【 ဆောင်းပါး 】 “ကိုယ့်အလုပ်ကိုယ် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ခြင်း”

【 ဆောင်းပါး 】 “ကိုယ့်အလုပ်ကိုယ် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ခြင်း”

၁၉၁၁ ခုနှစ် အောက်တိုဘာလမှာ ထင်ရှားတဲ့နေရာတွေအနက် ကမ္ဘာပေါ်မှာ ဘယ်သူမှ မရောက်ဖူးသေးတဲ့ တောင်ဝင်ရိုးစွန်းကို ပထမဆုံးရောက်ရှိတဲ့ လူသားအဖြစ် မှတ်တမ်းတင်နိုင်ဖို့အတွက် အဖွဲ့နှစ်ဖွဲ့က ယှဉ်ပြိုင်နေခဲ့ကြတယ်။

တောင်ဝင်ဗြိတိသျှရေတပ် ကွန်မန်ဒါ (တပ်မှူး) ရောဘတ်ဖယ်လ်ကွန်စကော့က ပထမအဖွဲ့ကို ဦးဆောင်ပါတယ်။သူက နယ်မြေသစ်ရှာဖွေသူ စစ်ပြန်တစ်ယောက်ဖြစ်ပြီး အရင်က အန္တာတိတ်စူးစမ်းလေ့လာရေးခရီးကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။အဲဒီခရီးစဉ်က အန္တာတိတ်ကိုမရောက်ဘဲ မအောင်မြင်ခဲ့ပေမယ့် ဗြိတိသျှပြည်သူတွေက စကော့ကို လူစွမ်းကောင်းတစ်ဦးအနေနဲ့ ချီးမြှောက်ခဲ့တယ်။သူခရီးကပြန်လာချိန်မှာ သတ္တမမြောက် အက်ဒ်ဝပ်ဘုရင်က ဘယ်မိုရယ်ရဲတိုက်ကို ဆင့်ခေါ်ပြီး ဗစ်တိုးရီးယားတော်ဝင်ပြန်တမ်းဝင် ကွန်မန်ဒါတပ်မှူးအဖြစ် ဂုဏ်ပြုချီးမြှောက်ခဲ့တယ်။

ဒုတိယအဖွဲ့ကို ဦး‌ဆောင်သူက နော်ဝေလူမျိုး ရော်နယ်အမန်ဆန်ဖြစ်ပြီး၊ သူကလည်း အတ္တလန်တိတ်နဲ့ ပိစိဖိတ်သမုဒ္ဒရာကြားက အာတိတ်ကျွန်းစုတွေက ဖြတ်သွားရတဲ့ ကနေဒါမြောက်ပိုင်းက ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ အနောက်မြောက်လမ်းကြောင်း The Northwest Passage (NWP) ကို ပထမဆုံး ရှာဖွေဖော်ထုတ် သွားရောက်ခဲ့သူဖြစ်ပါတယ်။သမိုင်းမှတ်တမ်းတစ်ခု တွင်ရစ်စေဖို့အတွက် သူကလည်း တောင်ဝင်ရိုးစွန်းကို ရောက်ရှိနေခဲ့တယ်။

လအတော်ကြာကြာ အန္တာတိတ်ရဲ့ ဆောင်းကို မိမိတို့ရဲ့ ယာယီအဝတ်တဲလေး အသီးသီးထဲကနေ ကြံ့ကြံ့ခံ ခံစားပြီးတဲ့နောက် စကော့နဲ့ အမန်ဆန်တို့ဟာ သူတို့ရဲ့အဖွဲ့တွေနဲ့ ခက်ခဲကြမ်းတမ်းပင်ပန်းမယ့် တောင်ပိုင်းခရီးစဉ်ကို ထွက်ခွာဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။

ဒီလိုသွားကြမှာကို သိကြပေမယ့်၊ ဘယ်သူက ဘယ်မှာရှိနေတယ်ဆိုတာကို တစ်ယောက်နဲ့ တစ်ယောက် မသိကြပါဘူး။မြေပုံ၊ ဆက်သွယ်‌ရေး၊ ကယ်ဆယ်ရေး ဘာဆိုဘာမှ မရှိခဲ့ပါဘူး။ခရီးထွက်ခါကာနီးလေးမှာ အမန်ဆန်က သူ့နေ့စဉ်မှတ်တမ်းမှာ ဒီလိုရေးခဲ့ပါတယ် “ဘာမှကောင်းကောင်းမမြင်ရဘူး၊ မုန်းစရာကောင်းတဲ့ တောင်လေရဲ့ အအေးဓာတ်က အနုတ် ၃၂ ဒီဂရီ စင်တီဂရိတ်ရှိတယ်။ခွေးတွေက အအေးဒဏ်ကို သိသိသာသာကြီး ခံစားနေရတယ်။သူတို့ရဲ့ အေးခဲနေတဲ့ ဝတ်စုံထဲမှာ တောင့်နေတဲ့လူတွေ ရေခဲညထဲမှာ တစ်ညနေပြီးရင် စိတ်ကျေနပ်မှုတွေ့နိုင်၊ မနိုင်၊ ရာသီဥတု သက်သာလာ၊ မလာ ဘာမှခန့်မှန်းမရ။သိပ်တော့လွယ်မှာမဟုတ်ဘူး၊ အသက်ရှင်ဖို့တောင် သိပ်လွယ်မှာမဟုတ်ဘူး။”  

