【 ဆောင်းပါး 】 “ကျွန်တော်တို့ မျှော်လင့်သလို မဖြစ်ပါ”

【 ဆောင်းပါး 】 “ကျွန်တော်တို့ မျှော်လင့်သလို မဖြစ်ပါ”

မော်တန် တီ ဟန်ဆန်က သူ့ရဲ့အဖိုးတန်လှတဲ့ ဉာဏ်ပါပါအလုပ်လုပ်ခြင်း အလေ့အကျင့်ခုနှစ်မျိုးဟာ အစဉ်အလာအယူအဆတွေကနေ ဘယ်လိုဖောက်ထွက်ပြီး၊ ဒီအလေ့အကျင့်ခုနှစ်မျိုးက ထိပ်တန်းစွမ်းဆောင်ရှင်ဖြစ်ဖို့ ဘယ်လိုပံ့ပိုးပေးနိုင်တယ်ဆိုတာကို ဒီဆောင်းပါးမှာ ဆက်လက်ရှင်းပြထား ပါတယ်။နောက်ပြီး ဉာဏ်ပါပါ အလုပ်လုပ်လုပ်ခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း တိတိကျကျ ဖော်ထုတ်ပေးလိုက်ပါတယ်။

သင် ဘယ်လိုအလုပ်လုပ်သင့်သလဲဆိုတဲ့ ရှေးရိုးစဉ်လာ အတွေးအခေါ်တွေကို ဉာဏ်ပါပါအလုပ်လုပ်ခြင်း အလေ့အကျင့်ခုနစ်မျိုးက ဇောက်ထိုးသွန်မှောက်လိုက်သလို ပြောင်းပြန်လှန်ပစ်လိုက်ပါပြီ။

ဥပမာ - ကျွန်တော်က ဦးစားပေးအဆင့် ကောင်းစွာသတ်မှတ်ပြီး အလုပ်လုပ်တဲ့သူက စွမ်းဆောင်ရည်ကောင်းရမယ်လို့ တွေးခဲ့တယ်၊ ဟုတ်လည်း ဟုတ်တယ်၊ သူတို့အစွမ်းပြနိုင်ခဲ့တယ်။ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ တွေ့ရှိထားတဲ့ အကောင်းဆုံးစွမ်းဆောင်ရှင်တွေက တခြားနည်းကို လုပ်ဆောင်ခဲ့တယ်။သူတို့က ဦးစားပေးလုပ်ဆောင်ရမယ့် လုပ်ဆောင်ဖွယ် အနည်းငယ်သတ်မှတ်ပြီး အဲဒီအလုပ်တွေကိုပဲ စွဲစွဲမြဲမြဲ အာရုံစိုက်လုပ်ရင်းနဲ့ အရည်အသွေးကောင်းတဲ့ အလုပ်တွေကို စွမ်းဆောင်လာနိုင်ကြတယ်။အဲလိုသတ်မှတ်ထားတဲ့ ဦးစားပေးအလုပ်တွေကို အဆုံးစွန် အလေးဂရုစိုက် လုပ်ဆောင်ခြင်းဖြင့် ထူးကဲတဲ့ရလဒ်တွေကို ဖော်ဆောင်နိုင်ခဲ့တယ်။ထိပ်တန်းစွမ်းဆောင်ရှင်တွေဟာ နည်းနည်းလုပ် များများရသူတွေဖြစ်တယ်၊ အားစိုက်ထုတ်ရမယ့် အလုပ်နည်းနည်းအပေါ်ပဲ အာရုံပိုစိုက်တတ်တယ်။ဒီအတွေးအခေါ်က ရှေးအစဉ်အလာအရ အာရုံစိုက်ရမယ့်အရာကို ပြောင်းပြန်လှန်လိုက်ပြီး ဦးစားပေးလုပ်ဆောင်ရမယ့် လုပ်ငန်းအနည်းငယ်ကိုပဲ ရွေးချယ်လုပ်ကိုင်ဖို့ တိုက်တွန်းလမ်းပြလာတာဖြစ်ပါတယ်။ဒီရွေးချယ်မှုက ပုံသေနည်းရဲ့ ညီမျှခြင်းတစ်ခြမ်းသာဖြစ်ပြီး စွဲစွဲလန်းလန်းလုပ်ဖို့လည်း လိုအပ်ပါတယ်။ဒီတွေ့ရှိချက်က ကျွန်တော်တို့ရဲ့“လုပ်ကွက်” အလေ့အကျင့်ကို ပုံသေနည်းအသစ်ပြင်ဖို့ ခေါ်ဆောင်သွားပါတယ်၊ “နည်းနည်းနဲ့ စွဲမြဲလုပ်” လို့ နာမည်ပေးရမယ်။

