【 ဆောင်းပါး 】 “ကြောက်နေရင်တောင် ရှေ့ဆက်တိုးပါ”

【 ဆောင်းပါး 】 “ကြောက်နေရင်တောင် ရှေ့ဆက်တိုးပါ”

စိုးရွံ့စိတ်ကိုဖြစ်ပေါ်စေတဲ့ အဖြစ်အပျက်တွေနဲ့ ထိပ်တိုက်ကြုံလာတဲ့အခါ လူများစုက ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေကို ရှောင်ရှားဖို့အတွက် နောက်ဆုတ်ကျောခိုင်းကြတာက များပါတယ်။သင်သိတဲ့အတိုင်းပဲ ခုလိုရှောင်ရှားလိုက်ခြင်းအားဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရင် ကြုံရမယ့် အကြောက်တရားနဲ့ စိုးရိမ်စိတ်တွေ မဖြစ်တော့ဘူးပေါ့။ဥပမာပြောရရင် သင့်ကုမ္ပဏီက သင့်ကို သရုပ်ပြရှင်းလင်းတင်ပြမှုတစ်ခုခုလုပ်ခိုင်းလို့ သင်ကငြင်းလိုက်မယ်ဆိုရင် အဲဒီသရုပ်ပြရှင်းလင်းတင်ပြမှုကို ပြင်ဆင်နေရတဲ့အတွက် စိုးရိမ်စိတ်နဲ့ အိပ်ရေးပျက်မယ့်ညတွေ၊ လုပ်ရမယ့်နေ့မရောက်မချင်း ကြုံရမယ့် စိတ်ကြောက်ရွံ့မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်လိုက်မှာပေ့ါ။အဲလို ရှောင်ရှားလိုက်ခြင်းအားဖြင့် ရရှိမယ့် တစ်ခုတည်းသော အကျိုးကျေးဇူးကတော့ စိတ်ပူပန်ကြောင့်ကျမှုကို ခဏတာရှောင်ရှားနိုင်လိုက်ခြင်းပါပဲ။

အကြောက်တရားကို ကျောခိုင်းထွက်ပြေးခြင်းရဲ့ အကျိုးကျေးဇူး

အဲဒါလေးကို ခဏလောက်စဉ်းစားကြည့်ရအောင်။လူတွေ သူတို့ရဲ့ အကြောက်တရားကို ရင်ဆိုင်ဖို့ ငြင်းဆန်တဲ့အတွက် ရရှိမယ့် အခြားအကျိုးကျေးဇူးများရှိရင် စာရင်းလုပ်ကြည့်ပါဦး။ဒီမေးခွန်းကို လူထောင်ပေါင်းများစွာကို မေးဖူးပါတယ်။ဘယ်သူမှ နောက်ထပ်အကျိုးကျေးဇူးကို မပြောနိုင်ပါဘူး။ပြောရရင် ရှိကို မရှိပါဘူး။  

သင်ပေးလိုက်ရတဲ့တန်ကြေး

ကဲ အခု ကျွန်တော်က သင့်တိုးတက်မှုလမ်းကြောင်းပေါ်မှာ ပိတ်ရပ်နေတဲ့ အကြောက်တရားကို ရှောင်ရှားလိုက်ခြင်းအားဖြင့် သင်ပေးလိုက်ရတဲ့တန်ကြေး ဘယ်လောက်ရှိမယ်ဆိုတာကို သေသေချာချာ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ဒါတွေဖြစ်လာမှာပါ … သင့်မှာ ဩဇာမရှိတော့သလို ထွက်ပေါက်မရှိ ကြံရာမရသလို ခံစားလာရမယ်။သင့်အောင်မြင်မှုအတွက် ကိုယ်တိုင် နောက်ကျောကို ဓားနဲ့ ထိုးသလိုဖြစ်မယ်။သင်ဟာ စိတ်ဝင်စားစရာမရှိ ပျင်းရိခြောက်သွေ့တဲ့ ဘဝကို လျှောက်လှမ်းနေရသလိုဖြစ်မယ်။

