【 ဆောင်းပါး 】 အာခိမိဒိရဲ့ ‌မောင်းတံနဲ့ အလုပ်ပုံစံပြောင်းလဲခြင်း

【 ဆောင်းပါး 】 အာခိမိဒိရဲ့ ‌မောင်းတံနဲ့ အလုပ်ပုံစံပြောင်းလဲခြင်း

အရင်တစ်ပတ်‌ ဆောင်းပါးမှာ ဖော်ပြခဲ့သလို လူတွေက လုပ်ကိုင်မှုပုံစံပြောင်းဖို့အတွက် ပံ့ပိုးဆောင်ရွက်ချင်ကြတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ရည်ရွယ်ချက်ခြင်း အလုပ်ခြင်းမတူကြတဲ့အတွက် ဘယ်အပိုင်းကို ဘယ်လို/ဘာတွေ ပြောင်းမှာလဲဆိုတာက အရင်စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။

ပြောင်းတိုင်းလည်း ပိုကောင်းတယ် ပိုထိရောက်မယ် တိုးတက်မယ်လို့ အတိအကျပြောလို့ မရလို့ပါပဲ။

ဒီအပေါ်မှာ မော်တန် တီ ဟန်ဆန် ရှင်းပြထားတာက - ဟတ်မု ဂရဇ်စ်ကျတော့ တန်ဖိုးဖန်တီးဖို့အတွက် အရင်စဉ်းစားလုပ်တတ်တယ်။

သူပြောပြတာက “ကျွန်တော်က ဘာတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ အရင်ကြည့်တယ်၊ နောက်တစ်ဆင့်ကျ အဲဒါကို နည်းအသစ်နဲ့ ဘယ်လိုလုပ်နိုင်မလဲဆိုတာ စဉ်းစားရှာဖွေကြည့်တယ်။အကြီးအကျယ် ပြောင်းလဲတိုးတက်စေနိုင်မယ့် နည်းလမ်းကို ရှာကြည့်တယ်။”

စစချင်းမှာ ဂရဇ်စ်က တန်ဖိုးညီမျှခြင်းမှာ ဖော်ပြထားတဲ့ အကျိုးကျေးဇူး ကြီးကြီးရစေနိုင်မယ့် လုပ်ငန်းတစ်ခု - တန်ဂီယာဆိပ်ကမ်းဝန်းကနေ ကွန်တိန်နာအထုတ်အသွင်း လုပ်ဆောင်ခြင်းကို အရင်ဆုံး အာရုံစိုက် ရွေးကြည့်လိုက်တယ်။ဒါက တကယ့်မှန်ကန်တဲ့ ‌ရွေးချယ်မှုပါ။အဲလိုရွေးပြီးမှ အဲဒီရွေးချယ်ခဲ့တဲ့ လုပ်ငန်းတစ်ခုတည်းအပေါ်မှာပဲ သူနဲ့ သူ့အဖွဲ့သားတွေအနေနဲ့ ဘယ်လို ပိုကောင်းအောင်၊ ပိုမြန်အောင်၊ ကုန်ကျစရိတ် ပိုသက်သာအောင် ဘယ်လိုပုံစံအသစ်ပြောင်းလုပ်မလဲဆိုတာကိုပဲ အရင်စဉ်းစားဆုံးဖြတ်တယ်။အဲဒါကတော့ မှန်ကန်တဲ့ လုပ်ဆောင်မှုပါ။ဒါနဲ့ပတ်သက်ပြီး “တန်ဖိုးဖန်တီးနည်း ငါးသွယ်” ကို ဇယားနဲ့ ဖော်ပြပေးပါမယ်။

            တန်ဖိုးဖန်တီးနည်း ငါးသွယ်

အဓိကမေးခွန်း တန်ဖိုးတိုးမြှင့်နည်း ဥပမာ သင်မှန်ကန်သော လုပ်ရပ်တွေကို လုပ်ဆောင်နေသလား။

            ၁။ အနုပ်စားတွေလျှော့ - တန်ဖိုးနည်းနည်းပဲရှိတဲ့ လက်ရှိလုပ်ငန်းတွေကို ဖြုတ်ပစ် ဒါမှမဟုတ် လျှော့ချပါ။ထရပ်ကားတွေကို ဖွင့်ဖောက် အလေးချိန်တဲ့ APM ဆိပ်ကမ်းရဲ့ လုပ်ငန်းကို ဘယ်သူကမှ တန်ဖိုးမထားဘူးဆိုတဲ့ HP မန်နေဂျာရဲ့ တင်ပြချက်။

            ၂။ မှန်တာပိုလုပ် - လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေထဲက တန်ဖိုးကြီးတဲ့ အလုပ်ကို ပိုလုပ်ပါ။ဟတ်မု ဂရဇ်စ်က ကွန်တိန်နာပြီးစီးနှုန်းကို အာရုံစိုက်ခဲ့တယ်။

            ၃။ “ဟိုက် ရှားလား” ပိုလုပ် - တန်ဖိုးကြီးကြီးပေးနိုင်မယ့် နည်းလမ်းသစ်ဖန်တီးပါ။ဂရဇ်စ်ရဲ့ သင်္ဘောကုမ္ပဏီတွေနဲ့ ကုန်စည်ပို့ဆောင်သူတို့အတွက် “လမ်းကြောင်းဝန်ဆောင်မှု”
သင်လုပ်ငန်းရပ်တွေကို မှန်ကန်အောင် လုပ်ဆောင်နေသလား။

