【 ဆောင်းပါး 】 “ကောင်းဆိုးနှစ်တန်…လောကဓံ”

【 ဆောင်းပါး 】 “ကောင်းဆိုးနှစ်တန်…လောကဓံ”

“လောကဓံ” ဆိုတာ လောကသားတို့ မဖြစ်မနေတွေ့ကြရသည့် အကောင်း၊ အဆိုး သဘာဝတရားများဖြစ်သည်။လာဘော အလာဘော ယသော အယသော နိန္ဒာ၊ ပသံသာ သုခံ ဒုက္ခံဟူ၍ လောကဓံတရား (၈) ပါးရှိသည်။

(၁) လာဘ လာဘ်ရခြင်း
(၂) အလာဘ လာဘ်မရခြင်း
(၃) ယသ အခြွေအရံပေါများခြင်း
(၄) အယသ အခြွေအရံနည်းပါးခြင်း
(၅) နိန္ဒာ ကဲ့ရဲ့ခံရခြင်း
(၆) ပသံသာ ချီးမွမ်းခံရခြင်း
(၇) သုခံ ချမ်းသာခြင်း
(၈) ဒုက္ခံ ဆင်းရဲခြင်းတို့ဖြစ်သည်။

လောကဓံရှစ်ပါးကိုကြည့်လျှင် ယေဘုယျအားဖြင့် အကောင်းလေးပါး၊ အဆိုးလေးပါး ဖြစ်နေသည်ကို တွေ့ရမည်။လာဘ်ရခြင်း၊ အခြွေအရံပေါများခြင်း၊ ချီးမွမ်းခံရခြင်း၊ ချမ်းသာခြင်းတို့သည် အကောင်းလောကဓံ လေးပါးဖြစ်သည်။လာဘ်မရခြင်း၊ အခြွေအရံနည်းပါးခြင်း၊ ကဲ့ရဲ့ ခံရခြင်း၊ ဆင်းရဲခြင်းတို့သည် အဆိုးလောကဓံ လေးပါးဖြစ်သည်။

လောကဓံတရား ရှစ်ပါးရှိသော်လည်း လူတို့၏ အသိစိတ်တွင် လောကဓံတရား လေးပါးကိုသာ လက်ခံထားကြောင်း တွေ့ရသည်။စီးပွားရှာလို့ကောင်းနေလျှင် အပေါင်းအသင်းများနေလျှင် လူချစ်လူခင်များနေလျှင် စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်နေလျှင် လောကဓံလို့ မထင်ကြပါ။အပျော်လေးတွေကြားမှာ လောကဓံဆိုတာ တွေးတောင်မတွေးမိကြပါ။
စီးပွားရေးမကောင်းလျှင် ကူညီသူကင်းမဲ့နေခဲ့လျှင် သူများအပြောအဆိုခံနေရလျှင် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေလျှင် လောကဓံကကြမ်းလိုက်တာ အတော်ဆိုးတဲ့လောကဓံပဲ စသည်ဖြင့် လောကဓံကို အပြစ်တင်လေ့ရှိသည်။လူတို့သည် အဆိုးနှင်ကြုံမှ လောကဓံဆိုတာ မကောင်းဘူးလို့ ပြောကြသည်။

ထိုအကောင်းအဆိုး ရောသမမွှေထားသော လောကဓံတရားသည် လူတို့၏နောက်မှ အရိပ်ပမာ မခွဲမခွာဘဲ ထပ်ချပ်လိုက်ပါနေသည်။

လူတိုင်းသည် မိမိတို့ပြုခဲ့သော အတိတ်ကံများအရ လောကဓံကို မလွဲမသွေ ရင်ဆိုင်ကြရမည်ဖြစ်သည်။

မိမိပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်ကံကြောင့် ငွေကြေးပစ္စည်းဥစ္စာ ရှာရဖွေရလွယ်ကူပြီး မတောင့်တမကြောင့်ကြဘဲ စည်းစိမ်ချမ်းသာနှင့်ပြည့်စုံမည်။ဝိုင်းဝန်းကူညီမည့် အပေါင်းအသင်းမိတ်ဆွေပေါများပြီး မျက်နှာပွင့်၍ လူတိုင်းကချစ်ခင်ကာ ခေါ်ချင်ပြောချင် နှုတ်ဆက်ချင်ကြမည်။ကောင်းသတင်းဂုဏ်ကျော်စောကာ ပတ်ဝန်းကျင်အနီးအဝေးမှ မိမိကို လိုလိုလားလား ချစ်ခင်နှစ်သက်စွာ ချီးမွမ်းသူပေါများမည်။အနာရောဂါကင်း၍ကျန်းမာပြီး ပစ္စည်းဥစ္စာ ရာထူးဂုဏ်သိရ် ပြည့်စုံစွာဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာနေရမည်။ထိုသူသည် ကောင်းသောလောကဓံနှင့် တွေ့ဆုံနေရပြီဖြစ်သည်။

မိမိပြုလုပ်ခဲ့သော မကောင်းမှုအကုသိုလ်ကံကြောင့် ဓနငွေကြေးရှားပါးပြီး ရှာဖွေရခက်ခဲကာ ပစ္စည်းဥစ္စာချို့ချို့တဲ့တဲ့နေရမည်။အခြွေအရံနည်းပါးပြီး အထီးကျန်မျက်နှာမွဲဖြစ်၍ ခေါ်မည့်ပြောမည့် နှုတ်ဆက်မည့်သူမရှိဘဲ အပေါင်းအသင်းဆွေမျိုး မရှိသလောက်ရှားပါးမည်။နှိမ့်ချခံရခြင်း ရှုတ်ချခံရခြင်း လူမုန်းများခြင်း မကောင်းသတင်းကျော်ကြားခြင်း လူများစုက မိမိ၏မကောင်းသတင်းကို မြိန်ရေယှက်ရေပြောဆိုနေကြခြင်း ပတ်ဝန်းကျင်အနီးအဝေးမှ မိမိကိုမလိုလား မုန်းတီးစွာကဲ့ရဲ့သူပေါများခြင်းတို့ကြောင့် စိတ်မချမ်းမသာဖြစ်ရမည်။အနာရောဂါနှိပ်စက်ခံရပြီး ပစ္စည်းဥစ္စာ ရာထူးဂုဏ်သိရ်ကင်းမဲ့လျက် ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းကို တွေ့ကြုံခံစားရမည်။အဆိုးလောကဓံနှင့် တွေ့ဆုံနေရသော အခြေအနေဖြစ်သည်။

သံသရာတစ်လျှောက်လုံး မိမိပြုလုပ်ခဲ့သမျှ ကုသိုလ် အကုသိုလ်များက မိမိ၏နောက်သို့ အစဉ်လိုက်ပါလာသောကြောင့် ကြုံလာသည့် လောကဓံကို ရှောင်ပုန်းလို့မရပါ ရှောင်ပြေးလို့မလွတ်ပါ။အသေအချာကို ကြုံတွေ့ရမှာပါ။အသေအချာကို ရင်ဆိုင်ရမှာပါ။

ခက်နေတာက ကျွန်တော်တို့လူတွေပါ။အကောင်းနှင့်ကြုံလျှင် သာယာမိန်းမောနေသည်။အဆိုးနှင့်ကြုံလာလျှင် ညည်းတွားအော်ဟစ်နေတတ်သည်။သို့သော်လည်း လောကဓံကို ဘယ်လိုရင်ဆိုင်မည်ဆိုတာကို မစဉ်းစားတတ်ပါ။ပိုဆိုးတာက ကျွန်တော်တို့ကိုယ်တိုင်ကလည်း အားကျမခံဘဲ လောကဓံတရားများ၏နောက်ကို လိုက်မိနေတာဖြစ်သည်။

ဆိုလိုချင်သည်မှာ ကြုံတွေ့ရင်ဆိုင်နေရသော အကောင်း၊ အဆိုး လောကဓံပေါ် မူတည်ပြီး ကျွန်တော်တို့တွေက ကုသိုလ် အကုသိုလ်တွေ ထပ်မံပြုလုပ်ကာ လောကဓံအသစ်တွေ ဖန်တီးနေကြတာဖြစ်သည်။