အဲဒီတန်ကြေးတွေက အကြောက်တရားနဲ့ စိတ်ပူပန်မှုတွေကို ခဏတာလေး ရှောင်လွှဲနိုင်ဖို့အတွက် ပေးရတာ တန်ရဲ့လား။ကျွန်တော်တို့ တော်တော်များများက အဲဒီတန်ကြေးကြီးကို မအီမသာဖြစ်မှုနဲ့ အခြားသူတွေက ပြုကောင်းပြုနိုင်မယ့် သရော်လှောင်ပြောင်မှုလေးတွေကို ခဏတာရှောင်ဖို့လေးတစ်ခုတည်းအတွက်နဲ့ ပေးဆပ်ဖို့ ဝန်မလေးကြပဲ လိုလိုလားလားကြီးကို ပေးချင်ကြတာကို တွေ့ရပါတယ်။အဲဒါရူးတာပဲ ကိုယ့်လူတို့၊ ကျွန်တော်ပြောတာ ယုံလိုက်စမ်းပါ။ရေရှည်ကျရင် အဲလိုနောက်ဆုတ်ထွက်ပြေးတာဟာ သင့်အခက်အခဲပြသနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်ပါဘူး။သင့်အကြောက်တရားကို ရင်ဆိုင်ဖို့ လိုလိုလားလားမရှိသရွေ့ သင့်အနေနဲ့ ကြီးမားတဲ့အောင်မြင်မှုနဲ့ သင့်ပါရမီကို တိုးတက်အောင် အပြည့်အဝ ဘယ်တော့မှလုပ်နိုင်မှာမဟုတ်ပါဘူး။

အထက်တန်းကျောင်းသားဘဝက ကျွန်တော့် မဟာဗျူဟာ

အထက်တန်းကျောင်းသားဘဝက ကျွန်တော်ဟာ တော်တော်ရှက်တတ်ပြီး၊ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်စိတ်တိုင်းကျတယ်ရယ်လို့လည်း မရှိခဲ့ပါဘူး။ဒါပေမဲ့ တစ်ယောက်ယောက်ကို ဒိတ်တာမျိုးဆိုရင်တော့ ဘယ်တော့မှအငြင်းမခံခဲ့ရဖူးပါဘူး။သင် အခုနေ ကျွန်တော့်ကိုကြည့်မယ်ဆိုရင်တော့ “ဒီလူက ကြည့်ရဆိုးတဲ့လူတော့မဟုတ်ဘူး၊ ဒါပေမဲ့ တွန်ခရုစ်နဲ့ မတူတာတော့ အသေအချာပဲ” လို့ တွေးမှာပါ။

ကျွန်တော့် မဟာဗျူဟာက ရိုးရှင်းပါတယ်။ကျွန်တော်က သူများကို ဘယ်တော့မှ ချိန်းတွေ့ဖို့မတောင်းဆိုဘူး။သိတဲ့အတိုင်း ကျွန်တော်က ဘယ်သူကမှ ကျွန်တော့်ကိုငြင်းပယ်တာမခံဘူး။ဒါဆို ကျွန်တော်ဘာရရှိခဲ့သလဲ။ကျွန်တော့်ကိုယ် ကျွန်တော် စိတ်ပျက်တယ်၊ အရမ်းကြောက်ဒူးတုန်နေမှန်းလည်း ကိုယ့်ကိုယ်ကိုယ်သိတယ်။ဘာမှ အစွမ်းအစမရှိသလို ခံစားရတယ်။သင်တွေးကြည့်ရင် သိမှာပါ၊ ကျွန်တော့်မှာ အချိန်ဇယားပြည့် လူမှုရေးပြက္ခဒိန်ဆိုတာမျိုး မရှိဘူး။ကျွန်တော်က ကိုယ့်အောင်မြင်မှုကို ကိုယ့်နောက်ကျော ဓားနဲ့ထိုးသလို လုပ်မိခဲ့တယ်။ဘာလို့လဲဆိုတော့ ကျွန်တော်က ကိုယ့်အကြောက်တရားကို ကိုယ်ရင်ဆိုင်ဖို့ငြင်းခဲ့တယ်။ကျွန်တော့်သူငယ်ချင်းတွေ အတန်းဖော်တွေ ဒိတ်ပြီးထွက်ကြချိန်မှာ ကျွန်တော်က ချောင်ကုပ်နေခဲ့တယ်။အဲဒါက ကျွန်တော့်ကို ဘယ်လိုခံစားချက်ဖြစ်စေခဲ့သလဲ။သင်မှန်းသလိုပဲ ငါတော်တော်ညံ့ပါလားလို့ ခံစားခဲ့ရတာပေါ့။တကယ်လို့ သင်က မင်းအဲဒီတုန်းက ဒိတ်တစ်ချို့ရှိခဲ့တယ်မလားလို့ တွေးတွေးဆဆ မေးလာရင်၊ ဟုတ်ပါ့ဗျာ၊ တစ်ခြားသူက စီစဉ်ပေးတဲ့အခါတွေမှာပဲပေါ့လို့ ဝန်ခံရလိမ့်မယ်။ကျွန်တော်က ကျွန်တော့်ကို သူများက “ဟင့်အင်း၊ နိုးပါ” လို့ ပြောမှာကို လက်သင့်မခံနိုင်ခဲ့ဘူး။