            ၄။ ကြယ်ငါးပွင့်အဆင့်ဝင်အောင်လုပ် - သင်လုပ်ဖို့ ရွေးထားတဲ့ လုပ်ငန်းတွေရဲ့ အရည်အသွေးကို ပိုမိုမြှင့်တင်ပေးနိုင်မယ့် နည်းလမ်း အသစ်ရှာပါ။ဂရက်ဂရင်းရဲ့ ပြောင်းပြန် စာသင်ခန်းစနစ်နဲ့ သင်ကြားမှု
သင်ယူမှု အရည်အသွေးကို ပြောင်းလဲခြင်း။ဂရဇ်စ်ရဲ့  
လမ်းကြောင်း ဝန်ဆောင်မှု။

            ၅။ မြန်ကောင်းသက်သာ - သင်လုပ်ဖို့ ရွေးထားတဲ့ လုပ်ငန်းတွေကို ပိုမြန်ဆန်ထိရောက်အောင် လုပ်နိုင်မယ့် နည်းလမ်းအသစ်ရှာပါ။ဂရဇ်စ်ရဲ့
“ဘယ်‌တော့မှ ခါလီမမောင်းနဲ့” အကြံပေးချက်။

အဲဒီလိုရှင်းပြပြီးတဲ့ နောက်မှာ တီ ဟန်ဆန်က “အာခိမိဒိရဲ့ မောင်းတံ (သို့မဟုတ် ကုတ်တံ)” သီအိုရီနဲ့ ခိုင်းနှိုင်းပြီး မိမိအလုပ်ကို ပိုထိရောက်ပြီး တန်ဖိုးပိုရှိလာအောင် အလုပ်ပုံစံကို ဘယ်လိုပြောင်းလဲ အလုပ်လုပ်ကြမလဲဆိုတာကို အောက်ပါအတိုင်း လက်တွေ့အဖြစ်အပျက်လေးတွေနဲ့ ဆက်ပြီးတင်ပြထားပါတယ်။

ဂရဇ်စ်ရဲ့ တန်ဂျီယာဆိပ်ကမ်း တိုးတက်အောင် လုပ်ခဲ့တာကို လုပ်ငန်းပိုင်း အကြီးစား ပြောင်းလဲမှုလို့ ဆိုနိုင်ပါတယ်။ဒါပေမဲ့ ထိရောက်တဲ့ လုပ်ငန်းပုံစံပြောင်းလဲခြင်းဖြစ်ဖို့အတွက် အကြီးအကျယ် ပြောင်းလဲမှုလုပ်ပစ်ဖို့ မလိုအပ်ပါဘူး။

ရေး-နျူးဟဲဗင်း ဆေးရုံကြီးက လူနာတွေကို ညလယ်ကောင်ကြီး သွေးဖောက်စစ်ဆေးဖို့အတွက် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပါတယ်။လူနာခန်းတွေထဲကို ဝင်လိုက်ထွက်လိုက်၊ လူနာတွေကို နှိုးပြီး လက်မောင်းသွေး‌ဖောက်လိုက်နဲ့ လုပ်ခဲ့ကြရပါတယ်။ဒီလိုလုပ်ဆောင်ခြင်းဟာ နောက်မနက် ရောင်းလှည့် (အဆောင်လှည့်ပြီး လူနာလှည့်ကြည့်) တဲ့အခါ သွေးအဖြေ လက်ထဲအဆင်သင့်ရှိနေတာမို့လို့ ဆရာဝန်တွေအတွက် သိပ်အဆင်ပြေပါတယ်။

လူနာတွေကရော ခုလို အနှိုးခံရတာကို ကြိုက်ကြပါ့မလား။လုံးဝမကြိုက်ရေးချ မကြိုက်ပေါ့။ဒါပေမဲ့ ဆေးရုံဝန်ထမ်း နည်းနည်းလေးကပဲ ဒါကိုမေးကြည့်ဖြစ်ခဲ့တယ်။ ဆေးရုံရဲ့ ဆရာဝန်တစ်ယောက်လည်းဖြစ်၊ လူနာရဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး လေ့လာနေသူတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာ မိုက်ကယ် ဘန်နစ်ဆိုသူက ဆေးကုသစောင့်ရှောက်ရေးအတွက် စစ်တမ်းကောက်ယူထားတဲ့ ရလဒ်တွေကို စစ်ဆေးကြည့်တော့ လူနာတွေကို ညဘက် လူနာဆောင်တွေက တိတ်ဆိတ်မှုရှိရလားဆိုတဲ့ မေးခွန်းအပေါ် လူနာတွေရဲ့ ဖြေထားတဲ့ မကျေနပ်ချက်တွေက သူ့ကို တုန်လှုပ်သွားစေခဲ့တယ်။ဒီအခြေအနေကို ကုစားဖို့အတွက် ရည်ရွယ်ပြီး သူက အဲဒီအဆောင်မှာ တာဝန်ကျတဲ့ ဆရာဝန်တွေကို “လူနာတွေကို မနက်လေးနာရီကြီးမှာ နှိုးပြီး သွေးဖောက်ယူရတာဟာ ဆေးကုသမှုအတွက် လိုအပ်လို့ပဲဖြစ်မှာ သေချာတယ်၊ အဲဒီတော့ ဆရာ့ကိုလည်း အဲဒီအချိန်မှာနှိုးပါ၊ ဒါမှ ဆရာလည်း ဘာဆိုတာ ခြေခြေမြစ်မြစ် သိရမှာ” လို့ ခေါ်ပြောခဲ့တယ်။

