【 ဆောင်းပါး 】 အမွေဆိုင်အိမ်ကြီး၏ အနာဂတ်

【 ဆောင်းပါး 】 အမွေဆိုင်အိမ်ကြီး၏ အနာဂတ်

မကြာသေးမီက ကျွန်တော့်ညီမအငယ်ဆုံးလေးက ဖုန်းဆက်လာသည်။ထုံးစံအတိုင်း ကျွန်တော်တို့၏ အိမ်ကြီးအကြောင်းပင်ဖြစ်သည်။

အတိအကျဆိုရလျှင် ကျွန်တော်တို့မောင်နှမတစ်စု၏ အမွေဆိုင်အိမ်ကြီးအကြောင်းဖြစ်သည်။မိဘများဆုံးပါးသွားပြီးကတည်းက ကျွန်တော်တို့မောင်နှမတစ်စုနှင့် သက်ဆိုင်သည့် အမွေဆိုင်အိမ်ကြီးနှင့်ပက်သက်ကာ ကျွန်တော်တို့မောင်နှမတစ်စုအကြားတွင် ရှုပ်ထွေးမှုများရှိလာခဲ့ပါသည်။

ညီမငယ်က အမွေဆိုင်အိမ်ကြီးနှင့်ပတ်သက်ကာ သူ၏စောဒကတက်မှုများကိုရင်ဖွင့်ကာ ဖုန်းချသွားခဲ့ပြီဖြစ်သော်လည်း ကျွန်တော်ကတော့ ကျွန်တော်တို့၏ အမွေဆိုင်အိမ်ကြီး၏ပုံရိပ်ကို အတွေးထဲတွင်မြင်ယောင်ရင်း အတွေးနယ်ချဲ့မိနေပါသည်။

မိဘများရှိစဉ်အချိန်ကတော့ ကျွန်တော်တို့၏အိမ်ကြီးမှာ ခမ်းနားထည်ဝါသောအိမ်ကြီးအဖြစ် ရှိနေခဲ့ဖူးပါသည်။ထိုသို့သော အိမ်ကြီးတစ်ဆောင်ဖြစ်လာရန် ကျွန်တော်တို့၏မိဘနှစ်ပါးက အခက်အခဲအမျိုးမျိုးကြားမှ ဆင်းရဲဒုက္ခခံကာ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ကျွန်တော်တို့ မိဘနှစ်ပါးမရှိတော့သည့်နောက်ပိုင်းတွင်မူ မိဘနှစ်ပါးက သွေးနှင့်ချွေးနှင့်ရင်းကာတည်ဆောက်ခဲ့သော အိမ်ကြီးမှာ ကျွန်တော်တို့မောင်နှမတစ်စုနှင့်သက်ဆိုင်သော အမွေဆိုင်အိမ်ကြီးအဖြစ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ကျွန်တော်တို့မိဘနှစ်ပါးရှိစဉ်အချိန်ကလောက် ပျော်ရွှင်ချမ်းမြေ့မှုများကိုပေးစွမ်းသည့် အိမ်ကြီးအဖြစ် ရှိမနေတော့သည်မှာလည်း အမှန်ပင်ဖြစ်သည်။