ပြိုင်ပွဲစတင်ပါပြီ၊ နှစ်ဖွဲ့စလုံး သူတို့ရဲ့ ငြီးငွေ့ဖွယ် ရေခဲပြင် မိုင် ၄၀၀ ခရီးရှည်၊ ရေခဲပြင်အတားအဆီး၊ မမြင်နိုင်တဲ့အန္တရာယ်တွေ ပြည့်နှက်နေတဲ့ ပေ ၁၀,၀၀၀ တောင်တက်ခရီးကို စတင်ချိန်မှာတော့ အမန်ဆန်က ဦးဆောင်နေပါတယ်။အဲဒီကိုရောက်ရင် သူတို့က ဝင်ရိုးစွန်းဆီကို နောက်ထပ် မိုင် ၄၀၀ ခရီးကို ဆက်သွားရဦးမှာဖြစ်တယ်။အဲဒီခရီးစဉ်မှာလည်း အနုတ် ၆၀ ဒီဂရီ ဖာရင်ဟိုက်အထိ အေးခဲတဲ့ဒဏ်၊ မြင်ကွင်းမ‌ကောင်းလို့ လမ်းမှားတာတွေနဲ့ စူးရှတဲ့မြည်သံနဲ့ တစ်နာရီ မိုင် ၁၀၀ နှုန်း တိုက်ခတ်တဲ့ ခိုက်ခိုက်တုန်အောင်အေးတဲ့ လေပြင်းဒဏ်တွေကို ရင်ဆိုင်ရဦးမှာပါ။

မတ်စောက်တဲ့ တောင်ကမ်းပါးကြီးတွေကို တွယ်တက်ကြတဲ့နေရာမှာ အမန်ဆန်နဲ့ သူ့အဖွဲ့ဟာ နက်ရှိုင်းတဲ့ ရေခဲအက်ကွဲကြောင်းကြီးတွေနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတယ်။သူတို့ နှင်းမုန်တိုင်းတွေကို မသေမပျောက် ကျော်လွှားနိုင်ခဲ့တယ်။အစာအတွက် သူတို့ရဲ့ ခွေးတွေကို သတ်ခဲ့ရတယ်။ ၅၂ ရက် ကျော်လွန်ပြီးတဲ့ အခါမှာတော့ သူတို့ ဝင်ရိုးစွန်း ရဲ့ ၅၅ မိုင်အဝန်းထဲကို ရောက်ရှိခဲ့တယ်။စကော့ရဲ့ အရိပ်အယောင်တောင် မတွေ့ရပဲ အမန်ဆန် ဆက်သွားခဲ့လိုက်တယ်။နောက်နှစ်ရက်အကြာမှာ အမန်ဆန်နဲ့ သူ့စူးစမ်းရှာဖွေရေးအဖွဲ့တွေဟာ သမိုင်းမှာ ပထမဆုံး တောင်ဝင်ရိုးစွန်းမှာ ခြေချနိုင်တဲ့သူတွေအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တယ်။သူတို့က နော်ဝေအလံကို စိုက်ထူခဲ့ပြီး သူတို့ရဲ့ အခြေစိုက်စခန်းရှိရာကို ခက်ခဲကြမ်းတမ်းတဲ့ မိုင် ၁၆၀၀ ကျော်ကို ဖြတ်သန်းပြီး ပြန်ရောက်လာခဲ့ကြတယ်။

စကော့နဲ့ သူ့လူတွေဟာ အဲဒီနောက် သုံးဆယ့်လေးရက်အကြာမှ ခြေကုန်လက်ပမ်းကျ၊ အစာအဟာရပြတ်ပြီး အားအင်ချိနဲ့တဲ့ ဒရွတ်ဆွဲခြေလှမ်းတွေနဲ့ ဝင်ရိုးစွန်းကိုရောက်လာခဲ့ကြပြီး လေထဲမှာ တလူလူလွင့်နေတဲ့ နော်ဝေအလံက သူတို့ကို ဆီးကြိုနေခဲ့တယ်။သူတို့အဖွဲ့ဟာ ဝင်ရောက်လာတဲ့ ဆောင်းရာသီလွတ်အောင် ခက်ခက်ခဲခဲ ကြိုးစားအားခဲပြီး အိမ်ပြန်လာခဲ့ရတယ်။ဆာလောင်မွတ်သိပ်မှုတွေ၊ နှင်းကိုက်တဲ့ဒဏ်ရာတွေ၊ ခြေကုန်လက်ပမ်းကျတာတွေကို ကြိုးစားတွန်းလှန်ခဲ့ရတယ်။မျှော်လင့်ချက်တွေ မှေးမှိန်နေခဲ့တယ်။မုန်တိုင်းတစ်လုံးကလည်း သူတို့ယာယီတဲထဲမှာရှိနေတုန်း တဲကို တိုက်ဖျက်ချလိုက်ခဲ့တယ်။အစားအသောက်နဲ့ နေစရာရှိတဲ့ တစ်ဆယ့်တစ်မိုင်ပဲဝေးတဲ့ နောက်ထပ် တစ်ထောက်နားစခန်းကို သွားတဲ့ကြားမှာတောင် အသက်ပျောက်သွားနိုင်တယ်။