သူ့ကို ဘယ်သူမှ မနှိုးပါ၊ အဲဒီအစား သွေးဖောက်မယ့်သူတွေက လူနာတွေ နိုးတဲ့အချိန်ကျမှပဲ သွေးဖောက်ယူကြတော့တယ်။ဒီကိစ္စနဲ့ပတ်သက်တဲ့ စစ်တမ်းမေးခွန်းအတွက် ဆေးရုံရဲ့ ရမှတ်ကလည်း လူနာစောင့်ရှောက်ရေးအရည်အသွေးကို ထိခိုက်မှုမရှိဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၁၆ ကနေ ၄၇ ရာခိုင်နှုန်းအမှတ်ထိ ခုန်တက်သွားခဲ့တယ်။ ဆရာဝန်အဆင်ပြေစေရေး (အတွင်းမှ အပြင်သို့) ရှုဒေါင့်နဲ့ မကြည့်ဘဲ၊ လူနာရဲ့ အမြင် (အပြင်မှ အတွင်းသို့) ရှုဒေါင့်ကနေကြည့်ပြီး ဒေါက်တာ ဘန်နစ်က လူနာတွေအတွက် ပိုကောင်းတဲ့ တန်ဖိုးကို ဖန်တီးနိုင်ခဲ့တယ်၊ လူနာတွေ အခုဆို ညဖက် အိပ်ရေးဝဝ အိပ်ကြရပါပြီ။ဒီအဖြစ်ကို သုံးသပ်ရင် သေးငယ်တဲ့ ပြုပြင်ပြောင်းလဲမှုလေးက အလေးအနက် သဘောထားရမယ့် “လူနာအခန်းတွင်း ဆိပ်ငြိမ်မှု” ဆိုတဲ့ ရမှတ်ကို ခုန်တက်သွားစေခဲ့ကြောင်း တွေ့ရမှာပါ။

‌ဒေါက်တာ ဘန်နစ် ဝင်ပါလိုက်တဲ့ ကိစ္စက စဉ်းစားစရာ အချက်တွေကို ပေးပါတယ်၊ လူတွေက အလုပ်ပုံစံကို ပြောင်းကြတဲ့အခါ အဓိကအချက်က လုပ်ဆောင်လိုက်တဲ့ ပြောင်းလဲမှု အတိုင်းအတာဒီဂရီ မဟုတ်ဘဲ ဘယ်လောက် တန်ဖိုးကြီးကြီးမားမား  ဖော်‌ဆောင်နိုင်သလဲဆိုတာကသာ အရေးပါတယ်ဆိုတာကို တွေ့နိုင်မှာပါ။

သေးငယ်တဲ့ အလုပ်ပုံစံပြောင်းလဲခြင်းကနေ လုပ်ငန်းခွင်တစ်ခုလုံးအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ရစေနိုင်ပါတယ်။အချိန်တိုတိုနဲ့ ထိရောက်တဲ့ အစည်းအဝေးမျိုး လိုချင်လား။သင့်အနေနဲ့ ကောင်းမွန်တဲ့ အစည်းအဝေးအစီအစဉ်ရှိဖို့ လိုပါတယ်၊ ဒါမှမဟုတ် လူတွေကို ဝေ့ဝိုက်စကားပြောနေလို့ မရအောင် စည်းကမ်းသတ်မှတ်ထားဖို့ လိုပါတယ်။

ဒါမှမဟုတ် နောက်ထပ်စဉ်းစားလို့ရမှာက အခန်းထဲက ထိုင်ခုံတွေ အားလုံးကို ဖယ်ထုတ်ပစ်လိုက်ပြီး လူတွေကို မတ်တပ်အစည်းအဝေးလုပ်ဖို့ တိုက်တွန်းစည်းရုံးပါ။သုတေသနတွေ့ရှိချက်တွေအရ မတ်တပ်အစည်းအဝေးက ထိုင်လုပ်တဲ့ အစည်းအဝေးထက် ၃၅ ရာခိုင်နှုန်း ပိုမြန်မြန်ပြီးစီးပြီး၊ ထိရောက်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်တာခြင်းကလည်း အတူတူပါပဲတဲ့။

