【 ဆောင်းပါး 】 “ကြောက်စိတ်”

【 ဆောင်းပါး 】 “ကြောက်စိတ်”

ပြင်းထန်သည့် ကိုဗစ်တတိယလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီဟု ယူဆမိသည့် တစ်ရက်တွင် ကျနော်ကိစ္စရှိသဖြင့် မြို့ထဲသို့ လိုအပ်သည့် စာအုပ်တစ်အုပ်ဝယ်ရန် ထွက်လာခဲ့သည်။ရန်ကုန်က ယခင်နှင့် အကွာခြားကြီး ကွာခြားခဲ့ပြီဖြစ်သည်။ကျနော်နေထိုင်ရာ လှိုင်သာယာ မီးခွက်ဈေးလောက်ပင် မစည်ကား။ဟိုနေရာ ကျိုးတို့ကြဲတဲ ဒီနေရာ ကျိုးတို့ကြဲတဲဖြင့်။မြင်ရသူတိုင်းက ကိစ္စရှိသည့်အလုပ်ကို ခပ်သုတ်သုတ် လက်စဖြတ်လုပ်နေကြပြီး လမ်းတွင် ကျီးကန်းတောင်းမှောက်ဖြင့် ခပ်သုတ်သုတ်လျှောက်နေကြသည့်သူတွေသာများနေသည်။

ဖေဖေါ်ဝါရီ ၁ ရက်ကတည်းက ရန်ကုန်အခင်းအကျင်းက ပြောင်းသွားခဲ့ပြီဖြစ်သည်။အိမ်ကနေမထွက်ဖြစ်သည့် ကျနော့်အဖို့ လှိုင်သာယာကနေ တောင်ဒဂုံကို တစ်ချိန်က နေ့စဉ်သွားခဲ့၊ ညမိုးချုပ်မှ ပြန်လာနေကြဆိုသည်မှာ ယခုအချိန်တွင် ငါတကယ်သွားခဲ့တာ ဟုတ်ရောဟုတ်ရဲ့လားဟု ပြန်မေးရမလောက်အောင်ပင် တအံ့တဩဖြစ်ရသည်အထိပင်။လုံခြုံရေးအခြေအနေက အတော်လေးကိုပင် ဆိုးရွားသွားခဲ့ပြီဖြစ်သည်။ရန်ကုန်မြို့ထဲသွားဖို့ မသွားခင် လူမှုကွန်ရက်မှာ ဘယ်နေရာ ဘာတွေဖြစ်နေသလဲဆိုတာ အရင်ကြည့်ရသည်။ထို့နောက် ပြန်လာမည့်အချိန်ကိုတွက်ပြီး နောက်မကျစေရန် အိမ်ကနေ စောစောထွက်ရသည်။စောစောဆိုလို့ သိပ်ပြီး အစောကြီးလည်းထွက်လို့မရ။အိမ်ကနေ မနက် ၈ နာရီလောက်ထွက်ပြီး ၂၂ ကားကို စောင့်စီးရသည်။

