【 ဆောင်းပါး 】 အသီးမှာ သရက် ပြည်ပဈေးကွက်

【 ဆောင်းပါး 】 အသီးမှာ သရက် ပြည်ပဈေးကွက်

အသီးတွင် သရက်၊ အသားတွင် ဝက်၊ အရွက်တွင် လက်ဖက် ဆိုရိုးအတိုင်း သရက်သီး၏ အရသာကို လူတို့အလွန်နှစ်သက်ကြသည်။
 
သရက်သီး မကြိုက်နှစ်သက်သူ အလွန်ပင်ရှားမည်ဖြစ်သည်။
 
လူတို့သည် သရက်သီးကို စားဖွယ်မျိုးစုံ 
ပြုလုပ်၍ စားသုံးကြသည်။မြန်မာနိုင်ငံရှိ နေအိမ်ခြံဝန်းတော်တော်များများတွင် သရက်ပင်များ စိုက်ပျိုးကြသည်။သရက်ပင်သည် အရိပ်ရ အပင်တစ်မျိုးလည်းဖြစ်၍ ပူပြင်းသော နွေရာသီတွင် အေးမြသောအရိပ်ကို ပေးစွမ်းသည်။နေအိမ်ခြံဝိုင်းထဲမှာ သရက်ပင်တစ်ပင်မျှရှိပါက သရက်သီးရာသီရောက်လျှင် ပြည့်ပြည့်ဝဝ စားရတော့သည်။သရက်ပင် နှစ်ပင်၊ သုံးပင်မျှရှိသည့် နေအိမ်ခြံဝန်းများဆိုလျှင် မိမိအိမ်ကမိသားစု ပြည့်ပြည့်ဝဝစားရသည့်အပြင် အိမ်နီးချင်း အိမ်များအထိ ဝေငှပေးကမ်းနိုင်ကြသည်။
 
ယခုလိုမြင်ကွင်းက ဒေသတော်တော်များများ၌ တွေ့ရပြီး စီးပွားဖြစ်စိုက်ပျိုးခြင်း မဟုတ်သေးဘဲ မိသားစု စားသုံးရန် စိုက်ပျိုးခြင်းသာဖြစ်သည်။သရက်ပင်သည် နှစ်ရှည်ပင်အမျိုးအစားတွင် ပါဝင်သော အပင်ဖြစ်ပြီး ရေရှည်အကျိုးဖြစ်ထွန်းသော သီးနှံပင်တစ်မျိုးဖြစ်သည်။စီးပွားဖြစ် သရက်စိုက်ပျိုးမှုများကို ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြသည်။အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သရက်ပင်ကို စီးပွားဖြစ်စိုက်ပျိုးမှုများရှိပါသည်။
 
သရက်မျိုးစိတ်များတွင် ရင်ကွဲသရက်၊ စိန်တစ်လုံး၊ မချစ်စု၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ထောပတ်၊ သုံးလုံးတစ်တောင်၊ သံချိတ်သီး၊ စိမ်းစားသရက် စသည်ဖြင့် သရက်မျိုးစိတ်ပေါင်း ၄၀၀ ကျော်ရှိပါသည်။
 
သရက်ပင် မြေချစိုက်ပျိုးရန် အကောင်းဆုံးအချိန်ကတော့ တန်ခူးလမှ နယုန်လအတွင်းဖြစ်ပါသည်။ပျိုးပင် မြေချသည့်ရက် ၄ နှစ်မှ ၅ နှစ်အတွင်း အပွင့်အကင်းများဆင်၍ အသီးသီးသော နှစ်ရှည်သီးပင်မျိုးဖြစ်ပါသည်။နွေရာသီတွင် အသီးသီးကြ၍ တချို့မျိုးများမှာ တစ်နှစ်လျှင် နှစ်ခါအသီးသီးကြသည်။
 