ဖုန်းဖြင့် ဝန်ဆောင်မှုပေးပြီး အခက်အခဲဖြေရှင်းပေးတဲ့ စင်တာတွေကို ပိုကောင်းအောင် လုပ်နိုင်စေချင်သလား၊ သင်တန်းပေးပို့မှုအတွက် စရိတ်ပိုသုံးစွဲပေးပါ၊ အသင်းအဖွဲ့ စိတ်ဓာတ်နဲ့ အဖွဲ့လိုက် လုပ်ဆောင်မှုကို အားပေးတဲ့ သင်တန်းတွေကို မြို့ပြင် ခရီးတိုထွက်ပြီးလုပ်ဖို့ အစီအစဉ်ဆွဲလိုက်ပါ။တစ်ဦးချင်း တကွဲတပြား နေကြမယ့်အစား ကော်ဖီသောက်ဖို့ နားချိန်မှာ ဝန်ထမ်းအချင်းချင်း အုပ်စုလိုက် တွေ့ဆုံကြဖို့ ရိုးရိုးလေး စီစဉ်ပါ။ (သူတို့ရဲ့ အလုပ်တွေကို ကျန်တဲ့ တစ်ဖွဲ့က နောက်တန်းမှာ ကိုယ်စားလုပ်ပြီး ထိန်းထားပေါ့)။

မန်ဆာချူးဆက်ပြည်နယ် နည်းပညာတက္ကသိုလ်က ဆန်ဒီပန်တလန်က ဒီလိုကြားဖြတ်အစီအစဉ် အ‌‌သေးလေးတွေလုပ်ဖို့ အားပေးခဲ့ပြီး အဲဒါကို ဘဏ်ကြီးကြပ်ရေးမှူးက ရှေ့ပြေးအကောင်အထည်ဖော် လုပ်ကြည့်ခဲ့ပါတယ်။ဖုန်းဖြင့် ဝန်ဆောင်မှုပေးပြီး အခက်အခဲဖြေရှင်းပေးတဲ့ စင်တာက ဝန်ထမ်းတွေကို ကော်ဖီသောက်နားချိန် အတူတူဖြစ်အောင် ဖန်တီးပေးပြီး တွေ့ဆုံစေပါတယ်။အဲလိုလုပ်ပေးတဲ့အတွက် အရင်က ဖာသိဖာသာနေကြတဲ့ အဖွဲ့တွေဟာ စည်းလုံးပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေကို ပျိုးထောင်လာနိုင်ကြတယ်။ ဝန်ထမ်းအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုများလာတာနဲ့အတူ ဖုန်းနဲ့ ဆက်သွယ်လာတာတွေကို ပြန်ကြားတဲ့ ကြာချိန်ဟာ လုပ်ဆောင်မှုအားနည်းတဲ့ အဖွဲ့မှာ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပြီး၊ အားလုံးအပေါ်မှာ ခြုံကြည့်ရင်တော့ ၈ ရာခိုင်နှုန်း လျော့ကျသွားတာ တွေ့ခဲ့ရတယ်။

အခုပြောပြခဲ့တဲ့ နမူနာတွေက ဂရိသင်္ချာပညာရှင်ကြီး အာခိမိဒိရဲ့ ကျော်ကြားတဲ့ သင်ခန်းစာတစ်ခုကို သတိရသွားစေတယ်။ “ကျွန်တော့်ကို ခြေချစရာ တစ်နေရာနဲ့ လိုချင်တဲ့ အရှည်ရှိတဲ့ မောင်းတံ (ကုတ်တံ) တစ်ချောင်းသာပေးပါ၊ ကမ္ဘာကြီးကို ရွှေ့ပြနိုင်ပါတယ်” တဲ့။

“သင့်အိမ်နောက်ဖေးခြံထဲက ကျောက်တုံးကြီးကို ဘယ်လိုရွှေ့မလဲ” ၊ သေချာတယ် သင်က ဗလတောင့်တောင့် အိမ်နီးနားချင်းငါးယောက်ကို အကူအညီတောင်းပြီး သူတို့နဲ့ညာသံပေးပြီး ဟောဟဲလိုက်အောင် ဝိုင်းမကြရမှာ မဟုတ်လား။အဲလိုမဟုတ်ပဲ အားသိပ်မစိုက်ရပဲ ရလဒ်အတူတူဖြစ်သော မောင်းတံနဲ့ ဆုံချက်ကို သင့်အနေနဲ့ အသုံးချမည်လော။ ပါးနပ်တဲ့ ပုံစံပြောင်းအလုပ်လုပ်ခြင်းဆိုတာ အဲဒီ လူသိများ ကျော်ကြားလှတဲ့ မောင်းတံ (ကုတ်တံ) အသုံးပြုပုံကို ရှာပြီး လိမ္မာစွာ အသုံးချတာပဲဖြစ်ပါတယ်။ဒါက မပင်မပန်း ဉာဏ်ပါပါအလုပ်လုပ်ခြင်းပင် မဟုတ်ပါလော။