ကားက အရင်ကထက်ပင် ပိုပြီးစုတ်လာသည်ဟု ထင်ရသလို ကားခက မြို့ထဲအဝင် သခင်မြပန်းခြံအထိ ဂိတ်ဆုံးစီးမည်ဆိုပါက ၅၀၀ ကျပ် ပေးရသည်။နယ်က တပည့်တစ်ယောက်လွှဲပေးသည့် ငွေနှစ်သောင်း လက်ထဲမှာ ရာခိုင်နှုန်းအလျော့ဖြင့် ၁၈၀၀၀ ရှိနေခိုက် ကျနော်လိုချင်သည့် ဘုရားစာအုပ်တစ်အုပ်အတွက် လှိုင်သာယာကနေ ရန်ကုန်မြို့ထဲလာသည့် အသက် ၆၀ ကျော် ကျနော့်ပုံစံက တကယ်စွန့်စားခန်းကြီးလို။အိမ်က ဇနီးမယားကလည်း ပြောမရလို့သာ ကျနော့်ကိုလွှတ်ပုံရသည်။သိပ်ကြိုက်ပုံမရ။မထွက်ခင်ကတည်းက ရှိသည့်ပိုက်ဆံလေး ခါးပိုက်နှိုက်လက်ချက်၊ လုယက်သူလက်ချက်မိပြီး အိမ်ပြန်ဖို့ လမ်းစရိတ်တောင်မကျန်မှာစိုးသဖြင့် ပိုက်ဆံကို တစ်နေရာထဲမထားပဲ ခြေစောင့်လက်စောင့် ခွဲထည့်သွားဖို့၊ ဟိုရောက်ရင် ဝယ်စရာရှိတာဝယ်ပြီး မြန်မြန်ပြန်လာဖို့၊ သူငယ်ချင်းတွေနဲ့ဆုံပြီး လေကြောမရှည်ဖို့၊ ဘာမှမဝေဖန်ဖို့ မစပ်စုဖို့ အတန်တန်မှာကြားလေသည်။  

ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်အိမ်ကနေ မြို့ထဲသို့ ကျနော်လာဖြစ်ပြီ။ခြောက်လကျော်အတွင်း ပထမဆုံးအကြိမ် မြို့ထဲက ကတ္တရာမြေပေါ် ကျနော်ခြေချမိပြီ။အိမ်ကနေ မြို့ထဲမထွက်ခင် မြို့ထဲမှာနေသည့် သူငယ်ချင်းတစ်ယောက်ကို ငါဘယ်အချိန်ရောက်မည်ဟု လှမ်းဖုန်းဆက်ထားတော့ သူငယ်ချင်းက ထိုင်နေကြ လက်ဘက်ရည်ဆိုင်ကနေ  ၁၅ မိနစ်ခြား တစ်ခါ ဘယ်နားရောက်ပြီလဲဟု လှမ်းလှမ်းမေးသည်။သခင်မြပန်းခြံအထိလာသည့် လမ်းတစ်လျှောက် ဘတ်စ်ကားမှာ ဆီခိုးနံ့ တနံနံ၊ စပယ်ယာမိန်းမ ဟောက်သံ ဟိန်းသံ ဆဲသံ တညံညံဖြင့် ရန်ကုန်အတက်ခရီးကို စိတ်ပျက်ဖွယ် ကျော်ဖြတ်ခဲ့ရသည်။လမ်းတွင်လည်း ဟိုကွေ့ဒီကောက် ကတ္တရာလမ်းချောပေါ်ဝယ် ကားမောင်းကျွမ်းကျင်မှု ရှိ၊ မရှိ စစ်ဆေးနေသည့်အလား အတားအဆီးများကို ယိမ်းကာဝိုက်ကာဖြင့် ကျော်ဖြတ်ရသဖြင့် သခင်မြပန်းခြံကို ကျနော်ရောက်တော့ လူက ကျိုက်ထီးရိုးတောင်ကို ခြေကျင်တက်ရသည့်သဖွယ် ဟပ်ထိုးကိုလဲမတတ်  မူးနောက်ပင်ပမ်းသဖြင့် ဂိတ်နားက ဆိုင်လေးကနေ ရေသန့်ဝယ်သောက်ပြီး ခဏနားရသည့်ထိပင်။  