မြင်တွေ့နေကျ ဝန်းကျင်မှာဆိုလျှင် နေအိမ်ခြံဝန်းများ၌ သရက်သီးအကင်းလေးများ အပင်ပေါ်ကကြွေကျလာလျှင် တို့စရာအဖြစ် ထမင်းဝိုင်းထဲတွင် ပါဝင်သည်။အသီးအနည်းငယ်ကြီးလာလျှင် သရက်သီးကို ဓားဖြင့် ခပ်ပါးပါးများလှီး၍ ငရုတ်သီး၊ ငံပြာရည်ဖြင့် သုတ်စားကြသည်။သရက်သီးပေါ်ချိန် နွေရာသီကာလ နေ့ခင်းနေ့လည်များ၌ အမျိုးသမီးများ အများဆုံးသုတ်စားကြလေ့ရှိကြသည်။ထို့အပြင် သရက်သီးစိမ်းကို သရက်သီးသနပ်ပြုလုပ်ခြင်း၊ သရက်သီးဆားရည်စိမ်စားခြင်းတို့ဖြင့် စားသုံးကြပြီး သရက်သီးမှည့်ကို ထိုအတိုင်း စားသုံးကြသည်။
 
အသီးအနှံများသည် လူသားတို့ကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အကူပေးသည်။ထိုအထဲတွင် သရက်သီးလည်းအပါအဝင်ဖြစ်သည်။သရက်သီးတွင် ဗီတာမင်များစွာပါဝင်ပြီး ဝမ်းမချုပ်စေခြင်း၊ နှလုံးကျန်းမာရေးကောင်းခြင်း၊ အသားအရေစိုပြေခြင်း၊ ဆီးကျိတ်ကင်ဆာနှင့် ရင်သားကင်ဆာဆဲလ်များကို ဟန့်တားနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာရှိသည်။သို့သော် အမှည့်လွန်သရက်သီးများ စားသုံးမိလျှင်လည်ကောင်း၊ လိုသည်ထက် လွန်ကဲစွာ စားသုံးမိလျှင်လည်ကောင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါများကို ဖြစ်ပွားစေနိုင်ပါသည်။
 
သရက်သီးမှည့်သည် အတွင်းသား ဝင်းဝါ၍ ချိုအေးသောအရသာနှင့် ချိုမွှေးသောအရသာကို ပေးစွမ်းနိုင်၍ လူတိုင်းကြိုက်နှစ်သက်ကြခြင်းဖြစ်သည်။ပြည်တွင်းမှာ ရင်ကွဲသရက်အမျိုးအစားကို အများဆုံးစိုက်ပျိုးသည်။စိန်တစ်လုံးသရက်ကတော့ မြန်မာနိုင်ငံ၏ လူကြိုက်အားနှင့် ပြည်ပပို့အား အကောင်းဆုံးအမျိုးအစားဖြစ်ပါသည်။စိန်တစ်လုံးသရက်သည် ချိုသောအရသာ၊ တောက်ပသောအရောင်အသွေးနှင့် မွှေးပျံ့သည့် ရနံ့ရှိသည့် ထိပ်တန်းသရက်သီးတစ်မျိုးဖြစ်သည်။
 
စိန်တစ်လုံးသရက်သီးကို မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြသည်။
 
စိန်တစ်လုံးသရက်က တရုတ်ဈေးကွက်ကို အများဆုံးတင်ပို့ရပြီး ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်း ရှမ်းပြည်နယ်မှ သရက်တန်ချိန် ၂၀၀၀ ကျော် တင်ပို့ခဲ့သည်ဟု သရက်သီးတင်ပို့သူများထံမှ သိရသည်။
 
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သရက်သီးတင်ပို့သည့် ဈေးကွက်၌ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။မြန်မာ့သရက်သီး ၇၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေရပြီး ထိုင်း၊ စင်ကာပူ၊ ရရှားနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့မှုများလည်းရှိသည်။ 
 
