【 ဆောင်းပါး 】 “ကျူရှင်ဆရာဘ၀ အတွေ့အကြုံ”

【 ဆောင်းပါး 】 “ကျူရှင်ဆရာဘ၀ အတွေ့အကြုံ”

ခေတ်ကမကောင်း အသက်အရွယ်ကလည်းထောက်လာသဖြင့် သင်ကြားရေးအလုပ်မှ နားလိုက်ရသော်လည်း ကိုယ်နှင့်သက်တမ်းတူဆရာတွေ၊ တစ်ခေတ်တည်းဖြတ်ခဲ့သည့်ဆရာတွေရဲ့ သတင်းစကားကို နားစွင့်မိသည်။

ပြီးခဲ့သည့်လနှင့် ယခုလအတွင်း ကျူရှင်ဆရာတွေ အတော်များများ ကိုဗစ်နှင့်သေဆုံးကြတာကိုတွေ့ရ သည်။ထိုထဲတွင် အတော်များများမှာ ကျူရှင်ဆရာတို့ ထုံးစံအတိုင်း ရှာလို့ရသည့်အချိန်မှာ မစုမိမဆောင်းမိခဲ့ သဖြင့် ချို့ချို့တဲ့တဲ့နှင့် သေရတာကို မြင်ရသည်။ဒါတွေမြင်ရကြားရသည့်အခါ စိတ်မကောင်း။ပညာသင်ကြားရေးအလုပ်က ဘယ်လိုနည်းဖြင့် ဒီလောကထဲရောက်ရောက် ပြန်မထွက်နိုင်ကြတာများသည်။ပြီးတော့ အလုပ်ကလည်း ကုသိုလ်အလုပ်၊ လူတွေကလည်း တန်ဖိုးထား လေးစားကြသဖြင့် ဒီအလုပ်မှာ လုပ်ရကိုင်ရသည်ကိုမြတ်နိုးကာ တပည့်မရှား၊ တပြားမရှိဘ၀မှာ ပီတိဖြင့်အသားကျကာ နေတတ်လာကြသည်။

ယခုလိုအချိန်အခါကျတော့ သာမန်ငယ်ငယ်ရွယ်ရွယ် ဆရာ၊ ဆရာမတွေပင် ဝင်ငွေကမရှိ၊ မရှိ ရှိတာလေး ထုခွဲရောင်းချပြီးနေရသည်။ထွက်ငွေနည်းအောင် အတတ်နိုင်ဆုံး ကျစ်ကျစ်လစ်လစ်နေရသည်။သက်ကြီးရွယ်အိုနှင့်အငြိမ်းစားဆရာ၊ ဆရာမတွေဘ၀ကား ပြောစရာမရှိတော့။ဒီတော့ ညဘက်ဆို တောင်တွေးမြောက်တွေးနှင့်။  

ကျွန်တော် အပြင်ကျူရှင်လောကသို့စဝင်‌သော ၁၉၉၀ ကာလတုန်းကလည်း ယခုလို အလုပ်ကလည်းရှားသဖြင့် သူငယ်ချင်းတစ်ယောက်သင်နေသည့် ကျူရှင်တစ်ခုတွင် ဘယ်သူမှသင်လေ့မရှိသည့် ပထဝီဆရာအဖြစ် ၇ တန်း ၈ တန်းမှာ စသင်ရသည်။နောက်တော့ ဆရာတွေအချင်းချင်း မတည့်တာတွေ ခွဲထွက်တာတွေကြောင့် လိုသည့်ဘာသာတွေကို ဝင်သင်ပေးရင်း သင်္ချာလေး၊အင်္ဂလိပ်စာလေးကနေ နောက်စနစ်သစ် ဓါတု၊ ဇီ၀၊ ရူပဗေဒပါ သင်လာရသည်။နောက်တော့ လာအပ်သည့် စာသင်ဝိုင်းမှန်သမျှ၊ ဂိုက်မှန်သမျှကို လက်ခံခဲ့သည်။

