【 ဆောင်းပါး 】 “ကြီးဘုတ်အီးအကြော်၊ ပရိယတ္တိဆန်ပြုတ်”

【 ဆောင်းပါး 】 “ကြီးဘုတ်အီးအကြော်၊ ပရိယတ္တိဆန်ပြုတ်”

ရေပတ်လည်ဝိုင်းလျက်ရှိသော ဘီလူးကျွန်းပေါ်ရှိ ချောင်းဆုံမြို့တွင် ရာစုအစုစုကြာ ပြည့်တန်ဆာခန်းမရှိ၊ တည်းခိုခန်းလည်းမရှိသဖြင့် မြို့အင်္ဂါရပ်နှင့်ညီသောမြို့ဟု မဆိုနိုင်ပေ။ပြည့်တန်ဆာခန်းမရှိရသည့်အကြောင်းမှာ မြို့ကကျဉ်းသလို အစဉ်အဆက် မြို့မိမြို့ဖတို့ကလည်း အအုပ်အထိန်းကောင်းခဲ့ခြင်းနှင့်လည်း သက်ဆိုင်မည်ထင်၏။

ကျနော်လူပျိုပေါက်အရွယ်၊ ၁၉၈၈ ခုနှစ် ဒီဘက်တွင် ချောင်းဆုံမြို့ပေါ်၌ တစ်ယောက်စ၊ နှစ်ယောက်စ ကြားခဲ့ဖူးသည်။လူသိရှင်ကြား ပြည့်တန်ဆာခန်းပမာ ဗြောင်ကျတာမျိုးတော့ဟုတ်ဟန်မတူ။လာခေါ်လျှင် လိုက်သည့်ပုံစံမျိုးဟု ထင်၏။

၂၀၁၀ ပြည့်နှစ်နားနီးကာလရောက်တော့ ချောင်းဆုံမြို့အနီး တိုးချဲ့ကွက်သစ်နှင့် ခရိုက်သစ်ရွာကြား ရော်ဘာတောထဲတွင် စားသောက်ဆိုင်နှင့်တွဲလျက် ကာရာအိုကေဆိုင်ဟူ၍ ပေါ်ခဲ့သည်။ကာရာအိုကေမယ်များမှာ ဘီလူးကျွန်းသူများတော့မဟုတ်။မော်လမြိုင်နှင့် အခြားသောမြို့များကဖြစ်သည်။ထိုဆိုင်တွင် အတိုင်းအတာမည်မျှနက်ရှိုင်းခွင့်ရှိသလဲဆိုသည်ကို သေချာမသိ၊ နာမည်တော့တော်တော်ကြီးခဲ့သည်။အမျိုးသမီးဝန်ဆောင်မှုပါသော ကာရာအိုကေဆိုင်မျိုး ဘီလူးကျွန်းတွင် တစ်ခါမျှမရှိခဲ့ခြင်းကြောင့် နာမည်ကြီးခြင်းလည်းဖြစ်နိုင်သည်။ပြည့်တန်ဆာခန်းပုံစံတော့ ဟုတ်ဟန်မတူ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၊ သံလွင်မြစ်ကူးတံတားဖွင့်လှစ်ပြီးနောက်တွင် ဘီလူးကျွန်း၊ ဘိုးနက်ရွာ၌ တည်းခိုခန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ဘယ်သူတွေ လာတည်းကြသလဲမသိ။တံတားထိုးပြီးနောက်တွင် ဘီလူးကျွန်းသို့ ဧည့်အဝင် နေ့စဉ်နီးပါးရှိသော်လည်း နေ့ချင်းပြန်ကြသူချည်းပင်။တချို့က ဘီလူးကျွန်းတွင် ဘာရှိလို့ရှိမှန်းပင်မသိ။
လမ်းကလည်းကောင်း၊ မော်လမြိုင်နှင့်လည်း အနီးလေး။တစ်ခါမှလည်းမရောက်ဖူးသဖြင့် မော်လမြိုင်ရောက်ခိုက် ခဏလာလည်ကြခြင်းဖြစ်သည်။တချို့ကတော့ တစ်ခေတ်တစ်ခါက နိုင်ငံတကာထိပေါက်ခဲ့သော ဘီလူးကျွန်း၊ ရွာလွတ်ရွာရှိ ဆေးတံစသည့် သစ်သားလက်မှုထည်နှင့် မုဒွန်းရွာတွင် ကျောက်သင်ပုန်းထုတ်လုပ်မှန်းသိသဖြင့် လာရောက်လေ့လာကြသည်။
သို့သော် ညအိပ်လည်ပတ်ရသည်အထိ လည်စရာပတ်စရာ နေရာမများသလို ရှုခင်းသာနေရာတွင် အပန်းဖြေအနားယူချင်စရာဟိုတယ်လည်းမရှိ။ထို့ကြောင့် နေ့ချင်းပြန်။မည်သို့ပင်ဆိုစေ ဘိုးနက်ရွာ တည်းခိုခန်းသည် ကျနော့်တို့ဘီလူးကျွန်း၏ ပထမဆုံးတည်းခိုခန်းဖြစ်ပြီး ယနေ့ထိတိုင် ထိုတည်းခိုခန်းတစ်ခုသာရှိသေးသည်။
ပြည့်တန်ဆာခန်းကတော့ ယနေ့အထိရှိသေးဟန်မတူ။