ကျွန်တော်တို့ရဲ့ တွေ့ရှိချက်က တခြားရှေးရိုးအယူအဆတစ်ခုကိုလည်း ပြောင်းပြန်လှန်ပစ်လိုက်ပါသေးတယ်။“ကိုယ်နှစ်သက်တဲ့အလုပ်ကို လုပ်ပါ” ဆိုတဲ့ စကားကို ဘယ်နှစ်ခါကြားဖူးခဲ့ပြီလဲ။မိမိရဲ့ စိတ်အားထက်သန်မှုကို လှုံ့ဆော်တဲ့အလုပ်ကို ရွေးချယ်လုပ်ခြင်းဖြင့် သင်ဟာ အင်အားတက်ကြွနေပြီး ပိုကောင်းအောင် လုပ်နိုင်လိမ့်မယ်ဆိုတဲ့ အတွေးအခေါ်ပေါ့။သင့်တော်တဲ့ လမ်းညွှန်ချက်လေးပါ၊ သူ့အလုပ်ကို သူချစ်မြတ်နိုးပြီး စိတ်အားထက်သန်စွာ လုပ်တတ်တဲ့သူတွေဟာ စွမ်းဆောင်ရည် ပိုကောင်းကြတာကို ကျွန်တော်တို့တွေ့ခဲ့ဖူးပါတယ်။ဒါပေမဲ့ အချို့ ကိုယ့်အလုပ်ကိုယ် ချစ်မြတ်နိုးကြပေမယ့် ထူးထူးချွန်ချွန် သိပ်လုပ်မပြနိုင်ကြတာကိုလည်း တွေ့ဖူးကြမှာပါ။အချို့လူတွေအတွက် သူတို့ချစ်မြတ်နိုးတဲ့အလုပ်က သူတို့ကိုလမ်းလွဲရောက်အောင် လုပ်တတ်တာကိုလည်း တွေ့ဖူးမှာပါ။

          (လူတစ်ယောက်က သူသိပ်မြတ်နိုးတဲ့ ဂရပ်ဖစ် ဒီဇိုင်းအလုပ်ကို ဖက်တွယ်လုပ်ကိုင်ရင်း သူအနားယူတဲ့အရွယ်ကျရင် သုံးဖို့ စုဆောင်းထားတာလေး ပြောင်သွားတာသာ အဖတ်တင်ပြီး၊ အလုပ်အကိုင်မရ၊ ဝင်ငွေမရှိတဲ့ သနားစရာဘဝရောက်သွားရသလိုပေါ့)

“သင်မြတ်နိုး စိတ်ထက်သန်တာကို လုပ်ပါ” ဆိုတဲ့ အကြံပေးစကားက အန္တရာယ်မကင်းတာကို သိမြင်နိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ ထိပ်တန်းစွမ်းဆောင်ရှင်တွေက မတူတဲ့ ချဉ်းကပ်မှုတွေကို လုပ်တတ်ကြပါတယ်။သူတို့က လူ့ဘောင်လောကနဲ့ အဖွဲ့အစည်းအတွက် တန်ဖိုးရှိတဲ့ အလုပ်တွေကို ကြိုးစားရှာဖွေလုပ်ကိုင်ကြပြီး ကိုယ့်စိတ်အားထက်သန်မှု နှစ်သက်လိုလားမှုကို  အဲဒီရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် လုပ်ယူကြတယ်။စိတ်အားထက်သန် လိုလားတဲ့ အလုပ်သက်သက်ကို လုပ်တာထက် စိတ်အားထက်သန်မှုရော ရည်ရွယ်ချက်ကောင်းကောင်းရှိတာရော တွဲဖက်တဲ့အလုပ်က အကောင်းဆုံးရလဒ်တွေကို ရရှိစေပါတယ်။