အိမ်နှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုမှုများက အများအပြားရှိနေကြပါသည်။အိမ်သည် မိသားစုနားခိုရာ ဘေးကင်းလုံခြုံမှုကိုပေးသောနေရာ အေးချမ်းမှု တည်ငြိမ်မှု ပျော်ရွှင်မှုကိုပေးသကဲ့သို့ တက်ကြွမှု၊ ဆူပူမှု၊ ဝမ်းနည်းမှု၊ ကြေကွဲမှုများ ပေါက်ဖွားရာနေရာဖြစ်သည်ဟုဆိုလျှင်လည်း မမှားဟုဆိုနိုင်ပါသည်။ကျွန်တော့်မိဘနှစ်ပါးရှိစဉ်ကတော့ ကျွန်တော်တို့အိမ်ကြီးတွင် တစ်သွေး တစ်သံ တစ်မိန့်ဟုဆိုရလောက်အောင် မိဘများ၏အုပ်ထိန်းမှုအောက်တွင် ပေါင်းစည်းညီညွတ်ခဲ့ကြဖူးပါသည်။အစစအရာရာ မိဘများ၏ ပဲ့ပြင်ဆုံးမမှုအောက်တွင် ကျွန်တော်တို့၏အိမ်ကြီးက ဂုဏ်သိက္ခာရှိစွာ ကျက်သရေရှိရှိ တင့်တယ်လှပနေခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။မိဘများမရှိတော့သည့်နောက်တွင်မူ ကျွန်တော်တို့၏အိမ်ကြီး၏ တည်ငြိမ်မှုက ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။

အမွေဆိုင်အိမ်ကြီး၏ သဘောသဘာ၀အတိုင်း အိမ်ကြီးနှင့်ပတ်သက်နေသည့် မောင်နှမများ၏အမြင်ကလည်း မတူခြားနားစွာ တကွဲတပြားစီရှိနေကြပြီဖြစ်သည်။အချို့ကတော့ အိမ်ကြီးကိုရောင်းထုတ်ကာ ရသင့်ရထိုက်သည့်အမွေကို ခွဲဝေယူလိုကြသည်။
အချို့ကလည်း အိမ်ကြီးကိုမွမ်းမံပြင်ဆင်ကာ စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်သည့် ရင်းနှီးမြုပ်နှံမှုကို ပြုလုပ်လိုလျှက်ရှိသည်။ဆိုရလျှင် ထိုသို့သောအမြင်မတူသည့် သဘောကွဲလွဲမှုများကပင် အိမ်ကြီး၏တည်ငြိမ်မှုများကို စတင်ခြိမ်းခြောက်လာခဲ့ခြင်းဖြစ်ပါသည်။

အမှန်ကတော့ ကျွန်တော်တို့၏အိမ်ကြီးမှာတော့ ကျွန်တော်တို့မိဘများရှိစဉ်အချိန်အတွင်းက အသွင်သဏ္ဍာန်နှင့်တော့ သိသိသာသာကွဲလွဲခြားနားသွားပြီဖြစ်သည်။မိဘများရှိစဉ်အချိန်က ဒီရေအလားတိုးများနေသော စီပွားရေးကောင်းမွန်မှုနှင့်မတူ အိမ်ကြီး၏အရောင်အဝါက ခမ်းနားထည်ဝါနေခဲ့သည်။ကျွန်တော်တို့ဖခင်ကြီး ဆုံးပါးသွားပြီးနောက်ပိုင်း ကျွန်တော်တို့ညီအကိုမောင်နှမများ၏ ပေါင်းစည်းညီညွတ်မှုပြိုကွဲမှုနှင့်အတူ အိမ်ကြီး၏စီးပွားရေးမှာလည်း ပိုဆိုးလာသည်မှာ အိမ်၏စီးပွားရေးတွင် ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးလျော့ပါးသွားမှု ကြွေးမြီထူထဲလာမှုတို့က အိမ်၏စီးပွားရေးပြိုလဲခြင်းမရှိအောင် အနိုင်နိုင်ထိန်းနေရသည့်အနေအထားသို့ ရောက်ရှိလာခြင်း ပင်ဖြစ်သည်။

စင်စစ် ကျွန်တော်တို့အိမ်ကြီး၏ တည်ငြိမ်မှုယိုယွင်းနေခြင်းနှင့် သဘောကွဲလွဲမှုများ ပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် အဝေးတစ်နေရာမှ ပြန်လည်ရောက်ရှိလာသော အစ်မကြီးက တတ်အားသမျှကြိုးပမ်းခဲ့လင့်ကစား ညီကိုမောင်နှမများ၏ အကွဲအပြဲဇာတ်လမ်း အဆုံးသတ်နိုင်ရေးကိုမူ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိပါ။ထိုသို့သောအနေအထားမှပင် အိမ်ကြီးအရှည် တည်တံ့ခိုင်မြဲရေးအတွက် ပြင်ဆင်မှုပြုရမည်ဟူသော အဆိုပြုလာမှုက ကျွန်တော်တို့မောင်နှမတစ်စုအကြားက သဘောကွဲလွဲမှုကို ပိုကာအကြားအဟဖြစ်စေခဲ့ပါသည်။