အသက် ၆၀ ကျော်အရွယ် လူကရောက်နေပေမယ့် စိတ်က ယခုထိ ဆယ့်ငါးဆယ့်ခြောက်ကနေ မတက်သေးသည့် ကျနော့်အဖို့ ယခုအဖြစ်က ပထမဆုံး ဇရာ၏အငွေ့အသက်ကို စတင်ခံစားမိခြင်းပင် ဖြစ်သည်။သခင်မြပန်းခြံကားဂိတ်တွေတစ်ဝိုက် ယခင်က ၅၆၊ ၅၇၊ ၅၈ ကားတွေစီးဖို့ ယခုလိုရုံးတက်ချိန်ဆို နေရာလေးရရန် အတော်လေး အပေါက်ဝကနေတိုးတက်ရသလောက် ယခုတော့ လူသူကင်းရှင်းကာ ကားတစ်စီးနှင့် တစ်စီး ခပ်စိပ်စိပ်မထွက်တော့ အနည်းငယ်ကြာမှ တစ်စီးထွက်ရသည်အထိ စီးနင်းသူနည်းသွားသည်ကို တွေ့ရသည်။ဒီကားတွေမှာတော့ စပယ်ယာတွေကို မတွေ့ရသဖြင့် အတော်လေး စိတ်သက်သာရာရသည်။သို့သော် ကားပေါ် ခါးပိုက်နှိုက်လိုမျိုး သားကောင်လိုက်ရှာနေသည့် လူသုံးလေးယောက် တစ်စု တစ်စုကို တွေ့မိသဖြင့် အဝတ်အစား အတန်အသင့်သာ ဝတ်လာမိခဲ့သည့် ကိုယ့်ကိုယ်ကို အတော်ပင် ကျေးဇူးတင်မိသည်။   

ဒီလောက်ထိ အသေးစိတ်ရေးပြနေရခြင်းမှာ လက်ရှိအခြေအနေကို သိစေလို၍ဖြစ်သည်။ဘယ်သူ့ကိုမှလည်း အပြစ်မတင်။သေဖို့ရက်နီးလာပြီဖြစ်သည့် ကျနော်တို့လို လူကြီးတွေအဖို့ ရှိတာလေးကို ချွေချွေတာတာနှင့် ကြာရှည်ခံအောင် စားသောက်နေရချိန်တွင် တချို့မှာ စုထားဆောင်းထားတာလည်းမရှိ၊ အလုပ်အကိုင်ကလည်း ဘယ်မှာမှရှာကြံမရနှင့် နောက်ဆုံးဝမ်းစာအတွက် မရှိရှိတာချရောင်းကြ၊ လုရယက်ရ ခိုးရဝှက်ရနှင့် ဘယ်သူ့ကိုအပြစ်တင်ရမှန်းတောင်မသိပင်ဖြစ်နေရသည့် ခေတ်က ခေတ်ဆိုးကြီးကိုကြုံနေသည်။ဒီတော့ လုယက်ခိုးဝှက်သူတို့ မျက်စိမကျအောင် အပြင်ထွက်လျှင် နေတတ်ဖို့ကလည်း ဒီခေတ်ကာလမှာ ဘယ်လောက်အရေးကြီးနေမှန်း ယခုလိုအပြင်ထွက်မှသိရသည့်အဖြစ်ပင်။

ဆူးလေ၊ ပန်းဆိုးတန်းကိုရောက်ဖို့ နီးရက်နှင့်ဝေးဆိုသလို တကွေ့တစ်ပတ်ပင်။ပန်းဆိုးတန်းလမ်းဘေး ပလက်ဖောင်းတွင် တစ်ခါသုံးစက္ကူခွက်လေးထဲ လက်ဘက်ရည်ကျကျထည့်ပြီး ခွေးခြေပုပေါ်မှာထိုင်ပြီး စကားပြောရသည့်အရသာက တစ်မျိုးပင်။ယခုလိုထိုင်ခွင့်ရဖို့ပင် ဆိုင်ရှင်က အတော်လေးကြိုးစားထားရသည် ဆို၏။နေရာကိုတော့ မပြောတော့ပြီ။နောက်တစ်ခါသွားထိုင်ဖို့ နေရာပျောက်သွားမှာစိုး၍ဖြစ်သည်။ယခင်ကဆို ထိုပလက်ဖောင်း ကျယ်ကျယ်ပြန့်ပြန့်ပေါ်တွင် ဆိုင်တွေက သုံးလေးငါးဆိုင်။ယခုတော့ ဒီတစ်ဆိုင်ထဲ။ဒီကြားထဲ ရေနွေးလိုချင်လျှင် ဆိုင်ရှင်ဆီမှာ သွားထည့်ရသည်။ဆေးလိပ်က တစ်လိပ် တစ်ရာ့ငါးဆယ်။လက်ဘက်ရည်က ရိုးရိုး သုံးရာ၊ ရှယ်ဆို ငါးရာ။ဒီလိုဆိုင်တွေက ကျဆိမ့်က ကျနော်တို့ဝန်ထမ်းဘဝကတည်းက သောက်လာခဲ့တာဖြစ်သဖြင့် လက်ဘက်ရည် လျှာပေါ်ရောက်သည်နှင့် စိတ်က ငယ်မူငယ်သွေးကြွတက်လာသည်။

