【 ဆောင်းပါး 】 အချုပ်

【 ဆောင်းပါး 】 အချုပ်

ကျနော်တို့မြေးများက အဘိုးချုပ်ဟုခေါ်သည်။ကျနော့်အဖေ၏ အမေ ကျနော့်အဘွား၏ မောင်တစ်ဝမ်းကွဲ။သို့သော် ကျနော့်အဘွားမိသားစုက အဘိုးချုပ်ကို သုံးလေးနှစ်သားကတည်းက မွေးစားခဲ့သဖြင့် တစ်ဝမ်းကွဲဆိုသော်ငြား မောင်အရင်းနှင့်မခြား။ကျနော့်အဘွားမိသားစုက အဘိုးချုပ်ကို ကောင်လေးဟုခေါ်သည်။ရပ်ထဲရွာထဲတွင်မူ အချုပ်။ကာလနည်းနည်းကြာတော့ အချုပ်မှသည် ခေါ်ရပြုရပိုလေးပင်သော အဂျုပ်ဖြစ်လာသည်။ကျနော်တို့မြေးများ၏ ခေါ်သံသည်လည်း အဖိုးဂျုပ်။

ကြံကြံဖန်ဖန် နာမည်က အချုပ်ဆိုတော့ ဘာ့ကြောင့်အချုပ်ဟုခေါ်ရသနည်းဟု ကျနော်ငယ်ငယ်က အဘွားကို မေးကြည့်မိသည်။အဘိုးချုပ်မွေးသည့်အချိန်တွင် သူ့အဖေက အချုပ်ထဲရောက်နေသဖြင့် အချုပ်ဟုခေါ်ဆိုခြင်းဖြစ်သည်တဲ့။ကျနော်တို့တောမှာက ထိုသို့နာမည်ပေးလွယ်ကြသည်။

အချုပ်ဆိုတာက အိမ်နာမည်။ကျောင်းနာမည်က အုန်းမောင်။သို့သော် အဘိုးချုပ်တစ်သက်လုံး မည်သူကမှ အုန်းမောင်ဟု မခေါ်ခဲ့ဖူး။ထို့ကြောင့် မှတ်ပုံတင်ထဲတွင်သာ အုန်းမောင်ဆိုတော့ ကိုယ့်နာမည်ကိုယ်မေ့နေခဲ့ပြီဟုဆိုသည်။စပ်စပ်စုစု ကျနော်က နာမည်ရင်းမေးသဖြင့် ‘အဘိုးတစ်သက် အဘိုးနာမည်ကိုမေးတာလည်း ငါ့မြေးတစ်ယောက်တည်းရှိတယ်’ တဲ့။အဘိုးချုပ်က အဘိုးချုပ်စတိုင်အတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်။

ထိုသို့သော အဘိုးချုပ်မှာ ငယ်စဉ်ကတည်းက မိဘနှစ်ပါးကွဲသွားသဖြင့် ကံမကောင်းလှဟုဆိုနိုင်သော်လည်းမွေးစားမိသားစုက ဆွေမျိုးအရင်းအချာလည်းဖြစ်ပြန်၊ မွေးစားအဘကရော အစ်မများအားလုံးပါ သည်းသည်းလှုပ်ချစ်ကြသဖြင့် ဖိုးကံကောင်းဟု သူ့ကိုယ်သူပြောသည်။

‘ကိုယ့်မိဘနဲ့နေရင်တောင် ဒီလောက်အလိုလိုက်ခံရမှာမဟုတ်ဘူး’ ဟု အဘိုးချုပ်က ပြောလေ့ရှိသည်။

ကျနော့်အဘွားတို့မိသားစုတွင် အဘိုးချုပ်က အငယ်ဆုံး။အငယ်ဆုံးအစ်မနှင့်ပင် အဘိုးချုပ်အသက်က ၁၀ နှစ်လောက် ငယ်သဖြင့် အငယ်ဆုံးမောင်ကို အစ်မများကဝိုင်းချစ်ကြသည်။အဘိုးချုပ်ငယ်ငယ်က ရွာထုံးစံအတိုင်း စာသင်ရန်အတွက် ရွာဦးကျောင်း၌ ဘုန်းကြီးကျောင်းသား သွားလုပ်ရသည်။ဘုန်းကြီး ကျောင်းသားဆိုတော့ အနီးကပ်စောင့်ရှောက်ပေးမည့်သူကမရှိ။အဘိုးချုပ်ကလည်း ရေချိုးပျင်းသူမို့ ချေး အထပ်ထပ်၊ ဆံပင်များဆို စေးကပ်လို့။