မည်သို့ပင်ဆိုစေ အမွေဆိုင်အိမ်ကြီးကို ပြင်ဆင်ရန်လိုအပ်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ပြင်ဆင်သင့်သည့်နေရာများကို အချိန်မီပြင်ဆင်မှုပြုနိုင်မည်မဟုတ်ပါက အမွေဆိုင်အိမ်ကြီးမှ တစ်စတစ်စနှင့် ပြိုလဲပျက်စီးသွားမည့်အရေးနှင့် ရင်ဆိုင်လာရဖွယ်ရှိနေပါသည်။ဆိုရလျှင် ကျွန်တော်တို့၏ အမွေဆိုင်အိမ်ကြီး မပျက်မစီးနှင့် ပြုလဲခြင်းမရှိအောင် ကျားကန်ပြင်ဆင်မှုပြုရမည်ကို အားလုံးကနားလည်သဘောပေါက်ကြပါသည်။

ထိုသို့သိမြင်နားလည်နေပါလျက် အိမ်ကြီးကိုပြင်ဆင်ရန် အဘယ်ကြောင့် စောဒကတက်မှုများ အငြင်းအခုန်ပြုမှုများနှင့် စေ့စပ်ညှိနှိုင်းမရဖြစ်နေကြပါသနည်း။ပြင်ဆင်ရန်နည်းလမ်းရှိမှန်းသိလျက်နှင့် အတ္တကြီးစွာ မျက်ကွယ်ပြုနေကြခြင်းသည်ပင် ပြဿနာအခက်အခဲကို ပိုမိုရှုပ်ထွေးစေခဲ့သည်ဟု ဆိုရပါမည်။အမှန်စင်စစ် အိမ်ကြီးကိုပြင်ဆင်ပြီးလျှင် အိမ်ကြီးကို ပိုင်ဆိုင်ခွင့် ခွဲဝေခွင့်နှင့် လုပ်ပိုင်ခွင့်တို့နှင့်ပတ်သက်သည့် သံသယစိတ်များကြီးစိုးနေခြင်းကြောင့်လည်းဖြစ်သည်ဟု ဆိုရပါမည်။ထိုသို့မဟုတ်ဘဲ အိမ်‌ကြီးကို
ပြင်ဆင်လိုက်ခြင်းအားဖြင့် လက်ရှိအိမ်ကြီးနှင့်ပတ်သက်ကာ အစစအရာရာ စီမံခြယ်လှယ်နေသော အစ်မကြီးကို လုပ်ပိုင်ခွင့်ပိုမိုပေးအပ်လိုက်သလိုဖြစ်နေမည်ကို စိုးရိမ်ပူပန်နေကြခြင်းလည်း ဖြစ်ဖွယ်ရှိသည်။သို့တည်းမဟုတ် အိမ်ကြီးကိုမွမ်းမံပြင်ဆင်ပြီးပါက အစ်မကြီးအ‌နေနှင့် မောင်နှမများ၏ အကျိုးခံစားခွင့်ကို အမှန်တကယ်ဖော်ဆောင်ပေးရန် အာမခံချက်ရှိ၊ မရှိ သံသယစိတ်ဝင်နေကြခြင်းလည်းဖြစ်သည်။

