【 ဆောင်းပါး 】 အပေးအယူ

【 ဆောင်းပါး 】 အပေးအယူ

လူများစုသည် ရေပေါ်ဆီစိတ်ကူးမျိုး ရှိတတ်သည်။ အများကြားကောင်းအောင် အများမြင်ကောင်းအောင် စားလို့သောက်လို့ကောင်းအောင် ပြောဆိုလုပ်ကိုင်တတ်ကြသည်။ အများအားဖြင့်တော့ စိတ်ထဲက နှစ်နှစ်ကာကာ မရှိတတ်ကြပေ။

မိမိမှာ တကယ်သဒ္ဓါတရားမရှိသေးရင် ဘာမှမပြောဘဲနေတာ ကောင်းသည်။ခုတော့ သည်လိုမဟုတ်ဘဲ နှုတ်ဖျားလေးက ပေါ့ပေါ့လေး ပြောတတ်သည်။

ဘာသာသာသနာကို ဘယ်လိုထိန်းသိမ်းရမည်။ဘာသာသာသနာကို ဘယ်လိုစောင့်ရှောက်ရမည် စသည်ဖြင့် လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်တတ်သည်။

တကယ့်လက်တွေ့မှာတော့ အပြောတစ်မျိုး အလုပ်တစ်မျိုးတွေ များလှသည်။ဘုရားရှင်ကို ကြည်ညိုတယ်ဆိုရုံနှင့် ဗုဒ္ဓသာသနာကို စောင့်ရှောက်သည် မမည်ပါ။ဘုရားရှင်ကို ကြည့်နေရုံ ဘုရားပြောတာ နားထောင်ကောင်းနှင့် နားထောင်နေရုံနှင့် မပြီးပါ။ဘုရားရှင် ဖြစ်စေချင်သော စိတ်ဓာတ်မျိုးထားမှသာ ဘုရားကို တကယ်ကြည်ညိုရာရောက်ပါသည်။ဘုရားစကားကို တကယ်နားထောင် တကယ်လိုက်နာရာ ရောက်ပါသည်။

ဘုရားရှင်ဖြစ်စေချင်သည်မှာ အကုသိုလ်အပေါင်း၏ အဓိကရေသောက်မြစ်ဖြစ်သော လောဘကို သတ်နိုင်ဖို့ဖြစ်သည်။ထိုလောဘကို သတ်နိုင်သည့် အသိပညာကို နာယူဖို့ လိုက်နာကျင့်ကြံဖို့ ဖြစ်သည်။ဘုရားရှင်ပေးသော အသိကို ယူတတ်မှသာ ဘုရားရှင်ဖြစ်စေချင်သည့် တန်ဖိုးရှိသောလူဖြစ်ပါမည်။လူဖြစ်ရကျိုးနပ်သောသူဖြစ်ပါမည်။

သာဓကအနေနှင့် ဘုရားရှင်ပွင့်စဉ်က ဘုရားရှင်ပေးသော အသိကို မြတ်မြတ်နိုးနိုး လေးလေးစားစား ယူတတ်သည့် ရက်ကန်းသည်မလေးအကြောင်း ပြောချင်ပါသည်။

          မြတ်စွာဘုရားရှင် အာဠဝီပြည်သို့ ကြွလာသောအခါ ပြည်သူပြည်သားတို့သည် ဝမ်းသာအားရ ကြိုဆိုကြသည်။ဘုရားရှင်နှင့် သံဃာတော်အရှင်မြတ်များကို ဆွမ်းကပ်လှူကြသည်။ဆွမ်းဘုန်းပေးပြီးသောအခါ ဘုရားရှင်သည် ဆွမ်းအနုမောဒနာတရားအဖြစ် မရဏာနုဿတိကမ္မဋ္ဌာန်းတရားကို ဟောပြောသည်။

“ငါ၏ အသက်ရှင်ခြင်းသည် အမြဲမရှိ။ငါ၏ သေခြင်းသည် မြဲ၏။ငါသည် မုချသေရမည်။ငါ၏ အသက်ရှင်နေခြင်းသည် သေရခြင်း၌ အဆုံးရှိ၏။ငါ၏ အသက်ရှင်နေရခြင်းသည် အမြဲမရှိချေ။သေရခြင်းသည်သာ အမြဲရှိတာပါလား”
မရဏာနုဿတိကမ္မဋ္ဌာန်းကို ဟောအပြီး အမြဲမပြတ်ဆင်ခြင်ရန် သတိပေးစကား ပြောသည်။

တရားနာပရိသတ်များအကြားတွင် ဆယ်ကျော်သက်အရွယ်သာရှိသေးသော ရက်ကန်းသည်မလေးတစ်ယောက်လည်း ပါဝင်သည်။သူသည် ဘုရားရှင်ဟောသမျှ ပြောသမျှကို သေသေချာချာ အာရုံထားကာ နာယူရှာသည်။တရားနာသူတို့သည် ဘုရားရှင် ဟောကြားနေစဉ်သာ တရားကို သတိရကြသော်လည်း တရားပွဲပြီး၍ ပြန်လာသည့် နောက်ပိုင်းတွင် ကိုယ့်အလုပ်နှင့်ကိုယ် မအားမလပ်ကြသဖြင့် တရားကို သတိမရကြတော့ပေ။