‘အစ်မနှစ်ယောက်က ညနေပိုင်း အဘိုးဆွမ်းချိုင့်ပို့ပြီး ဘုန်းကြီးကျောင်းအပြန်ကို ချောင်းနေတာ။အိမ်ရှေ့ဖြတ်လာရင် အဘိုးအလစ်မှာ ဝိုင်းဖမ်းဝိုင်းချုပ်ပြီး ရေအတင်းချိုးပေးတာ။အစ်မတွေကို အဘိုးဆဲလိုက်တာမှ မိုးမွှန်ရောပဲ’ ဟု ရယ်ရယ်မောမောနဲ့ အဘိုးချုပ်က ပြောပြဖူးသည်။

ထိုသို့သော အဘိုးချုပ်သည် မေတ္တာရိပ်ကြီးကြီးအောက်တွင် မေတ္တာစိတ်ကြီးစွာဖြင့် ကြီးပြင်းခဲ့ပြီး ၁၆ နှစ်ကျော် ကိုလူပျိုအရွယ်ရောက်တော့ နဖူးပေါ် ဘုတစ်လုံးထွက်နေတာကလွဲ လူချောလူလှစာရင်းဝင်ဖြစ်လာခဲ့သည်။အရက်မသောက်ဘူးလားဆိုတော့ သင်္ကြန်လိုရက်မျိုးတွင်သောက်သည်။သင်္ကြန်ဘုရားပွဲသွားပြီးအပြန် လှည်းပေါ်တွင် ရယ်သံလွင်နေသော အဘိုးချုပ်ကြောင့် သူ့အစ်မများ ပြာယာခတ်ရသည်။ထို့ကြောင့် သင်္ကြန်ဘုရားပွဲသွားပြီဆို သူ့အစ်မများက သောက်မလာရန် မှာလေ့ရှိပြီး အဘိုးချုပ်ကလည်း ဟုတ်ကဲ့ဟုဆိုကာ မူးလာမြဲဖြစ်သည်။သို့သော် တစ်နှစ်တွင် တစ်ခါနှစ်ခါမို့ ပြဿနာမရှိ။

ပြီးတော့ အဘိုးချုပ်က အလုပ်ကြိုးစားသူ။ ၁၆ နှစ်ကျော်အရွယ်ကတည်းက သူဌေးလယ်တွင် လယ်သူရင်းဌား။ရိုးသားကြိုးစားရုံတင်မက လုပ်အားခအဖြစ်ရသောစပါးများကိုလည်း အဘနှင့် အစ်မများထံ တစ်စေ့မကျန်အကုန်အပ်သူ။

‘အဘိုးရတဲ့လုပ်ခတွေကို အဘနဲ့ အစ်မတွေက စုထားပြီး နွားတွေလှည်းတွေ ဝယ်ထားပေးတာ။အဘိုးမိန်းမရတော့ပေးလိုက်တယ်။လှည်းပိုင်နွားပိုင်နဲ့ဆိုတော့ မျက်နှာမငယ်ရဘူးပေါ့’

မိန်းမရတော့ မိန်းမဘက်ခြမ်းတွင်နေ။ယောက္ခမလယ်ကိုဦးဆောင်လုပ်။အဘအိမ်နှင့် ယောက္ခမအိမ်က ချောင်းဆုံမြို့ပေါ် အနောက်ပိုင်းရပ်ကွက်ထဲတွင်ဖြစ်သော်လည်း မနီးမဝေး။အလုပ်အားပြီဆိုတာနဲ့ အဘအိမ်သို့လာ၊ ကိုယ့်ဆွေမျိုးစုကြားတွင်သာ ပျော်မွေ့။

ကျနော့်အဖေ အဘိုးချုပ်တူအရွယ်ရောက်လာတော့ သင်္ကြန်ဆို သူ့တူနှင့် သူငယ်ချင်းများကို သူကိုယ်တိုင် လှည်းမောင်း၍လိုက်ပို့သည်။ကျနော်တို့အဘိုးအဘွားက အတန်အသင့်ငွေကြေးကြွယ်ဝသူမို့ နွားကောင်းနွားလှအဆင်သင့်၊ ပွဲတိုးအောင်ပြင်ထားသော တောင့်တင်းကျော့ရှင်း နွားလှည်းအဆင်သင့်။အဘိုးချုပ်ကလည်းဘုရားပွဲဆို ဒီလိုနွား၊ ဒီလိုလှည်းမှ မောင်းချင်သူ။သူက ကလေးတွေချည်း စိတ်မချသဖြင့် လိုက်ပါစောင့်ရှောက်ခြင်းဟုလည်း ဆိုလေ့ရှိသည်။