သူငယ်ချင်းနှင့်ထိုင်နေစဉ် မြို့ထဲ ကျနော်ရောက်မှန်းသိသည့် ပုဇွန်တောင်မှာနေသည့် သူငယ်ချင်းနောက်တစ်ယောက်က ကားငှားပြီးရောက်ချလာသည်။သူငယ်ချင်းသုံးယောက် စကားတွေပြောရင်း ဟိုလူအကြောင်း ဒီလူအကြောင်း မေးနှင့်။သူတို့ပြောရင်း ကိုယ်မေးရင်းနှင့် ကိုဗစ်တတိယလှိုင်းမှာ ကျနော်တို့သိခဲ့သည့်သူတွေ အကြီးအငယ်မရွေး ဆုံးပါးသွားကြတာ မနည်းပါလားဟု မသက်မသာဖြစ်မိသည်။တချို့ဆို ကျနော်ဝန်ထမ်းဘ၀တုန်းက အတူတွဲလုပ်ခဲ့သည့်သူ၊ တချို့ဆို ကျူရှင်ဆရာဘဝအစမှာ ကိုယ်စာသင်ပေးခဲ့ဖူးသည့် ကလေး၊ တချို့ဆို ကိုယ်ရင်းရင်းနှီးနှီးဝင်ထွက်ခဲ့ဖူးသည့် အသိမိတ်ဆွေတွေ။သူငယ်ချင်းလည်း ကိုဗစ်ကူးစက်ခံရပြီး အတော်လေးကို ကုလိုက်ရသည် ဆိုသည်။သူ့အတွေ့အကြုံကိုပြောပြရင်း ကျနော့်မှာ တအံ့တဩ။ပြီးတော့ မသေသင့်ပဲ သေရသည့်သူများ၏အဖြစ်တွေ။

သူငယ်ချင်းမှာ သူ့အတွေ့အကြုံအရ ကိုဗစ်ဘယ်ကနေကူးလာမှန်းမသိသော်လည်း တကယ်ကူးစက်ခံရသည်အခါ ကိုယ်ခံအားကောင်းရန်သာ အထူးဂရုစိုက်ခဲ့သည်ဟု ဆိုသည်။သူငယ်ချင်းကို သူ့မိန်းမဖြစ်သူက ထိုကာလအတွင်း facebook လည်း မကြည့်ခိုင်း။သာမန်ဖျားနာနေသူကဲ့သို့ သူ့ကိုသဘောထားစေကာ နေစေခဲ့သည်။ဘေးပတ်ဝန်းကျင်နှင့်လည်း မထိတွေ့စေပဲ သူ့ဘက်က ဘာပဲခံစားရ ခံစားရ စိတ်ထင်လို့ဖြစ်နေတာပါ။ဒီလောက်မဆိုးပါဘူး။စိတ်မပျော့စမ်းပါနဲ့။မရှိတဲ့သူတွေဆို ဘယ်လိုလုပ်မလဲ စသဖြင့် စိတ်ခွန်အားပေးတာ စိတ်မပျော့စေရန် လုပ်ပေးခဲ့သည်ဟု ဆိုသည်။သူများတကာလို သိန်းသုံးလေးဆယ်အကုန်ခံပြီး အောက်ဆီဂျင်အိုးတို့ စက်တို့လည်း မဝယ်နိုင်သဖြင့် အစောကတည်းက ဒါကို စိတ်အာရုံမထည့်သလို အောက်ဆီဂျင်တိုင်းသည့်စက်ကိုလည်း မဆောင်ခိုင်းပဲ ထားသည်ဟု ဆိုသည်။