ကျွန်တော်တို့ရဲ့ ရလဒ်များက အခြားအစဉ်အလာ အမြင်ဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက ကောင်းတဲ့ လိုအပ်မှုတစ်ခုဖြစ်ပြီး ပိုဆောင်ရွက်လေ ပိုကောင်းလေဆိုတဲ့ အမြင်ကိုလည်း ပြောင်းပြန်လှန်လိုက်သေးတယ်။ကျွမ်းကျင်သူတွေက ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းတွေမှာ ကိုယ့်အုပ်စုနဲ့ကိုယ် အုပ်စုဖွဲ့နေတာကို မလုပ်ကြဖို့နဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြဖို့၊ ကျွမ်းကျင်သူ ကွန်ရက်အကြီးကြီး တည်ဆောက်ကြဖို့ အကြံပေးကြတယ်။နောက်ပြီး နောက်ဆုံးပေါ် အဆင့်မြင့်ဆက်သွယ်ရေးနည်းပညာကိရိယာတွေ များများအသုံးပြုပြီး အလုပ်လုပ်ကြဖို့ ပြောကြတယ်။ဟုတ်ပါပြီ၊ ကျွန်တော့်သုတေသနတွေ့ရှိချက်တွေကတော့ အဲဒီအစဉ်အလာ အကြံပေးချက်ဟာ လုံးဝမှားတယ်လို့ ပြနေပါတယ်။

ထိပ်တန်းစွမ်းဆောင်ရှင်တွေဟာ ပူးပေါင်းဆောင်ရွက်မှု နည်းကြပါတယ်။သူတို့က ဘယ်အလုပ်တာဝန်တွေမှာ ပူးပေါင်းဆောင်ရွက်ရမယ်၊ ဘယ်အလုပ်ကျ ရှောင်ပြေးရမယ်ဆိုတာ စနစ်တကျရွေးချယ်ထားတတ်ကြပြီး၊ အဲဒီရွေးထားတဲ့ အလုပ်အနည်းငယ်မှာပဲ သူတို့ရဲ့ စွမ်းအင်အပြည့်၊ အားအင်အပြည့် အစွမ်းကုန်ထုတ်သုံး လုပ်ဆောင်တတ်ကြပါတယ်။သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စည်းကမ်းတကျလုပ်တယ်လို့ ဆိုကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်က အခြားလူသိများတဲ့ အတွေးအခေါ်တစ်ခုဖြစ်တဲ့ ထိပ်တန်းစွမ်းဆောင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက် ကျွမ်းကျင်အောင် နာရီ ၁၀,၀၀၀ လေ့ကျင့်ရမယ်ဆိုတဲ့ အဆိုနဲ့ပတ်သက်ပြီး ငြင်းချက်ထုတ်စရာလည်း တွေ့ရှိထားပါတယ်။ကျွန်တော်တို့တွေ့ခဲ့တဲ့ လုပ်ငန်းခွင်ကျွမ်းကျင်သူများကတော့ တခြားနည်း ကျင့်သုံးကြတယ်။ကျွန်တော် “လေ့ကျင့်မှု ဆက်ထုံးများ” နာမည်ပေးထားတဲ့ လုပ်ငန်းခွင်လေ့ကျင့်ခန်းကို လေ့ကျင့်ကြပါတယ်။

