【 ဆောင်းပါး 】 အသက်ရှုသံများ

【 ဆောင်းပါး 】 အသက်ရှုသံများ

ခပ်ဝေးဝေးမြင်ရသည့်နေရာအထိ ဘယ်အရာတွေရှိမလဲဆိုတာ ကျွန်တော်တို့မသိ။သို့သော် တချို့နေရာများတွင် ကျွန်တော်တို့စိတ်အသိက မြင်နိုင်သည့်အရာတွေရှိနေသည်ကိုတော့ ကျွန်တော်တို့သိသည်။သို့သော် ဖမ်းဆုပ်နိုင်ရန်က ခက်ခဲလွန်းသည်။ကျွန်တော်တို့ကိုယ်တိုင်ပင်လျှင် တစ်ခါတစ်ရံ ခက်ခဲလွန်းသည့် ထိတွေ့မှုတစ်ခုပင်ဖြစ်လိမ့်မည်။

(၁) “အဆုံးထိလျှောက်မယ်ဆိုရင် ဘယ်လောက်ကြာမလဲ” ဟု တစ်စုံတစ်ယောက်က ကျွန်တော့်ကိုမေးလျှင် ကျွန်တော်ဖြေရခက်သည်။တချို့ညများတွင် ကျွန်တော့်ဘေးတွင်ရှိနေသည့်လေထုက ကျွန်တော်အတွက် ပါးလျှ လွန်းသည်အထိ အတွေးတွေက ဝေဝါးလွန်းလှသည်။ကျွန်တော် ဘယ်အရပ်ဆီသွားချင်နေသလဲဆိုတာ ကျွန် တော်ကိုယ်တိုင်ပင်ဖမ်းဆုပ်မရ။အဆုံးထိဆိုတာ အတော်ကိုပင် ဝေးလွန်းလှသည်။ကျွန်တော်တို့အကြားရှိနေ သည့် ချစ်ခြင်းတရားတွေက ဟိုးဝေးကွာလွန်းသည့်အရပ်တွေမှာ။ဒီမှာဘဲ ချစ်ခြင်းတရားက ခင်ဗျားတို့နှင့် ကျွန်တော်အကြား စုတ်ပြတ်သတ်ကုန်တော့သည်။

အမှန်ပြောရလျှင် ဘာကိစ္စပဲဖြစ်ဖြစ် တရားလာချတတ်သည်သူတွေကို အတော်လေးကိုစက်ဆုပ်သည်။ဒါက အရာရာမှာ ကျွန်တော်ရှုံးနိမ့်ရခြင်း၏ အားနည်းချက်သင်္ကေတဟုဆိုရမလား။လူတွေရဲ့ တစ် ဦးနှင့် တစ်ဦးကြားမှာရှိနေသည့် ကြားခံတွေကို ကျွန်တော်က တန်ဖိုးမထားတတ်။မျှတမှုရှိဖို့ ထိန်းကျောင်းခြင်းဟု အမည်နာမတပ်ထားသည့် တချို့သောသူတွေ၏ မမျှတခြင်းက ကျွန်တော်တို့ကို သားသတ်သမားအောက်ရောက်စေသည်။ချစ်လို့ဟူသည့် စကားနောက်မှာ စေတနာအမှားက ကျွန်တော်တို့ကို ဝေးကွာစေသည်။ပြန်ဆုံရခြင်း၏ အခြားတစ်ဖက်မှာ သေတပန်သက်တဆုံး ရှိနေစေတတ်သည်။

တစ်ခါတစ်လေတော့ ထိုအရာတွေမှာ မွေ့ပျော်နေတတ်သည့်အခါ ကိုယ်ကိုယ်တိုင်တောင် ပျောက်ဆုံးနေတတ် သည်။အမှားများတော့ အမှန်ဖြစ်ဆိုသည်ထက် ကျွန်တော်တို့ကိုယ်တိုင်က အမှန်ထက် အမှားထဲမှာသာ မွေ့ပျော်နေခြင်ကြသည်က အမှန်။

(၂) ညဘက်ရှုမိသည့် လေထဲ ဘာတွေပါလာသလဲဆိုတာ ကျွန်တော်မသိ။သို့သော် ဝမ်းနည်းခြင်းတွေ ငိုကြွေးခြင်းတွေက သာမန်ထက်ပိုပြီး ယခုညတွေမှာပါနေသည်ကတော့ အမှန်ပင်။အသက်ရှုသံပြင်းပြင်းတွေထက် သောကတွေပိုမြင်တွေ့နေရသည့် ယခုညတွေလို ညမျိုးတွင် အရာရာသည် ထင်ထားသည်ထက် ပိုမိုကြေကွဲစရာ ကောင်းနေသည်ကတော့ အမှန်ပင်။