အမွေဆိုင်အိမ်ကြီး ပြင်ဆင်ရေးနဲ့ပတ်သက်ကာ ထိုသို့သော စိုးရိမ်ပူပန်စိတ်၊ သံသယစိတ်များက အိမ်ကြီးပြင်ဆင်မှုပြုနိုင်ရေးကို ဟန့်တားတုံ့ဆိုင်းစေသကဲ့သို့ဖြစ်နေခြင်းလည်းဖြစ်သည်။ထိုသို့သောအနေအထားမှပင် အမွေဆိုင်အိမ်ကြီး အရှည်တည်တံ့ရေးဟူသော အရေးကိစ္စမှာ အပ်နှင့်ထွင်းရမည့်နေရာတွင် ပုဆိန်ဖြင့်ပေါက်ရမည့်ကိန်းဆီသို့ ရုတ်ခြည်းဆိုသလို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဆိုရလျှင် ကျွန်တော်တို့မောင်နှမများထဲမှ အစ်မကြီး၏အောက်က အစ်ကိုကြီးက ဥပဒေကိုလက်တစ်လုံးခြားပြုကာ အမွေဆိုင်အိမ်ကြီးနှင့်ပတ်သက်သမျှ သူ့ခြေသူ့လက်ဖြစ်လာစေရန် ကြံစည်လုပ်ဆောင်လာခဲ့သောကြောင့်ပင်ဖြစ်သည်။ယင်းသည်ပင် ကျွန်တော်တို့မောင်နှမများအကြားတွင် နားလည်ခွင့်လွှတ်စိတ်၊ သည်းခံနိုင်စိတ်များ ပျောက်ဆုံးကာ ဆန့်ကျင်ဘက်စောဒကတက်မှုများနှင့်အတူ စိတ်ပျက်ဖွယ်ရာကောင်းလှသည့် သဘောကွဲလွဲမှုကို ပိုမိုကြီးထွားစေခဲ့သည်ဟု ဆိုရပါတော့မည်။

စင်စစ် အမွေဆိုင်အိမ်ကြီး ပျက်စီးယိုယွင်းမှုဆီကို ဦးတည်စေခဲ့ရသည့် အကြောင်းအရင်းများတွင် ကျွန်တော်တို့မောင်နှမတစ်စု၏ တာဝန်မကင်းသည်ကိုလည်း ဝန်ခံရပါမည်။ကျွန်တော်တို့မိဘများလက်ထက် အိမ်ကြီး၏စီးပွားဖြစ်ထွန်းစဉ်အချိန်က အိမ်ကြီး၏အနာဂတ်အရေးကို အလေးအနက်တွေးဖို့ထက် ကိုယ်စိတ်သန်ရာအတွေးအယူနှင့်အတူ အတ္တဆန်စွာခွဲထွက်သွားခဲ့ကြခြင်းကလည်း အကြောင်းတစ်ချက်ဖြစ်သည်။ယခုတော့ သွေးရင်းမောင်နှမတို့ကို လျစ်လျူရှုကာ သူ့အကျိုးစီးပွားအတွက် အလိုလောဘကြီးကာပြုမူနေသည့် အစ်ကိုကြီးကြောင့် ညီအစ်ကိုမောင်နှမအကြား စိတ်ဝမ်းကွဲမှုကို ပိုမိုကြီးထွားလာစေခဲ့သည်ဟု ဆိုရပါမည်။

ဖုန်းထဲမှနေကာ မကျေမနပ်ရင်ဖွင့်သွားခဲ့သော ညီမငယ်၏ စောဒကတက်မှုများကို အထပ်ထပ်အခါခါ တွေးဆဆင်ခြင်မိနေပါသည်။

မည်သို့ဆိုစေ လက်ရှိအနေအထားအရ ကျွန်တော်တို့မောင်နှမတစ်စု စိတ်ဝမ်းကွဲနေသမျှ အမွေဆိုင်အိမ်ကြီး၏အနာဂတ်မှာ မည်သို့မျှလှပလာနိုင်စရာရှိမည်မဟုတ်ဟူသော အတွေးနှင့်အတူ မောနေမိပါသည်။

မြင့်နောင်မိုး
ဇူလိုင် - ၂၈