【 ဆောင်းပါး 】 "အဖေ့မာန"

【 ဆောင်းပါး 】 "အဖေ့မာန"

“ဟဲ့ ဘုတ်ဆုံတစ်ယောက်ရော ဘယ်လိုနေလဲ အဆင်ပြေရဲ့လား”

“ဆရာတို့ကသာ သူ့ကိုမေးနေတာ သူက ဆရာတွေရော သူငယ်ချင်းတွေရော ဂရုစိုက်တာ မဟုတ်ဘူး”

“စိတ်ကိုလျှော့စမ်းပါ ဗေလုမရယ် စကားကမပြောရသေးဘူး ဒေါသကအရင်ထွက်တော့တာပဲ။ညည်းတို့အသက်တွေ မငယ်တော့ဘူးနော် ကလေးအမေတွေဖြစ်နေပြီ”

“တကယ်ပြောတာ ဆရာရဲ့။သူက ကွန်ဒိုတိုက်ခန်းလေးနေရတာ ကိုယ်ပိုင်ကားလေးစီးရတာနဲ့ပဲ မာန်တွေစွတ်တက်နေတာ။သူ့ဘာသာ ဘယ်လောက်ချမ်းသာချမ်းသာ သူလည်း သူ့ထမင်းသူစား သမီးတို့လည်း ကိုယ့်ထမင်းကိုယ်စားတာပဲ။ငယ်သူငယ်ချင်းတွေမို့ ခင်လို့နှုတ်ဆက်တာကို သူကမာနတစ်ခွဲသားနဲ့ မတူမတန်ပုံစံမျိုး ချိုးနေတာ။ဆရာတို့အကြောင်းပြောရင်လည်း မမှတ်မိသလို ဘာလိုနဲ့ တကယ်အသည်းယားတယ်။သူ့မှာပဲ မာနရှိတာမဟုတ်ဘူး သမီးတို့မှာလည်း မာနရှိတာပဲ။ပစ္စည်းမဲ့မာနက သူ့မာနလောက်တော့ အပျော့ပေါ့”

ဆရာတပည့်နှစ်ယောက် လမ်းမှာဆုံရင်း စကားပြောဖြစ်ကြတာပါ။

သူတို့လေးတွေကို ကိုးတန်းတစ်နှစ် ဆယ်တန်းတစ်နှစ် စာသင်ခဲ့သည်။ကိုးတန်းနှစ်က ငါးယောက်ဝိုင်းမှာလည်း သူတို့နှစ်ယောက်ပါသည်။ဆယ်တန်းနှစ်က ဆယ်ယောက်ဝိုင်းမှာလည်း သူတို့နှစ်ယောက်ပါသည်။တစ်ယောက်က ဝဝတုတ်တုတ်လေးမို့ သူတို့သူငယ်ချင်းတွေက ဘုတ်ဆုံဟု ခေါ် ကြသည်။နောက်တစ်ယောက်ကတော့ ဒေါသကြီးလွန်းလို့ ဘီလူးမနဲ့တူတယ်ပြောရင်း တိုက်တိုက်ဆိုင်ဆိုင် ဟာသသရုပ်ဆောင် ဗေလုဝ၏ ဘီလူးဇာတ်ကားကြည့်ပြီးတော့ သူ့ကိုဘီလူးမဟု မခေါ်ကြတော့ဘဲ ဗေလုမဟု ပြောင်းခေါ်ကြပါတော့သည်။ဘီလူးမဟု ခေါ်စဉ်က ဒေါသတကြီးလိုက်ရိုက်သူက ဗေလုမဟု ခေါ်တာကိုတော့ မျက်စောင်းထိုးရုံသာထိုးခဲ့သည့်အတွက် ဗေလုမနာမည်က အတည်ဖြစ်သွားခဲ့သည်။

