲ။လူတော်တော်များများက ကုသိုလ်လုပ်ဖို့ကို သတိမရကြပါဘူး။တချို့လူတွေဆို သူများပစ္စည်းကိုလဲ အပြုံးမပျက် ခိုးနေလုနေတာပဲ။သူများအသက်လဲ ခပ်တည်တည်နဲ့သတ်နေကြတာပဲ။သူများသားမယားဆိုလဲ အလွယ်တကူပြစ်မှားနေကြတာပဲ။အကုသိုလ်ပြစ်မှုကြီးဆိုတာကို စဉ်းတောင်မစဉ်းစားကြတော့ဘူး”

“အော် အနိစ္စ အနိစ္စ”

ခေတ်စကားနှင့်ပြောရလျှင် နတ်သမီး၏စကားကြားရတော့ မာလာဘာရီနတ်သားကြီး ငုတ်တုတ်မေ့သွားရှာပါသည်။လူ့အသက် အနှစ်တစ်ရာကြာမှ နတ်သက်က တစ်ရက်လောက်ရှိတာဆိုတော့ လူ့သက်တမ်းက တိုလွန်းလှသည်။ထို့ကြောင့်လည်း နတ်သားကြီးက သက်တန်းတိုလွန်းသော လူသားများက အချိန်ရှိခိုက် လုံ့လစိုက်၍ ကုသိုလ်ကောင်းမှုများကို အလုအယက်လုပ်နေကြမည်ဟု ထင်မိခြင်းဖြစ်သည်။နတ်သမီး ကိုယ်တွေ့မျက်မြင်ပြောစကားအရ လူတို့က သက်တမ်းတိုခြင်းကို သတိထားဖေါ်မရဘဲ အကုသိုလ်အလုပ်တွေ ပျော်ပျော်ကြီးလုပ်နေကြသည်ဟု သိရသောအခါ မယုံနိုင်လောက်အောင် အံ့သြမိခြင်းဖြစ်သည်။

တချို့လူတွေက လောကထဲကို ရက်ပိုင်း နာရီပိုင်းလေးရောက်ပြီး ချက်ချင်းပြန်ထွက်သွားကြရသည်။တချို့ကတစ်နှစ် တချို့ကဆယ်နှစ် တချို့ကနှစ်နှစ်ဆယ် တချို့ကနှစ်တစ်ရာ စသည်ဖြင့် နေသွားကြ၏။အနှစ်တစ်ရာပတ်ဝန်းကျင်ထက်တော့ ပိုနေခွင့်မရှိပါ။အနှစ်တစ်ရာ မတိုင်မီမှာလည်း ကိုယ်ကြိုက်သည့်အချိန်ထိ နေခွင့်မရှိပါ။လောကဇရပ်မှာ ဧည့်သည်တစ်ယောက်အဖို့ နှစ်တစ်ရာထက် ပိုနေခွင့်မရှိသလို နှစ်တစ်ရာမတိုင်မီမှာလည်း ကိုယ့်သဘောနှင့်ကိုယ် လာချင်လာ သွားချင်သွား လုပ်၍မရပါ။ကိုယ်ကနေချင်သေးသော်လည်း အချိန်တန်လျှင် ထွက်သွားရသလို ကိုယ်ကမနေချင်တော့သော်လည်း အချိန်မတန်သေးလျှင် ဆက်နေရပါသည်။

လောကမှာ လူတို့၏ရှင်သန်ခွင့်ရရှိသည့် အချိန်ပမာဏက မတိကျမရေရာသော အချိန်အခိုက်အတန့်လေးသာဖြစ်ပါသည်။လူတစ်ယောက်အနေနှင့် မိမိပိုင်ဆိုင်ခွင့်ရသည့် ထိုမရေမရာအချိန်လေးမှာ ရေရာသောသေချာသော အလုပ်များလုပ်မှဖြစ်ပေမည်။ရေရာသေချာသောအလုပ်ဆိုသည်မှာ သူတစ်ပါးကို ထိခိုက်နစ်နာစေခြင်းမျိုးမရှိစေဘဲ ကုသိုလ်ကောင်းမှုများသာလုပ်ရန် ဆိုလိုပါသည်။သူတစ်ပါးကို ထိခိုက်နစ်နာခြင်းမျိုး မရှိစေရန်အတွက် မိမိစိတ်ကို ညစ်နွမ်းစေတတ် လောင်ကျွမ်းစေတတ်သော ကိလေသာစိတ်များကို တားဆီးရပါမည်။