ဘီလူးကျွန်းတွင် ဘာကြောင့်တည်းခိုခန်းမရှိခဲ့သလဲဆိုတော့ တသီးတခြား ရေပတ်လည်ဝိုင်းနေခြင်းကြောင့်နှင့် ဧည့်လာစရာအကြောင်းမရှိသောကြောင့်ဟု ထင်သည်။စဉ်းစားကြည့် ဘီလူးကျွန်းတွင် တကူးတကန့် စီးပွားရေးလာလုပ်စရာမရှိ။ကုမ္ပဏီကြီး၊ ကုမ္ပဏီသေးမရှိ။မည်သည့်စီမံကိန်းမှမရှိ။ထို့ကြောင့် ဘီလူးကျွန်းဒေသခံတစ်ဦးဦး၏ အသိအကျွမ်းမဟုတ်ပဲ ဘီလူးကျွန်းသို့လာရောက်သူမှာ သိပ်ရှားလွန်းလှသည်။

လုံး၀ သူစိမ်းဧည့်သည်မလာခဲ့ဖူးတာတော့မဟုတ်။နည်းနည်းတော့ရှိမည်ဟုထင်၏။ဟုတ်ပြီ သူတို့လာလျှင် တည်းခိုခန်းမရှိသဖြင့် မည်သည့်နေရာတွင် ညအိပ်ကြမည်နည်း။သူစိမ်းဧည့်တစ်ယောက်တည်းမဟုတ်။အယောက်၂၀၊ ၃၀ အားနာစရာမလိုဘဲ ခေတ္တတည်းခိုစရာ ဘုန်းကြီးကျောင်းကျယ်ကျယ်ဝန်းဝန်းများစွာရှိသဖြင့် ဘုန်းကြီးကျောင်း၌ တည်းခိုနိုင်သည်။

နေစရာအိုကေပြီဆိုတော့ စားစရာကျတော့ရောဟု မေးစရာရှိသည်။ ၂၀၁၀ ပြည့်နှစ် ဒီဘက်မှစတင်ကာ ချောင်းဆုံမြို့ပေါ်၌ စားသောက်ဆိုင်အချို့ပေါ်လာပြီဖြစ်သော်လည်း ၂၀၁၀ ဟိုဘက်တွင် လက်ဖက်ရည်ဆိုင် နည်းနည်းများလာသည်ကလွဲ၍ အခြားဆိုင်များသိပ်မရှိ။ကျနော်ငယ်စဉ်ဘ၀ ၁၉၈၀ ကျော်ကာလများကဆိုလျှင် စားစရာဆိုင် မယ်မယ်ရရမရှိ။

မှတ်မှတ်ရရ ကျနော်ငယ်စဉ်က ချောင်းဆုံမြို့ပေါ်တွင် ထမင်းဆိုင်တစ်ဆိုင်တည်းသာရှိသည်။ချောင်းဆုံဈေးနှင့် တစ်အိမ်ကျော်တွင်ဖွင့်လှစ်ထားသော အိမ်ဆိုင်။ဆိုင်နာမည်ကတော့မရှိ။ထမင်းဆိုင်ဖွင့်သူမှာ ကြေးနန်းရုံးဝန်ထမ်းဖြစ်ပြီး သူ့အမျိုးသမီးကဖွင့်လှစ်ခြင်းဟု သိရသည်။