အဖြစ်မှန်ကတော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် “နိုးပါ” လို့ ပြောခဲ့တာသာဖြစ်တယ်။ကျွန်တော့်ရဲ့ ကြောက်လို့ နောက်ဆုတ်ထွက်ပြေး မဟာဗျူဟာကြီးက ကျွန်တော့်လိုလားချက်နဲ့ ဆန့်ကျင်စွာ ဘယ်လိုဖြစ်စေခဲ့သလဲဆိုတာ သင်မြင်ပြီမလား။တကယ်လို့ ကျွန်တော်သာ အထက်တန်းတုန်းက တစ်ယောက်ယောက်ကို ဒိတ်ဖို့ပြောရင် တစ်ချို့က “နိုးပါ” လို့ ငြင်းမှာ အမှန်ပါပဲ။ ဒါပေမဲ့ သိတယ်မလား၊ ကျွန်တော်သေတောင်သွားနိုင်တယ်။ကျွန်တော်က တစ်ယောက်ပြီး တစ်ယောက်၊ တစ်ယောက်ပြီး တစ်ယောက်ကို လိုက်မေးရင်း နောက်ဆုံးတော့ တစ်ယောက်ယောက်က “ရက်စ်” လို့ ပြောတာ ရကောင်းရလာမှာပေါ့။

ကောလိပ်ရောက်မှပဲ ကျွန်တော်က အဲဒီအငြင်းခံရမှာ ကြောက်တဲ့စိတ်ကို ရင်ဆိုင်ရဲပြီး “ကလေး လမ်းစမ်းလျှောက် ခြေလှမ်း” တစ်ချို့ စလှမ်းရဲလာတယ်။တဖြည်းဖြည်းခြင်း ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်မှုရလာခဲ့တယ်။နောက် ဥပဒေသင်တန်းကျောင်းရောက်တော့ ကျွန်တော် ကံကောင်းစွာ Dolores နဲ့ တွေ့ခဲ့တယ်။အခုတော့ ကျွန်တော်တို့ လက်ထပ်ခဲ့တာ ၁၈ နှစ်ရှိပါပြီ။

ဘဝသစ်တစ်ခု

ကျွန်တော်က ခင်ဗျားတို့နဲ့ ဘာမှမကွာပါဘူး။သင့်လိုပဲ ကျွန်တော့်မှာလည်း ကျွန်တော် ကြောက်တာရှိပါတယ်။နောက်ပြီး ကျွန်တော့်ဘဝရဲ့ ပထမ နှစ် ၃၀ အပိုင်းကို ပြန်ကြည့်တော့ ဘာကိုတွေ့ရမယ်ထင်သလဲ။ရှေ့နေတစ်ယောက်အနေနဲ့ အောင်မြင်မှု အတိုင်းအတာတစ်ချို့ရနေတဲ့ လူတစ်ယောက်ကို တွေ့ရပါတယ်။ဒါ့အပြင် ရှက်ရွံ့တတ်တဲ့၊ စိတ်မလုံခြုံတဲ့၊ ကြောက်တတ်တဲ့၊ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်ကြီးတတ်တဲ့သူ တစ်ယောက်ကိုလည်း မြင်ယောင်မိပါတယ်။အဲလိုပုံဖော်ခံရတဲ့သူဟာ စိတ်ဓာတ်မြှင့်တင်ရေး လှုံ့ဆော်ဟောပြောတဲ့သူတစ်ယောက် ပုံပေါက်ရဲ့လား။ ကျွန်တော့်ဘဝကို ပြောင်းပြန်လှန်အောင် ပြောင်းလဲစေခဲ့တာက ဘာလဲ။ထိုထက်မက တိုးတက်မှု အဆတစ်သန်းဖြစ်စေခဲ့တာက ဘာလဲ။အဲဒါကတော့ ကျွန်တော့်ကြောက်စိတ်ကို ဘယ်လိုဖြေလျှော့အောင် လုပ်ရမလဲဆိုတာ သင်ယူခဲ့နိုင်တာနဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို လုပ်နိုင်ခဲ့တာပါပဲ။နှစ်ပေါင်းများစွာ ကျွန်တော့်ကြောက်စိတ်ကို ပုန်းကွယ်နေတဲ့အတွက် စိတ်အကျဉ်းအကြပ်တွေနဲ့ စိတ်မကျေနပ်မှုတွေကြားမှာ ပိတ်မိနေတာဟာ ကျွန်တော့်ကို ဘယ်ရောက်အောင်မှ မပို့ပေးနိုင်ခဲ့ဘူး။ဘယ်တော့မှလည်း ရောက်အောင်ပို့ပေးမှာ မဟုတ်ဘူးဆိုတာ တွေးမိလာတယ်။အင်းပေါ့၊ အကောင်းမြင်စိတ်ကို ကျွန်တော် အရင်ဆုံးပျိုးမထောင်နိုင်ခဲ့ရင် ကြောက်စိတ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဘယ်လိုမှလုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ “ငါလုပ်နိုင်တယ်” ဆိုတဲ့ စိတ်နေသဘောထားက ကျွန်တော်လုပ်သင့်တာ လုပ်နိုင်ဖို့ အပိုတွန်းအားကိုပေးခဲ့တယ်။သင်က ငါလုပ်နိုင်တယ်လို့ ယုံကြည်စိတ်ဖြစ်တဲ့အခါ ကြောက်နေတဲ့ကြားက ရှေ့တိုးလုပ်ရဲတဲ့ သတ္တိတွေ ပေါ်လာတတ်ပါတယ်။