ခေါင်းဆောင်တစ်ယောက်ရဲ့အဖွဲ့ ထူးခြားကောင်းမွန်တဲ့ အောင်မြင်မှုကြီးကို ရတဲ့အချိန်မှာ အခြားအဖွဲ့က ဝင်ရိုးစွန်းညတွေမှာ အအေးဒဏ်ကို သေလုမျောပါး ခံစားနေရတယ်။ဘာကြောင့်လဲ။မတူတာ ဘာရှိလို့လဲ။နှစ်တော်တော်ကြာကြာအထိ စာရေးဆရာတွေက ဒါနဲ့ပတ်သက်ပြီး ထင်မြင်ချက်တော်တော်များများကို ရှင်းလင်းတင်ပြ ရေးခဲ့ကြတယ်။

ကျွန်တော်နဲ့ ဂျင်မ်ကောလင်းတို့ရဲ့ “Grate by Choice (ရွေးချယ်မှုကြောင့် ကြီးမြင့်ခြင်း)” စာအုပ်ထဲမှာတောင် အမန်ဆန်ရဲ့ အောင်မြင်မှုဟာ သာလွန်တဲ့ ခြေလှမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုတွေကောင်းလို့ ဖြစ်တယ်လို့ ကျွန်တော်တို့ရဲ့ ရှုဒေါင့်ကနေ တင်ပြခဲ့သေးတယ်။တချို့တွေကတော့ အမန်ဆန်ရဲ့ အောင်မြင်မှုနဲ့ စကော့ရဲ့ ကျဆုံးမှုတွေဟာ စီမံအုပ်ချုပ်တာကောင်းလို့တို့ ကံကြောင့်ပါလို့တို့ ထောက်ပြကြသေးတယ်။

ဘာပဲပြောပြော ဝေဖန်တင်ပြကြသူ တော်တော်များများဟာ ဒီကြီးကျယ်တဲ့ တောင်ဝင်ရိုးစွန်းပြိုင်ပွဲကြီးရဲ့  အရေးပါတဲ့အပိုင်းကို မျက်စေ့လျှမ်းနေကြတယ်။လေ့လာစူးစမ်းသူအဖွဲ့တွေရဲ့ လုပ်ငန်းအတိမ်အနက်ကို ထည့်မစဉ်းစားခဲ့ကြဘူး။အဖွဲ့တစ်ဖွဲ့က ပိုသာတဲ့ အရင်းအမြစ်တွေ ရခဲ့တယ်။ပိုကြီးတဲ့ သင်္ဘော- ၁၈၇ ပေ နဲ့ ၁၂၈ ပေ၊ ပိုများတဲ့ ဘတ်ဂျက် ပေါင် ၄၀,၀၀ နဲ့ ပေါင် ၂၀,၀၀၀၊ နောက်ပြီး ပိုအင်အားများတဲ့အဖွဲ့ ၆၅ ယောက် နဲ့ ၁၉ ယောက်။ဘယ်လိုလူက ကိုယ့်ထက် ဒီလောက်အားပိုသာတဲ့ ပြိုင်ဖက်ကြီးကို နိုင်မှာလဲ။ဒါက အချက်တစ်ချက်ကလွဲရင် မမျှတတဲ့ ပြိုင်ပွဲတစ်ခုပါပဲ။

အမန်ဆန်ရဲ့အဖွဲ့က တာဝန်နည်းတယ်။တပ်မှူး စကော့က သုံးဆများတဲ့ လူတွေကို အုပ်ချုပ်ရတယ်၊ နှစ်ဆများတဲ့ ဘတ်ဂျက်ကို ထိန်းသိမ်းရတယ်။သူက သယ်ယူပို့ဆောင်ရေးငါးမျိုးကို အသုံးပြုခဲ့တယ်။ခွေး၊ စက်တပ်စွပ်ဖားလှည်း၊ ဆိုက်ဘေးရီးယားမြင်း၊ နှင်းလျှောစီး၊ ပစ္စည်းသယ်လူ။တစ်မျိုးချို့ယွင်းရင် နောက်တစ်မျိုးက ဝင်လုပ်နိုင်အောင်ပေါ့။အမန်ဆန်ကတော့ သယ်ယူပို့ဆောင်မှုတစ်မျိုးတည်းကိုပဲ အသုံးပြုခဲ့တယ်။ခွေးတွေပေါ့။အဲဒီခွေးတွေသာ တစ်ခုခုဖြစ်ခဲ့ရင် သူ့စူးစမ်းရှာဖွေမှုတစ်ခုလုံး ပစ်ရပြီပေါ့၊ ဒါပေမဲ့ ခွေးတွေက ဘာမှမဖြစ်ခဲ့ဘူး၊ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ဘာကြောင့်များလဲ။