မာနမင်းသမီး တပည့်မလေး ဗေလုမနှင့် ဆုံပြီးနောက် သူ့ကိုယ်သူလက်မထောင်ခဲ့သည့် ပစ္စည်းမဲ့မာနဟူသော အသုံးအနှုန်းလေးကို သဘောကျပြီး ပြုံးချင်ချင်ဖြစ်မိသည်။

မာန်ဆိုသော စကားလုံးကိုက ခက်ထန်မှု မာကျောမှု မောက်မာမှု ဝင့်ဝါမှု ထောင်လွှားမှု ရန်လိုမှု တက်ကြွမှုများနှင့် စိတ်အင်အားတွေအပြည့်ရှိသည်ကို တွေ့ရသည်။မာနဆိုတာ လူတိုင်းမှာတင်ရှိတာမဟုတ်ပါ။လူနှင့် တိရစ္ဆာန်အပါအဝင် နတ်နှင့် ဗြဟ္မာမကျန် မာနရှိပါသည်။ပုထုဇဉ်သတ္တဝါများ မဆိုထားနှင့် လုံးဝအပါယ်မလားတော့သည့် နိဗ္ဗာန်ဝင်တော့မည့် အရိယာအချို့မှာလည်း မာနရှိပါသေးသည်။အရိယာပုဂ္ဂိုလ် တတိယဆင့်အနာဂါန်ဖြစ်မှ မာနကင်းစင်တာပါ။စတုတ္ထနှင့် နောက်ဆုံးအဆင့် ရဟန္တာဖြစ်မှ ကိလေသာကင်းစင်တာပါ။

ပညာတတ်သူက ပညာမာန ဓနငွေကြေးကြွယ်ဝသူက ဓနမာန ခွန်အားကြီးသူက ခွန်အားမာန ဆွေမျိုးတောင့်သူက ဆွေမျိုးမာန အာဏာရှိသူက အာဏာမာန ကိုယ့်မှာရှိတာတွေနှင့် အသီးသီးမာနကြီးနေကြလေသည်။ဒါပေမယ့် ဘာမှမရှိသူကိုလည်း သွားအထင်သေးလို့မရပါ။ပစ္စည်းမရှိသော်လည်း ပစ္စည်းမဲ့မာနရှိပါသည်။စပ်မိလို့ ကျွန်တော့်အဖေ၏ ပစ္စည်းမဲ့မာနအကြောင်းလေး ပြောပြချင်သည်။

ကျွန်တော့်အဖေကတောသား အမေကတောသူပါ။အဖေက ရန်ကုန်တက်လာပြီး ဆိုက်ကားနင်းသည်။နောက်တော့ ဘတ်စ်ကားလိုင်းမှာ လက်မှတ်ရောင်းလုပ်သည်။နောက်ဆုံးမှာတော့ ယာဉ်မောင်းဖြစ်လာသည်။ရန်ကုန်ရောက် ဒရိုင်ဘာတောသားတစ်ယောက်နှင့် ရန်ကုန်ရောက် အသုပ်သည် တောသူတစ်ယောက် တွေ့ဆုံရင်းနှီးချစ်ခင် လက်ထပ်ခဲ့ကြသည်။
သူတို့နှစ်ယောက်က ကျွန်တော့်အဖေနှင့် အမေပါ။အမေက ရိုးရိုးအေးအေး ဘယ်သူဘာပြောပြော အပြုံးမပျက်ပါ။အမေ့အကြောင်း ကောင်းတာရော ဆိုးတာရော အမေ့ရှေ့မှာတင် ဝေဖန်ပြောဆိုကြသည် (ကွယ်ရာမှာဆို အတင်းပြောတယ်ခေါ်သည်)။အမေကတော့ သူ့ကိုကောင်းတာပြောပြော ဆိုးတာပြောပြော အေးဆေးပါပဲ။သိတယ်မဟုတ်လား အမေ့ထုံးစံအတိုင်း မာန်မာနကင်းစင်သည့် အပြုံးမျက်နှာနှင့် နားထောင်ပေး၏။