စိတ်နေမြင့်မြင့်နဲ့ လက်နက်တပ်ဆင်ပြီးတဲ့အခါ ကြောက်စိတ်ဝင်နေတဲ့ ကြားကနေတောင်မှ ကိုယ့်အလားအလာကို ရှာဖွေဖော်ထုတ်ပြီး ဘဝကိုပါဝင်ဆင်နွှဲဖို့ စိတ်ပိုင်းဖြတ်နိုင်ခဲ့တယ်။အဲလိုနဲ့ စလျင်စခြင်းမှာပဲ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှု ပိုရရှိခဲ့တယ်။ကိုယ့်ကိုယ်ကိုယ် ပိုထိန်းချုပ်ပဲ့ကိုင်နိုင်ခဲ့ပြီး ကိုယ့်အတွက် ပေါ်ပေါက်လာတဲ့ အခွင့်အရေးအမျိုးမျိုးကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်လာခဲ့တယ်။သင်သာ အကောင်းမြင်စိတ်ကို လိုလိုလားလား ပျိုးထောင်ပြီး သင့်အကြောက်တရားကို ရင်ဆိုင်မယ်ဆိုရင် မယုံကြည်စရာ ဆုလာဘ်တွေကို သင်ရရှိနိုင်မယ်ဆိုတာ သင်စတင်သိမြင်နိုင်ပြီလို့ ထင်ပါတယ်။

အခြေအနေကို ပြန်လည်တည်ဆောက်ခြင်း

တကယ်လို့သာ ကျွန်တော်က အကြောက်အလန့်မရှိ စိုးရိမ်စရာမလိုပဲ ရင်ဆိုင်နိုင်မယ့်နည်းလမ်း သင့်ကိုပေးမယ်ဆိုရင် သင်အရမ်းပျော်ပြီး ကျေးဇူးအနန္တတင်နေမှာမလား။ဒါပေမဲ့ အဲလိုမှော်ဆန်ဆန် ဖြေရှင်းနည်းကမရှိဘူး။ကျွန်တော်က မှော်နှင်တံလေးဝှေ့ရမ်းပြီး သင့်အကြောက်တရားတွေ ပျောက်သွားအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

သင်ကြောက်ပေမယ့် သင့်အောင်မြင်ရေးနဲ့ တိုးတက်ရေးအတွက် မဖြစ်မနေလုပ်ရမယ့်ကိစ္စ ဖြစ်နေတဲ့အတွက် သင့်သတ္တိတွေကို ဘယ်လိုစုစည်းပြီးလုပ်မလဲ။နောက်တစ်ခါ သင်ကြောက်စရာအခြေအနေနဲ့ တွေ့တဲ့အခါ သင့်ကို အခြားအမြင်ရှူထောင့်ကနေ မြင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။လူတိုင်းလိုလိုကတော့ “ငါ ဒါကိုကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး။လူတွေက ငါ့ကိုဟားကြတော့မှာပဲ၊ ဒါမှမဟုတ်ရင်လည်း ဝိုင်းကြဉ်ကြတော့မှာပဲ” လို့ တွေးမိကြမှာပါ။သူတို့က ငါဘယ်လောက်ကောင်းအောင် လုပ်နိုင်ပါ့မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ပိတ်မိနေပါတယ်။အဲဒီပူပန်စိတ်တွေကြောင့် သူတို့ဟာ နောက်ဆုတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။တကယ်တော့ သင်ဟာ အကောင်းမြင်စိတ် သဘောထားနဲ့ ချဉ်းကပ်ပြီး ဖြစ်လာနိုင်သမျှကို ကြိုတင်ပြင်ဆင်ထားသင့်တာပါ၊ ဖြစ်လာမယ့်ရလဒ်ကို အရမ်းကြီးစိတ်ပူ စိုးရိမ်မနေသင့်ပါဘူး။ ကိုယ်ကြောက်တဲ့ကိစ္စကို လုပ်ဆောင်မယ့် ခြေလှမ်းတိုင်းမှာ သင့်ကိုသင်ချက်ခြင်းအောင်မြင်မယ့် လူတစ်ယောက်လို့ တွေးထားပါ။မှန်ပါတယ်။ရလဒ်ကို အသာထားလိုက်ဦး၊ ကြိုးဝိုင်းထဲကို ဝင်လိုက်ပြီဆိုတာနဲ့ သင်က အောင်နိုင်သူတစ်ယောက် ဖြစ်နေပါပြီ။