ပုံစံပြောင်း အလုပ်လုပ်တာ လူတိုင်းအတွက်လား သေချာတာပေါ့၊ သင်ပြောသလို အလုပ်ပုံစံပြောင်းလုပ်တယ်ဆိုတာ ကြားလို့ ကောင်းလိုက်တာ။အဲဒါက သူဌေးတွေ ပိုင်ရှင်တွေအတွက်လား၊ ကိုယ့်ဥပဒေ ကိုယ်တိုင်ထုတ်နိုင်တဲ့ အချို့ကံကောင်းသူတွေအတွက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါနဲ့ ကျန်တဲ့ ကျွန်တော်တို့လိုလူတွေအတွက်ကျတော့ရော။ကျွန်တော် စဉ်းစားမိတာက အရေအတွက်နည်းနည်းပဲရှိတဲ့ ရာထူးဌာန္တရတွေကို သိမ်းပိုက်ထားတဲ့ လူကြီးပိုင်းတွေကပဲ အလုပ်ပုံစံပြောင်းဖို့ ကြိုးစားနိုင်တာလား။ဒါနဲ့ ကျွန်တော်က ကျွန်တော်တို့ရဲ့ အချက်အလက် စာရင်းတွေကို ကိုးကားပြီးပဲ အဖြေထုတ်ရတော့တယ်။အံ့ဩစရာကောင်းတာက အလေ့အကျင့်ပုံစံအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချပြီး အလုပ်ပုံစံပြောင်းကြတာကို တွေ့လိုက်ရတယ်။ကျွန်တော်တို့ရဲ့ အချက်အလက်စာရင်းမှာ တွေ့ရတာက လူကြီးလူငယ်၊ လူသစ်လူဟောင်းအားလုံး ဒါကို အလေ့အကျင့်လုပ်ကြည့်ကြတဲ့နေရာမှာ အတူတူနီးပါး ကျွမ်းကျွမ်းကျင်ကျင်ရှိတယ်ဆိုတာကို တွေ့လိုက်ရတယ်။

အဲဒီလိုပဲ ကုမ္ပဏီမှာ အလုပ်ဝင်တာ မကြာသေးသူက ပုံစံပြောင်းအလုပ်လုပ်ဖို့ကို စိတ်ရဲသေးမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အချက်အလက်စာရင်းမှာက ရာထူးရထားတာ သုံးနှစ်‌အောက်ပဲရှိသေးတဲ့သူနဲ့ ဆယ်နှစ်အထက်ရှိသူတွေရဲ့ အလုပ်ပုံစံပြောင်းလဲဖို့ ထူးချွန်တဲ့အရာမှာ အတူတူပဲဆိုတာကို တွေ့ခဲ့ရတယ်။နောက်ပြီး ကျွန်တော်က ကုမ္ပဏီအကြီးတွေမှာ အလုပ်ပုံစံပြောင်းလုပ်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကုမ္ပဏီကြီးတွေမှာက ဗျူရိုကရက်ဆန်ဆန် အုပ်ချုပ်မှုတွေရှိပြီး၊ အလုပ်ပုံစံပြောင်းလုပ်ဖို့ အဟန့်အတားဖြစ်စေမယ့် ရုံးစည်းကမ်းတွေကလည်း များလိမ့်မယ်လို့ ထင်ခဲ့လို့ပါ။ဒါပေမဲ့ မဟုတ်ဘူးဗျ၊ အလည်အလတ် ကုမ္ပဏီနဲ့ အကြီးတန်းကုမ္ပဏီတွေမှာရှိတဲ့ အလုပ်ပုံစံပြောင်းလုပ်ဖို့ ကျွမ်းကျင်သူ လူဦးရေအချိုးအစားက အတူတူလောက်ပဲရှိလို့ပါ။

နောက်ဆုံးတစ်ခုက မားကက်တင်းတို့လို ဖန်တီးဉာဏ်ရှိတဲ့ နေရာတွေမှာ အလုပ်လုပ်သူတွေမှာ ထူးခြားတဲ့ အလုပ်ပုံစံပြောင်းလဲ အလုပ်လုပ်တဲ့သူ ပိုများများရှိတာ တွေ့ရမယ်လို့ ကျွန်တော်တွေးကြည့်မိတယ်။တကယ်လည်း မားကက်တင်းနဲ့ အရောင်းဌာနတွေမှာ ဒီလိုလုပ်တဲ့သူ အချိုးအစား ပိုများများရှိတာ တွေ့ခဲ့ရပါတယ်။ဒါပေမဲ့လည်း တီထွင်ဖန်တီးမှု သိပ်မလိုတဲ့ ဖောက်သည်ဝန်ဆောင်မှုဌာန၊ သိုလှောင်ပို့ဆောင်ရေးဌာနနဲ့ ထုတ်လုပ်ရေးဌာနက လူတွေထဲမှာလည်း အလုပ်ပုံစံပြောင်းလုပ်တာ ကျွမ်းကျင်တဲ့ လူဦးရေက လက်သင့်ခံနိုင်စရာကောင်းတဲ့ အချိုးအစားအတိုင်းရှိနေတာကို တွေ့ခဲ့ရတယ်။

ခြုံသုံးသပ်ကြည့်ရင်တော့ အလုပ်အခြေအနေပေါင်းစုံက လူအများစုဟာ အလုပ်ပုံစံပြောင်းလဲ အလုပ်လုပ်တတ်ကြတယ်လို့ ပြောနိုင်ပါတယ်။ရာထူးအငယ်ပိုင်းက အလုပ်ပုံစံကြိုးစားပြောင်းလုပ်တဲ့သူဦးရေက ရာထူးရာခံကြီးတဲ့သူတွေထက် နည်းမှာပေါ့။