ထိုစဉ်အခါက ခေတ်က ယခုလိုပင် ခေတ်ပျက်ဖြစ်သဖြင့် ကလေးများကိုသင်ရန်လာအပ်သည့် မိဘများမှာ ပုံစံမျိုးစုံဖြင့်ငွေရှာလာသည့် မိဘများဖြစ်သလို စရိုက်မျိုးစုံ၊ အကျင့်မျိုးစုံ၊ လူတန်းစားမျိုးစုံမှ ငွေကြေးချမ်းသာလာ ကြသည့်လူတွေဖြစ်သဖြင့် စာသင်ရသည်ထက် တပည့်မိဘတွေနှင့်ဆက်ဆံရသည်မှာ အတော်လေးစိတ်ရှည်ရှည်ထားရသည်။တစ်ခုရှိသည်က သင်ကြားခကို မငြီးမငြူပေးသလို ကိုယ့်ဘက်ကလည်း သူတို့ဝင်စွက်ဖက်သည့်ဒဏ်ကို မချိမဆန့်ဖြစ်ရတဲ့အထိ သည်းခံပေးရသည်။တစ်ခါတစ်ရံ ကိုယ်ကဆရာလား သူတို့ကဆရာလား မကွဲပြားလောက်အောင်ပင်။

ကျွန်တော်မှာ စာသင်အလုပ်ကို မလုပ်ခင် ဝန်ထမ်းဘဝက ဆန္ဒပြပွဲတွေမှာပါခဲ့သဖြင့် အလုပ်မှအထုတ်ခံရတာဖြစ်သဖြင့် မိသားစုရပ်တည်ဖို့ မနည်းကြိုးစားနေရသည့် အချိန်ကာလဖြစ်သဖြင့် တစ်ခါတစ်လေ ဆိုးဝါးပြီး တစ်ဖက်စောင်းနင်းကျသည့် ကျောင်းသားမိဘများနှင့်ကြုံရတိုင်း၊ စကားအခြေအတင်ဖြစ်ကာ သင်ကြားရေးကိုဝင်စွက်ဖက်တိုင်း သင်နေတာကိုထားပြီး ပြန်တော့မည်ဟု ဆုံးဖြတ်မိတာအခါခါ။

သို့သော် နောက်နေ့ မိသားစုမျက်နှာကိုပြန်ကြည့်ပြီး မသွားချင်လည်း ထိုအိမ်ကို စာသွားသင်ရသည်။နောင်တော့ ဒီလိုအဖြစ်တွေများလာ၊ ကိုယ်လည်း အထိုက်အလျှောက် ကိုယ်စာသင်တာ လူသိများလာသည့်အခါမှာ ထိုတုန်းကကြုံရသည်တွေထဲက ရှောင်သင့်သည့် မိဘမျိုးတွေ၊ လက်မခံသင့်သည့် ကျောင်းသားမျိုးတွေကို စလာကမ်းလှမ်းကတည်းက လက်မခံသင့်တာကို လက်မခံ၊ ငြင်းသင့်တာကို ငြင်းခဲ့ရပါတယ်။ငြင်းရာမှာလည်း ကျောင်းသားမိဘတွေ လက်သင့်ခံလောက်သည့် ကိုယ်အခက်အခဲကိုတင်ပြခြင်းဖြင့် ရှောင်ခဲ့ရသည်။

ကျွန်တော်အဖို့ စာသင်ခြင်းက အဓိကအလုပ်ဖြစ်သဖြင့် စာသင်ချင်စိတ်မရှိသော ကျောင်းသားနှင့် သင်ကြားခြင်းအပေါ် ရှိသင့်သည့်ထက် ပိုစွက်ဖက်တတ်သည့် ကျောင်းသားမိဘများနဲ့ ကြုံရပြီဆို စိတ်က ဟိုးအောက် ဆုံးထိ ထိုးကျသွားတတ်သည်။ထို့ပြင် ကျောင်းသားတစ်ယောက်ကို စာသင်ရန်ငြင်းပယ်ရတိုင်းလဲ စိတ်ထဲမလုံမ လဲနှင့် အပြစ်ရှိသလို ခံစားရသည်။သို့သော် တကယ်စာသင်ချင်သည့် ကျောင်းသားတစ်ယောက်အတွက်ဆိုလျှင် စာမသင်ချင်ဘဲ မိဘတွေ ဆရာတွေကို ဒုက္ခပေးမည့် ကျောင်းသားဆိုးတစ်ယောက်ကိုငြင်းရတာ၊ ငွေသာရှိပြီး ကိုယ့်သားသမီးအခြေအနေကိုမသိဘဲ အတင်း ဖိအားပေးကာ ဆရာတစ်ယောက်လုပ်ပိုင်ခွင့်ကို ဝင်စွက်ဖက်တတ်သည့် မိဘများကိုငြင်းရတာ စိတ်မကောင်းတော့ အရမ်းမဖြစ်။ကိုယ်မသင်လျှင် တခြားသူသင်လိမ့်မည်။အားနာမိပါက စာသင်နှစ်တစ်နှစ်လုံး ခံစားရမည့်ဒုက္ခက စာသင်ခြင်းကို လွှတ်ချလိုက်ချင်သည့်အထိဖြစ်တတ်လို့ နောက်ပိုင်းတွေမှာ နောင်တမရမိတော့။ဒါက ပညာကိုမြတ်နိုးသည့် ကျူရှင်ဆရာတစ်ဦးသာသိနိုင်သည့် နှစ်ရှည်အတွေ့အကြုံပင်ဖြစ်သည်။