အဲဒီတွေ့ရှိချက်တွေနဲ့ အခြားအံ့အားသင့်စရာ တွေ့ရှိချက်တွေက အရေးတယူ သုံးသပ်စရာဖြစ်လာတာ တွေ့ရပါတယ်။အစဉ်အလာအမြင်မှာတော့ အတော်ဆုံးလူတွေက ဉာဏ်ပါပါ အလုပ်လုပ်တယ်ဆိုတဲ့သဘော မသက်ရောက်ပါဘူး။ဒါပေမဲ့ သိမ်သိမ်မွေ့မွေ့နဲ့ အသေးစိတ် ဂရုစိုက်လုပ်တဲ့ အလေ့အကျင့်တွေကို ပိုလုပ်တယ်၊ နည်းနည်းနဲ့ စွဲမြဲလုပ်တယ်၊ ကိုယ်ပျော်တဲ့အလုပ်နဲ့ ကောင်းကျိုးများတဲ့အလုပ် ထပ်တူနီးပါးဖြစ်အောင် ရွေးလုပ်တယ်။အဲဒီအလေ့အကျင့်ခုနစ်မျိုးကို နှိုင်းယှဉ်ကြည့်တဲ့အခါ အဲဒါအားလုံးဟာ ရွေးချယ်လုပ်တယ်ဆိုတဲ့ စိတ်ကူးအကြံဉာဏ်ကို ကိုယ်စားပြုတယ်လို့ ကျွန်တော်စဉ်းစားမိတယ်။ထိပ်တန်းစွမ်းဆောင်ရှင်တွေဟာ အခွင့်အရေးရမယ်ဆိုရင် သူတို့က ဦးစားပေးရမယ့်ကိစ္စ၊ အလုပ်တာဝန်၊ ပူးပေါင်းဆောင်ရွက်မှု၊ အဖွဲ့တွေ့ဆုံမှု၊ ကော်မတီတွေ၊ စိစစ်သုံးသပ်ချက်တွေ၊ ဖောက်သည်တွေ၊ စိတ်ကူးအကြံဉာဏ်အသစ်တွေ၊ လုပ်ငန်းစဉ်ရဲ့ အဆင့်တွေနဲ့ ဆက်သွယ်မှုတွေမှာ ဘယ်ဟာကိုတာဝန်ယူမယ်၊ ဘယ်ဟာကိုမသိလိုက် မသိဖာသာနေမယ်၊ ဘယ်ဟာကိုငြင်းမယ်ဆိုတာကို သေသေချာချာရွေးချယ်တတ်တဲ့ အကျင့်ရှိကြပါတယ်။

သိမ်သိမ်မွေ့မွေ့ စေ့စေ့စပ်စပ်နဲ့ အလုပ်ကို ဉာဏ်ပါပါလုပ်တာဟာ ရွေးချယ်ပြီးလုပ်တာ တစ်မျိုးတည်းထက် ပိုပါတယ်။သူတို့က သူတို့အလုပ်ကို အကောင်းဆုံးဖြစ်မည့်နည်းနဲ့ လုပ်နည်းပြောင်းပြီး လုပ်တတ်ပါသေးတယ်။အဲလိုနဲ့ သူတို့အလုပ်ရဲ့တန်ဖိုး အမြင့်ဆုံးဖြစ်အောင် ဖန်တီးနိုင်ကြပါတယ်၊ အဲဒီနောက် သူတို့က အဲဒီရွေးချယ်ထားတဲ့အလုပ်ရဲ့ လုပ်ဆောင်ရမယ့် ကိစ္စမှန်သမျှကို အဆုံးစွန်အာရုံစိုက်ပြီး ထုတ်သုံးဖို့ ရည်ရွယ်ထားတဲ့ အစွမ်းမှန်သမျှနဲ့ အင်ပြည့်အားပြည့် လုပ်ဆောင်တတ်ကြပါတယ်။