ဆင်းရဲသောလောကဓံကို ကြုံတွေ့ရသော လူတစ်ယောက်အနေနှင့် ဖြစ်နိုင်ခြေနှစ်ခုရှိသည်။တစ်ခုက ကြုံတွေ့နေရသောအခြေအနေကို လက်ခံပြီး သမာအာဇီဝအလုပ်တစ်ခု သို့မဟုတ် နှစ်ခုသုံးခုလုပ်ကာ ဘဝနုံချာသော်လည်း အသိရှိရှိ သတိရှိရှိနှင့် လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်လိုက်သည်။သူကိုယ်တိုင်က ဆင်းရဲမွဲတေနေသည့်ကြားမှ သူ့ထက်ပို၍နိမ့်ကျနေသူနှင့်တွေ့လျှင် တတ်နိုင်သလောက် ကူညီပေးတတ်သည်။အနည်းဆုံး တစ်ဖက်သား စိတ်ဓာတ်နိမ့်ကျမသွားစေရန် ဖေးဖေးမမနှင့် အားပေးစကားပြောပေးသည်။ ဘဝတူအချင်းချင်းဆိုလျှင်လည်း တိုင်တိုင်ပင်ပင်နှင့် တရင်းတနှီးဆက်ဆံကာ အပြန်အလှန်ကူညီကြသည်။သူ့ထက်အခြေအနေကောင်းသောသူများကိုတွေ့လျှင်လည်း မုဒိတာစိတ်ထားကာ လေးလေးစားစား ဆက်ဆံပေးသည်။

ဒုတိယအခြေအနေတစ်ခုကတော့ ဆင်းရဲမှုလောကဓံကို လက်မခံနိုင်ခြင်းဖြစ်သည်။တချို့က ဆင်းရဲသောဘဝကို စိတ်နာပြီး အားငယ်ဝမ်းနည်းနေတတ်သည်။လောကကြီးကို ခဏလောက်မေ့နေရင်ပြီးရောဆိုပြီး  အရက်သောက် ဖဲရိုက် အပေါင်းအသင်းများနှင့် ဟေးလားဝါးလားလုပ်ကာ အပေအတေ အလေအလွင့်လုပ်ရင်း ဘဝရေစုန်မှာမျောနေလိုက်တော့သည်။

တချို့ကတော့ သူ့ထက်ချမ်းသာနေသူများအပေါ် မနာလိုစိတ်ထားပြီး လောကကြီးကို မကျေမနပ်အပြစ်တင်နေတတ်သည်။လောကဓံကို အံတုမည်ဆိုပြီး ခိုးဆိုးလုယက်ခြင်းကို အသက်မွေးဝမ်းကျောင်းပြုကာ ဘဝရေစီးကိုဆန်တက်ရန် ကြိုးစားရင်း လမ်းမှားကိုလျှောက်မိကြသည်။

ချမ်းသာသောလောကဓံကို ကြုံတွေ့ရသော လူတစ်ယောက်သည်လည်း ဖြစ်နိုင်ခြေနှစ်ခုရှိ၏။တချို့က ကြုံတွေ့နေရသောအခြေအနေကို လက်ခံပြီး သမာအာဇီဝအလုပ်နှင့် မှန်မှန်ကန်ကန် ဘဝရပ်တည်သည်။သူ့ထက်နိမ့်ပါးသောသူများကို အကြင်နာထားကာ ဖေးဖေးမမနှင့် ထောက်ပံ့ကူညီသည်။တန်းတူစီးပွားဖက်ချင်းလည်း အပြိုင်အဆိုင်မလုပ်ဘဲ ဆိုးတိုင်ပင်ကောင်းတိုင်ပင်နှင့် ညီညီညွတ်ညွတ် စီးပွားရှာသည်။သူ့ထက် ပိုမိုချမ်းသာသောသူများအပေါ်မှာလည်း မနာလိုစိတ်မထားဘဲ လေးလေးစားစား ဆက်ဆံကာ မုဒိတာပွားပေးသည်။