အထူးသဖြင့် ကျူရှင်သင်တာ အနည်းငယ် လက်ခံလာကာစ ၁၉၉၇ ဝန်းကျင်တုန်းကလို ကျောင်းသားက ကိုးတန်းမှာတောင် အောင်မှတ်သာသာနှင့် အောင်လာပြီး ဆယ်တန်းရောက်မှ မိဘက ဘာသာစုံဂုဏ်ထူး၊ ဆေး/ စက်မှုရအောင် သင်ပေးပါ။ကုန်ချင်သလောက်ကုန်ပါစေဆိုပြီး လာအပ်တာကို ကလေးအခြေအနေကိုမကြည့်ဘဲ လက်ခံမိသဖြင့် နာမည်ပျက်ရသည့်အဖြစ်မျိုး ထပ်မကြုံအောင် နာမည်မပျက်အောင် ရှောင်တတ်လာသလို စလက်ခံကတည်းက ကတိကို အလွယ်မပေးမိအောင် သတိထားလာတတ်သည်။

အစောပိုင်းက ဆိုခဲ့သည့်အတိုင်း နှစ်ဝက်ကာလ စာမေးပွဲများဖြေရသည့်ကာလနီးပြီဆို ကျောင်းသားပြေးသည့် ရာသီကို ဆရာတိုင်းကြုံရသည်။ထိုကာလတွင် ဆရာ၊ ဆရာမတွေက ကျောင်းတွင် သင်ခန်းစာတစ်ဝက်ခန့်ကျိုးအောင်သင်ပြီး၍ ပြန်လှန်စစ်ဆေးချိန်ဖြစ်သလို ကျွန်တော်တို့ အပြင်ကျူရှင်သင်သည့် ဆရာတွေကြတော့ သင်ခန်းစာတစ်ကျော့ပြီးချိန်ဖြစ်၍ စကာ ကိုယ်လိုချင်သည့်ရည်မှန်းချက်ရအောင် စပြီးမောင်းသည့် တွန်းသည့်အချိန်ဖြစ်သည်။

ထိုအချိန်တွင် ကျောင်းသား/သူများက နှစ်စကတည်းက စာကိုလိုက်မလုပ်လာသည့်အခါ သင်ခန်းစာကြွေးကျန်သဖြင့် ပုံမှန်လိုက်လုပ်လာသူများနှင့်အတူ ယှဉ်သည့်အခါ နောက်ကျကျန်ခဲ့လို့ မပျော်တော့သလို၊ မိဘနှင့် ဆရာကို ဟန်ဆောင်ကြိုးစားပြတာတွေ ပေါ်သည့်အချိန်အခါလည်းဖြစ်တော့ ဒီအချိန်မှာ ကျောင်းသား တွေအတွက် ကျူရှင်အပြောင်းအရွှေ့ရာသီစသလို ဂိုက်ဆရာတွေ ဝိုင်းဆရာတွေ အလုပ်ထုတ်ခံရသည့်ရာသီလည်းဖြစ်သည်။ဒီအချိန်တွင် ဆရာတွေအဖို့ ကိုယ်သင်နေသည့် ကျောင်းသားတွေထဲ စာကြိုးစားသော်လည်း  စာမလိုက်နိုင်သည့် ကျောင်းသားနှင့် စာမေးပွဲထူးချွန်မည့် ကျောင်းသားမျိုးကို ကွဲပြားစွာသိနိုင်သည့် အချိန်အခါဖြစ်သလို ဘယ်ကျောင်းသားက မိဘနဲ့ ဆရာကို ရန်တိုက်ပေးမည့် ကျောင်းသားဆိုတာကိုလဲ ကွဲကွဲပြားပြားသိသည့် အချိန်အခါလည်းဖြစ်သည်။