အဲဒီတွေ့ရှိချက်တွေအပေါ် မူတည်ပြီး ကျွန်တော်က ဉာဏ်ပါပါ အလုပ်လုပ်လုပ်ခြင်းကို အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့တယ်။“ဉာဏ်ပါပါ အလုပ်လုပ်ခြင်း” ဆိုတာ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းအနည်းငယ်ကို ရွေးထုတ်ပြီး၊ ထုတ်သုံးဖို့ ရည်ရွယ်ထားတဲ့ အစွမ်းမှန်သမျှနဲ့ အင်ပြည့်အားပြည့် အဆုံးစွန်အာရုံစိုက်ပြီး မိမိအလုပ်ရဲ့တန်ဖိုးကို အမြင့်မားဆုံးဖြစ်အောင် လုပ်ဆောင်တာကို ခေါ်ဆိုပါတယ်။

          သီအိုရီအသစ်ကို စမ်းသပ်ခြင်း

မော်တန် တီ ဟန်ဆန်ဟာ ခုလို သီအိုရီအသစ်ဖြစ်တဲ့ “ဉာဏ်ပါပါ အလုပ်လုပ်ခြင်း အလေ့အကျင့် ပုံစံသစ်ခုနစ်မျိုး” ကို ရှာဖွေဖော်ထုတ်ပြီးတဲ့နောက်မှာ အဲဒီသီအိုရီက တကယ်အလုပ်ဖြစ်၊ မဖြစ်နဲ့ ဘယ်နည်းဘယ်ပုံအသုံးချရင် ပိုအစွမ်းထက်တယ်ဆိုတာတွေကို သိနိုင်ဖို့ စမ်းသပ်မှုကို နိုင်ငံတစ်လွှားက ဝန်ထမ်းအဆင့်အမျိုးမျိုး ဦးရေ ၅၀၀၀ နဲ့ ဆက်စမ်းသပ်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့  ဉာဏ်ပါပါအလုပ်လုပ်ခြင်း အလေ့အကျင့် ပုံစံသစ်ခုနစ်မျိုးကို စမ်းသပ်ဖို့အတွက် ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့က ကြီးမှူးကာ ကျွန်တော်တို့ရဲ့ စစ်တမ်းကောက်ယူရေး ကိရိယာတွေကို မွမ်းမံပြီး၊ အမေရိက တစ်နံတစ်လျားမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းအမျိုးအစား အမျိုးမျိုးထဲက အလုပ်အကိုင်အမျိုးအစား အများကြီးမှာ လုပ်ကိုင်နေတဲ့ မန်နေဂျာနဲ့ ဝန်ထမ်းပေါင်း ၅၀၀၀နဲ့ စမ်းသပ်ခဲ့တယ်။ကျွန်တော်တို့က ဝန်ထမ်းတွေကိုချည်း မေးမြန်းစစ်တမ်းကောက်ယူပြီး ကိုယ့်ဖာသာကိုယ်ဖြေထားတဲ့ အဖြေမျိုးတွေချည်းပေါ်မှာပဲ အားထားနေရတာမျိုး မဖြစ်အောင် အကြီးအကဲတွေနဲ့ သူတို့ကို တိုက်ရိုက်အစီရင်ခံရသူတွေပါ ထပ်ဆောင်းထားလိုက်တယ်။ကျွန်တော်တို့က အရောင်းကိုယ်စားလှယ်တွေ၊ ရှေ့နေတွေ၊ သင်တန်းဆရာတွေ၊ အာမခံငွေတွက်ချက်သူတွေ၊ ပွဲစားတွေ၊ ဆရာဝန်တွေ၊ ဆော့ဖ်ဝဲလ်ရေးသူတွေ၊ အင်ဂျင်နီယာတွေ၊ စတိုမန်နေဂျာတွေ၊ စက်ရုံဖိုမင်တွေ၊ ဈေးကွက်ထိုးဖောက်သူတွေ၊ လူသားရင်းမြစ်ရှာဖွေသူတွေ၊ အကြံပေးပုဂ္ဂိုလ်တွေ၊  သူနာပြုတွေအပြင် ကျွန်တော် စိတ်တိုင်းအကျဆုံး လတ်စ်ဗီးဂက်စ်က ကာစီနိုထောင်ထားသူတွေကိုပါ ထည့်သွင်းစစ်တမ်းကောက်ယူထားပါတယ်။အဲဒီထဲက တချို့လူတွေက အဆင့်မြင့်ရာထူးမှာ တာဝန်ထမ်းဆောင်တဲ့သူတွေဖြစ်ပြီး၊ အများကတော့ ကြီးကြပ်ရေးမှူးတွေ၊ ရုံးမန်နေဂျာတွေ၊ ဌာနမှူးတွေ ဒါမှမဟုတ် ရာထူးငယ်တဲ့ ဝန်ထမ်းတွေဖြစ်ပါတယ်။အဲဒီ လူ ၅၀၀၀ ဟာ လုပ်ငန်းနယ်ပယ် ၁၅ ခုက အလုပ်တာဝန် ၂၂ မျိုးကို ကိုယ်စားပြုသူတွေဖြစ်ပါတယ်။တစ်ဝက်နီးပါး (၄၅ ရာခိုင်နှုန်း) က အမျိုးသမီးများဖြစ်ပါတယ်။(အလေ့အကျင့်ခုနစ်ခုထဲက နှစ်ခုက လိင်ကွဲပြားမှုပေါ် မူတည်ပြီး ဖော်ထုတ်ထားတာဖြစ်ပါတယ်)။အသက်အုပ်စုဆိုရင်လည်း ဒီထောင်စုနှစ်မှာ မွေးသူများကနေ အသက် ၅၀ ကျော်အထိ ပါဝင်ပါတယ်။ပညာအရည်အချင်းအပိုင်းမှာတော့ ရိုးရိုးဘွဲ့ထက် ငယ်တာတွေ (ရွေးချယ်ထားသူအားလုံးရဲ့  ၂၀ ရာခိုင်နှုန်း) ကနေ မာစတာဘွဲ့နဲ့ အထက်တွေ (၂၂ ရာခိုင်နှုန်း) ပါပါတယ်။ကျွန်တော်ရည်ရွယ်တာက တိုးတက်အောင်လုပ်ဖို့၊ စမ်းသပ်ဖို့နဲ့ ဉာဏ်ပါပါအလုပ်လုပ်တဲ့ သီအိုရီကို လူတိုင်းလိုလို တစ်ဦးချင်းရဲ့ အလုပ်စွမ်းဆောင်ရည် မြှင့်တက်စေရန်အတွက် အသုံးပြုနိုင်အောင် ဝေမျှပေးဖို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့က အဲဒီ လူ ၅၀၀၀ စာ အချက်အလက် အတွဲစုံတွေနဲ့ တိကျတင်းကြပ်တဲ့ စာရင်းအင်းဆိုင်ရာ နည်းစနစ်ဖြစ်တဲ့ နောက်ကြောင်းပြန်စုံစမ်း ချိတ်ဆက် ခွဲခြမ်းစိတ်ဖြာခြင်းစနစ် (Regression Analysis Statistical Method) နဲ့ ဆောင်ရွက်ခဲ့တယ်။ကျွန်တော်တို့ရဲ့ ဉာဏ်ပါပါအလုပ်လုပ်တဲ့ အလေ့အကျင့်ခုနစ်မျိုးက ဘာကြောင့် စွမ်းဆောင်ရည်ကွဲပြားရတယ်ဆိုတာကို ကောင်းကောင်းရှင်းပြနိုင်တာကို တွေ့ခဲ့ရတယ်။အတိအကျပြောရရင် အဲဒီ လူ ၅၀၀၀ ထဲက တော်တော်ကြီးကွဲပြားတဲ့ ၆၆ ရာခိုင်နှုန်းသော အလုပ်လုပ်ပုံအမျိုးမျိုးကို ဖော်ထုတ်နိုင်ခဲ့တယ်။အဲဒီတွေ့ရှိချက်ကို အခြားကဏ္ဍတွေနဲ့ နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ဒီအတိုင်းအတာက ဘယ်လောက်အထိ ထူးထူးခြားခြား သက်ရောက်မှုရှိသလဲဆိုတာကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ ဆေးလိပ်သောက်ရင် သေနိုင်တယ်လို့ ပြောကြတယ်။ဒါပေမဲ့ သုတေသနတစ်ခုမှာ တွေ့ရတာက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ အမျိုးမျိုးကွဲပြားတဲ့ လူတွေကြားထဲက ၁၈ ရာခိုင်နှုန်းသောသူများသာ သက်တမ်းထက်စောပြီး သေကြတာကို တွေ့ရတယ်။တစ်သက်လုံးအတွက် ငွေကြေးရင်းမြစ်ကို တည်ဆောက်ရာမှာ လစာကောင်းကောင်းရဖို့က သိပ်အရေးကြီးတယ်လို့ ပြောကြတယ်။ဒါပေမဲ့ အမေရိကနိုင်ငံက အသက် ၁၈ နှစ်ကနေ ၆၅ နှစ်ကြား လူတွေအပေါ် လေ့လာချက်တစ်ခုရဲ့ အဖြေက ဒီလိုလစာအပေါ်မှာ သဘောထားရှိတဲ့သူက ၃၃ ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုတယ်။