ကျွန်တော့်အဖေကတော့ အမေနှင့် လုံးဝဆန့်ကျင်ဖက်ဖြစ်သည်။မာနမင်းသားတစ်ယောက်ဖြစ်သည်။တောကတက်လာသည့် အဖေသည် ရွာဘုန်းကြီးကျေးဇူးကြောင့် မြန်မာစာရေးတတ်ဖတ်တတ်ရုံရှိသည်။သူ့အလုပ်ကိုတော့ ကြိုးစားသည်။ဘယ်သူ့ဆီကမှ ငွေကြေးပစ္စည်းဥစ္စာ ချေးငှားယူခြင်းမရှိခဲ့ပါ။သူကိုယ်တိုင် သိပ်မပြေလည်သော်လည်း ဆွေမျိုးတွေလုပ်ဖေါ်ကိုင်ဖက်တွေထဲက အကူအညီလိုသူရှိခဲ့လျှင် သူ့မှာရှိတဲ့အထဲမှ သူတတ်နိုင်သမျှကူညီသည်။ကျွန်တော့်အဖေက တစ်ယောက်ယောက်ဆီမှ အကူအညီတောင်းရမှာကို သေမလောက်ကြောက်သူပါ။တစ်ခါတော့ “အဖေက တော်တော်မာနကြီးတာပဲနော်” လို့ ကျွန်တော်ပြောတော့ အဖေက “တော်တော်မကြီးပါဘူးကွာ တစ်ဝက်ပဲကြီးတာပါ တစ်ဝက်က သူများကိုဒုက္ခပေးသလိုဖြစ်မှာ အားနာလို့ပါ” ဟု ပြန်ဖြေပါသည်။အဖေ့မာနက တစ်မျိုးကြီးပဲဟု ကျွန်တော်စဉ်းစားခဲ့ဖူးပါသည်။

ကျွန်တော် ဆယ်နှစ်အရွယ် ငါးတန်းတက်မည့်နှစ်ဖြစ်သည်။ထိုစဉ်က အဖေသည် ကြည့်မြင်တိုင်ရှိ သူဌေးတစ်ယောက်အိမ်တွင် ကားမောင်းသည်။တစ်နေ့ အဖေအလုပ်မှပြန်လာပြီး နောက်တစ်နေ့ အလုပ်မသွားတော့ပေ။အမေက အကျိုးအကြောင်းမေးကြည့်တော့ အဖေပြန်ပြောသည်မှာ သူဌေးက အမေ့ကို သူ့အိမ်တွင် အိမ်ဖေါ်အလုပ်ပေးမည် ကျွန်တော့်ကိုလည်း သူ့သမီးတက်သောကျောင်းမှာ ထားပေးမည် ကျွန်တော့်ကျောင်းစရိတ်ကိုလည်း သူပဲအကုန်အကျခံမည် ကျွန်တော်တို့မိသားစုလည်း သူ့ခြံထဲကတန်းလျားမှာ ပြောင်းနေပါဟု ပြောသည်။

ဒါကို အဖေက “ငါ့ကိုအထင်သေးပြီးပြောတာ ဘယ်တော့မှ သူများအလကားပေးတာမယူဘူး။ငါတစ်ယောက်ပဲ အောက်ကျခံမယ်။ငါ့မိန်းမနဲ့ ငါ့သားသမီးတွေတော့ သူများဆီမှာ အောက်ကျမခံစေရဘူး” ဆိုပြီး ထိုအလုပ်ကို ဆက်မလုပ်တော့ဘဲ ရန်ကုန် အင်းစိန်ဘတ်စ်ကားလိုင်းတွင် ဒရိုင်ဘာဝင်လုပ်ခဲ့သည်။