ခွေးတွေကို ရွေးချယ်ခဲ့လို့ပဲ အောင်မြင်တယ်လို့တော့ မဆိုနိုင်ဘူး။စကော့လည်း ခွေးတွေသုံးခဲ့တာပဲ။အမန်ဆန် အကြီးအကျယ် အောင်မြင်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ ခွေးတွေအပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ခဲ့ရတယ်။အခြား ဘာကိုမှအစားထိုးဖို့ အရန်မထားခဲ့ဘူး။သူ့ရဲ့ အနောက်မြောက်လမ်းကြောင်းမှာ သုံးနှစ်ခရီးစဉ်တုန်းက ခွေးဆွဲစွပ်ဖားလှည်းအထူးကျွမ်းကျင်သူ အင်နွက် (အက်စကီးမိုး) ဆီမှာ ဆောင်းရာသီနှစ်ခု ပညာယူခဲ့ဖူးတယ်။ခွေးအုပ်ကြီးနဲ့ပြေးရတာ ခက်ခဲတယ်။သူတို့က အမိန့်မနာခံတတ်တဲ့ တိရိစ္ဆာန်တွေဖြစ်ပြီး တစ်ခါတလေ နှင်းထဲကို ပစ်လှဲလိုက်ပြီး အလုပ်ဆက်မလုပ်ပဲ ပေကပ်ကပ် လုပ်နေတတ်တယ်။အမန်ဆန်ကတော့ နယ်ခံတွေဆီကနေ ခွေးတွေကို ဘယ်လိုမောင်းရမယ်၊ စွပ်ဖားလှည်းတွေကို ဘယ်လိုမောင်းရမယ်၊ ကိုယ့်ခြေလှမ်းကို ဘယ်လိုလှမ်းရမယ်ဆိုတာ ကောင်းကောင်းသင်ယူ တတ်ကျွမ်းခဲ့တယ်။အမန်ဆန်ဟာ အရည်အသွေးပိုကောင်းတဲ့ ခွေးမျိုးတွေကို ရှာယူတတ်တဲ့အကျင့်တစ်ခုလည်း ရခဲ့တယ်။သူ့တွေ့ရှိချက်အရ ဝင်ရိုးစွန်းခရီးတွေအတွက် ဂရင်းလန်ဒါခွေးတွေက ဆိုက်ဘေးရီးယား ဟတ်စကီခွေးတွေထက် ပိုကောင်းတယ်ဆိုတာ တွေ့ထားတယ်။ဂရင်းလန်းခွေးတွေက ပိုကြီးပြီး ပိုကြံ့ခိုင်သန်စွမ်းတယ်၊ နောက်ပြီး သူတို့ရဲ့ခြေထောက်တွေက ပိုရှည်တဲ့အတွက် နှင်းထုထဲကိုသွားတာနဲ့ ရေခဲပြင်ကျယ်ကြီးထဲက ရေခဲအတားအဆီးတွေကို ဖြတ်သွားတဲ့အခါမှာ ပိုကောင်းကောင်းသွားနိုင်တာ တွေ့ရတယ်။အမန်ဆန်က ကိုပန်ဟက်ဂန်မြို့ကိုလည်း သွားခဲ့ပြီး ဂရင်းလန်းမြောက်ပိုင်းရဲ့ ဒိန်းနစ်လူမျိုး စစ်ဆေးရေးမှူးရဲ့ အကူအညီရဖို့အတွက်လည်း စာရင်းသွားပေးခဲ့တယ်။

“ခွေးတွေက အရေးကြီးတဲ့အတွက် အကောင်းဆုံးဆိုတဲ့ ဆွဲဆောင်မှု အကောင်းဆုံးအကောင်တွေကို မဖြစ်မနေယူထားဖို့ ကျွန်တော့်အဖို့ အလွန်တရာလိုအပ်ပါတယ်” သူက နောက်ဆက်တွဲ စာထဲမှာရေးထားသေးတယ်။

“ဒီလိုလုပ်တဲ့အတွက် ဈေးက ပုံမှန်ထက်ပိုပေးရမယ်ဆိုတာ သဘာဝပါတယ်ဆိုတာ ကျွန်တော်ကောင်းကောင်းကြီးသိပါတယ်” သူက သူ့ထက်အရည်အချင်းပိုရှိတဲ့  ခွေးလှည်းမောင်းသူကို သူ့အဖွဲ့ထဲပါလာအောင် ရှာခဲ့တယ်။နာမည်ကျော် ခွေးလှည်းမောင်းဆရာ ဆာရီရယ်ဟက်ဆယ်က ငြင်းလိုက်တော့ အမန်ဆန်က နောက်ထပ်‌တော်တဲ့လူကို ထပ်မရှာပဲ ဟက်ဆယ်ကိုသာ မရ ရအောင် စည်းရုံးခဲ့တယ်။

သမိုင်းပညာရှင် ရိုလန်ဟန့်ဖို့ဒ်ရဲ့ သုံးသပ်ချက်ကတော့ “အမန်ဆန်က ဟက်ဆယ် သူနဲ့ အတူတူခရီးထွက်ဖို့အတွက် သူ့ရဲ့ နှစ်လိုဖွယ်အကောင်းဆုံး ကိုယ်အမူအရာ နှုတ်အမူအရာတွေနဲ့ အစွမ်းကုန်စည်းရုံးဆွဲဆောင်တဲ့အတွက် နောက်ဆုံးတော့ ဟက်ဆယ်ခမြာ သူ့ရဲ့ ဇွဲနပဲကြီးတဲ့ ဆွဲဆောင်မှုအောက်မှာ အရည်ပျော်ပြီး သဘောတူလိုက်ရပါတော့တယ်”။

အခြားတစ်ဘက်မှာတော့ စကော့က သူ့ရဲ့သယ်ယူပို့‌ဆောင်ရေး နည်းလမ်းငါးမျိုးနဲ့ အလုပ်ရှုပ်လို့နေခဲ့တယ်၊ အဲဒီထဲက တစ်မျိုးအပေါ်တောင်မှ သူသေသေချာချာအာရုံစိုက်လို့ မရခဲ့ပါဘူး။ဆိုက်ဘေးရီးယားတွေကို ဂရုစိုက်ရမယ့်အစား ပိုနီမြင်းတွေကို ရှာဖွေလေ့ကျင့်ဖို့ သူ့ရဲ့ကူဖော်လောင်ဘက် ဆီဆယ်မီရာစ်ကို ခိုင်းလိုက်တယ်။ဒါပေမဲ့ မီရာစ်က ပိုနီမြင်းအကြောင်း ဘာမှသိသူမဟုတ်ဘူး သူက ခွေးကျွမ်းကျင်သူပါ။အဲဒီတော့ စကော့ရဲ့အဖွဲ့တွေမှာ မသင့်လျော်တဲ့ ပိုနီမြင်းအကောင်နှစ်ဆယ် အဖတ်တင်တာပေါ့။အဲဒါက သူ့အဖွဲ့တွေရဲ့ ဝင်ရိုးစွန်းခရီးကို နှောင့်နှေးကြန့်ကြာစေခဲ့တာဖြစ်တယ်။

ရေခဲပြင်ပေါ်ရောက်ပြီဆိုတာနဲ့ စကော့က သူ့ခရီးစဉ်အတွက် စပြီး ဒုက္ခတွေ့တော့တာပဲ။စက်တပ်စွပ်ဖားလှည်းတွေက ပြဿနာစတာပဲ၊ သူတို့က အနှေးဆုံးဖြစ်နေတယ်။ပိုနီမြင်းအုပ်စုက ခုနစ်ရက်နောက်ကျပြီးမှ ထွက်နိုင်ခဲ့တယ်။အမြန်ဆုံးသွားနိုင်တဲ့ ခွေးစွပ်ဖားလှည်းတွေက နောက်ဆုံးမှထွက်ရတယ်။အဖွဲ့တိုင်းဟာ သူတို့ထွက်ရမယ့်အချိန်နဲ့ သွားရမယ့် အမြန်နှုန်းကို ကျန်အဖွဲ့တွေနဲ့ ညှိနေခဲ့ရတယ်။စကော့က ရှုပ်ယှက်ခတ်နေတဲ့ လှုပ်လျားမှုတွေကြားမှာ ပိတ်မိနေခဲ့တယ်။သူ့ရဲ့ နေ့စဉ်မှတ်တမ်းထဲမှာ သူနာမည်ပေးခဲ့တာက “တော်တော်ဝရုန်းသုန်းကားနိုင်တဲ့ အဖွဲ့တွေပါ”။ ခရီးစဉ်ကြီးကတော့ အနှေးဆုံးသွားနည်းထဲက အမြန်ဆုံးနှုန်းနဲ့ သွားရတဲ့ကိန်း ဆိုက်သွားခဲ့ပါတယ်။

          နည်းနည်းနဲ့ စွဲစွဲမြဲမြဲလုပ်

ဒီတောင်ဝင်ရိုးစွန်း ခရီးစဉ်ဇာတ်လမ်းက အလုပ်နဲ့ပတ်သက်ပြီး ယုံကြည်ထားကြတဲ့ အချက်နှစ်ချက်ကို စိန်ခေါ်လိုက်ပါတယ်။ပထမတစ်ချက်က ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုအတိုင်းအတာကို တိုးမြှင့်ရမယ်၊ တာဝန်များများယူရမယ်၊ ဆောင်ရွက်ဖို့ နည်းလမ်းများများရှာရမယ်ဆိုတဲ့ တောင်ဝင်ရိုးစွန်းသွားဖို့ သယ်ယူပို့ဆောင်ရေး နည်းလမ်းငါးမျိုး အသုံးပြုတဲ့ ကိစ္စမျိုးပါ။ကျွန်တော်တို့က တာဝန်များများယူခြင်းဟာ အလုပ်များများ အောင်မြင်ခြင်းနဲ့ ကျွန်တော်တို့ရဲ့ အလုပ်စွမ်းရည်ကို ပိုတိုးတက်စေခြင်းကို ဖြစ်စေမယ်လို့  ယုံကြည်ထားတာပါ။