ထိုအချိန်တွင် စာမလုပ်သည့်ကျောင်းသား၊ ပညာရေးစိတ်မဝင်စားသည့်ကျောင်းသား၊ စာမလိုက်နိုင်သည့်ကျောင်းသားများက ကျူရှင်ကိုခလုတ်တိုက် ရမယ်ရှာလေ့၊ ပြဿနာရှာလေ့ရှိသည်။ကျောင်းသားတွေ အိမ်တွင်ပြောလေ့ရှိသည့်က ဒီကျူရှင်ဆရာ/မက သားကို/သမီးကို နှိမ်တယ်၊ အခန်းထဲမှာ စာမရရင်ဆူတာ သူများတွေထက်ပိုဆူတယ်၊ အရှက်ကွဲအောင်လုပ်တယ်။ဆရာစာသင်တာ နားမလည်ဘူး၊ ဘာတွေသင်မှန်းလဲမသိဘူး။ဆရာက စာမသင်ဘဲ ဟေးလားဝါးလားလုပ်လို့ သူ့သူငယ်ချင်းတွေတောင် ကျူရှင်ပြောင်းနေကြပြီ စသဖြင့်  အကြောင်းအရာမျိုးစုံကိုပြကာ ကျူရှင်မတက်ရဖို့၊တခြားကျူရှင် တခြားဝိုင်းသို့ပြောင်းဖို့ ပူဆာကြ၊ တောင်းဆိုကြနဲ့ ကျူရှင်ဆရာ/ဆရာမတွေ အပြစ်ဖို့ခံရသည့် ကာလဖြစ်သည်။

အဆိုပါ အမျိုးအစား ၃ မျိုးကို ထိုအချိန်မှာကြုံရလျှင် ကျွန်တော်ကတော့ စာကြိုးစားပြီး စာမလိုက်နိုင်သည့် ကျောင်းသား/သူကိုသာ လက်တွဲခေါ်ယူဖို့ ကြိုးစားသည်။ဘာကြောင့်ဆို ကျန်နှစ်မျိုးက နဂိုကတည်းက စာမေးပွဲ အောင်လိုစိတ်မရှိဘဲ မိဘဆီက အခွင့်အရေးယူချင်သလို ယူလို့ရအောင် ဟန်ပြသဘောမျိုး စာသင်နေခြင်းသာဖြစ်၍ ထိုကလေးတွေနှင့် ဆက်အချိန်မဖြုန်းချင်သလို ထိုကျောင်းသားမိဘတွေနှင့် ညှိနှိုင်းလဲ ရမှာမဟုတ်သဖြင့် လွယ်လွယ်ကူကူ ခွင့်ပြုပေးလေ့ရှိသည်။

စာကြိုးစားနေသည့် ကျောင်းသား/သူဖြစ်လျှင်တော့ ထိုကိစ္စကို မိဘဖြစ်သူနှင့် ကျွန်တော် အသေအချာဆွေးနွေးသည်။ပထမဆုံး မိဘဖြစ်သူကို ကလေးအပေါ် ဘယ်လောက်ထိရည်မှန်းထားသလဲဆိုသည်ကို မေးရသည်။နောက် ကလေး၏ လက်ရှိသင်ယူရာတွင်ဖြစ်နေသည့် အခက်အခဲ၊ ဉာဏ်ရည်ဉာဏ်သွေး စသည်ကို ပြောရသည်။ဘယ်မိဘမှ ကိုယ်သားသမီး ဉာဏ်ရည်နိမ့်သည့်ပြောလျှင် လက်မခံတတ်ကြသဖြင့် နားလည်အောင် ကိုယ့်ကျောင်းသား ဆယ်တန်းနှစ်ချင်းပေါက်အောင်မြင်အောင် ကလေးအပေါ်ရှိနေသည့် ဖိအားတွေကို လျှော့ချပေးရသည်။