အဖေက တကယ့်မာနမင်းသားပါ။အမေက ထုံးစံအတိုင်း အပြုံးမပျက် အေးဆေးပါပဲ။ဘကြီးတို့ ဦးလေးတို့ကတော့ အဖေ့ကို မာနကြီးသည်ဟု အပြစ်တင်ကြသည်။ဘယ်သူဘာပြောပြော ကျွန်တော်အရွယ်ရောက်လာလို့ ကျွန်တော့်ပညာရေးမှာ ငွေကြေးအကူအညီ ဘယ်သူ့ဆီကမှ မယူခဲ့ရဘူးဟု မာနနှင့်ပြောနိုင်သည်မှာ အဖေ့မာနကြောင့်ဖြစ်သည်။

ကျွန်တော် မြို့နယ်သမဝါယမအသင်းမှာ အလုပ်ဝင်လုပ်ပြီး လုပ်သက် ငါးနှစ်ကျော်ကျော်မှာ အဖေအိမ်ဝယ်ဖို့ ကြိုးစားနေကြောင်း အမေပြောလို့ သိရသည်။လက်ရှိနေသည့်အိမ်က အမေဘက်က အဖွား၏အိမ်ဖြစ်သည်။ခြေရင်းတစ်ခြမ်းက အမေ့ အမမိသားစုနေသည်။ခေါင်းရင်းတစ်ခြမ်းမှာ အဖွားရယ် ကျွန်တော်တို့ မိသားစုခြောက်ယောက်ရယ် အမေ့ ညီမမိသားစုသုံးယောက်ရယ် အဖွားမြေး ကျွန်တော့်အကိုဝမ်းကွဲတစ်ယောက်ရယ် နေသည်။အဖွားက အမေ့ အမေပီသသည် စိတ်သဘောထားပြည့်ဝလှသည်။အဒေါ်မိသားစုနှင့် အကိုဝမ်းကွဲကလည်း စိတ်သဘောထားပြည့်ဝသူတွေပါ။မိသားစုပဋိပက္ခ လုံးဝမရှိပါ။ရှိလာတာက အဖေ့မာနပါ။မိသားစုဆယ့်တစ်ယောက်နှင့်နေရသည့် အိမ်ခန်းက ကျဉ်းလွန်းသည်။
ကလေးတွေက အရွယ်ရောက်လာကြပြီ။အကိုဆို မိန်းမယူဖို့ အသည်းအသန်ကြိုးပမ်းနေသည်။ကျွန်တော်နှင့် ကျွန်တော့်အောက် ညီမအကြီးဆိုလည်း ရည်းစားကိုယ်စီနှင့်ဖြစ်ပြီ။အဖေတွေးသည်က အကြီးပီပီ အနစ်နာခံရမည့်သူကစပြီး အိမ်ခွဲနေမှ တရားမျှတမည်။အငယ်တွေကို ဒုက္ခပေးသလိုဖြစ်နေသည်ကို မခံစားနိုင်တော့ပေ။သည်တော့လည်း အိမ်ခွဲနေဖို့ အသည်းအသန်ကြိုးစားပြီပေါ့။ခက်နေတာက အမေ။အမေက အဖွားနှင့် ညီမကို မခွဲချင်။ခြေရင်းအိမ်က အမနှင့်လည်း ဝေးဝေးမနေချင်။