ကြောက်နေရင်တောင် ရှေ့ဆက်တိုးပါ
ဥပမာအနေနဲ့ သင်က ပရိသတ်ရှေ့ စကားပြောရမှာကြောက်တယ်၊ ဒါပေမဲ့ သင့်ကြောက်စိတ်ကို ရင်ဆိုင်ပြီး ဘာပဲဖြစ်ဖြစ်လုပ်ခဲ့တယ်ဆိုပါစို့။သင်ပရိသတ်ရှေ့ထပြီး စကားပြောလိုက်ပြီဆိုတာနဲ့ သင်ဟာ အောင်နိုင်သူတစ်ယောက်ဖြစ်သွားပါပြီ။သင်ဒူးတုန်ပြီး သင့်အသံတွေ တုန်ကောင်းတုန်နေမယ်၊ ဒါကအရေးမကြီးပါဘူး။သင်က သင့်အကြောက်တရားကို ရင်ဆိုင်ပြီး စိန်ခေါ်မှုကို လက်ခံနိုင်လိုက်ပါပြီ။ချီးကျူးဂုဏ်ယူရခြင်းတွေက ကပ်ပါလာပါပြီ။အရင်ဆုံးဖြစ်လာမှာကတော့ သင်ရဲ့ ကိုယ့်ကိုယ်ကို လေးစားစိတ်က မြင့်တက်လာပြီး ပျော်ရွှင်ဝမ်းမြောက်စိတ်လည်း ခံစားလာရမှာပါ။

ပထမအကြိမ် ကြိုးစားကာစမှာတော့ သင့်ကို ကမ္ဘာ့အညက်ဆုံး ဟောပြောသူအနေနဲ့ ထောပနာပြုကြိုဆိုကြဦးမှာတော့ မဟုတ်သေးပါဘူး။အဲဒီတော့ ဘာဖြစ်လဲ၊ ရင်ဆိုင်လိုက်ပါစို့။ပထမဦးဆုံး တင်ဆက်မှုမှာတော့ သင့်ကိုယ်သင် ထူးချွန်ပြောင်မြောက်တဲ့ ဟောပြောသူဖြစ်ဖို့ မျှော်လင့်လို့မရသေးပါဘူး။သင်ပထမတစ်ပွဲကစားပြီးတာနဲ့ သင်ဟာ ထူးချွန်တဲ့ တင်းနစ်သမားတစ်ယောက် ဖြစ်ခဲ့သလား ပြန်စဉ်းစားကြည့်ပါ။ဒါမှမဟုတ် ရေထဲ ပထမတစ်ကြိမ် ဆင်းကူးပြီးတာနဲ့ ရေကူးသမားကောင်းတစ်ယောက် ဖြစ်ခဲ့သလား။အရည်အချင်းပြည့်အောင် လုပ်သမျှအားလုံး အချိန်ယူရတာချည်းပါပဲ။

ကျွန်တော့်ရဲ့ ပထမဆုံး စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပွဲလေးကို မှတ်မိနေသေးတယ်၊ ၁၉၈၈ ခုနှစ်တုန်းကပေါ့၊ ကျွန်တော့် တင်ပြချက်တွေက အိမ်ကို စာပြန်ရေးပြီး ကြွားစရာ ဘာမှမရှိခဲ့ပါဘူး။ကျွန်တော်က အိမ်ခြံမြေ အရောင်းသမားအဖွဲ့တစ်ဖွဲ့ကို အခမဲ့ဟောပြောခဲ့တာပါ။ပြောပြပါရစေတော့၊ ကျွန်တော်ကြောက်နေခဲ့တယ်၊ ပြောဖို့ရေးထားတဲ့ မှတ်စုစာရွက်ကနေ မျက်စေ့မလွှဲရဲဘူး။ ကံကောင်းထောက်မစွာပဲ ကျွန်တော့် ဟောပြောတင်ဆက်မှုက ကောင်းမွန်ချောမောစွာ ပြီးဆုံးခဲ့တယ်၊ ပရိသတ်ကလည်း ကောင်းကောင်းဩဘာပေး တုန့်ပြန်ခဲ့တယ်။ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အဟောအပြောကောင်းတယ်လို့ ပြောရဲတဲ့အထိ ဖြစ်အောင်တော့ အကြာကြီးလျှောက်လှမ်းခဲ့ရတယ်။

