【 ဆောင်းပါး 】 အတ္တအကျဉ်းသား

【 ဆောင်းပါး 】 အတ္တအကျဉ်းသား

‘အတ္တ’ ဆိုတာ ‘ငါ’ ပါ။ ‘အတ္တသမား’ ဆိုတာ ‘ငါသမား’ ပါ။ငါသမားဆိုတာ ငါ့အသက် ငါ့ဘဝ ငါ့သား ငါ့သမီး ငါ့ပိုက်ဆံ ငါ့အိမ် ငါ့မိသားစု ငါ့ရာထူး ငါလိုချင်တာ ငါဖြစ်ချင်တာ ငါသိ ငါတတ် ငါရ စသည်ဖြင့် မိမိနှင့်ပတ်သက်တာကိုပဲ မိမိချမ်းသာဖို့ပဲ တတမ်းတတ တွေးနေပြောနေ လုပ်နေတတ်သူဖြစ်သည်။ကောင်းတာမှန်သမျှ မိမိစံစားချင်သည်။မကောင်းတာမှန်သမျှ မိမိမခံစားချင်ပါ။ထို့ကြောင့်လည်း လူတို့သည် မိမိကိုယ်ကို နာမကျန်းမဖြစ်အောင် ရောဂါဘယကင်းဝေးအောင် ကျန်းမာရေးကိုဂရုစိုက်သည်။အပူအအေးကိုဂရုစိုက်သည်။အစားအသောက်ကိုဆင်ခြင်သည်။ဆင်းရဲမွဲတေသောဘဝကို မလိုချင်သောကြောင့် စီးပွားဥစ္စာရှာကြသည်။စုဆောင်းကြသည်။လူ့ပတ်ဝန်းကျင်တွင် မျက်နှာမငယ်ရအောင် အောက်တန်းမကျအောင် အတတ်ပညာသင်သည်။ဗဟုသုတရှာသည်။မိမိအတွက်ပင်မက မိမိ၏သားသမီးများကို အတတ်ပညာသင်ပေးသည်။အသိပညာပေးဆုံးမသည်။မိမိသားသမီးများ၏ရှေ့ရေးကို စဉ်းစားလာသည်။မိမိရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာကို မိမိ၏ သားသမီးမြေးမြစ်အထိ အမွေဆက်ခံ ပိုင်ဆိုင်နိုင်အောင် စီစဉ်လာသည်။ဒါတွေအားလုံးက ‘ငါ’ ကောင်းစားချင်တာတွေပါ။အတ္တစိတ်တွေပါ။

အကြောင်းတိုက်ဆိုင်၍ အတ္တနှင့်ပတ်သက်သော ပုံပြင်လေးတစ်ပုဒ်ကို ရေးပြပါရစေ။မန္တလေး ရတနာပုံခေတ်က နိဗ္ဗာန်ကို တစ်ဘဝတည်းနှင့်ရောက်ချင်ကြောင်း လျှောက်တင်လာသော မင်းတုန်းမင်းကို ဘုရားကြီးကျောင်းဆရာတော်ကပြောပြသည့် ပုံပြင်ဖြစ်ပါသည်။

ရွာတစ်ရွာတွင် စီးပွားရေးကောင်းသော ကုန်သည်လင်မယားနေပြီး သူတို့တွင် အပျိုအရွယ် သမီးလေးတစ်ယောက်ရှိသည်။ကုန်သည်ကြီးသည် သူဆောက်လုပ်လှူဒါန်းထားသော ရွာကျောင်းတွင် သီတင်းသုံးသည့် ကျောင်းထိုင်ဘုန်းကြီး၏ ပစ္စည်းလေးပါး ဒါယကာလည်းဖြစ်သည်။ဘုန်းကြီး၏ ဆွမ်းကွမ်းကိစ္စအတွက် ကုန်သည်လင်မယား၏ သမီးက နေ့စဉ်ကျောင်းသို့သွား၍ လှူဖွယ်ပစ္စည်းများ ပို့ပေးလေ့ရှိသည်။