တရုတ်ဈေးကွက်သို့ စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက်နှင့် မယ်သီသရက်သီးတို့ နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိသည်။ယခုနှစ်ထဲတွင် ရင်ကွဲသရက်သီးသည် တရုတ်ဈေးကွက်၌ ဈေးကောင်းရရှိခဲ့သည်။မြေပြန့်ဒေသ၌ သရက်သီးရာသီကုန်ချိန်ဖြစ်သော်လည်း  ရင်ကွဲသရက်သီးများ တရုတ်နိုင်ငံ ဈေးကွက်ထဲသို့ တင်ပို့ရောင်းချလျက်ရှိသည်။
 
သရက်သီးကို ပြည်ပတင်ပို့ရာတွင် လတ်ဆတ်ပြီး အထားခံနိုင်ရန် လိုအပ်သည်။သရက်သီးများ တင်ပို့နေရင်း အချဉ်ဓာတ်တိုးလာခြင်း၊ မည်း၍ရှုံ့တွလာခြင်း၊ ပုပ်လာခြင်းများ ဖြစ်ပေါ်ပါက ဈေးကွက်ပျက်သည်။ထို့ကြောင့် ပို့ကုန်လုပ်ငန်းစဉ်တစ်လျှောက် အရေးကြီးလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။တစ်ခါတရံ အရည်အသွေးမကောင်းခြင်းကြောင့် ပြည်ပဝယ်လိုအားများ ကျဆင်းသွားသည့် အခြေအနေများလည်းရှိသည်။
 
သရက်သီးပို့ကုန် တင်ပို့ရာတွင် အရေအတွက်ထက် သရက်သီး၏ အရည်အသွေး၊ အရောင်၊ အရွယ်အစားတို့က အရေးကြီးသည်။သရက်ပင်များအတွက် သင့်လျော်သော ရာသီဥတုရှိရမည်။မြေဩဇာကောင်းသော မြေဆီလွှာရှိသော်လည်း ပို့ကုန်စံချိန်စံညွှန်းနှင့် မကိုက်ညီပါက အကျိုးအမြတ်နည်းပါးသည်။
 
တရုတ်နိုင်ငံ၏ အကောက်ခွန်မူဝါဒ အပြောင်းအလဲများကြောင့် သရက်သီးတင်ပို့ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိသဖြင့် သရက်သီးအရည်အသွေးကျဆင်းခဲ့သည်များရှိသည်။ထို့အပြင် သွင်းအားစုစရိတ်ကြီးမြင့်လာခြင်းကလည်း စိုက်ပျိုးရေးတောင်သူများအတွက် အမြဲစိန်ခေါ်မှုဖြစ်သည်။ယင်းအခြေအနေများအတွက် အလေအလွင့်မဖြစ်ရန် သရက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းက အရေးပါလာသည်။
 
သရက်သီးမှ သရက်ပြင်၊ သရက်သီးခြောက်၊ ဖျော်ရည်၊ သရက်ယိုထိုးခြင်း အစရှိသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် စားသုံးနိုင်သည်။ပြည်တွင်း၌ အေးခဲသရက်သီးအနှစ်၊ သရက်သီးသနပ် စသည့် စားသောက်ကုန်များ တစ်နိုင်တစ်ပိုင် ထုတ်လုပ်ကြသည်။မြန်မာ့သရက်သီးကို ပြည်ပတင်ပို့ရာတွင်  တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်ရန် ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။
 
ပုပ်သိုးပျက်စီးလွယ်သည့် အသီးအနှံများကို ယခုကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးနိုင်ခြင်းက စိုက်ပျိုးထုတ်လုပ်သူများအတွက် များစွာအကျိုးရှိပါသည်။မြန်မာနိုင်ငံတွင် သရက်သီးကဲ့သို့ အခြားသော သီးနှံများတွင်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် နည်းပညာများ လိုအပ်လျက် ရှိနေပါသေးသည်။
 
အာဟာရတန်ဖိုးများစွာဖြင့် အရသာရှိလှသော မြန်မာ့သရက်သီးကို အရည်အသွေးကောင်းများ ရရှိအောင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပဈေးကွက်ချဲ့ထွင်းနိုင်ပါက မြေကြီးက ရွှေသီးသကဲ့သို့ အကျိုးရှိမည်သာဖြစ်ပါတော့သည်။
 
အမွန်