တကယ်တော့ အဖွားအိမ်က လမ်းမတန်းမှာ မဟုတ်ပါ။လမ်းမတန်းအိမ်တွေရဲ့နောက်မှာ ဘုစုခရုအိမ်တွေ အများကြီးရှိသည်။အဖွားအိမ်က ထိုဘုစုခရုတွေထဲက အိမ်တစ်လုံးပါ။ဘုစုခရုအိမ်တွေအားလုံးက အဖွားအမျိုးတွေချည်းပါပဲ။အမေက သူ့ဆွေမျိုးတွေကို အရမ်းသံယောဇဉ်ကြီးတာ အဖေအသိဆုံးပါ။ဒါကြောင့်လည်း အိမ်ပြောင်းဖို့ကိစ္စအတွက် အဖေခေါင်းအရမ်းခြောက်နေခဲ့တာပါ။အမေ့လက်ဝတ်လက်စားတွေ အားလုံးရောင်းချမှ ငွေလေးထောင်ကျော်ရမှာဖြစ်သည်။လမ်းမတန်း ကျွန်တော်တို့နှင့်ဆန့်ကျင်ဖက် အနောက်ခြမ်းမှာလည်း ဘုစုခရုအိမ်တွေရှိပါသည်။ထိုဘုစုခရုအိမ်တွေက ရေကန်ထဲမှာဆောက်ထားတာဖြစ်လို့ သိပ်တော့မသန့်ပေ။ထိုတစ်ဖက် ဘုစုခရုအုပ်စုရှိ အိမ်တစ်လုံးကို လေးထောင်နှင့်ရောင်းမည်ဟု ပြောသည်။အမေက ပြောင်းချင်းပြောင်း ထိုအိမ်ကိုပြောင်းချင်သည်။အဖေက ထိုအိမ်ကို ရေကန်ထဲကအိမ်ဖြစ်လို့ ကလေးတွေကျန်းမာရေးအတွက် မကောင်းဘူးဆိုပြီး မနေချင်။ထိုအချိန်တွင် အဖေ့ညီက သူတို့မြောက်ဥက္ကလာမှာ သူတို့နှင့်မနီးမဝေး ခုနစ်ထောင့်ငါးရာတန် အိမ်တစ်လုံးရှိကြောင်း ပြောသည်။နည်းနည်းပါးပါးငွေလိုလျှင် သူကူညီမည်ဟုပြောသည်။အဖေက သူ့အိမ်ကို သူ့ပိုက်ဆံနှင့်သူဝယ်မည်ပြောတော့ ထိုဦးလေးက အဖေ့ကို မာနကြီးသည်ဟု အပြစ်တင်သည်။

ထိုအချိန်တွင် ကျွန်တော်တို့လမ်းမတန်းတွင် အိမ်တစ်လုံးရောင်းမည်ဟု ပြောသည်။ထိုအိမ်သည် လမ်းမတန်းရှိ အကောင်းဆုံး အိမ်ငါးလုံးတွင် တစ်လုံးအပါအဝင်ဖြစ်သည်။တန်ဖိုးက တစ်သောင်းတစ်ထောင်ဖြစ်သည်။

ကျွန်တော့်အကြောင်း နည်းနည်းပြောချင်ပါသည်။ကျွန်တော်က အမေနှင့် အဖေအတွက် သားမိုက်တစ်ယောက် မဟုတ်သော်လည်း သားလိမ္မာလည်း မဟုတ်ခဲ့ပါ။အဖေလုံးဝမကြိုက်သည့် အရက်ကို အဖေ့သား ကျွန်တော်က အရမ်းမဟုတ်တောင် အတော်အသင့်တော့ ကြိုက်နေခဲ့မိသည်။မြန်မာ့အသံတွင် သီချင်းသွင်းဖို့ သီချင်းရေးရမည် သီချင်းတိုက်ရမည်ဟူသော အကြောင်းပြချက်နှင့် အုတ်ကျင်းတွင် သူငယ်ချင်းများနှင့် အိမ်ခန်းစုငှားကာ လွတ်လွတ်လပ်လပ် သောက်စားနေခဲ့သည်။ကျွန်တော်လည်း အဖေ့လိုပါပဲ။ကျွန်တော်အကူအညီလိုရင် ဘယ်သူ့ဆီကမှ အောက်ကျခံ အကူအညီမတောင်းပါ။သူငယ်ချင်းမိတ်ဆွေတွေ ငွေရေးကြေးရေးအကူအညီလိုလျှင်တော့ ကျွန်တော်လက်မနှေးပါ အမြဲကူညီပါသည် ကြွားပြောရလျှင် ကျွန်တော်က အဖေ့သားပဲလေ။ဒါပေမယ့် မတူတာက အဖေက ဝင်ငွေမကောင်းခဲ့ပါ။ကျွန်တော်ကတော့ သမဝါယမမှာလုပ်တော့ နည်းမျိုးစုံနှင့် ဝင်ငွေကောင်းခဲ့သည်။ကျွန်တော်ရသည့်လခ တစ်ရာ့တစ်ဆယ်ကို အမေ့ဆီ အကုန်ပေးသည်။အိမ်ရောက်လို့ အမေနှင့်တွေ့တိုင်းလည်း ငါးဆယ်မျိုး တစ်ရာမျိုး အမြဲပေးပါသည်။များများစားစား မပေးဖြစ်သော်လည်း နည်းနည်းပါးပါးနှင့်ပင် အမေအဆင်ပြေပါသည်။