ဂျဲနက်က ဝန်ဆောင်မှုကုမ္ပဏီတစ်ခုက အသက်နှစ်ဆယ့် ကိုးနှစ်အရွယ် သင်တန်းဆရာမတစ်ယောက်ဖြစ်ပါတယ်။သူမက သူမရဲ့ ဧည့်ကြိုဌာနနဲ့ စားသောက်ဆိုင် ဧည့်ခံကြိုဆိုရေး ဝန်ထမ်းတွေကို သင်ကြားပေးတဲ့ ဖောက်သည်များအား ဝန်ဆောင်မှုပေးရေး အလုပ်ရုံဆွေးနွေးပွဲသုံးခုမှာ “ပြောင်းပြန်မော်ဒယ်” ကို သူ့အမျှော်အမြင်နဲ့သူ စတင်ထည့်သွင်း သင်ကြားပေးခဲ့တယ်။သင်တန်းကို တက်ရောက်တဲ့သူများက လုပ်ငန်းခွင်မှာ တွေ့ရတတ်တဲ့ အခက်အခဲနမူနာတွေကို ဖြေရှင်းရတဲ့ အုပ်စုဆွေးနွေးပွဲအစီအစဉ် မစတင်မီမှာ ဗီဒီယိုကြိုတင်ရိုက်ထားတဲ့ သင်ခန်းစာကို ကြည့်ကြရပါတယ်။သူမက ဂရေဂရင်း တစ်ကျောင်းလုံးအတွက် လုပ်ခဲ့တာမျိုးကို သူ့နည်းလမ်းနဲ့ သူပုံစံငယ် ဖန်တီးပြီး လုပ်ကြည့်ခဲ့တာပါ။သူမ ဒီလိုလုပ်ဖို့အတွက် ဘယ်လိုလုပ်မယ်ဆိုတာ အထက်လူကြီးကို တင်ပြပြီး သဘောတူညီမှုယူဖို့ မလိုခဲ့ပါဘူး။သူမဖာသာ လုပ်ခဲ့တာပါ။ဂျဲနက်က အလုပ်ပုံစံပြောင်းလုပ်ခြင်း ပေးမှတ် ၇ မှတ် အပြည့်ရခဲ့ပြီး ထိပ်ပိုင်း စွမ်းဆောင်သူ ၂၀ ရာခိုင်နှုန်းထဲမှာ ထည့်သွင်းခံခဲ့ပါတယ်။

ကျွန်တော်တို့အားလုံးလိုလိုဟာ လွတ်လွတ်လပ်လပ် ယုံကြည်ချက်ရှိရှိနဲ့ ကိုယ့်အလုပ်အပေါ်မှာ ဂျဲနက် လုပ်ခဲ့သလို မလုပ်ခဲ့ပါဘူး၊ နောက်ပြီး အလုပ်လုပ်ဆောင်မှုတိုင်းကလည်း ပုံစံပြောင်းလုပ်ကြည့်ဖို့ လိုအပ်တယ်လို့ မထင်ရပါဘူး။အလုပ်တိုင်းလိုလိုမှာ ဖယ်ပစ်လို့မရတဲ့ လုပ်ငန်းတွေ ပါဝင်နေတတ်ပါတယ်။ (ဥပမာပြရရင် သင်္ချာဆရာတစ်ယောက်ရဲ့ သင်ရိုးမှာ ပြောင်းလို့မရတဲ့ ပုံသေနည်းတွေ ပါဝင်နေပါတယ်။)

ဒါတောင်မှပဲ အလုပ်တာဝန်တိုင်း၊ ရာထူးတိုင်းမှာ သင့်ကိုယ်ပိုင်နည်းနဲ့ ပြောင်းလုပ်ဖို့ ဒါမှမဟုတ် အဖြေထုတ်ကြည့်ဖို့ လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အပိုင်းလေးတွေ ပါဝင်နေလေ့ရှိပါတယ်။သင့်အလုပ်မှာ ဘယ်က ဘယ်လိုစပြီး ပုံစံပြောင်းလုပ်ကြည့်လို့ ရမလဲဆိုတာ ဆန်းစစ်ကြည့်လို့ရတဲ့ လက်တွေ့လုပ်နည်း နှစ်နည်းကို စမ်းကြည့်လိုက်ကြရအောင်။

            အညှာကိုခြွေနိုင်အောင် ကြိုးပမ်းခြင်း

အလုပ်ပုံစံပြောင်းရန် အခွင့်အလမ်းကို ရှာဖွေပါ၊ “အညှာ” (သို့မဟုတ်) လူတစ်စုကို အခက်တွေ့စေနေတဲ့ ပြဿနာဆူးညှောင့် (ဝါ) အညှာထိ အခံရခက်တဲ့ လွတ်မြောက်လိုသော ဝေဒနာ (Pain Point) ကို ရှာပါလို့ ကာမန်ဆိုတဲ့ နယူးဂျာစီမှာ ရုံးချုပ်ဖွင့်ထားတဲ့ အသက်အာမခံကုမ္ပဏီက အသက်လေးဆယ့်ငါးနှစ်အရွယ် စီးပွားရေးလေ့လာသုံးသပ်သူ ပညာရှင်က ဆိုပါတယ်။သူမက နိုင်ငံတစ်နံတစ်လျားမှာရှိတဲ့ ကုမ္ပဏီက အသက်အာမခံအေးဂျင့်တွေရဲ့ လစာထုတ်ပေးရေး ဆောင်ရွက်ရသူပါ။