ဒုတိယဟောပြောပွဲကျတော့ ကျွန်တော်နည်းနည်းပိုကောင်းအောင် လုပ်နိုင်လာတယ်။နောက်ထပ်ငါးပွဲ ခြောက်ပွဲလောက် ဟောပြောပြီးချိန်မှာတော့ ကျွန်တော်မှတ်စုတွေကို အားကိုးစရာအဖြစ်ဖတ်ပြီး ဟောပြောဖို့လိုအပ်တာ နည်းသထက် နည်းလိုက်လာတယ်။နောက်ပြီး ပရိသတ်နဲ့ ထိတွေ့ဆက်သွယ်တာကို ပိုပြီးအားကောင်းအောင် လုပ်လာနိုင်တယ်။အခု နှစ်ပေါင်း ၁၁ နှစ်ကျော် ကြာလာပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ ဝါရင့်သမ္ဘာရင့်ကျွမ်းကျင်တဲ့ တစ်နှစ် တစ်နှစ်ကို ပရိသတ်ထောင်ချီပြီး အမေရိကတစ်နံတစ်လျား  ဟောပြောသူတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့ ကြောက်တတ်တဲ့၊ အထင်ကြီးစရာမရှိတဲ့ ဟောပြောတင်ဆက်မှုကို ၁၉၈၈ မှာ လုပ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကိုတော့ မမေ့လိုက်နဲ့နော်။

အိပ်မက်နောက်ကို သူမလိုက်ခဲ့တယ်

ဇိမ်ဇုန်နယ်ထဲကနေ ဖောက်ထွက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက် အကြောင်းကို ပြောပြချင်တယ်။သူမ နာမည်က ဒိုတီဘားမန်းပါ၊ နယူးယောက်မှာ အင်္ဂလိပ်စာပြ ကျောင်းဆရာမ ၃၂ နှစ်လုပ်ခဲ့သူ ဖြစ်ပါတယ်။သူမဟာ အသက် ၁၀ နှစ် အရွယ်ကတည်းက ဖျော်ဖြေမှုလုပ်ငန်းကို လုပ်ချင်ခဲ့သူပါ။သူမက ဒါကို အသက်မွေးဝမ်းကျောင်းမှုတစ်ခုအနေနဲ့ တစ်ခါမှ လေးလေးနက်နက် မစဉ်းစားခဲ့ပဲ အဲဒီအစား လုံခြုံစိတ်ချရတဲ့၊ ပုံမှန်လစာလေး၊ အကျိုးခံစားခွင့်လေးရတဲ့ ကျောင်းဆရာမအလုပ်ကိုပဲ ရွေးချယ်ခဲ့တာပါ။ဆရာမအနေနဲ့ လုပ်နေရင်းနဲ့ ဒိုတီက သီချင်းလေးတွေရေးပြီး သီဆိုဖျော်ဖြေတာတွေ လုပ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဝါသနာအနေနဲ့ပဲ လုပ်ခဲ့ပေမယ့်လည်း ဒါက သူမရဲ့အိပ်မက်ကို ရှင်သန်နေစေခဲ့တယ်။အဲဒါနဲ့ ၁၉၈၀ နောက်ပိုင်းလည်းရောက်ရော ဒိုတီက ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။သူမ ဆရာမအလုပ်ကနေ အနားယူပြီး အသက်မွေးဝမ်းကျောင်းအသစ်အနေနဲ့ ဖျော်ဖြေသူတစ်ယောက်အဖြစ် လုပ်ဖို့ပါ။ ၁၉၈၈ မှာ အလုပ်ထွက်စာတင်ခဲ့တယ်။အဲဒီနောက် ကြောက်စရာတွေက သူမကိုခြောက်လှန့်ခဲ့တော့တယ်။သူမက မရေရာတဲ့ ကိစ္စတစ်ခုကို စွန့်စားရမှာ ကြောက်စိတ်ဝင်လာပြီး သူ့နုတ်ထွက်စာကို ပြန်ရုတ်သိမ်းပြီး ဆရာမပဲပြန်လုပ်ခဲ့ပြန်တယ်။ဒါပေမဲ့ သူမရဲ့ကိုယ်ထဲက တစ်စုံတစ်ရာက သူမရဲ့အိပ်မက်ကို သေဆုံးခွင့်မပြုခဲ့ဘူး။