ကျနော်တို့ ဘီလူးကျွန်း သင်္ကြန်ဘုရားပွဲများက စည်မှစည်။ဘုရားပွဲရွာမှ အပြန်ခရီးတွင် အပျော်တမ်း နွားလှည်းပြိုင်မောင်းလေ့ရှိပြီး ယောကျာ်းသားအများစုက ခပ်ထွေထွေမို့ ထစ်ခနဲဆို လက်ပါကြသည့်ရန်ပွဲများကလည်းရှိသည်။

ထို့ကြောင့် အဘိုးချုပ်အစ်မများက မမူးရန် ကလေးများကိုသေချာထိန်းရန်နှင့် ရန်မဖြစ်ရန် တစ်ယောက်တစ်ပေါက်မှာလေ့ရှိပြီး အဘိုးချုပ်ကလည်း တစ်ဟုတ်တည်း ဟုတ်ကဲ့လိုက်သည်ချည်း။အိမ်ပြန် ရောက်သည့်အခါ သူ့တူနှင့် သူငယ်ချင်းများကပုံမှန်၊ အဘိုးချုပ်က ခပ်ထွေထွေဖြင့် သီချင်းတွေဘာတွေဆိုလို့။သူ့အစ်မများက ‘အချုပ် နင်လုပ်လာပြန်ပြီလား’ ဟု ဆူဆူပူပူ။အဘိုးချုပ်က မရစ်တတ်။သွေးမဆိုး။ခပ်အေး အေး၊ ခပ်ပြုံးပြုံးဖြင့် ခေါင်းအုံးယူ ဖျာယူကာ တရေးတမော။ညနေစောင်းမှ အစ်မအိမ်တွင်ထမင်းစားကာ မိန်းမဆီပြန်လေ့ရှိသည်မှာ ကျနော့်အဖေတို့လူငယ်တစ်ခေတ် နှစ်စဉ်မပျက်။

ကျနော်တို့မြေးများလက်ထက်ကျတော့လည်း အဘိုးချုပ်သည် မြေးများကိုစိတ်မချ၍ဟုဆိုကာ သင်္ကြန်ဘုရားပွဲလိုက်ပို့မြဲ။မြေးများတစ်ခွက် အဘိုးချုပ်တစ်ခွက်ဖြင့် ထွေလာလျှင် ရယ်စရာမောစရာများဖြင့်လှမြဲ။အသက် ၇၀ ကျော်အရွယ်။

နောက်ပိုင်း သင်္ကြန်ဘုရားပွဲမလိုက်တော့သည့်တိုင် ကျနော်တို့ ရန်ကုန်ရောက်မြေးများ ဘီလူးကျွန်းပြန်ရောက်လို့ အဘိုးရေဟုလှမ်းခေါ်လိုက်လျှင် မြေးများနှင့်ပျော်ပျော်ရွှင်ရွှင် လက်ရည်တပြင်တည်း။အသက် ၇၀ ကျော်အထိ ဆန်အိတ်တစ်အိတ်ကို အေးဆေးထမ်းနိုင်သေးသူမို့ အဘိုးချုပ်ကျန်းမာရေးမှာ ကျနော်တို့ထက်ပင် သန်သန်မာမာ။ထို့ကြောင့် ဝိုင်းမပြီးမချင်း အဘိုးချုပ်သည် မငြင်း။

အဘိုးနှင့်မြေးတို့၏ဝိုင်းဖွဲ့မှုကို ဘယ်အချိန်တွင် အဆုံးသတ်လိုက်သလဲဆိုတော့ အဘိုးချုပ် အသက် ၈၀ ကျော်အရွယ် ၂၀၁၀ ပြည့်နှစ်မတိုင်မီကဖြစ်သည်။မှတ်မှတ်ရရ သင်္ကြန်ကာလ ကျနော်ဘီလူးကျွန်းသို့ ပြန်လာ၊ သင်္ကြန်တွင်းတစ်ရက်သည် ကျနော်တို့ရွာဘုရားပွဲမို့ နံနက် ၁၀ နာရီဝန်းကျင် ငယ်ပေါင်းများနှင့်ဝိုင်းဖွဲ့နေစဉ် ဘုန်းကြီးကျောင်းမှသီလယူပြီးဆင်းလာသော အဘိုးချုပ်နှင့် တည့်တည့်တိုးတော့သည်။