ဘီလူးကျွန်းသို့ တည်းခိုရန်အိမ်မရှိဘဲ အလွတ်ကြီးလာသည့် ဧည့်ကလည်းရှား။ဘီလူးကျွန်းဓလေ့က ကိုယ့်အိမ်လာသောဧည့်ကို ဆိုင်တွင်ထမင်းကျွေးခြင်းသည် ရိုင်းသည့်အပြုအမူဟု ယူဆသဖြင့် ထမင်းဆိုင် သိပ်အလုပ်ဖြစ်ဟန်မတူ။နှစ်အတန်ကြာတော့ ပိတ်သွားခဲ့သည်။

တခြားမြို့များလို တရုတ်ခေါက်ဆွဲဆိုင်တို့ ဘာတို့ မရှိဘူးလားဆိုတော့ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်လောက်တုန်းက ရှိခဲ့ဖူးသည်။ကျနော့်အဒေါ် အသက် ၂၀ ကျော်ကာလ။ကျနော်မမွေးခင် (သို့မဟုတ်) ကလေးပေါက်စအရွယ်တွင် ပိတ်သွားခဲ့ဟန်တူသည်။မုရစ်ကြီးရွာသားတစ်ဦးက ချောင်းဆုံဈေးတွင် လာဖွင့်ခြင်းဟု သိရသည်။

‘သူတို့က ဈေးထဲမှာဆိုင်ဖွင့်ပြီး ဈေးထဲမှာပဲနေကြတယ်။ခေါက်ဆွဲကြော်တို့လိုမျိုး တရုတ်စာရောင်းတဲ့ဆိုင်။တနေကုန်ဖွင့်တာ ညနေစောင်းမှ ဆိုင်သိမ်းတာ’ ဟု ကျနော့်အဒေါ်အပျိုကြီးက ပြောပြသည်။

ကျနော့်အဘွားတို့လက်ထက်တွင် ချောင်းဆုံ၌ တရုတ်စားသောက်ဆိုင်ရှိသည်ဟု မကြားမိ။ကျနော့်အဖေ ငယ်ဘဝတုန်းကလည်း မရှိဟုဆိုသဖြင့် ကျနော့်အဒေါ်ပြောသည့်ဆိုင်သည် ချောင်းဆုံ၌ ပထမဆုံးပေါ်ခဲ့ဖူးသော တရုတ်စားသောက်ဆိုင်လားမသိ။

ကျနော်မွေးခါစ ၆ လသားမှသည် ၇ တန်းအောင်သည်အထိ ချောင်းဆုံတွင် အဘွားနှင့်အတူနေခဲ့သည့် သက်တမ်းတစ်လျှောက်လုံးတွင် တရုတ်ဆိုင်လည်းမရှိ။နံနက်ခင်း နံပြားလောက်ရသော လက်ဖက်ရည်ဆိုင် သုံး၊ လေးဆိုင်တော့ရှိသည်။

နံနက်ခင်းဈေးထဲတွင်ရောင်းသည့် ဗမာမုန့်ဆိုင်နည်းနည်းရှိသည်။နေ့ခင်းပိုင်းတွင် ခေါင်းရွက်ဗမာမုန့်သည် လာလေ့ရှိသည်။မွန်းလွဲပိုင်းမှစတင်ကာ ကျနော်တို့အိမ်နောက်ဖေး ဈေးသွားသည့်လမ်းပေါ် ဒေါ်ဘုတ်အီးအကြော်ရှိသည်။

ဒေါ်ဘုတ်အီးအကြော်မှာ ဘူးသီးကြော်နှင့် ပဲပင်ပေါက်ကြော်။ပဲပင်ပေါက်ကြော်ကို ကျနော်တို့အရပ်ခေါ်က တရုတ်ငါးပေါင်းကြော်။ပဲပင်ပေါက်များများ၊ ဆန်နှစ်နည်းနည်းဖြင့် ခပ်လုံးလုံးပုံစံ။အချဉ်ရည်မှာ မန်ကျည်းရည်၊ ငံပြာရည်နှင့် ကြက်သွန်ဖြူရောထားသော အရည်ထဲသို့ ပဲမှုန့်နှင့်ငရုပ်သီးမှုန့် လိုသလောက်ထည့်။ကျနော်က အရည်ခပ်ပျစ်ပျစ်စားလိုသူမို့ ပဲမှုန့်များများထည့်စားလေ့ရှိသည်။ထိုအချဉ်ရည်မျိုး အခြားမည်သည့်အရပ်တွင်မှ မစားဖူးသဖြင့် ကျနော်တို့မွန်ရိုးရာအချဉ်ရည်ဟု ဆိုရမည်လားမသိ။