နောက်ခြောက်လအကြာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလရောက်တော့ သူမဟာ အကြောက်တရားကို ထိပ်တိုက်ရင်ဆိုင်ပြီး တကယ်အလုပ်ထွက်ပစ်ခဲ့တယ်။အဲဒီအချိန်မှာ ဒိုတီ အသက် ၅၀ ရှိနေပါပြီ။ ၁၉၉၂ ကျတော့ ဒိုတီ တိုးတက်လာပြီး တေးဂီတဖျော်ဖြေရေး တစ်ကိုယ်တော်စင်တင်ပွဲ လုပ်ခဲ့တယ်။အဲဒီဖျော်ဖြေပွဲဟာ သူမရဲ့အကြောက်တရားနဲ့ လုံခြုံစိတ်ချရတဲ့ ဆရာမဘဝအပေါ် အခြေခံပြီး ဖျော်ဖြေရေးလုပ်ငန်းကို အခြေချဖို့ ဖြစ်လာတဲ့ပွဲတစ်ပွဲ ဖြစ်ပါတယ်။အဲဒီနောက် ၁၉၉၈ နွေဦး၊ ဒိုတီ အသက် ၆၀ အရွယ်မှာ သူမရဲ့အရမ်းထူးခြားကောင်းမွန်တဲ့ စီဒီ “ကျွန်မ ကွန်ပြူတာနဲ့ ချစ်မိနေပြီ” ကို ထုတ်ခဲ့နိုင်တယ်၊ သွက်လက်ရွှင်မြူး ပြုံးပျော်စရာသီချင်းတွေ စုစည်းမှုတစ်ခုပါ။သူက အဲဒီသီချင်းတွေကို နယူးယောက်မြို့မှာ ပဒေသာကပွဲ (musical revue in a cabaret) နဲ့ တွဲပြီး သီဆိုဖျော်ဖြေခဲ့တယ်။ အဲဒီနောက် သူမရဲ့ သီချင်းတွေ၊ ပုံပြင်တွေနဲ့ အလားတူတင်ဆက်ပွဲတွေဟာ နိုင်ငံတစ်နံတစ်လျားက ကဇာတ်ရုံတွေ၊ စားပွဲရုံတွေနဲ့ အဖွဲ့အစည်းတွေက လုပ်တဲ့ပွဲတွေမှာ အဆက်မပြတ် ဖျော်ဖြေခဲ့ရတယ်။ ဒိုတီက အရင်ဆုံးဝန်ခံမှာကတော့ သူမရဲ့ အလုပ်ပြောင်းလဲခြင်းမှာ စိန်ခေါ်မှုပေါင်းများစွာ၊ နောက်ပြန်လန်ကျမှုပေါင်းများစွာနဲ့ ပြည့်နှက်နေခဲ့တယ်ဆိုတာပါပဲ။အဲဒါက ထိုက်တန်မှုရှိရဲ့လား။ဒိုတီ ဖြေတာကတော့ “ကျွန်မဘဝမှာ ဒါလောက်ပျော်ရွှင်တာ အရင်ကတစ်ခါမှမရှိခဲ့ပါဘူး” တဲ့။

ချသာချ ကြောက်တတ်တာဟာ အမှားတစ်ခုမဟုတ်ပါဘူး။အောင်မြင်တဲ့သူတွေမှာလည်း သူတို့ကြောက်တာရှိတာပါပဲ။ကွာတာက အောင်မြင်တဲ့သူတွေက ကြောက်စိတ်ရှိတဲ့ကြားကပဲ လုပ်စရာရှိတာလုပ်ပြီး ရှေ့ဆက်တက်လာတာပါ။ဒါက ဘယ်တော့မှ လွယ်လွယ်နဲ့ လုပ်နိုင်တဲ့ကိစ္စမဟုတ်ဘူးဆိုတာတော့ သေချာပေါက် ပြောရဲပါတယ်။ဒါပေမဲ့ သင်အကြောက်တရားကို ရင်ဆိုင်လိုက်တိုင်း သင့်စိတ်ခံစားချက် ပိုကောင်းလာမှာ မလွဲပါဘူး။  

လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက ကျွန်တော့်မှာ အမေရိကနိုင်ငံ တစ်နံတစ်လျားနဲ့ နိုင်ငံရပ်ခြားတွေကို ခရီးသွားဖို့နဲ့ လူထောင်ပေါင်းများစွာနဲ့  စကားပြောဖို့ အထူးအခွင့်အရေးရှိခဲ့တယ်။ဒီအချိန်တွေအားလုံးမှာ သူ/သူမတို့ရဲ့ အကြောက်တရားကို ရင်ဆိုင်ပြီး၊ လုပ်စရာရှိတာလုပ်ပြီးနောက်မှာ နောင်တရသွားတယ်ဆိုတဲ့သူ တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။တစ်ယောက်မှကို မရှိတာပါ။ဒါပေမဲ့ သူတို့ရဲ့ အကြောက်တရားကနေ ထွက်ပြေးကျောခိုင်းမိလို့ သူတို့ရဲ့စိတ်ကူးအိပ်မက်တွေကို သေဆုံးစေခဲ့တဲ့အတွက် နောင်တရတယ်လို့ ပြောတဲ့သူတွေကိုတော့ အများကြီးတွေ့ခဲ့ရပါတယ်။