တစ်နေ့ ကုန်သည်သမီးလေးက ကျောင်းထိုင်ဘုန်းကြီးထံ ဆွမ်းပို့အပြီး ဘုန်းကြီးနှင့် စကားပြောဖြစ်သည်။

“အရှင်ဘုရားကို တပည့်တော်မ မေးခွန်းနည်းနည်းလောက် မေးပါရစေ ဘုရား”

“မေးစရာရှိရင်မေးပေါ့ ဒကာမလေးရဲ့”

“ဒီကျောင်းက ဘယ်သူ့ကျောင်းလဲဘုရာ့”

“ဒါယကာကြီးက ငါ့ကိုလှူထားတာ ငါ့ကျောင်းပေါ့”

“အရှင်ဘုရားဝတ်ဆင်ထားတာ ဘယ်သူ့သင်္ကန်းလဲဘုရာ့”

“ငါဝတ်ထားတာ ငါ့သင်္ကန်းပေါ့”

“ကျောင်းဝင်းထဲက သစ်ပင်တွေကရော ဘုရား”

“ငါ့ကျောင်းဝင်းထဲက အပင်တွေပဲ။ငါ့သစ်ပင်တွေပေါ့”

“အရှင်ဘုရား ဘယ်အရာကို အလိုရှိလို့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းပြုနေတာပါလဲ ဘုရား”

“ဟဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို လိုချင်လို့ ရဟန်းဝတ်နေတာပေါ့”

“အရှင်ဘုရားစကားအတိုင်း မဂ်ဖိုလ်နိဗ္ဗာန်ကိုလိုချင်လို့ ရဟန်းဝတ်တာ တကယ်မှန်တယ်ဆိုရင် ငါ့ကိုမကြိုက်ပါနဲ့ ငါ့ကိုကြိုက်ရင် နိဗ္ဗာန်မရောက်ဘဲ ဒုက္ခရောက်လိမ့်မယ်”

ထိုသို့လျှောက်ထားပြီးသည်နှင့် ဦးချကန်တော့ကာ အိမ်ပြန်သွားလေတော့သည်။ကျောင်းထိုင်ဘုန်းကြီးသည် ကျောင်းဒကာ၏သမီး ပြောစကားကြားပြီးချိန်မှစ၍ အစားအအိပ်ပင် မမှန်တော့ချေ။သူ့ခေါင်းထဲမှာ သူဘယ်လိုအနေအထိုင်အပြောအဆိုမှားနေလို့ မိန်းကလေးက ငါ့ကိုမကြိုက်ပါနဲ့ပြောသွားတာပါလိမ့်ဟု အမျိုးမျိုးစဉ်းစားသော်လည်း အဖြေထွက်မလာခဲ့ပေ။
မှိုင်တွေနေသော ဘုန်းကြီး၏အခြေအနေကို မြင်နေရသော ကျောင်းကပ္ပိယကြီးက အကျိုးအကြောင်းမေးတော့ ဘုန်းကြီးက ကျောင်းဒါယကာသမီးနှင့် ပြောဆိုပုံကို ပြန်ပြောပြလိုက်သည်။ကပ္ပိယကြီးလည်း အမျိုးမျိုးစဉ်းစားသည်။ထိုမိန်းကလေးနှင့်ပတ်သက်၍ ဘုန်းကြီး၏ အနေအထိုင် အပြောအဆို တစ်စုံတစ်ရာမှားယွင်းတာမျိုး လုံးဝမတွေ့ရပေ။မဖြေရှင်းပေးနိုင်ဘဲ စဉ်းစားလေခေါင်းရှုပ်လေဖြစ်ရသည်။ထို့ကြောင့် ကျောင်းဒါယကာကို အကျိုးအကြောင်း တိုးတိုးတိတ်တိတ် ပြောပြလိုက်သည်။ကျောင်းဒါယကာလည်း ဘယ်လိုစဉ်းစားစဉ်းစား ဘုန်းကြီး၏အမှားကို မတွေ့ရပေ။သို့သော်လည်း သမီးဖြစ်သူက ဘုန်းကြီးကို ငါ့မကြိုက်နဲ့ဟု စွပ်စွဲပြောဆိုထားပြန်သဖြင့် သူအတော်စဉ်းစားရခက်နေသည်။နောက်ဆုံးတော့ ဇနီးသည်ကို အကျိုးအကြောင်းပြောပြ၍ သမီး၏အကြောင်းပြချက်ကို စုံစမ်းရသည်။

