【 ဆောင်းပါး 】 “ကျနော်ကြွေခဲ့သော ကျနော့်အဘိုး”

【 ဆောင်းပါး 】 “ကျနော်ကြွေခဲ့သော ကျနော့်အဘိုး”

ကျနော့်အမေဘက်က ကျနော်တို့အဘွားတွင် မောင်နှမ ၁၁ ယောက်ရှိသည်။ ၁၁ ယောက်ထဲတွင် ယောကျာ်းလေးတစ်ယောက်သာပါသည်။သူက အစ်မ ၅ ယောက်နှင့် ညီမ ၅ ယောက်ကြား ၆ ယောက်မြောက်အဖြစ် မွေးဖွားလာခြင်းဖြစ်သည်။ထုံးစံအတိုင်း ယောကျာ်းလေးက တစ်ယောက်တည်းပါလာသဖြင့် အစ်မတွေ ညီမတွေက ချစ်ကြသည်။ပြီးတော့ သူထင်ရာလုပ်သမျှလည်း သည်းခံကြပုံရသည်။
 
မိဘတွေကလည်း သူဌေးမဟုတ်တောင် အဆင်ပြေလှသဖြင့် တစ်ဦးတည်းသောသား ပညာတတ်ဖြစ်ရေးအတွက် မော်လမြိုင်မြို့အထိပို့ကာ ပညာသင်စေသည်။သူတို့ခေတ်အခါက ၈ တန်းလား၊ ၉ တန်းအောင်လား မသိ၊ ဖြစ်ထွန်းခဲ့သဖြင့် တောမှာ ပညာတတ်ကြီးအဖြစ် မင်းမူနိုင်သည်။အင်္ဂလိပ်ခေတ်တွင် ရန်ကုန်လိုနေရာမျိုး မှာပင် လူလေးစားခံရသော မြို့အုပ်စာရေးရာထူးမျိုးရနိုင်သည်။ပညာရေးဘက်ဝင်လျှင် ကျောင်းအုပ်လောက်ဖြစ်နိုင်သည်။သို့သော်၊ သူက မိဘက ပညာတတ်ဖြစ်စေချင်လွန်းလို့ မြို့ကျောင်းပို့တာ ပညာတတ်တာထက်ကျော်လွန်ပြီး သခင်ပါဖြစ်လာသည်။
 
သူ့အမည်က ဦးထွန်းတင်။သို့သော်၊ သူ့အိမ်နာမည် ဦးပါခွေးကိုသာ လူတိုင်းခေါ်ကြသည်။သူက ရိုးရိုး ပါခွေးမဟုတ်၊ သခင်ပါခွေး။ဝင်ကြေး တစ်မတ်သွင်းပြီး ဒို့ဗမာအစည်းအရုံးဝင်ချိန်တွင်လည်း သခင်ပါခွေးအဖြစ်သာ စာရင်းသွင်းခဲ့သည်။
 
သူက သခင်တွေခေတ်ကောင်းသည့်အချိန်ကျမှ သခင်ဘွဲ့ခံသူမဟုတ်။သခင်ဆို ထောင်နှုတ်ခမ်းပေါ်လျှောက်နေတဲ့ ဒေါင့်မကျိုးတဲ့ သူပုန်ပေါက်စ၊ ထီးထမ်းလမ်းလျှောက်အဖြစ် လူအထင်မကြီးသည့် အင်္ဂလိပ်ခေတ်ကတည်းက ပိုင်အိုးနီးယားသခင်။
 
ဂျပန်ခေတ်ရောက်တော့လည်း ဂျပန်တော်လှန်ရေးသခင်အဖြစ် မှတ်ကျောက်တင်။နောက်ပိုင်း ဂျပန်တွေအနံ့ရသွားပြီး လိုက်ဖမ်းသဖြင့် ထွက်ပြေးရသည်။ထွက်ပြေးတာမှ ကံကောင်းလို့ သီသီကလေးလွတ်သွားခဲ့တာတဲ့။သူလွတ်သွားပြီးနောက် သူ့အစ်မ (ကျနော်တို့အဘွား) အိမ်ကို ဂျပန်တွေလာရှာသည်။သူ့ကိုမတွေ့သဖြင့် ဘယ်မှာရှောင်နေသလဲဟု သူ့ယောက်ဖ (ကျနော်တို့အဘိုး) ကို မေးသည်။ယောက်ဖက အမှန်တကယ်မသိ။မသိရကောင်းလားဆိုပြီး ဂျပန်ဖမ်းသွားပြီး နှိပ်စက်သည်။ဂျပန်က မော်လမြိုင်ကနေ စစ်လာရှောင်သည့် တရုတ်ဆရာဝန်ညီအစ်ကိုကိုလည်း ဖမ်းသွားခဲ့သည်။
 