လေထုထဲ သဘာ၀သံတွေပါးလျှခဲ့တာ ကြာပြီဖြစ်သည်။သစ်ရွက်ခြင်းထိစပ်ပွတ်တိုက်သံက မြို့ကြီးများထက် တောတောင်ထဲတွင် ပိုကြားရသည်။ယခုတော့ တောထဲတောင်ထဲ ပြင်းထန်သော ဓာတ်ပြုပေါက်ကွဲခြင်းများက စိုးမိုးစပြုလေပြီ။သေနိုင်ခဲသောလူအချို့ကြောင့် သဘာ၀တရားပင် ကယိုင်းယိုင်းကယိုင်ယိုင်။အသိရခက်သော လူ့စိတ်က တစ်ခါတစ်လေ ချစ်ခြင်းတရားဖယ်ခွာလျှက် ရက်စက်သည့် ဖြစ်ခြင်းတွေကို မျှော်လင့်တတ်လာသည်။စိတ်ဆိုတာ ကပြောင်းကပြန် တလွဲလွဲဆိုသော်လည်း ချစ်ရသူများစွန့်ခွာသွားသည်အခါ အရာရာ ဖျက်ဆီးလိုက်ခြင်သည်ကတော့ အမှန်။ဒါကပဲ လူဖြစ်ရခြင်း၏ ဖြစ်ခြင်းပျက်ခြင်းလား ပြုခြင်းဖျက်ခြင်းလားဆိုတာ ကျွန်တော်ကိုယ်တိုင် မသဲကွဲလေတော့။

(၃) တစ်ခုတော့ မနက်ခင်းတွင် ကျွန်တော် နိုးတစ်ဝက် မနိုးတစ်ဝက်ဖြင့် အိပ်ရာထဲမှာ လူးလွန့်နေမိသည်။ထိုနေ့က မှတ်မှတ်ရရ မန်ယူအသင်းနှင့် အာဆင်နယ် သရေကျသည်။ကာဗာနီလို အဖိုးကြီးကို ပွဲထွက်လူစာရင်းမှာ ထားပြီး လူငယ်တွေများသည့် အာဆင်နယ်ကို ရင်ဆိုင်သည်။ပွဲချိန် မိနစ် ၉၀ ဘာတွေလုပ်နေကြသလဲ မသိ။စတုတ္ထမြောက် ဘီယာခွက်အမြှောက်တွင် ဒိုင်လူကြီးက ပွဲသိမ်းဝီစီမှုတ်သည်။မကျေနပ်ချက်များစွာဖြင့် ညကိုဖြတ်ကျော်ရသည်။စိတ်ထဲထင့်ကနဲ့။မနက်မှာ ဘ၀တွေများစွာ တစ်ဖက်သတ်ပွဲသိမ်းခံလိုက်ရသည်။ထိုနေ့မနက် ဖုန်းပွတ်တော့ ဘာအ၀ိုင်းမှမလည်။ယခင်နေ့ကအတိုင်း။ကြည့်ပြီးသားပို့စ်များသာ။ဆဲဆိုမှုများနှင့်သာ။မှတ်မှတ်ရရ ဖေဖေါ်၀ါရီ ၁။

အိပ်မက်ပေါင်းများစွာသည့် ထိုနေ့မနက်တွင် သေသွားခဲ့သည်။အာရုံတစ်ခုလုံး စပ်ဖျင်းဖျင်း။မမြင်ရသော ခါးသက်သက်အရသာသာသည် လျှာမှာမရှိဘဲ ဦးနှောက်ထဲမှာ အသိထဲမှာ အသွေးအသားထဲမှာ။ချစ်ခြင်းတရားက အရာအားလုံးကနေ စွန့်ခွာသွားသည်။လေထုကလည်း ခါးသက်သက်။အသက်ရှုသံတွေကလည်း ခါးသက်သက်။သိနိုင်သည့်အရာက တစ်ခုပဲရှိသည်။ခံစားချက်တွေအားလုံး စိတ်နှင့် မိုင်ပေါင်းစွာအကွာ တစ်သီးတခြားရပ်တည်နေပြီဆိုသည်ကိုပင်။

ကျွန်တော်တို့ လေထုထဲတွင် အရာရာက လွင့်စင်မြောပါသွားလျှက်။ဒီထဲမှာ မသိသားဆိုးရွားစွာ ကျွန်တော်တို့ ဖြစ်တည်ခြင်းများလည်း လွင့်ပါသွားခဲ့လေသည်။

(၄) ယခုတော့ တောင်တန်းထဲတွင် အသက်ရှုသံတွေကိုကြားရသည်။မြို့ပြတွင်လည်း အသက်ရှုသံတွေက အပြိုင်းသား။သို့သော် အာရုံစိုက်နားထောင်ကြည့်ပါက သဘာ၀ထဲတွင် ရှင်သန်ခြင်းတေးသံတွေကို ကြားနေရပြီး မြို့ထဲပြထဲမှာတော့ ချစ်ရသူတွေအတွက်ရှင်သန်ဖို့တောင်းပန်တိုးလျှိုးသံတွေ၊ အသက်ရှုသံခပ်ဖျော‌ဖျော့တွေကြားမှာ နာကြဉ်းတောက်ခတ်သံတွေ၊ ငြီးတွားသံတွေ ငိုကြွေးသံတွေထဲမှာ အံ..အံခြင်းဖိခြေသည့် ကြိတ်သံတွေနှင့်..။ မြို့ပြကား အသက်ရှုသံတွေထဲ အလဲအလဲအပြိုပြို။

ကျွန်တော်တို့သိခဲ့သော မြို့တစ်ခု၏ သရုပ်သကန်နှင့် ချစ်မြတ်နိုးဖွယ်တို့ကာ ဟိုးအတိတ်မှာ တမ်းတစရာ အဖြစ် ကျန်ခဲ့လေပြီ။ယခုမှာကား မြို့များကိုယ်တိုင် ရှင်သန်ခွင့်အတွက် အောက်ဆီဂျင်အရှာထွက်လျှက်။

လင်းနိုင်ကျော်စိုး
ဇူလိုင် - ၂၂