သတ္တဝါတို့၏စိတ်အစဉ်ကို လောင်ကျွမ်းစေတတ် ညစ်နွမ်းစေတတ်သော ကိလေသာဆယ်ပါးရှိသည်။

(၁) လိုချင်တပ်မက်မှု ‘လောဘ’
(၂) အမျက်ထွက်မှု စိတ်ပျက်မှု ‘ဒေါသ’
(၃) အမှန်တရားကို မသိမှု ‘မောဟ’
(၄) ထောင်လွှားမှု ‘မာန’
(၅) အယူမှားမှု ‘ဒိဋ္ဌိ’
(၆) ယုံမှားမှု ‘ဝိစိကိစ္ဆာ’
(၇) စိတ်ကို လေးလံထိုင်းမှိုင်းစေမှု ‘ထိန’
(၈) စိတ်ကိုပျံ့လွင့်စေမှု ‘ဥဒ္ဓစ္စ’
(၉) မကောင်းမှုပြုရန်မရှက်မှု ‘အဟိရိက’
(၁၀) မကောင်းမှုပြုရန် မကြောက်မှု ‘အနောတ္တပ္ပ’ တို့ဖြစ်သည်။

ထိုကိလေသာစိတ်တွေကို အချိန်မီမတားဆီးနိုင်ခဲ့လျှင် မိမိ၏ ဖြူဖြူစင်စင် အပြစ်ကင်းစင်သော မူလအတွင်းစိတ်သည် တဖြည်းဖြည်း တစ်ကိုယ်ကောင်းဆန်လာကာ မိမိကိုယ်တိုင်လည်း အကုသိုလ် အပြစ်ပြုလုပ်မိပြီး သူတစ်ပါးကိုလည်း များစွာထိခိုက်နစ်နာစေမိတတ်သည်။

ထိုကိလေသာတရားများ၏ အနှောင့်အယှက်မခံရအောင် သူတစ်ပါးအပေါ်ကိုယ်ချင်းစာတရား ထားရှိရပါမည်။ကိုယ်ချင်းစာစိတ်ဆိုသည်မှာ ‘မိမိအလိုနှင့် နှိုင်းယှဉ်စာနာတတ်သောစိတ်’ ကို ဆိုလိုပါသည်။မိမိကျန်းမာရေးကောင်းချင်သလို အခြားသူများလည်း ကျန်းမာရေးကောင်းချင်မည်။မိမိချမ်းသာချင်သလို အခြားသူများလည်းချမ်းသာချင်မည်။
မိမိအသက်မသေချင်သလို အခြားသူတွေလည်း အသက်သေချင်မည်မဟုတ်။မိမိအသားနာမှာကြောက်သလို အခြားသူများလည်း အသားနာမှာကြောက်ကြမည်။မိမိသားသမီးများ အန္တရာယ်ကင်းစေချင်သလို အခြားသူများလည်း သူတို့၏သားသမီးများကို အန္တရာယ်ကင်းစေချင်မည်။ထိုသို့ကိုယ်ချင်းစာစိတ်ထားမည်ဆိုလျှင် မိမိစိတ်ကိုညစ်နွမ်းစေမည့် ကိလေသာတရားများ အလွယ်တကူဝင်ရောက်လာနိုင်မည် မဟုတ်ပါ။

အကယ်၍သာ မျှတမှန်ကန်သည့် ကိုယ်ချင်းစာတရားမထားဘဲ သူများတကာ ဘာဖြစ်ဖြစ် မိမိကောင်းစားရေးကသာ အရေးကြီးသည်ဟု နှလုံးသွင်းထားပါက မိမိလည်းအပြစ်ကျူးလွန်သူဖြစ် အခြားသူတွေလည်း ဒုက္ခပင်လယ်ဝေကြပါလိမ့်မည်။လူ့ဘဝပိုင်ဆိုင်ရသည့် တဒင်္ဂတာအခိုက်အတန့်လေးမှာ မိမိဘဝတစ်ခုတည်းကောင်းစားဖို့သာ ကြံစည်လုပ်ကိုင်နေမည်ဆိုလျှင် လောကအလယ်မှာ စိတ်ဓာတ်အောက်တန်းကျသူ စိတ်ဓာတ်သေးသိမ်ညံ့ဖျင်းသူအဖြစ် အလွန်ရှက်စရာကောင်းနေပေလိမ့်မည်။

ကြားဖူးသော အင်္ဂလိပ်အဆိုအမိန့်တစ်ခုရှိပါသည်။

Life is too short to be little.

ဘဝဆိုတာ တိုတောင်းလွန်းပါတယ် စိတ်ဓာတ်သေးသိမ်နေဖို့ အချိန်မရှိပါဘူး။

ရိုက်မောင်း
နိုဝင်ဘာ - ၉