ကျနော်က ဒေါ်ဘုတ်အီး ကို ကြီးဘုတ်အီးဟု ခေါ်သည်။သူ့ယောကျာ်းမှာ ကျနော်သိတတ်စအရွယ်တွင် ကွယ်လွန်သွားခဲ့သည်။သူ့သားအငယ်ဆုံး ဘိုင်လေးမှာ ကျနော့်ဘော်ဒါ။သူ့သားသမီး ၇ ယောက်စလုံးကို အကြော်ရောင်းခြင်းတစ်ခုတည်းဖြင့် ကျွေးမွေးလာသူ။ကြီးဘုတ်အီး အသက်ရလာတော့ သူ့သမီးများကဆက်ခံသည်။ယနေ့ထိတိုင် ချောင်းဆုံအနောက်ပိုင်း ဦးဂျင်လမ်းဝအနီးတွင် လက်မလည်အောင် ရောင်းချလျက်ရှိသည်။ကျနော်အကြိုက်ဆုံးအကြော်မို့ ဘီလူးကျွန်းရောက်တိုင်း မပျက်မကွက်ဝယ်စားနေဆဲသော အကြော်။

ကြီးဘုတ်အီးအကြော်ကဲ့သို့ပင် ကျနော်အကြိုက်ဆုံး ဘီလူးကျွန်းထွက် အစားအစာတစ်မျိုးလည်းရှိသေးသည်။ယင်းမှာ ကျနော့်ဆွေမျိုးတို့ချက်ပြုတ်သော ဘဲသားဆန်ပြုတ်ဖြစ်သည်။ချောင်းဆုံအနောက်၊ မင်းကျောင်းတွင် နှစ်စဉ်တပို့တွဲလတိုင်း ဘုန်းကြီးစာပြန်ပွဲကျင်းပလေ့ရှိပြီး စာပြန်သံဃာများကို နံနက်ဆွမ်းအဖြစ် ဘဲသားဆန်ပြုတ်ကပ်လှူသည်။စာပြန်ပွဲမှာ ၇ ရက်ဆိုတော့ စုစုပေါင်း ၉ ရက်ကြာ သံဃာနှင့် လူပုဂ္ဂိုလ် ၅၀၀ ခန့်ကို နံနက်နှင့် နေ့ဆွမ်း တည်ခင်းသည်။ထို့ကြောင့် လူအင်အားများများဖြင့် နေ့ညမပြတ် ချက်ရပြုတ်ရသည်။

ကျနော့်အဘွား၏အစ်မကြီး ဘွားဘွားကြီးမှာ အမျိုးသမီးချက်ပြုတ်သူများထဲတွင် နှစ်များစွာကြာ ခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ဟင်းချက်ထမင်းချက်တာဝန်ခံ အမျိုးသားအိုးသူကြီးဝိုင်းကို ရှေးယခင်ကတည်းက ကျနော်တို့ဆွေမျိုးတစ်သိုက်က ဝိုင်းဝန်းခဲ့သည်။သူတို့ချက်သည့် ဘဲသားနိုင်းချင်းဖြင့် ဆန်ပြုတ်ကို ကျနော်ငယ်ငယ်ကတည်းက သဲသဲမဲမဲကြိုက်ခဲ့ခြင်းဖြစ်သည်။
ပရိယတ္တိစာမေးပွဲတွင်ကပ်လှူသော ဆန်ပြုတ်မို့ ပရိယတ္တိဆန်ပြုတ်ဟု ကျနော်ခေါ်သည်။ဆန်ပြုတ်ထဲ ဆီလုံးဝမပါသည့် ကြက်သွန်ကြော်နှင့် ကြက်သွန်မြိတ်ထည့်။ငရုပ်ကောင်းထည့်။မပျစ်မကျဲကောင်းလိုက်သည့် ဆန်ပြုတ်၏အရောင်မှာ အဖြူနှင့်အဝါဖျော့ စပ်ထားသလိုမျိုး။