ရက်ကန်းသည်မလေးကတော့ တရားပွဲမှ ပြန်လာသည့်နောက်ပိုင်း အချိန်တိုင်း မရဏာနုဿတိကမ္မဋ္ဌာန်းကို သတိထား ပွားများနေခဲ့လေသည်။ဘုရားရှင်သည် ရက်ကန်းသည်မလေး၏ ဉာဏ်ရည်မြင့်လာပြီကို သိလိုက်သဖြင့် နောင်သုံးနှစ်ကြာသောအခါ နောက်ပါ သံဃာတော်များနှင့်အတူ အာဠဝီပြည်သို့ ကြွလာပြန်သည်။အာဠဝီပြည်သားတို့သည် ဘုရားရှင်၏ တရားနာယူရန် ဝမ်းသာအားရသွားကြလေသည်။ရက်ကန်းသည်မလေးသည် ဘုရားရှင်ကြွလာသည်ဟု ကြားရသည်နှင့် အထူးဝမ်းမြောက်သွားသည်။သို့သော် ဘုရားရှင်ရှိရာသို့သွား၍ မရသေးပေ။သူ့အဖေက သူ့ကို ရက်ဖေါက်သွားယူခိုင်းထားသဖြင့် သွားယူနေရသည်။ရက်ဖောက်ယူပြီး သူ့အဖေဆီ အချိန်မီသွားပို့ရမည်ဖြစ်သည်။

ရက်ဖေါက်ကို ကိုင်ပြီး သွားနေရာမှ ဘုရားရှင် တရားဟောသည့် မဏ္ဍပ်မှအဖြတ်တွင် ဘယ်လိုမှမနေနိုင်တော့ဘဲ မဏ္ဍပ်အစွန်မှ ဘုရားရှင်ကို လှမ်းဖူးမြင်လိုက်သည်။ထိုအချိန်တွင် ဘုရားရှင်က ရက်ကန်းသည်မလေး မလာသေးသောကြောင့် တရားမဟောသေးဘဲ စောင့်နေခြင်းဖြစ်သည်။ထို့ကြောင့် ဘုရားရှင်က လည်ကိုဆန့်၍ သူ့ကိုလှမ်းကြည့်လိုက်သည်။သူကလည်း ဘုရားရှင်နှင့် နီးရာသို့ ကပ်သည်ထက် ကပ်သွားလိုက်သည်။ထို့နောက် ဘုရားရှင်နှင့် ရက်ကန်းသည်မလေးတို့ အပြန်အလှန် အမေးအဖြေပြုလုပ်ကြသည်။           

          “ချစ်သမီး ဘယ်ကလာသနည်း”
          “ဘယ်ကလာခဲ့သည်ကို မသိပါ ဘုရား”
          “ဘယ်ကိုသွားမည်ကိုရော သိသလား”
          “ဘယ်ကိုသွားမည်ကိုလဲ မသိပါ ဘုရား”
          “ချစ်သမီး တကယ်မသိဘူးလား”
          “သိတော့သိပါတယ် အရှင်ဘုရား”
          “သေသေချာချာသိတာလား ချစ်သမီး”
          “သေသေချာချာတော့ မသိပါ အရှင်ဘုရား”

တရားနာရန်ရောက်နေကြသော ပရိသတ်များက ရက်ကန်းသည်မလေး၏ အဖြေစကားကို ကြားရသောအခါ ဘုရားရှင် မေးသည်ကို သေသေချာချာမဖြေဘဲ ဘာတွေလျှောက်ပြောနေလဲ မသိဘူးဆိုပြီး သူ့ကိုဝိုင်းအပြစ်ပြောနေကြသည်။

ဘုရားရှင်က ရက်ကန်းသည်မလေး၏ ရှင်းလင်းချက်ကို အားလုံးကြားရအောင် ထပ်၍ မေးမြန်းလိုက်သောအခါ ရက်ကန်းသည်မလေးက သူ့အဖြေနှင့်ပတ်သက်ပြီး ရှင်းပြလေသည်။

          “ဘယ်ကလာသလဲလို့ အရှင်ဘုရား မေးတော်မူသောအခါ တပည့်တော်လာခဲ့သော အတိတ်ဘဝကို မသိသဖြင့် ဘယ်ကလာခဲ့သည်ကို မသိပါဘုရားဟု ပြန်ဖြေခဲ့ခြင်းဖြစ်ပါသည်။”