ဘတ်စကက်ဘော နာမည်ကျော်တစ်ဦးဖြစ်တဲ့ စတီဖင်ကာရီဟာ သရီးပွိုင့်ရှော့လို့ခေါ်တဲ့ နှစ်ဆယ့်နှစ်ပေစည်းအကွာကနေ ဘောလုံးပစ်သွင်းရာမှာ နာမည်ကျော်ပါတယ်။သူတောင်မှ သူ့နာမည်ကျော်ကစားသမား သက်တမ်းတစ်လျှောက်မှာ ၄၄ ရာခိုင်နှုန်းပဲ ဝင်အောင် သွင်းနိုင်ခဲ့တယ်တဲ့။အဲဒီ အခြားနယ်ပယ်တွေက စံချိန်တင် နံပတ်ဂဏန်းတွေဟာ ကျွန်တော်တို့ရဲ့ ၆၆ ရာခိုင်နှုန်းဆိုတဲ့ နံပတ်ဂဏန်းဟာ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြတဲ့နေရာမှာ ဘယ်လောက်မြင့်မားတဲ့ အညွှန်းကိန်းဖြစ်တယ်ဆိုတာကို သိသာနိုင်ပါတယ်။

နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ အခြားအချက်တွေဖြစ်တဲ့ ပညာအရည်အချင်းတို့၊ ကုမ္ပဏီလုပ်သက်တို့၊ အသက်အရွယ်တို့၊ ကျားမကွဲပြားမှုတို့၊ အလုပ်လုပ်ချိန်တို့ဟာ အလုပ်စွမ်းဆောင်ရည်အပေါ်မှာ ၁၀ ရာခိုင်နှုန်းပဲ သက်ရောက်မှုရှိကြောင်း တွေ့ရပါတယ်။

တစ်ပတ်မှာ ဘယ်နှစ်နာရီ အလုပ်လုပ်တယ်ဆိုတာ အရေးပါတဲ့ အချက်ပါ၊ ဒါပေမဲ့ စွမ်းဆောင်ရည်လို့ ဆိုလာတဲ့အခါကျတော့ အလုပ်ပိုကြိုးစားတယ်ဆိုတဲ့ ရိုးစင်းတဲ့အမြင်နဲ့ ပြောဆိုအကြံဉာဏ်ပေးတာထက် အများကြီး ပိုနက်နဲပါတယ်။ကျန်တဲ့ ၂၄ ရာခိုင်နှုန်းကတော့ ရှင်းပြလို့မလွယ်ဘဲ၊ ကံတို့ ပါရမီတို့လို့ပဲ စာရင်းသွင်းရမယ် ထင်ပါတယ်။

           အစွမ်းပြပြီး အလုပ်လုပ်ကိုင် အောင်မြင်သူများ ဖြစ်ကြပါစေ။

သက်ထွန်း (သျှမ်း)