အဖေနှင့်ကတော့ သိပ်မတွေ့ဖြစ်ခဲ့ပါ။အိမ်ကိစ္စတွေ အကုန်လုံးကိုလည်း အမေပြောပြလို့ သိခဲ့တာပါ။အမေက ကျွန်တော့်ကို အဖေနှင့် အေးအေးဆေးဆေးတွေ့ဖို့ ပြောသည်။အဖေက ညလည်း တော်တော်နှင့်မအိပ်နိုင်ဘဲ သက်ပြင်းတချချနှင့် တစ်ခါတလေ တက်တခေါက်ခေါက်လုပ်နေသည်တဲ့။

လိုရင်းပြောရလျှင် မာနတစ်ဝက်ကြီးပြီး တစ်ဝက်က သူများကိုဒုက္ခမပေးချင်သော အဖေ့အတွက် လမ်းမတန်းက တစ်သောင်းတစ်ထောင်အိမ်ကြီးကို ကျွန်တော်ဝယ်ပေးနိုင်ခဲ့ပါသည်။ဒါတောင် အဖေ့ကို အတော်ပြောယူရတာပါ။အဖေက ကျွန်တော့်အပေါ်တော့ မာနထားဟန်မတူပါ ကျွန်တော် တစ်ခုခုဒုက္ခဖြစ်မှာစိုးတာပဲ ဖြစ်မှာပါ။ဘာပဲပြောပြော နောက်ဆုံးမှာတော့ အမေ့အပြုံးလည်းမပျက် အဖေ့မာနလည်းမပျက်အောင် အဖေနဲ့ အမေရဲ့ သားကြီးတစ်ယောက်အနေနှင့် လုပ်ပေးနိုင်ခဲ့တာကို ကျွန်တော်သေသည်အထိ ဂုဏ်ယူနေမိမှာပါ။

အဖေသည် မာနကြီးသော်လည်း ထိုမာနသည် အဖေ့ကိုယ်အဖေထားသော မာနဖြစ်ပါသည်။အဖေ့၏မာနကြောင့် အခြားတစ်စုံတစ်ယောက် သို့မဟုတ် အခြားသူတွေကို ဒုက္ခမပေးပါ။ထို့အပြင် အခြားသူတချို့ကိုတောင် ကူညီနိုင်သည့် မာနဖြစ်နေပါသည်။အရွယ်အိုမင်းလာ၍ တရားနာ တရားကျင့်လုပ်လာတော့ မာန်မာနကို အသေသတ်ရတော့မည်ကို ပို၍ပို၍ သိလာရပါသည်။
သို့သော်လည်း အခက်တွေ့နေတာက သူများအပေါ် မတရားဝင့်ဝါမောက်မာနေသော မတရားမာနမှမဟုတ်တာ သူများကိုမှဒုက္ခမပေးတာဟု ဆင်ခြေပေးရင်း အဖေ့ဆီကရသည့် မာနလေးကို မစွန့်ပစ်ရက်ဖြစ်နေတာပါပဲ။

ရိုက်မောင်း
ဒီဇင်ဘာ - ၇