သမီးပြောပြသည့်အကြောင်းမှာ သူမေးသမျှမေးခွန်းများအတွက် ဘုန်းကြီးဆီမှအဖြေများသည် ငါ့ကျောင်း ငါ့သင်္ကန်း ငါ့သစ်ပင် ငါ့ပစ္စည်းဟူ၍ ဖြစ်နေသည်။ငါ့ဥစ္စာ ငါ့ပစ္စည်းဟူသော စွဲလမ်းမှုသည် သက္ကာယဒိဋ္ဌိဖြစ်သည်။သက္ကာယဒိဋ္ဌိရှိနေသမျှ နိဗ္ဗာန်နှင့်ဝေးနေမှာဖြစ်သောကြောင့် ‘ငါ’ ဟူသော အတ္တဒိဋ္ဌိ တစ်နည်းအားဖြင့် သက္ကာယဒိဋ္ဌိကို ဖြုတ်နိုင်ရန် ‘ငါ့’ ကို မကြိုက်ပါနဲ့ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

ကျောင်းဒါယကာသမီး၏ ဖြေရှင်းချက်ကို ကြားရသည့်အချိန်မှစ၍ ကျောင်းထိုင်ဘုန်းကြီးလည်း သတိသံဝေဂရကာ ရွာကျောင်းကိုစွန့်ခွာပြီး တောကျောင်းမှာ တစ်ပါးတည်း ဓုတင်ဆောက်တည်ကာ တရားအားထုတ်ဖြစ်သွားလေတော့သည်။

တကယ်တော့ ငါစွဲ စွဲနေသော အတ္တသမားများသည် အရိယာမဖြစ်သေးသော ပုထုဇဉ်အားလုံးကို ဆိုလိုပါသည်။ထို့ကြောင့် ယနေ့လူသားအားလုံး အတ္တနှင့်မကင်းပါ။လူသားအားလုံး အတ္တသမားတွေပါ။

သတ္တဝါအားလုံးအပေါ် စေတနာထားသော ဘုရားရှင်၏ အဓိကတရားမှာ ထိုအတ္တလောဘကို သတ်ပစ်ရန်ဖြစ်သည်။တကယ်လည်း အတ္တစိတ်ကို နိုင်အောင်သတ်နိုင်မှဖြစ်မှာပါ။အတ္တစိတ်သည် တစ်စတစ်စကြီးမားလာပါက လောကမှာ သူမလုပ်နိုင်တာ ဘာမှမရှိတော့ပါ။ထိုအတ္တစိတ်သည် မိမိကိုမွေးထားသော မိဘကိုပင် သတ်နိုင်သည်အထိ စွမ်းအားရှိကြောင်း ဘုရားရှင်က ဟောထားပါသည်။