တချို့ကတော့ ချမ်းချမ်းသာသာနေရသောဘဝကို အတွယ်တာလွန်ကာ ဆင်းရဲမွဲတေမှာ အထူးကြောက်လန့်နေတတ်သည်။သူ့မှာရှိသော စီးပွားကိုမလျော့အောင် ထိန်းသိမ်းရင်း ဝန်တိုစိတ်တွေများလာပြီး နှမြောတွန့်တိုလာသည်။ကုသိုလ်ကံကောင်းလို့ ပိုင်ဆိုင်ထားသော လက်ရှိစည်းစိမ်ချမ်းသာကိုအားမရတော့ မရောင့်ရဲ မတင်းတိမ်နိုင်တော့ပေ။သူ့ထက် အခြေအနေနိမ့်ပါးသူတွေ့လျှင် သနားကြင်နာရမည့်အစား ကဲ့ရဲ့အပြစ်တင်ကာ မတူမတန်သလို ဆက်ဆံသည့်အပြင် ထိုနိမ့်ပါးသူဆီမှပင် ရသလောက်ယူရန် ဝန်မလေးတော့ပေ။တန်းတူစီးပွားဖက်ချင်းတွေ့လျှင်လည်း ရှေ့တွင်တစ်မျိုး နောက်ကွယ်တစ်မျိုး ဟန်ဆောင်ကာ ရန်သူပြိုင်ဖက်အဖြစ် သဘောထားသည်။သူ့ထက် ချမ်းသာသူတွေ့လျှင်တော့ မုဒိတာစိတ်မထားနိုင်သည့်အပြင် မနာလိုဖြစ်ကာ တစ်ဖက်သတ်ပြိုင်ဆိုင်နေပြန်သည်။

သူ့မှာရှိနေသည့် စီးပွားထက် ပိုမိုကြီးပွားချမ်းသာချင်သော လောဘစိတ်က တစ်စစကြီးထွားလာပြီး သူ့စီးပွားရေးအတွက် ဘယ်သူတွေနစ်နာပါစေ သူ့အနေနှင့် လုံးဝဂရုမစိုက်နိုင်တော့ပါ။ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသကဲ့သို့ ကျန်သူတွေမျက်ရည် ဘယ်လောက်ကျကျ ချွေးတွေဘယ်လောက်ရွှဲရွှဲ သွေးတွေဘယ်လောက်ထွက်ထွက် ဘဝတွေဘယ်လိုပျက်ပျက် ရောဂါတွေဘယ်လိုရရ အသက်တွေဘယ်လိုသေသေ သူတစ်ယောက်တည်းကျန်းမာနေဖို့ သူတစ်ယောက်တည်းချမ်းသာနေဖို့သာ အဓိကလို့ ခံယူထားလေသည်။

တကယ်တော့ လူတိုင်းသည် ဆိုးသောလောကဓံကိုဖြစ်စေ ကောင်းသောလောကဓံကိုဖြစ်စေ မလွဲမသွေရင်ဆိုင်ရမည်ဖြစ်ပြီး ထိုသို့ရင်ဆိုင်ရသည့်အခါမှာ လောကဓံဆိုးသည် ကောင်းသည်ဆိုတာထက် ရင်ဆိုင်သည့် လူ၏အရည်အချင်းသည်သာ ပို၍အရေးကြီးသည်ကို တွေ့နိုင်သည်။လူများစုသည် လောကဓံတရားများနှင့် တွေ့သောအခါ များစွာတုန်လှုပ်တတ်ခြင်းကို ပြသနေပါသည်။

ထို့ကြောင့်လည်း လောကဓံတရားနှင့်ပတ်သက်ပြီး ဗုဒ္ဓဘုရားရှင်က မင်ဂလသုတ်တွင် "ဖုဋ္ဌဿလောက ဓမ္မေဟိ စိတ္တံယဿနကမ္ပတိ အသောကံ ဝိရဇံ ခေမံ" ဟု ဟောကြားတော်မူထားပါသည်။

လောကဓမ္မေဟိ လောကဓံတရားတို့နှင့်။ဖုဋ္ဌဿ တွေ့ကြုံရသော။ယဿ အကြင်ပုဂ္ဂိုလ်၏။စိတ္တံ စိတ်သည်။န ကမ္ပတိ မတုန်လှုပ်။အသောကံ စိုးရိမ်ပူဆွေးခြင်းမရှိ။ဝိရဇံ ကိလေသာတည်းဟူသော မြူမှုန်မကပ်ငြိ။ခေမံ ဘေးကင်း၏။          

ရိုက်မောင်း
ဇန်နဝါရီ - ၁၁