သူမဟာ အေးဂျင့်တွေလုပ်ရတဲ့ တတိယအဖွဲ့အစည်းရဲ့ နာမကျန်းလစာ (Third-Party sick pay) လို့ စကားဝှက်ပေးထားတဲ့ ရှုပ်ထွေးပြီး များမြှောင်တဲ့၊ နားလည်ရခက်တဲ့ လုပ်ငန်းအဆင့်ဆင့်တွေကို ဖြတ်သန်းရမယ့်၊ အခွန်လျောက်ထားရေးအဆင့်တွေပါ ပါဝင်တဲ့ ကိစ္စတွေကို အေးဂျင့်တွေ နားမလည်မကျွမ်းကျင်နိုင်တဲ့အတွက် သူတို့ကို နှစ်ပေါင်းများစွာ ကူညီပေးခဲ့တယ်။ရှုပ်ထွေးများမြှောင်တဲ့ ရုံးစာအဆင့်ဆင့် လုပ်ရတဲ့အတွက် ဒေါကြီးမောကြီးဖြစ်နေတဲ့ အေးဂျင့်တွေဆီက တစ်ယောက်ကို တစ်နေ့ ပျမ်းမျှ ဖုန်းတစ်ခါဆက်တာကို ကာမန် လက်ခံခဲ့ရတယ်။အဲဒါက အညှာထိ အခံရခက်တဲ့ လွတ်မြောက်လိုသော ဝေဒနာ Pain Point ပါပဲ။

တစ်နေ့တော့ ကာမန်က တော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တယ်။သူမက ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်ကုဒ်လုပ်တဲ့ (Software Coders) ဌာနကိုသွားပြီး သူမအတွက် စာရင်းသွင်းလုပ်ငန်းစဉ်ကို ရိုးရိုးရှင်းရှင်းလုပ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။

“ကျွန်မတို့ဟာ နားလည်ဖို့ခက်ပြီး ရှုပ်ထွေးတဲ့ ရုံးဆန်တဲ့ အရာကို အသုံးပြုရလွယ်တဲ့ မျက်နှာပြင်တစ်ခုတည်းအပေါ်မှာ ခလုတ်အားလုံးပါတဲ့ အရာအဖြစ် ပြောင်းလဲပစ်ခဲ့နိုင်တယ်။ဒါကအခြေခံအားဖြင့် ကလစ်နည်းနည်းနှိပ်ရုံနဲ့ သူတို့အတွက် အားလုံးလုပ်လို့ရအောင် ဖြေရှင်းပေးခဲ့ပြီ၊ အခုဆိုရင် အေးဂျင့်တွေက Log On ဝင်မယ်၊ မိနစ်အနည်းငယ်အတွင်းမှာ ဒိုင်းကနဲပြီးအောင် လုပ်နိုင်ပြီ။”

ကာမန်အတွက်တော့ ပုံစံပြောင်းအလုပ်လုပ်ခြင်း အမှတ်ပေးကဒ်မှာ အမှတ်ပြည့် ၇ မှတ်ရပြီး၊ ကျွန်တော်တို့ ‌လေ့လာနေတဲ့ လူ ၅,၀၀၀ ကြားက ထိပ်တန်းစွမ်းဆောင်ရှင် ၁၅ ရာခိုင်နှုန်း စာရင်းထဲမှာ ပါသွားပါပြီ။ကာမန်ရဲ့ ဇာတ်လမ်းလေးက အညှာထိပြီး ခံရခက်တဲ့ ထွက်ပေါက်အမြန်ဆုံးလိုချင်တဲ့ Pain Point ဆိုတာ နာကျင်မှုတစ်ခုပါပဲ။အဲဒီဟာက သာယာချက်ဆိုတဲ့ “Pleasure Point” နဲ့တော့ “စိတ်ပျက်စရာကြီးကွာ” နဲ့ “လိုချင်လိုက်တာ” တို့ ကွာသလိုပဲ ကွာခြားပါတယ်။

ကယ်လီဖိုးနီယားပြည်နယ်က စီလီကွန်ဗယ်လီ (ကွန်ပြူတာနဲ့ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် နာမည်ကြီးသော ဒေသ) က ရင်းနှီးမြှုပ်နှံမှုစွန့်စားသူများက သုံးစွဲသူများက အလွန်မက်မောစွာ အလိုရှိတဲ့ ဝန်ဆောင်မှု Pain Point ကို ကုစားပေးဖို့အတွက် ရည်ရွယ်ချက်နဲ့ စတင်လုပ်ဆောင်ဖို့ သည်းကြီးမည်းကြီး လိုက်ခဲ့တယ်။ဂူးဂဲလ် စတင်တည်ထောင်သူ ဆာဂျိဘရင်နဲ့ လာရီပိတ်ချ်က အင်တာနက်မှာ လိုချင်တာ တိတိကျကျ ရှာမရလို့ အကြီးအကျယ် စိတ်ဒုက္ခရောက်နေတဲ့သူတွေရဲ့ လိုလားချက်ကို ရှာဖွေဖြည့်ဆည်းပေးဖို့အတွက် ကြိုးပမ်းခဲ့တယ်။