မြေးများက ဝိုင်းခေါ်ကြတော့ ခပ်ပြုံးပြုံးဖြင့် အဘိုးချုပ်ဝင်လာ။ ‘ငါ့မြေးတွေနဲ့မဆုံတာကြာပြီ’ တဲ့။ပြီးတော့ အဘိုးချုပ်က ‘ဘုန်းကြီးသီလပေးတုန်းက သေရည်သေရက်သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏အပိုဒ်ရောက်တော့ လိုက်မဆိုခဲ့ဘူး’ ဟု ဆိုကာ ခပ်ပျော့ပျော့တစ်ခွက်ကို ကောက်မော့လိုက်သဖြင့် ရယ်သံလွှမ်းသွားသည်။

‘ပြောမယ့်ဆိုမယ့် အစ်မတွေအကုန်လုံးသေသွားပြီဆိုတော့ အေးဆေးပဲ’ ဟု ဆိုကာ နောက်တစ်ခွက်၊ သုံး၊လေးခွက်အပြီး အဘိုးချုပ်ကောင်းလာပြီဆိုတော့ ‘အဘိုးချုပ်အစ်မတွေက အဘိုးချုပ်ကို ဘယ်လောက်ချစ်သ လဲဆို နာမည်တောင်မခေါ်ရက်ဘူး။ကောင်လေးလို့ပဲခေါ်တာ’ ဟု ဆိုကာ မျက်ရည်ကျတော့သည်။ဒါက သူ့အစ်မများကွယ်လွန်ပြီးနောက် မြေးများနှင့်သောက်ကြပြီဟေ့ဆို အထက်ပါအတိုင်းပြောလေ့ရှိသည့် အဘိုးချုပ်စတိုင်။

ကျနော်က အဘိုးချုပ်နှင့်ဝိုင်းဖွဲ့သည့်အခါတိုင်း ဂျပန်ခေတ်အကြောင်း မေးလေ့ရှိသည်။ကျနော်မေးသည့်အခါတိုင်း အဘိုးချုပ်ပြောလေ့ရှိသည်မှာ ဂျပန်ခေတ်တွင် ငါးခြောက်ခိုးသည့်ဇာတ်လမ်း။ဘယ်တော့မေးမေး ဂျပန်ခေတ်အကြောင်းဆို ငါးခြောက်ခိုးသည့်ဇာတ်လမ်းသာပြောပြတတ်သည့် အဘိုးချုပ်။ကျနော့်အတွက် အလွတ်ရနေပြီဖြစ်သော်လည်း ဘယ်တော့ကြားကြား မရိုးသောဇာတ်လမ်း။

ဂျပန်ခေတ် ခုနှစ်လရက်မပြောနိုင်သော တစ်ရက်။ဂျပန်တပ်က သူတို့ရိက္ခာများသယ်ရန် လှည်းနှင့် နွားရှိသောအိမ်များ မလာမနေရ အခမဲ့ချောဆွဲသည်။ဂျပန်ဆိုကြောက်ရသောခေတ်မို့ မည်သူမျှမသိချင်ယောင်ဆောင်မနေရဲ။ထို့ကြောင့် လှည်းနွားရှိသော အဘိုးချုပ်တို့အိမ်မှ လူပျိုအရွယ် အဘိုးချုပ်က သွားရသည်။

‘အင်္ဂလိပ်တွေက ဗုံးလာလာကြဲနေတော့ နေ့ခင်းဘက် ရိက္ခာမသယ်ရဲဘူး။ညဘက်ကျမှ လှည်းတွေအများကြီးတန်းစီပြီး ရိက္ခာတွေလှည်းပေါ်တင်ပြီး သွားရတယ်။ဘုရားကြီးကုန်း (ချောင်းဆုံ အရှေ့ပိုင်းရပ်ကွက်) ကနေ ရွာလွတ်အထိသယ်ရတယ်။ချောင်းဆုံနဲ့ ရွာလွတ်က ၇ မိုင်ဝေးတယ်။ညဘက် လရောင်အောက်မှာ မီးမထွန်းဘဲ လှည်းဖြည်းဖြည်းမောင်းပြီး သယ်ရတယ်။ရွာလွတ်မှာပစ္စည်းချပြီး အိမ်ပြန်ရောက်တော့ မနက် အရုဏ်တက် တော့မယ်’