ကျွန်တော့် မိတ်ဆွေ ဘတ်ဟက်ဂျက်က “သူ့အိပ်မက်ကိုလုယူခွင့်ပေးခဲ့တဲ့ လူတွေထဲမှာ ကိုယ်မပါစေနဲ့” လို့ မကြာခဏပြောလေ့ရှိတယ်။အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်ဆန့်ထုတ်ပါ။သင့်အကြောက်တရားကို ထိပ်တိုက်ရင်ဆိုင်ပြီး သင့်ဇိမ်နယ်ဇုန်ကို တိုးချဲ့ပါ။သတ္တိကြွက်သားတွေက အခြားကြွက်သားတွေလိုပဲ လေ့ကျင့်ခန်းလုပ်ပြီး ကြီးထွားအောင်လုပ်လို့ရပါတယ်။နောက်တော့ သင့်ဇိမ်ဇုန်နယ်ကနေ အပြင်ထွက်ပြီး လှုပ်ရှားမှု အကြိမ်နည်းနည်း လုပ်ကြည့်လိုက်ရင် ဘာဖြစ်လာမလဲဆိုတာ သင်သိလာလိမ့်မယ်။အဲဒီလှုပ်ရှားမှုလေးတွေကလည်း သင့်ဇိမ်ဇုန်နယ်ရဲ့ အစိတ်အပိုင်းဖြစ်လာတာ တွေ့လာရလိမ့်မယ်။ သင့်ဇိမ်ဇုန်နယ်ကို လိုလိုလားလား တိုးချဲ့လာတဲ့အခါ တခြားဘောနပ်စ် အပိုဆုကြေးတွေလည်း ရလာလိမ့်မယ်။ကြောက်စိတ်ကို တွန်းထုတ်ပြီးတော့ သင့်ဘဝရဲ့ အချို့နေရာတွေမှာ လှုပ်ရှားမှု လုပ်ဆောင်လိုက်တဲ့အခါ အခြားနေရာတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးတက်လာတာကိုလည်း တွေ့ရလိမ့်မယ်။အဲဒါအမှန်ပဲ။ကျွန်တော် ဟောပြောသူတစ်ယောက်အနေနဲ့ သက်သောင့်သက်သာ အသားကျလာတဲ့အခါ၊ ကျွန်တော်ဟာ အရောင်းသမားကောင်းတစ်ယောက်၊ စီးပွားရေးသမားကောင်းတစ်ယောက်၊ နားထောင်သူကောင်းတစ်ယောက် စသဖြင့် စသဖြင့် ဖြစ်လာခဲ့တယ်။

သင့်စိတ်ကြိုက် လှည့်ပတ် ကကြိုးချိုးလို့ ရလာမယ်၊ ဒါပေမဲ့ သင့်အနေနဲ့ မသက်မသာ ဇိမ်မကျပဲ နေချင်မှ သင့်အစွမ်းအစတွေက အစွမ်းကုန်တိုးတက်လာမှာဖြစ်တယ်။ကိုယ့်ကိုယ်ကိုယ် အခက်အခဲကြားနဲ့ စိန်ခေါ်မှုတွေကြားဆီ မပို့ချင်သူတွေကို ဘဝက ဆုချီးမြှင့်ဖို့ အစီအစဉ်ရှိပုံမရဘူး။သင့်ကိုယ်သင် အောင်မြင်မှုရနိုင်မယ့် အနေအထားကို တွန်းပို့ဖို့ အရေးကြီးတယ်။ဆိုလိုတာက အကြောက်တရားကို ဘေးချိတ်ပြီး လှုပ်ရှားပစ်လိုက်ရမယ်လို့ ဆိုလိုတာပါ။

သင့်အကြောက်တရားကို ထိပ်တိုက်ရင်ဆိုင်ပါ။ဒါဆို သင်ဟာ သင့်ရှေ့အလားအလာကို ထူထောင်ပြီးဖြစ်သလို စိတ်လှုပ်ရှားမှုစရာကောင်းတဲ့၊ ပြည့်စုံတဲ့၊ သင်နဲ့ထိုက်တန်တဲ့၊ ဘဝကိုရောက်မယ့် လမ်းပေါ်ကို ခြေချမိပါပြီ။ဒါဟာ သင်ဘယ်တော့မှ နောင်တရမှာ မဟုတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။

Opinion Leaders ရဲ့ စာရှုသူ ချစ်မိတ်ဆွေများခင်ဗျား …. ဂျက်ဖ်ကီလာရဲ့ တိုက်တွန်းလမ်းပြချက်လေးတွေက သဘောကျစရာ မကောင်းပါလားဗျာ။သူအကြံပေးသလိုပဲ ကိုယ့်ဘဝရှေ့ရေး တိုးတက်ဖို့အတွက် ကြုံလာမယ့် စိန်ခေါ်မှုတွေ အကြောက်တရားတွေကို ဇိမ်နယ်ဇုန်ကနေ အပြင်ထွက်ရင်ဆိုင်ပြီး ကိုယ့် ဇိမ်နယ်ဇုန်အသစ်တွေ တိုးချဲ့လိုက်ကြရအောင်လား။

သက်ထွန်း (သျှမ်း)