သူပြောသည့်အထဲမှာ ယခုသေဆုံးခဲ့သည့်သူအချို့မှာ စိုးရိမ်စိတ်နှင့် ပေါ့ဆမှုကြောင့် မသေသင့်ပဲ သေရသည် ဆိုသည်။တချို့ဆိုလျှင် ညဘက်အကောင်းကြီးတွေ့ရပြီး မနက်ကြဆုံးသည့်သတင်းတွေကို ကြားရသည်မှာ ဒီလိုတွေကြောင့်ဟု သူငယ်ချင်းက ဆိုသည်။

သူငယ်ချင်းပြောသည့်အထဲတွင်  ရောဂါအရမ်းမပြင်းထန်သော်လည်း စိတ်ခွန်အားပေးမည့်သူမရှိသဖြင့် အောက်ဆီဂျင်တိုင်းသည့်စက်ကိုကြည့်ပြီး စိတ်တွေကျကာ ငါသေတော့မလားဆိုသည့်စိတ်ဖြင့် တကယ်သေသည့်သူတွေလည်းရှိသည်ဟု ဆိုသည်။ဆိုသည်မှာ “ကြောက်စိတ်” ကို သူငယ်ချင်းက ဆိုလိုခြင်းဖြစ်သည်။

ကျနော့်ကိုလည်း ကိုဗစ်မဖြစ်ဘူးလားဟု မေးသည်။ကျနော်က ငါတို့မှာ ကိုဗစ်ထက် မနက်ဖြန်ဘာနဲ့စားရမလဲဆိုသည့် ဝမ်းရေးက ပိုပြီးစိုးရိမ်နေရသဖြင့် ကိုဗစ်ဖြစ်လား မဖြစ်လားတောင် သတိမထားမိဟု ပြောမိသည်။တကယ်လည်း ကျနော်နေရာအရပ်တွင် အဆိုးတကာ့ အဆိုးဆုံးတွေ ခံစားနေရသဖြင့် ကိုဗစ်တတိယလှိုင်းကို မိမိအသိစိတ်ဖြင့်မိမိ ကာကွယ်ကြရသလို တခြားသောဘေးတွေကိုလည်း အဆိုးဆုံးရင်ဆိုင်ရသည်။ဒီတော့ အောက်ခြေလူတန်းစားမှာ မြန်မြန်သေလည်း အေးတာပဲဆိုသည့် သေမထူးနေမထူးစိတ်ဖြင့် နေကြရသဖြင့် ဘာဘေးပဲလာလာ မမှုကြတော့တာလည်းဖြစ်သည်။

သူငယ်ချင်းနှင့်တွေ့ပြီး အိမ်ပြန်လာသည့်လမ်းတစ်လျှောက် ကြောက်စိတ်ဆိုတာကို စဉ်းစားလာမိသည်။အိမ်ရောက်တော့လည်း ဒီစိတ်ကိုစဉ်းစားမိသည်။ညဘက်တွေးပူနေမိသည့်စိတ်ကလည်း ဒီစိတ်ပဲဖြစ်သည်။ငတ်မှာကြောက်သည့်စိတ်၊ သေမှာကြောက်သည့်စိတ်ဖြင့် ကျနော်တို့လင်မယားမှာ အိမ်ပြင်တောင် သိပ်မထွက်ဖြစ်။လမ်းထဲကလူတွေလည်း ကျနော်တို့လို  ကိုယ့်ဘဝကိုယ် ခင်တွယ်နေကြသူများဖြစ်သည်။သူတို့လည်း သေရမည်၊ ငတ်မည်ကို ကြောက်ကြမှာဖြစ်သည်။သို့သော် သူတို့၏အကြောက်တရားက အကန့်အသတ်ရှိသည်။အကြောင်းမဲ့ ကြောက်နေကြသည်မဟုတ်။

