【 ဆောင်းပါး 】 “ခေါင်းဆောင်ကောင်းတို့၏ ဂုဏ်အင်္ဂါများ (၁)”

【 ဆောင်းပါး 】 “ခေါင်းဆောင်ကောင်းတို့၏ ဂုဏ်အင်္ဂါများ (၁)”

          ခေါင်းဆောင်မှုသည် ရာထူးမဟုတ်။
          အထူးအခွင့်အရေးတစ်ရပ်လည်း မဟုတ်။
          တာဝန်ရှိခြင်း တစ်ရပ်သာဖြစ်သည်။
                    (Peter Drucker)

ခေါင်းဆောင်လို့ပြောရင် အများစုက နိုင်ငံခေါင်းဆောင်တွေ၊ သမ္မတတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို တွေးမြင်တတ်ကြပါတယ်။ ကုမ္ပဏီလောကမှာဆိုရင်လည်း ကုမ္ပဏီပိုင်ရှင်သူဌေး၊ ကုမ္ပဏီဥက္ကဋ္ဌ၊ ဒါရိုက်တာတွေ၊ အမှုဆောင်အရာရှိချုပ် (CEO) ဆိုသူတွေကို ပြေးမြင်တတ်ကြပါတယ်။တကယ်တော့ အသင်းအဖွဲ့တိုင်းမှာ၊ အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်ဆိုတာရှိပါတယ်။

မိသားစုတစ်စုမှာဆိုရင် ယေဘုယျအားဖြင့် ဖခင်ဟာ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ မှတ်မိကြဦးမှာပါ။ငယ်ငယ်က အတန်းထဲမှာတောင် အတန်းခေါင်းဆောင်ဆိုတာရှိပါတယ်။ဘောလုံးအသင်းတစ်သင်းမှာလည်း အသင်းခေါင်းဆောင်ဆိုတာရှိပါတယ်။ခေါင်းဆောင်မှုဆိုတာ သီးခြားရာထူးတစ်ခု မဟုတ်သလို၊ လူတစ်ဦးရဲ့ အသက်အရွယ်နဲ့လည်း မပတ်သက်ပါ။တစ်စုံတစ်ယောက်ဟာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့လို့ အသင်းတစ်သင်းကို၊ အဖွဲ့အစည်းတစ်ရပ်ကို ဦးဆောင်ဖို့ ခေါင်းဆောင်ဖို့ အရည်အချင်းတွေရှိနေပြီလို့လည်း သတ်မှတ်၍မရပါ။

ခေါင်းဆောင်ဆိုတာ ရှေးဘုရင်ခေတ်များကလို "သတ်စေ၊ သေစေ" စေတစ်လုံးပိုင်ရှင်များလည်း မဟုတ်ပါ။စီမံခန့်ခွဲမှုပညာရှင် Peter Drucker ဆိုခဲ့သလို ခေါင်းဆောင်မှုဆိုတာ သီးခြားရာထူးတစ်ခု မဟုတ်သလို၊ အထူးအခွင့်အရေးတစ်ရပ်လည်း မဟုတ်ပါ။တာဝန်ရှိခြင်းတစ်ရပ်သာဖြစ်ပါတယ်။

ခေါင်းဆောင်ဆိုတာ ဒီနေ့ဒီခေတ်ကာလမှာ သီးခြားရပ်တည်မနေတော့ပါ။ဒီနေ့ခေတ်မှာ  Leaders are partners ဆိုပြီး ကောင်းတူဆိုးဖက် စီးပွားဖက်၊ မိတ်ဖက်များအဖြစ်  မြင်တတ်လာကြပြီဖြစ်ပါတယ်။ဒါပေမဲ့ ခေါင်းဆောင်ကောင်းဖြစ်လိုသူတွေအတွက်ကတော့ ဘယ်အရာတွေ ဘယ်အချက်တွေက ခေါင်းဆောင်ကောင်း ဖြစ်စေပါသလဲ။ခေါင်းဆောင်တစ်ယောက်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ခေါင်းဆောင်တစ်ယောက်ရဲ့ ဂုဏ်အင်္ဂါတွေက ဘာတွေလဲ။ဒါတွေဟာ သိပ်ကိုအရေးကြီးပါတယ်။စိတ်ဝင်စားစရာလည်း အလွန်ကောင်းပါတယ်။

နိုင်ငံရေးလောကမှာ ထိပ်တန်းရာထူးရလာလို့၊ အဖွဲ့အစည်းတစ်ခုမှာ အကြီးအကဲရာထူးရလာလို့၊ ကုမ္ပဏီလောကမှာဆိုရင် မန်နေဂျာအဖြစ် ရာထူးတိုးလို့၊ အထွေထွေမန်နေဂျာဖြစ်လာလို့၊ ဒါရိုက်တာဖြစ်လာလို့၊ CEO ဖြစ်လာလို့ဆိုပြီး၊ သင့်ကို ခေါင်းဆောင်တစ်ဦးအဖြစ် အလိုလျောက်ပြောင်းလဲပေးမှာ မဟုတ်ပါ။တကယ်တော့ လူတိုင်းခေါင်းဆောင်မဖြစ်နိုင်ပေမယ့် ခေါင်းဆောင်မှုစွမ်းရည်ဆိုတာ ရာထူးကြီးခြင်း၊ ငယ်ခြင်း (သို့မဟုတ်) အသက်ကြီးခြင်း၊ ငယ်ခြင်း မခွဲခြားဘဲ ဘယ်သူမဆို သင်ယူနိုင်တဲ့အရာပါ။ဒါဆို ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ဘာတွေလုပ်ရမှာလဲ။ခေါင်းဆောင်မှု စွမ်းရည်ဆိုတာ ဘာတွေလဲ။ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ခေါင်းဆောင်တစ်ယောက်ရဲ့ ဂုဏ်အင်္ဂါတွေက ဘာတွေလဲ။