          “ဘယ်ကိုသွားမှာလဲလို့ အရှင်ဘုရား မေးတော်မူသောအခါ တပည့်တော်သွားရမည့် ဘဝကို မသိသောကြောင့် ဘယ်ကိုသွားရမည်ကိုမသိပါ ဘုရားဟု ပြန်ဖြေခဲ့ခြင်းဖြစ်ပါသည်။”

          “အရှင်ဘုရားက တကယ်မသိဘူးလားလို့ မေးသောအခါ တစ်နေ့သေရမည်ကိုတော့ အတိအကျသိနေသောကြောင့် သိတော့ သိပါတယ် အရှင်ဘုရားလို့ ပြန်ဖြေခဲ့ခြင်းဖြစ်ပါသည်။”

          “အရှင်ဘုရားက သေသေချာချာ သိသလားလို့ မေးသောအခါ သေရမည့်အချိန် သေရမည့်နေရာနှင့် ဘယ်လိုသေရမည်ကိုတော့ မသိပါသဖြင့် သေသေချာချာမသိပါ အရှင်ဘုရားလို့ ပြန်ဖြေခဲ့ခြင်းဖြစ်ပါသည်။”

ရက်ကန်းသည်မလေးက အဖြေတစ်ခုကို ရှင်းပြပြီးတိုင်း ဘုရားရှင်က သာဓုခေါ်လေသည်။

ရက်ကန်းသည်မလေး၏ ရှင်းလင်းဖြေဆိုမှုကို ကြားပြီးနောက် ဘုရားရှင်က အောက်ပါဒေသနာကို ဟောကြားလိုက်လေသည်။

          “ဤလောက (ဤလောကီလူအပေါင်း) သည် (ပညာမျက်စိ မရှိသဖြင့်) အမိုက်အကန်းအတိသာဖြစ်နေ၏။ဤလောက၌ အနိစ္စ စသော သဘောကို ရှုမြင်နိုင်သောသူ နည်းပါးလှ၏။မုဆိုး၏ပိုက်ကွန်မှ လွတ်သော ငှက်အနည်းငယ်သာရှိသကဲ့သို့ အနည်းငယ်သော လူတို့သည်သာ နတ်ရွာနိဗ္ဗာန်သို့ ရောက်သွားရ၏။”

ဒေသနာတော်အဆုံးတွင် ရက်ကန်းသည်မလေးသည် သောတာပန် အရိယာဖြစ်သွားလေသည်။

ထို့နောက် ရက်ကန်းသည်မလေးသည် ရက်ဖေါက်တောင်းကိုယူကာ ဘခင်ရှိရာသို့သွားသည်။ဘခင်ကတော့ သူရက်ဖေါက်ယူအလာကိုစောင့်ရင်း ထိုင်လျက် အိပ်ပျော်နေသည်။ရက်ကန်းသည်မလေးလည်း ရက်ဖေါက်တောင်းကို တွန်းရွှေ့ရာ လွန်းအစွန်းနှင့် တိုက်မိပြီး အောက်သို့ကျသွားသည်။ရုတ်တရက် လန့်နိုးလာသော ဘခင်က လွန်းကိုဆွဲလိုက်ရာ ထိုလွန်းနှင့် သမီး၏ ရင်ဘတ်ကိုထိုးမိသဖြင့် ထိုနေရာ၌ပင် ရက်ကန်းသည်မလေး ကွယ်လွန်ပြီး တုသိတာနတ်ပြည်သို့ ရောက်သွားသည်။

ရက်ကန်းသည်မလေးသည်အ သက်ငယ်ရွယ်သေးသော်လည်း ဘုရားရှင်အလိုကို သိသည်။ဘုရားရှင်ပေးသော ပညာကို ရိုရိုသေသေ ယူသည်။ထိုတရားကို သတိမလစ်စေဘဲ အမြဲဆင်ခြင် နှလုံးသွင်းသည်။အခြားသူငါတွေလို ပုံမှန်စားသောက်နေထိုင်တာ မှန်သော်လည်း သူ့စိတ်ထဲမှာ အမြဲနှလုံးသွင်းဆင်ခြင်နေသည်ကတော့ ဘုရားရှင်ဟောကြား သင်ပြပေးခဲ့သော မရဏာနုဿတိကမ္မဋ္ဌာန်းသာဖြစ်၏။

ထို့သို့မပြတ် သတိရှိနေသောကြောင့်လည်း ဘုရားရှင်မေးသမျှကို အဓိပ္ပာယ်မလွဲအောင် တိတိကျကျ သဘောပေါက် ဖြေဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ဘုရားရှင် ပေးသမျှ တရားကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အော်... ဆရာတပည့်ဆိုတာ တစ်ဦးကို တစ်ဦး ယုံယုံကြည်ကြည်နှင့် အပေးအယူမျှခဲ့လျှင် တပည့်အပေါင်းသည် ဆရာပေးသမျှ ပညာတိုင်းကို သေချာပေါက်ရရှိမှာ မလွဲပါလား။

ရိုက်မောင်း