လူဆိုတာ သေချိန်တန်လျှင် သေရမည်ဖြစ်ပြီး အချိန်မတန်ခင် ကြောက်စိတ်ကြောင့် ကြိုပြီးသေနေရသည့်သူတွေနှင့် ကြောက်စိတ်ကြောင့် တကယ်သေသွားရသည့်သူတွေကို ယခုကာလတွင် တွေ့ရသည်မှာအမှန်။တကယ်က စိုးရိမ်စိတ်နှင့် ဖြစ်မလား ဖြစ်မလားဆိုသည့်စိတ်က လူတွေကိုသတ်သွားခြင်းပင်ဖြစ်သည်။အခြေခံလူတန်းစားတွေတွင်တော့ ကြောက်စိတ်ဝင်ရလောက်အောင် အချိန်အားနည်း၍ဘဲလားတော့မသိ။စိတ်အတော်မာသည်ထင်သော ကျနော်ပင် ရပ်ကွက်ထဲက လမ်းထဲက လူများနှင့်စာလျှင် သူတို့လောက်မမာ။အခုမှ ငါအတော်ကိုစိတ်ပျော့ပါလား၊ အကြောက်ကြီးနေပါလားဟု တွေးမိသည်။

ကြောက်စိတ်က လူတွေကို သွေးကြောင်စေသည်။လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ဖြစ်။လူတိုင်း ရှင်သန်လိုကြသည်။ အန္တရာယ်ကင်းလိုကြသည်။ဘေးကင်းလိုကြသည်။ကံဝါဒကို ကိုးကွယ်ယုံစားသူများပီပီ ကံပါလျှင် ဘယ်လိုနေနေ ဘယ်လိုကာကွယ်ကာကွယ် မလွတ်သည်ကို ဘုရားဟောဇာတ်တော်တွေ၊ လက်တွေ့ လူမှုနေ့စဉ်ဘဝတွေမှာ မြင်တွေ့ကြားသိရမည်ဖြစ်သည်။ဘာကြောင့်များ ကျနော်တို့ ကြောက်စိတ်ကို မွေးနေပါသနည်း။ဘယ်အရာတွေကများ ကျနော်တို့ကို ကြောက်စိတ်ဖြစ်နေစေပါသနည်း။

မြင်ရသည်ကိုလည်းကြောက်၊ မမြင်ရသည်ကိုလည်း ကြောက်နေမည်ဆိုလျှင် ဘယ်လောက်ထိ ကျနော်တို့ လူဖြစ်ရှုံးသလဲဆိုတာ တွေးမိမည်ဖြစ်သည်။မနက်ဖြန်တွေ များစွာရှိပါသည်။ထိုမနက်ဖြန်တွေများစွာကို ကြောက်စိတ်ဖြင့်သာ နေ့တိုင်းဖြတ်သန်းရမည်ဆိုလျှင် ကျနော်တို့လောက် မိုက်မဲတဲ့သူတွေ အသုံးမကျတဲ့သူတွေရှိမည်မဟုတ်ဟု ထင်မိသည်။

မနက်ဖြန်များစွာကို မကြောက်သည့်စိတ်ဖြင့် ကျနော်တို့ကျော်ဖြတ်မှရတော့မည်ဖြစ်သည်။

မောင်ဦးလွင်
စက်တင်ဘာ - ၂၂