ကျနော်အကြိုက်ကြီးကြိုက်သဖြင့် ကျနော့်အစ်မဝမ်းကွဲလုံးလုံးက စာပြန်ပွဲနံနက်တိုင်း ပိုသည့်ဆန်ပြုတ်ကို ကျနော့်အတွက်ယူလာလေ့ရှိသည်။လုံးဝမပိုသည့်နေ့တွင်ပင် ဆန်ပြုတ်တစ်ခွက်စာဖြစ်ဖြစ် ရအောင်ယူလာပေးသည်။ဆန်ပြုတ်များများရသည့်နေ့ဆို မနက်လည်းဆန်ပြုတ်၊ နေ့ခင်းလည်းထမင်းမစား မနားတမ်း ဆန်ပြုတ်။

၈ တန်းနှစ် ကျနော်ရန်ကုန်ပြောင်းပြီးနောက်တွင် ပရိယတ္တိဆန်ပြုတ်နှင့် လျှာအဆက်ပြတ်ခဲ့ရသည်။နှစ်စဉ် ဘီလူးကျွန်းသို့ပြန်သော်လည်း နွေကျောင်းပိတ်ရက်မို့ တပို့တွဲလ ပရိယတ္တိဆန်ပြုတ်နှင့် အဝေးကြီး။ကျနော်လူပျိုပေါက်ဖြစ်တော့ နတ်မှော်သင်္ဘောဆိပ်အနီးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပရိယတ္တိဆန်ပြုတ်နှင့် အနံ့အရသာတူသော ဆန်ပြုတ်ရသဖြင့် စားဖြစ်သည်။

ရန်ကုန်ပြန်သည့်အခါတိုင်း မော်လမြိုင်တက်သည့်အခါတိုင်း ဆန်ပြုတ်စိတ်ကြိုက်စားရန်ရည်ရွယ်၍ သင်္ဘောဆိပ်သို့ စောစောရောက်အောင်သွားသည်။မစားဘူးဟေ့ဆို အနည်းဆုံး ၂ ပွဲ။ပရိယတ္တိဆန်ပြုတ်လက်ရာကို မမီသော်လည်း လက်ခံလို့ရသည့်အဆင့်။သံလွင်မြစ်ကူးတံတားဖွင့်လှစ်ပြီးနောက်တွင် နတ်မှော်သင်္ဘောဆိပ်သည်လည်း ခရီးသည်တင်သင်္ဘော အသွားအလာမရှိတော့သဖြင့် အဆိုပါလက်ဖက်ရည်ဆိုင်လည်း ပိတ်လောက်ပြီ ထင်၏။

ထိုလက်ဖက်ရည်ဆိုင်ကဲ့သို့ ဆန်ပြုတ်ရောင်းသည့်ဆိုင်မှာ ချောင်းဆုံတွင်မရှိ။မှတ်မှတ်ရရ ဇာတ်ပွဲများကျင်းပသည့်အခါ ပွဲဈေးတန်းတွင် ဖာလူဒါတို့ ရေခဲသုတ်တို့၊ ကြက်သားပဲလိပ်တို့ရသည်။

ဒီချုပ်အစိုးရလက်ထက် သံလွင်မြစ်ကူးတံတားဖွင့်လှစ်ပြီးနောက်တွင်မှ ဘီလူးကျွန်းတခွင် စားစရာအစုံအလင်ရရှိနေပြီဟု ပင်စင်ယူပြီးမှ ဘီလူးကျွန်းသားပြန်လုပ်နေသော ကျနော့်အဖေက ခပ်ကြွားကြွားပြောသည်။

‘ရန်ကုန်မှာရတဲ့ စားစရာတော်တော်များများ ချောင်းဆုံမှာ အကုန်ရတယ်’ ဟု အဖေကပြောသည်။

ဘာတွေဘယ်လိုရနေပြီလဲတော့မသိ။ကျနော်က ပရိယတ္တိဆန်ပြုတ်လို ဆန်ပြုတ်မျိုးရောင်းသည့် ဆိုင်ရှိ၊ မရှိသာ သိချင်မိသည်။

ငြိမ်းဆက်
သြဂုတ် - ၂၈