ပထမဆုံးအချက်အနေနှင့် မိမိသည် အတ္တသမားဖြစ်ကြောင်း သိရပါမည်။မိမိကိုယ်မိမိ ဝန်ခံနိုင်ရပါမည်။သို့မှသာ မိမိသည် အတ္တသမားဖြစ်သော်လည်း အလင်းထဲမှ အတ္တသမားဖြစ်ပါမည်။အလင်းကြောင့် မိမိကိုယ်မိမိ အတ္တသမားမှန်း သိလာတော့မှ မိမိကိုယ်မိမိ သတိထားဆင်ခြင်လာသည်။ထိုအခါ မိမိချမ်းသာချင်သလို မိမိက မိမိ၏သားသမီးများကို ချမ်းသာစေချင်သလို အခြားသူများလည်း ချမ်းသာချင်ပြီး သူတို့၏သားသမီးများကိုလည်း ချမ်းသာစေချင်မှာပဲဟု တွေးတတ်လာသည်။ကိုယ်ချင်းစာတရား တစ်နည်းအားဖြင့် ငါချင်းစာတရားရှိလာသည်။ကိုယ်ချင်းစာတရားကြောင့် အခြားသူများကို ချမ်းသာစေချင်သော ကံကောင်းစေချင်သော မေတ္တာတရားဖြစ်လာသည်။အခြားသူများကို မဆင်းရဲစေချင်သော ကံမဆိုးစေချင်သော ကရုဏာတရားဖြစ်လာသည်။ဘဝများနှင့် သံသရာအကြောင်းတွေသိလာတော့ နတ်ဖြစ်ချင်ကြသည်။ဗြဟ္မာဖြစ်ချင်ကြသည်။ကုသိုလ်လုပ်လာကြသည်။အကုသိုလ်ကိုရှောင်လာကြသည်။တစ်ဆင့်တက်ကာ အမှန်တကယ်ငြိမ်းချမ်းသော ဘဝကို လိုလားလာကြသည်။နိဗ္ဗာန်ကိုပင် ဆုတောင်းလာကြသည်။

မိမိကိုယ်မိမိ အတ္တသမားမှန်းမသိသူမျိုးကတော့ မိမိကိုယ်မိမိ အတ္တသမားဟု ဝန်ခံမည်မဟုတ်ပါ။သူကတော့ အမှောင်ထဲမှ အတ္တသမားဖြစ်ပါသည်။အကျဉ်းကျခံသွားရသော အတ္တသမား တစ်နည်းအားဖြင့် အတ္တအကျဉ်းသားဖြစ်သည်။သူသည် ကိုယ်ချင်းမစာတတ်ပါ။ငါချင်းလည်းမစာတတ်ပါ။ဘယ်သူချင်းမှ မစာနာတတ်ပါ။သူချမ်းသာဖို့အရေးကြီးသည်။
သူ့သားသမီးချမ်းသာဖို့ အရေးကြီးသည်။သူ့မိသားစုချမ်းသာဖို့ အရေးကြီးသည်။ကျန်သူများ ဘာဖြစ်ဖြစ် သူချမ်းသာဖို့သာ သူ့ဆန္ဒဖြစ်သည်။တဖြည်းဖြည်းနှင့် သူချမ်းသာဖို့အပြင် အခြားသူတွေဆင်းရဲဖို့ပါ သူ့ဆန္ဒဖြစ်လာသည်။အခြားသူများ ဒုက္ခတွေပင်လယ်ဝေနေတာကို မသနားနိုင်သည့်အပြင် တစ်ယောက်တည်းချမ်းသာနေသော သူ့ကိုယ်သူ အောင်နိုင်သူအဖြစ် ဂုဏ်ယူဝင့်ကြွားနေပေလိမ့်မည်။

အလင်းရောင်အောက်မှ အတ္တသမားတစ်ယောက်သည် သူ့ကိုယ်သူချမ်းသာအောင်လုပ်မည်။ကုသိုလ်ကောင်းမှုလုပ်မည်။ဘုရားတရား သံဃာရတနာသုံးပါးကိုမြင်မည်။အခြားသူတွေ၏ဘဝများကိုလည်းမြင်မည်။

အမှောင်ထဲမှ အတ္တအကျဉ်းသားခမျာမှာတော့ သူ့ကိုယ်သူချမ်းသာအောင်လုပ်သမျှတွေသည် သူတကယ်ဆင်းရဲဖို့သာ ဖြစ်နေလိမ့်မည်။သူလုပ်သမျှတွေသည် အကုသိုလ်တွေဖြစ်နေလိမ့်မည်။ဘုရား တရား သံဃာကို မမြင်နိုင်တော့ဘဲ လောဘ ဒေါသ မောဟ ဝဲဂယက်မှာ မမောနိုင်မပန်းနိုင် ကူးခပ်နေရရှာပေလိမ့်မည်။

ရိုက်မောင်း
နိုဝင်ဘာ - ၂၃