ဥပမာ - ခင်ဗျား သားသမီးက ဘယ်ဘက်မှာ ထူးချွန်တယ်ဗျ၊ သူဝါသနာပါနေတာလည်း အဲဒီဘက်ကိုဘဲ။ခင်ဗျားတို့က ကိုယ့်သားသမီး ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်စေချင်တာ ဖြစ်သင့်တဲ့ကိစ္စပဲ။ဒါပေမယ့် ခင်ဗျား သားသမီးက ဘာကိုဖြစ်ချင်တာ။ခင်ဗျားတို့ကလည်း ဖိအားပေးနေတော့ သူစာကျက်ရတာ ဖိအားတွေ ဝင်ပြီး ဘာမှမရဖြစ်နေတာ။ဒီခေတ်က ဆယ်တန်းအောင်ပြီး ရိုးရိုးဘွဲ့ရနဲ့ ကိုယ်ဝါသနာပါရာလုပ်ပြီး ကြီးပွားချမ်းသာနေသူတွေတစ်ပုံကြီး။စသဖြင့် ပြောရဆိုရသည်။

ကလေးဘက်ကိုလည်း ကျက်မှတ်ရလွယ်ပြီး အောင်မှတ်ရနိုင်သည့်စာတွေကို ဖိသင်ရပြီး သူမလိုက်နိုင်သည့်စာတွေကို နဂိုကတည်းက သင်ရုံသာသင်ပြီး မကျက်ခိုင်းတော့ခြင်း၊ စိတ်အားတက်ရန် မကြာခဏ ချီးမွမ်းမြှောက်ပေးရခြင်း၊ မိဘတွေကို သားသမီးအပေါ်နားလည်ပြီး ဖိအားမပေးရန်  ဖျောင့်ဖျရခြင်းများလုပ်ရသည်။

တစ်ခါတစ်လေတော့ စာသင်ခြင်းကို ယခုလိုအချိန်မှာ ပြန်စဉ်းစားကြည့်တော့ ဆရာနေရာကနေ စဉ်းစားသည်ထက် တပည့်ဖြစ်သူနေရာကနေ ဝင်စဉ်းစားပေးရတာက ပိုအဆင်ပြေစေသည်ဟု ကျွန်တော်ထင်မိသည်။ကိုယ့်တပည့်ဖြစ်သူစိတ်ထဲ ဘာအခက်အခဲရှိနိုင်လဲဆိုတာကို သိအောင်ကြိုးစားပြီး ဝင်ဖြေရှင်းပေးခြင်းက ဘယ်တပည့်မဆို ဆရာအပေါ် အားကိုးအားထားစိတ်ဖြစ်စေပြီး ဆရာဝန်နှင့် လူနာလို ယုံကြည်စိတ်ကို မွေးနိုင်မည်ဆိုလျှင် စာမေးပွဲဆိုသည့်တံတိုင်းကို အတူကျော်နိုင်မည်ဖြစ်သည်။

ကျွန်တော့်အတွက် စာသင်သည်ထက် ဆရာနှင့် တပည့်ကြား ယုံကြည်မှုတည်ဆောက်ရတာ ပိုခက်သည်ဟု ထင်သည်။စာသင်နှစ်တစ်နှစ်လုံး ကလေးတွေကို စာတတ်အောင်သင်ဖို့ ချော့တစ်လှည့် ခြောက်တစ်လှည့်ဆိုသလို သင်လို့ရနိုင်သော်လည်း တကယ်တတ်မြောက်စေလိုသည့်အခါ ယုံကြည်မှုကို ဆရာနှင့် တပည့်အကြား ခက်ခက်ခဲခဲ တည်ဆောက်ရတာက လွယ်မလိုနှင့် အရမ်းခက်ခဲပြီး မရသည်ကများသည်။ရပြီဆိုလျှင်တော့ ကိုယ့်ကလေးကို လိုရာအမြင့်ထိ ဆွဲတင်နိုင်သည်ကို ကျွန်တော့်ကျူရှင်ဆရာသက်တမ်းအရ မြင်မိသည်။

အဓိက က ယုံကြည်မှုပင်ဖြစ်သည်။

ဆရာကျော်
ဩဂုတ် - ၅