တစ်ပတ်ခန့်အကြာ ကံကောင်းထောက်မစွာဖြင့် ကျနော်တို့အဘိုး ပြန်လွတ်လာတော့ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေအပြည့်။နာလွန်းလို့ ဌက်ပျောဖက်တွေနဲ့ အုပ်ထားရသည်ဟု ကြားခဲ့ဖူးသည်။ကျနော်တို့အဘိုးမှာ စကားပြောလည်းကောင်း၊ ဒေသဗဟုသုတလည်းကြွယ်၊ ကျနော်တို့မြေးတွေကို ရှေးဟောင်းနှောင်းဖြစ်တွေ သိပ်ပြောပြသော်လည်း ဂျပန်အရိုက်ခံရသည့်အကြောင်း တစ်ခါမှမပြော၊ နိုင်ငံရေးအကြောင်းတွေဘာတွေ မပြော။ကျနော့်စိတ်ထင် ထိတ်လန့်စရာအဖြစ်ဆိုးကြီးကို တစ်ခါတည်း အဘိုးမြေမြှုပ်လိုက်သည့်ပုံ။ပြီးတော့ သူ့ယောက်ဖဖြစ်အင်ကိုကြည့်ပြီး နိုင်ငံရေးတွေ ဘာတွေလည်း ကြောက်သွားလေသလားမသိ။သို့သော်၊ သူ့ယောက်ဖအပေါ် လုံးဝအပြစ်မတင် သေသည်အထိ ချစ်ခင်မပျက်။ထားတော့။
 
သခင်ပါခွေးမှာ ပြေးလွှားရှောင်ပုန်းရင်း ဂျပန်ကိုတော်လှန်ရင်း အပြင်းအထန် ဌက်ဖျားမိသည်။ဆေးကောင်းဝါးကောင်းနှင့် စနစ်တကျမကုနိုင်သဖြင့် သူ့အကြားအာရုံကို ထိခိုက်သည်။စစ်ကြီးပြီးလို့ ဆေးတွေဘာတွေ သေချာကုသည့်တိုင် သူ့အကြားအာရုံက ပုံမှန်အဆင့်ပြန်မရောက်တော့။
သခင်ပါခွေး၏တူ (ကျနော့်ဦးလေး) စာရေးဆရာက လွတ်လပ်ပြီးခေတ်တွင် ဘီလူးကျွန်းအမတ်အဖြစ် သခင်ပါခွေး ကို ပထမဆုံးအဆိုပြုကြသည်တဲ့။
 
‘တို့ ဦးလေးက ပြတ်တယ်။နိုင်ငံလွတ်လပ်ချင်လို့ နိုင်ငံရေးလုပ်တာ။အာဏာတွေဘာတွေလိုချင်လို့ မဟုတ်ဘူး။အခုလွတ်လပ်သွားပြီဆိုတော့ နိုင်ငံရေးဘာမှမလုပ်တော့ဘူး’ တဲ့။သူ့ဦးလေးအကြောင်း ကျနော့်ဦးလေးကပြောပြနေပုံ ဂုဏ်ယူနေသလိုမျိုး။
 
နိုင်ငံရေးမလုပ်တော့ဘဲ  လယ်လုပ်သည်တဲ့။တစ်သက်လုံးလက်ကြောမတင်းခဲ့တဲ့နိုင်ငံရေးသမား လက်ကြောရှယ်တင်းမှရမယ့် လယ်သမားဘဝဆိုတော့ အဆင်ပြေပုံမရ။မိန်းမ ၁၊ သမီး ၁ နဲ့ ရန်ကုန်ကို အပြီးပြောင်းရွှေ့ပြီး ဘယ်လိုလုပ်ကိုင်စားသောက်သလဲ ကျနော်မသိ။ကျနော်သိသည့်အချိန်ကျတော့ သခင်ပါခွေးမှာ ဂျပန်ခေတ် ဌက်ဖျားဒဏ်ကြောင့် နားတော်တော်လေးကာ အမြဲတမ်းညည်းညူသံထွက်နေသည့် အဘိုးလေးအရွယ်သို့ရောက်ပြီ။
 