ပေးပါးလ် ထူထောင်သူတွေကလည်း အွန်လိုင်းကနေ ငွေပေးပို့ရာမှာ စိတ်ပူပန်ကြောင့်ကျ စိတ်မချဖြစ်နေတဲ့သူတွေအတွက် ကုစားပေးနိုင်မယ့် ဖြေဆေးလို့ဆိုရမယ့် စိတ်ချရတဲ့ နည်းစနစ်တစ်မျိုးကို ဖော်ထုတ်ပေးနိုင်ခဲ့တယ်။

စီလီကွန်ဗယ်လီရဲ့ လက်သုံးစကားကတော့ “အကိုက်အခဲပျောက်ဆေး ရောင်းရတာ ဗီတာမင်အားဆေး ရောင်းရတာထက် လွယ်တယ်” တဲ့။

သင့်လုပ်ငန်းခွင်မှာ အလားတူ အညှာထိ အခံရခက်တဲ့ ထွက်ပေါက် အမြန်ဆုံးလိုချင်တဲ့ ဘယ်လို Pain Point မျိုး ရှာနိုင်သလဲ။လူတွေက ဘာတွေမှာ အကြိမ်ကြိမ်အခါခါ ထပ်ခါထပ်ခါ ညည်းတွားနေကြလဲ။လူတွေက ဘယ်ကိစ္စတွေမှာ အကြပ်တွေ့ပြီး စိတ်ရှုပ်ထွေးလို့ “စိတ်ပျက်စရာကြီးကွာ” လို့ ညည်းတွားနေကြလဲ။အလုပ်က ဘယ်မြောင်းထဲ ကျဖို့၊ ဘယ်ရွှံ့နွံထဲနစ်ဖို့ ဦးတည်နေလဲ။အညှာထိ အခံရခက်တဲ့ လွတ်မြောက်လိုသော ဝေဒနာ Pain Point ကို လိုက်လံရှာဖွေဖော်ထုတ်တာဟာ သဘာဝရဲ့ အလိုလျောက် တုန့်ပြန်မှု တစ်ခုပါ။ကျွန်တော်တို့ အခြားသူတွေရဲ့ ညည်းတွားမြည်တွန် တောက်တီးနေတာကို ကြားရတဲ့အခါ သူတို့ကို ခိုလိုညည်းတဲ့ လူတွေလို့ သတ်မှတ်ပြီး ရှောင်ချင်ကြပါတယ်။

ကာမန်အနေနဲ့ အဲဒီစိတ်တိုနေတဲ့ အာမခံကိုယ်စားလှယ်တွေကို ‌ဒေါသထွက်သင့်တာပေါ့၊ အဲဒီအစား သူမက သူမရဲ့ အလုပ်တာဝန်သတ်မှတ်ချက်ထဲမှာ မပါတဲ့ တာဝန်ကိုယူတဲ့အပြင် ဆော့ဖ်ဝဲလ်ရေးတဲ့သူနဲ့ ပိုကောင်းတဲ့ အလုပ်ပုံစံကိုတောင် ဖန်တီးပေးခဲ့သေးတယ်။

တိုင်တန်းငြီးတွားတတ်သူတွေရဲ့ မြည်တွန်တောက်တီးမှုတွေက တခါတလေတော့လည်း ကျွန်တော်တို့အတွက် ဝန်ဆောင်မှုတစ်ခု ပေးနေသလို ဖြစ်တတ်ပါတယ် - သူတို့က ဝေဒနာ Pain ကို အခမဲ့ကြေငြာ ဖော်ထုတ်ပေးတာပါ။

တကယ်လို့ သင်က သင့်လုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေနဲ့ ပစ္စည်းတင်သွင်းသူတွေကို ရှာဖွေပြီး ကူညီတတ်သူဆိုရင် သူတို့ကို ငြီးတွားနာကျင်စေတဲ့ အခက်အခဲတွေကို လွယ်ကူစေခြင်းဖြင့် သင့်အလုပ်ထဲမှာ ကြီးမားတဲ့ တန်ဖိုးထည့်သွင်းဖို့ ဖန်တီးနိုင်မှာပါ။သူတို့မှာ အဆင်မပြေမှုများလေလေ သူတို့ခံစားရတာက ပိုနာကျင်စေလေပါပဲ၊ သူတို့က နာကျင်မှုအတွက် ပိုကျယ်ကျယ် မြည်တွန်တောက်တီးလေလေ ပိုအစွမ်းထက်နဲ့ ကုထုံးနဲ့ ကုစားတန်ဖိုး ထည့်သွင်းဖန်တီးပေးဖို့ ပိုနီးစပ်လေပါပဲ။

            ကိုယ့်လုပ်ငန်းကို ပုံစံပြောင်း၍ တန်ဖိုးထည့်သွင်း ဆောင်ရွက်ကြခြင်းဖြင့် ဆထက်တပိုး တိုးတက်အောင်မြင်သူများ ဖြစ်ကြပါစေ။

            (ဆက်လက်ဖော်ပြပါမယ်။)

သက်ထွန်း (သျှမ်း)