ည ၈ နာရီလောက် ဘုရားကြီးကုန်းအရောက်လာ။ပစ္စည်းတွေ လှည်းပေါ် ကိုယ့်ဘာသာတင်။ပြီးတော့ လှည်းတွေတန်းစီ။လှည်းတစ်စီးပေါ်တွင် ဂျပန်စစ်သားတစ်ယောက်ကျ။ည ၉ နာရီလောက် လှည်းတွေစထွက်ပြီး သိပ်မကြာ အဘိုးချုပ်လှည်းပေါ်မှ ကိုရွှေဂျပန်က သေနတ်ကြီးပိုက်ကာ ဟောက်သံများပင်ပေးလို့။

‘အဲဒါနဲ့ အဘိုးလည်း လှည်းပေါ်ဘာတွေသယ်လာသလဲသိရအောင် အိတ်ကိုဖြဲကြည့်တော့ ငါးခြောက်တွေ။ဂျပန်ခေတ် အစားအသောက်ကလည်းရှားနေတာနဲ့ အဘိုးလည်း ငါးခြောက်တစ်ခုချင်းဆွဲထုတ်လိုက်၊ လှည်းပေါ်ခင်းထားတဲ့ ကောက်ရိုးထဲထိုးထည့်လိုက်နဲ့၊ တစ်လမ်းလုံး နှိုက်လာတာ။ဂျပန်မိလို့ကတော့ အသေပဲ’

ရွာလွတ်ရွာရောက်ပြီးနောက် မစ္စတာဟု သုံးလေးခါခေါ်လိုက်မှ ဂျပန်စစ်သားနိုးလာသည်။မီးခွက်မထွန်းဘဲ လရောင်အောက်တွင်သာ ရိက္ခာထုတ်များချရသဖြင့် ငါးခြောက်ခိုးထုတ်ထားမှန်းမသိ။အိမ်ရောက်လို့ ကောက်ရိုးအောက်မှ ငါးခြောက်ကိုယူလိုက်တော့ မနည်းမနော။

‘အဘိုးတို့သားအဖ တစ်လလောက် ငါးခြောက်စားယူရတယ်’

‘အဘိုးအစ်မတွေက ဘယ်ရောက်နေလဲ’

‘အစ်မတွေက ဂျပန်ရန်ကြောက်လို့ ရွာတွေဘက် ခဏသွားရှောင်နေကြတာ’

ဂျပန်ငါးခြောက်ဇာတ်လမ်းအသိမ်းတွင် အဘိုးချုပ်က ‘အဘိုးတစ်သက်တာ အဲဒီတစ်ခါပဲ သူများပစ္စည်းခိုးဖူးတာ။ဂျပန်ကို အမြင်ကတ်လို့ခိုးတာ’ ဟု ဆက်ပြောလေ့ရှိသည်။

အဘိုးချုပ်သည် ယခု ၂၀၂၁ ခုနှစ်တွင် အသက် ၉၇ နှစ်။ကျန်းကျန်းမာမာ၊ အစားအသောက်မပျက်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအားလုံး ကိုယ့်ဘာသာလုပ်နိုင်တုန်း။လူတွဲရန်မလို သွားနိုင်လာနိုင်တုန်း။ပြောရလျှင် အဘိုးချုပ်သည် မိရိုးဖလာဘာသာရေးကိုးကွယ်မှုမျှသာရှိသော်လည်း စိတ်ကောင်းကြီးစွာဖြင့် ဖြတ်သန်းလာခဲ့သူ။

အဘိုးချုပ်၏အိမ် ချောင်းဆုံအနောက်ပိုင်းရပ်ကွက်၊အောက်လမ်းနှင့် ရဲစခန်းမှာ ခေါ်ကြားအော်ကြားရုံသာ လှမ်းသော်လည်း ရဲစခန်းသို့ သူတစ်ခါမျှမရောက်ဖူး။သူ၏နာမည်မှာ အချုပ်ဖြစ်သော်လည်း တစ်ခါမျှ အချုပ် ခန်းမမြင်ဖူးသည်မှာ ယခု အသက် ၁၀၀ ပင် ပြည့်တော့မည်။

ငြိမ်းဆက်
ဇူလိုင် - ၃၁