သူ့တစ်သက်တာ နိုင်ငံရေးသမားဘဝနဲ့ ရုန်းကန်ချို့တဲ့ခဲ့သမျှ အသက်ကြီးလာတော့ အိမ်ထောင်ရှင်သမီးက အဆင်ပြေသဖြင့် သူလည်းမပူပင်ရတော့ဘဲ သက်သောင့်သက်သာ၊ တောင်ဥက္ကလာမှာ နေထိုင်သည်။သူတို့အိမ်နှင့် ကျနော်တို့အိမ်က သိပ်မဝေးလှသဖြင့် မနက်ခင်းတိုင်းရောက်လာသည်။သူ့တူမ ကျနော့်အမေကို ချစ်သဖြင့် စောင့်ရှောက်သည့်သဘော ရောက်လာခြင်းဖြစ်သည်။
 
ဖိုးပါခွေး ရောက်လာလျှင် ရှိတာချကျွေး၊ ပုံမှန်အားဖြင့်တော့ ရေနွေးကြမ်းတိုက်ခြင်းတစ်ခုသာ။ရေနွေးကြမ်းနဲ့ မြည်းစရာက သတင်းစာဖတ်ခြင်းသာဖြစ်သည်။သတင်းစာကို နေ့စဉ် စေ့စေ့စပ်စပ်ဖတ်ပြီးမှ သူ့အိမ်သူပြန်သည်။သူအိပ်ရာထဲမလဲခင်အထိ တစ်ရက်မှမပျက် လာပြီး နေ့စဉ်ထုတ်သတင်းစာကို သဲကြီးမဲကြီးဖတ်သည်။
 
ကျနော့်ဘဝမှာ သခင်ဆိုတာကြီးကို ပထမဆုံးအကြိမ် အနီးကပ်တွေ့ခြင်းဖြစ်သည်။ဖိုးပါခွေး က နားတော်တော်လေးနေပြီမို့ သူ့နိုင်ငံရေးဖြတ်သန်းမှုကို မေးလို့မရ။သူမော်ကွန်းဝင်အဖြစ်လျှောက်လွှာတင်ခဲ့တုန်းက ရေးသားခဲ့သည့် သူ့နိုင်ငံရေးဖြတ်သန်းမှုကို ပြသဖြင့် ဖတ်ခဲ့ဖူးသည်။ပြီးတော့၊ သူ့မော်ကွန်းဝင် တတိယအဆင့် တံဆိပ်တွေ ဘာတွေ။သူ့မြေးအရင်းတွေရော ကျနော်တို့လို တစ်ဝမ်းကွဲမြေးတွေပါမကျန် အဘိုးရဲ့ သခင်ဘဝကို အထင်တကြီး စိတ်ဝင်စားသည်မှာ ကျနော်တစ်ယောက်သာရှိသဖြင့် ဝမ်းသာအားရပြခြင်းဖြစ်နိုင်သည်။
 
ပြီးတော့ ကျနော်စာအုပ်ဖတ်တတ်ခြင်း၏ အစမှာ နိုင်ငံရေးသိချင်လျှင် စာဖတ်ဆိုသည့် အဘိုး၏ လမ်းညွှန်ချက်ကြောင့်ဖြစ်သည်။တကယ်တော့ ကျနော်တို့အဘိုးမှာ ရေပတ်လည်ဝိုင်းလျက်ရှိသော ကျွန်းမြို့လေးပေါ်က အာဏာနိုင်ငံရေးမဖက်သော အညတြနိုင်ငံရေးသမားတစ်ယောက်သာဖြစ်သည်။
 
သို့သော်၊ ကျနော့်အတွက်တော့ သိပ်အထင်ကြီးခဲ့သော သခင်ကြီးတစ်ဦးဖြစ်သည်။ကျနော်က အဘိုးမြေးပီသစွာ ထင်ရာစိုင်းသည့်အခါတိုင်း အမျိုးအဆွေတွေက အဲ့ဒါ သခင်ပါခွေး အငယ်စားလေးဟု ညွှန်းလေ့ရှိသည်။ထိုသို့အညွှန်းခံရသည့်အခါတိုင်း ကျနော်ဂုဏ်ယူလေ့ရှိသည်။
 
ကျနော့်သွေးသားထဲတွင် ထင်ရာစိုင်းချင်သောအနုပညာဓာတ်ခံ ပြင်းပြလေ့ရှိသဖြင့် ထင်ရာစိုင်းရတာကို ကြိုက်ပါသည်။
 
ငြိမ်းဆက်
နိုဝင်ဘာ - ၂၀