“ပိုလုပ်ရမယ်” ဆိုတာက များသောအားဖြင့် မှားယွင်းတဲ့ မဟာဗျူဟာပါ။ဒုတိယတစ်ချက်က အာရုံစိုက်တဲ့နေရာ လွဲနေတဲ့ ယုံကြည်ချက်အမှား နောက်တစ်ခုပါ။ဒန်နီယယ်ဂိုးမန်းနဲ့ စတီဗင်ကိုဗီတို့လို စာရေးဆရာတွေ ငြင်းခုန်လေ့ရှိတာက လူတွေက လုပ်စရာတချို့ကိုပဲ ရွေးလုပ်ပြီး ကျန်တာကိုမလုပ်ဘဲ နေခြင်းဖြင့် သူတို့ရဲ့ စွမ်းဆောင်မှုကို အကောင်းဆုံးလုပ်ဆောင်နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။ဒီလိုစဉ်းစားတာကလည်း မပြည့်စုံပါဘူး။ဒါက ရွေးချယ်ဖို့ပဲ လိုတယ်ဆိုပြီး ရွေးချယ်မှုအပေါ်မှာ အလွန်အကျွံရှေ့တန်းတင် ဇောင်းပေးခြင်းသာဖြစ်တယ်။တကယ်လို့ သင်ကသာ ဦးစားပေးသင့်တာ အနည်းငယ်ကို စည်းကမ်းတကျ ရွေးချယ်မယ်ဆိုရင် အောင်မြင်မှာပါ။ဦးစားပေးသင့်တာ အနည်းငယ်ကို ရွေးချယ်တယ်ဆိုတာက တကယ်တော့ ညီမျှခြင်းတစ်ခုရဲ့ တစ်ဖက်ခြမ်းသာ ရှိပါသေးတယ်။နောက်တစ်ခြမ်းက သင်အာရုံစိုက်လုပ်ဖို့ ရွေးချယ်ထားတဲ့ကဏ္ဍကို စွဲစွဲမြဲမြဲနဲ့ ပြောင်ပြောင်မြောက်မြောက် လုပ်ဆောင်ရမယ်ဆိုတဲ့ ပြင်းထန်တဲ့ လိုအပ်ချက်ဖြစ်ပါတယ်။

“အာရုံစူးစိုက်ခြင်း” ဆိုတဲ့ စကားရပ်မှာ အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ဦးစားပေးရမယ့်အရာ အနည်းငယ်ရွေးထုတ်တာရယ် အဲဒီအပိုင်းတွေကိုပဲ အားစိုက်ကာ ကောင်းသထက်ကောင်းအောင် လုပ်ဆောင်တာရယ်တို့ဖြစ်ပါတယ်။လူတော်တော်များများ အလုပ်လုပ်ရာမှာ ဦးစားပေးရမယ့် အရာအနည်းငယ် ရွေးချယ်လုပ်တတ်ကြပါတယ်၊ ဒါပေမဲ့ သူတို့က စွဲစွဲမြဲမြဲ စိုက်လိုက်မတ်တပ်မလုပ်တတ်ကြဘူး၊ သာမန်ကာသျှံကာပဲ လုပ်လိုက်ကြတယ်။အမှားက အဲဒါပါပဲ။

အမန်ဆန်ရဲ့ အောင်မြင်မှုဟာ ခွေးတွေကို ရွေးချယ်အသုံးပြုရုံ သက်သက်ကြောင့် မဟုတ်ပါဘူး၊ သူအောင်မြင်တာက သူက ခွေးကိုသုံးဖို့ ရွေးလိုက်ပြီဆိုတာနဲ့ သူက သူ့ရဲ့တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ ခွေးဆွဲစွပ်ဖားနဲ့ ခရီးသွားတဲ့အရာမှာ အစွမ်းကုန်ကောင်းမွန်အောင် လုံးဝဥဿုံ အားစိုက်ကြိုးပမ်းတော့တာပါ။သူသာ ခွေးတွေနဲ့ ခွေး‌မောင်းသမားတို့ကို ကောင်းတယ်ဆိုရုံပဲ ရွေးသုံးခဲ့မယ်ဆိုရင် နေ့စဉ် အမြန်နှုန်းကောင်းကောင်းနဲ့ ခရီးထွက်ဖို့ မဖြစ်နိုင်သလို ပြိုင်ပွဲမှာလည်း ရှုံးခဲ့မှာဖြစ်တယ်။

ကျွန်တော်တို့ရဲ့ လူ ၅,၀၀၀ အပေါ်မှာ စူးစမ်းလေ့လာတွေ့ရှိချက်အရ အဓိကဦးစားပေးလုပ်ရမယ့် အလုပ်အနည်းငယ်ရွေးချယ်ပြီး အဲဒီဦးစားပေးမှုတွေအပေါ်မှာ ထူးကဲတဲ့ အားစိုက်အလုပ်လုပ်တဲ့သူတွေဟာ ဦးစားပေးလုပ်ရမှာတွေ အများကြီးရွေးချယ်လုပ်သူတွေထက် ပိုမိုသာလွန် ကြီးမားတဲ့ အောင်မြင်မှုအကျိုးရလဒ်တွေ ရရှိတာကို တွေ့ခဲ့ရပါတယ်။ဦးစားပေးလုပ်ရမှာ ဘယ်လောက်ထားမယ်၊ အဲဒီအပေါ်မှာ ဘယ်လောက်အားစိုက်လုပ်မယ်ဆိုတာကို ဘယ်လိုခန့်မှန်းရွေးချယ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ရဲ့ လေ့လာမှုတွေမှာ ထည့်မေးခဲ့ပြီး၊ “နည်းနည်းလုပ် စွဲမြဲလုပ်” ဆိုတဲ့ ရှုဒေါင့်ကနေ အမှတ်ပေးသုံးသပ်မှုလုပ်ပြီး တစ်ယောက်ချင်းရဲ့ စွမ်း‌ဆောင်ရည်အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ ခွဲခြမ်းစိတ်ဖြာ အဖြေရှာခဲ့တယ်။ကျွန်တော်တို့ မျှော်လင့်ထားတာထက် အများကြီးပိုတဲ့ အဖြေတွေရခဲ့တယ်။အခြားလုပ်ရမယ့်အရာမှာ သာမာန်ပဲလုပ်ပြီး “နည်းနည်းလုပ် စွဲမြဲလုပ်” အပေါ်မှာ အားစိုက်လုပ်တဲ့ အလေ့အကျင့်ရှိသူတွေက ဒီလိုအလေ့အကျင့်မျိုး လုပ်လေ့မရှိတဲ့သူတွေထက် ၂၅ ရာခိုင်နှုန်း အမှတ်ပိုသာတာ တွေ့ရတယ်။

ခြားနားချက်ကို စဉ်းစားကြည့်ကြရ‌‌အောင်၊  သင်က အလယ်အလတ်တန်း စွမ်းဆောင်ရည်ရှိသူဆိုပါစေ၊ သင်က ဝန်ထမ်းအားလုံးကြားမှာ ၅၀ ရာခိုင်နှုန်း အမှတ်နေရာမှာ ရှိနေမှာပေါ့။အဲဒီအနေအထားကနေ သင်က “နည်းနည်းလုပ် စွဲမြဲလုပ်” ရမှတ်နိမ့် (များများလုပ် မဟာဗျူဟာ) ကနေ ရမှတ်မြင့်ဖြစ်လာအောင် စတင်ကြိုးစားတယ် ဆိုကြပါစို့။သင့်ရမှတ်က ၇၅ ရာခိုင်နှုန်းအမှတ်ကို ရောက်ရှိသွားပါမယ်၊ ဆိုလိုတာက သင်ဟာ ၇၄ ရာခိုင်နှုန်းသော ဝန်ထမ်းများထက် စွမ်းဆောင်ရည် ပိုမြင့်လာပြီပေါ့။တော်တော်လေး အံ့အားသင့်စရာကောင်းပါတယ်။ “နည်းနည်းလုပ်၊ စွဲမြဲလုပ်” စနစ်က ဒီဆောင်းပါးတွေမှာ ‌ဖော်ပြမယ့် အခြားအလေ့အကျင့်စနစ်တွေထက် စွမ်းဆောင်ရည် ပိုသာအောင် လုပ်ပေးနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှုစစ်တမ်းထဲက လူနှစ်ယောက်ရဲ့ ကွဲပြားမှုကို စဉ်းစားကြည့်ရအောင် (သူတို့ရဲ့ နာမည်နဲ့ အကြောင်းအရာတွေကို လွှဲပြောင်းထားပါတယ်)၊ လုပ်ငန်းရှင်က မေဝူကီဘဏ်၊ အပေါင်ဌာနက အသက်ငါးဆယ်အရွယ် မာရီယာကို “နည်းနည်းလုပ် စွဲမြဲလုပ်” အရာမှာ အမှတ်နိမ့်ပေးထားတယ်။လုပ်ငန်းရှင် ပြောပြတာက - သူမက အလုပ်လောဘကြီးတယ်၊ အလုပ်အများကြီး ပြုံကျလာပြီဆိုရင် သူမက အလုပ်အားလုံးကို ဘယ်သူ့ကိုမှခွဲမပေးပဲ သူမတစ်ယောက်တည်းလုပ်ချင်တယ်”။ဒါကြောင့် သူမက “နည်းနည်းလုပ်၊ စွဲမြဲလုပ်” အလေ့အကျင့်မှာ အောက်ခြေ ၄၁ ရာခိုင်နှုန်းပဲ ရပါတယ်။  

အဲဒီအဖြစ်အပျက်က ကေသီလို့ခေါ်တဲ့ ကားအပိုပစ္စည်းထုတ်တဲ့ ကုမ္ပဏီက အသက် ၅၅ နှစ် အရွယ် အရည်အသွေးအင်ဂျင်နီယာနဲ့ နှိုင်းယှဉ်တော့ တစ်မျိုးဖြစ်သွားပြီ၊ သူမက သူလက်ရှိလုပ်ရမယ့် လုပ်ငန်းရဲ့ အရေးအကြီးဆုံးအလုပ်တွေကို ရွေးချယ်စစ်ထုတ်ပြီးတော့ အဲဒါကိုပဲ အာရုံစိုက်ပြီး ဦးစားပေးအနေနဲ့ သတ်မှတ်လုပ်ကိုင်တယ်။တစ်ခါက ကေသီက သူမတို့ရဲ့ ဖောက်သည်လေးဦးရဲ့ ပစ္စည်းသစ်ဈေးကွက်တင်မယ့်ရက်ကို ဦးတည်ပြီး သူတို့မှာယူထားတဲ့ ပစ္စည်းတွေကို ဦးစားပေးသတ်မှတ် ထုတ်လုပ်နေခဲ့တယ်၊ ဒါကို အခြားဖောက်သည်တစ်ယောက်က အားလုံးကိုဦးစားပေးပြီး တစ်ပြိုင်နက်လုပ်ဖို့ ဖိအားပေးလာခဲ့တယ်။သူမရှင်းပြခဲ့တာက “ကျွန်မငြင်းရပါလိမ့်မယ်၊ တခြားဟာတွေ လောလောဆယ် မလုပ်နိုင်သေးပါဘူး၊ ကျွန်မမှာ အခြားဦးစားပေးရမယ့် ဖောက်သည်တွေရှိနေပါတယ်”။ကေသီရဲ့ လုပ်ငန်းရှင်က သူမကို “နည်းနည်းလုပ်၊ စွဲမြဲလုပ်” အလေ့အကျင့်အရာမှာ ထိပ်ပိုင်း ၁၀ ရာခိုင်နှုန်း ရမှတ်သတ်မှတ်ပေးခဲ့ပါတယ်။ကေသီက မာရီယာထက် စွမ်းဆောင်ရည်အဆင့် ၁၅ မှတ် ပိုရပါတယ်၊ ကွာဟချက်က ထူးချွန်အဆင့်နဲ့ သာမန်အဆင့်ပါ။  

ကျွန်တော်တို့ လေ့လာခဲ့တဲ့သူတွေထဲက အများစုက အလုပ်ထဲမှာ ခုလို အာရုံစိုက်ဦးစားပေးရမယ့်အလုပ်ကို ရွေးချယ်သတ်မှတ်ဖို့ ခက်ခဲတတ်တာကို တွေ့ရပါတယ်။လူ ၅,၀၀၀ ထဲက ၁၆ ရာခိုင်နှုန်းကသာ ကျွန်တော်တို့ရဲ့ မေးခွန်းထဲက “သူ/သူမက အခြားဘယ်အလုပ်တွေ၊ ဘယ်လောက်များများ လုပ်စရာရှိရှိ၊ အဓိကဦးစားပေးရမယ့် အလုပ်ကို အာရုံစိုက်လုပ်တဲ့နေရာမှာ အင်မတန်တော်တာကို တွေ့ရတယ်” ဆိုတဲ့ မေးခွန်းတစ်ခုမှာ ရမှတ်အများကြီးရပါတယ်။အခြား ၂၆ ရာခိုင်နှုန်းလုံးလုံးက ရမှတ်အရမ်းနည်းပါတယ်။

ကျွန်တော်က ထိပ်ပိုင်းအုပ်ချုပ်သူတွေက အလုပ်ဘယ်နှစ်ခု၊ ပရောဂျက်ဘယ်နှစ်ခု၊ တာဝန်ဘယ်နှစ်ခု ယူမယ်ဆိုတာ လွပ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိလို့၊ အောက်‌ခြေအငယ်တန်းနဲ့ အလတ်တန်းဝန်ထမ်းတွေထက် အာရုံစိုက်လုပ်ရမယ့် အလုပ်ရွေးချယ်မှုမှာ ပိုသာမယ်လို့ ထင်ခဲ့တာ၊ တကယ်တော့ ထိပ်ပိုင်းနဲ့ အောက်ခြေ ဝန်ထမ်းတွေမှာ အာရုံစိုက်လုပ်ရမယ့်အလုပ်ကိုရွေးချယ်မှု ထူးချွန်ရာမှာ မတိမ်းမယိမ်းပဲဆိုတာ တွေ့ခဲ့ရတယ်။

(ထိပ်ပိုင်း - ၁၇ ရာခိုင်နှုန်း၊ အငယ်တန်း - ၁၅ ရာခိုင်နှုန်း)။ဒီထက် ရာခိုင်နှုန်းနည်းနည်းပဲပိုတဲ့ အငယ်တန်းဝန်ထမ်းတွေက အာရုံစိုက်လုပ်ရမယ့်အလုပ် ရွေးချယ်ရာမှာ သူတို့ရဲ့ စီနီယာတွေထက် နည်းနည်းပဲ ပိုညံ့တာကို တွေ့ခဲ့ရတယ်။ (၂၈ ရာခိုင်နှုန်းနဲ့ ၂၃ ရာခိုင်နှုန်း)

ကျွန်တော်တို့ ခန့်မှန်းတာထက် အများကြီးပိုများတဲ့လူတွေဆီမှာ သူတို့ရဲ့အလုပ်တွေထဲကနေ ဘယ်အလုပ်တာဝန်ကို အာရုံစိုက်လုပ်မယ်ဆိုတာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကို တွေ့ရတယ်။တချို့ အလုပ်တွေက ပုံသေဖြစ်ပြီး ပြောင်းလုပ်လို့ မရပေမယ့် တကယ်တော့ အလုပ်တွေဟာ အများအားဖြင့် စဉ်းစားချင့်ချိန်ပြီး တိုးတက်အောင် ပြောင်းလဲပြင်ဆင် လုပ်ဆောင်လို့ရပါတယ်။

အလုပ်လုပ်စရာတွေ ပုံနေတတ်တဲ့ ဖြစ်နေကျအလေ့အကျင့်နဲ့ပတ်သက်ပြီး ဘာကြောင့်ဖြစ်နေတာလဲဆိုတာကို ဆန်းစစ်ရင်း ဘာကြောင့် သင်အာရုံစိုက်လုပ်ရမယ့်အလုပ်ကို ဘာကြောင့်ရွေးထုတ်သင့်လဲဆိုတာ ကြည့်လိုက်ကြရအောင်။

         အစွမ်းပြပြီး အလုပ်လုပ်ကိုင် အောင်မြင်သူများ ဖြစ်ကြပါစေ။

(ဆက်လက်‌ဖော်ပြပါမည်)

သက်ထွန်း (သျှမ်း)