          ကုမ္ပဏီအောင်မြင်မှုအတွက် သော့ချက်

ကုမ္ပဏီလောကမှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အလုပ်ဟာ စီးပွားရေးလုပ်ငန်းရဲ့ ဆောင်ရွက်ချက်တွေကို အာမခံပေးနိုင်ဖို့ဖြစ်ပါတယ်။ခေါင်းဆောင်မှုအခန်းကဏ္ဍကို ကိုင်စွဲထားသူတိုင်းမှာတော့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာစေမည့် အရည်အသွေးများ မရှိနိုင်ပေ။ဒီအရည်အချင်းများဟာ ကုမ္ပဏီအောင်မြင်မှုအတွက် သော့ချက်ဖြစ်နိုင်ပါတယ်။မကြာခဏဆိုသလို ခေါင်းဆောင်ကောင်းများဟာ ကတုတ်ကျင်းများမှာဆင်းပြီး အနီးနားရှိလူများရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ပေးကာ ၎င်းတို့၏အဖွဲ့နှင့်အတူ လက်တွဲလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

၂၀၀၈ ကမ္ဘာ့စီးပွားပျက်ကပ် (Recession) ရိုက်ခတ်မှုအပြီးမှာ ခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ ခေါင်းဆောင်မှုအပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ကမ္ဘာ့စီးပွားပျက်ကပ်က သာမန်ခေါင်းဆောင်တွေနဲ့ ထူးချွန်ထက်မြက်တဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင်တွေကို ခွဲခြားပေးခဲ့ပါတယ်။ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တွေရှိတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေမှာ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့လို့ အထိမနာခဲ့ပေမယ့် သာမန်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ နိုင်ငံတွေ ကုမ္ပဏီတွေကတော့ အတော်ကို သွက်သွက်ခါခဲ့ကြပါတယ်။ ၂၁ ရာစုမှာ သာမန်အရည်အချင်းနဲ့ ခေါင်းဆောင်မဖြစ်နိုင်တော့ပါ။

          ခေါင်းဆောင်မှုကောင်းခြင်းဆိုသည်မှာ

Daniel Goleman အဆိုအရ ခေါင်းဆောင်တစ်ယောက်ရဲ့ တစ်ခုတည်းသော အလုပ်ဟာ ရလဒ်ကောင်းများရရှိဖို့ဖြစ်ပါတယ်။ခေါင်းဆောင်မှုကောင်းခြင်းဆိုသည်မှာ တိကျသောအရည်အချင်းများကို ဆည်းပူးခြင်းနဲ့ ရိုသေခြင်းပင်ဖြစ်ပါတယ်။ခေါင်းဆောင်မှုစွမ်းရည် ပြည့်ဝသူတစ်ဦးအဖို့ မည်သည့်ပတ်ဝန်းကျင်မှာမဆို အသင်းအဖွဲ့အတွက် စံနမူနာပြဖြစ်စေမှာဖြစ်ပါတယ်။ကြီးမြတ်သော ခေါင်းဆောင်မှုအရည်အသွေးများနဲ့အတူ အောင်မြင်သောခေါင်းဆောင်များဟာ အိမ်မှာ၊ ကျောင်းမှာ၊ လုပ်ငန်းခွင်မှာ၊ စီးပွားရေးလောကမှာ (သို့မဟုတ်) နိုင်ငံရေးလောကမှာ ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ ရောက်လာကြမှာဖြစ်ပါတယ်။ခေါင်းဆောင်ဆိုတာ အများရဲ့အာရုံကို သိမ်းသွင်းနိုင်သူများ၊ အများကို စိတ်ဓာတ်လှုပ်ရှားစေနိုင်သူများ၊ ပြောင်းလဲပေးနိုင်သူများ၊ မဖြစ်နိုင်ဟု ထင်ရသော ရည်ရွယ်ချက် ရည်မှန်းချက်များကို အောင်မြင်ပေါက်မြောက်အောင် ဆောင်ရွက်နိုင်သူများ၊ အနာဂတ်အမြင်ရှိကြသူများဖြစ်ပါတယ်။ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေ ဂုဏ်အင်္ဂါတွေကို ယခုလေ့လာတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။

          အကောင်းမြင်စိတ်ထားခြင်း (Positive attitude)

တစ်စုံတစ်ယောက်ပြုလုပ်တဲ့ အရာရာတိုင်းဟာ သူ့ရဲ့သဘောထားအမြင်ကို တစ်နည်းနည်းနဲ့ ထင်ဟပ်စေပါတယ်။အကျိုးသက်ရောက်စေပါတယ်။ကြီးမြတ်သော ခေါင်းဆောင်များဟာ ၎င်းတို့ကိုယ်တိုင် အပြုသဘောဆောင်သော သဘောထားမပြပါက မိမိနောက်လိုက်တွေ ပျော်ရွှင်မှာမဟုတ်ကြောင်း၊ စိတ်အားထက်သန်မှုရှိမှာ မဟုတ်ကြောင်းကို ကောင်းစွာနားလည်ကြပါတယ်။လုပ်ငန်းခွင်မှာ စိတ်အေးလက်အေးနဲ့ လုပ်ဆောင်နိုင်ဖို့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးကြပါတယ်။တစ်ခုခုမှားသွားတဲ့အခါ အပြုသဘောဆောင်နေခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။
အဖွဲ့လိုက် ပျော်ရွှင်စရာအချိန်များ စီစဉ်ပေးခြင်းကဲ့သို့သော ရိုးရှင်းသောအရာ အချို့ပင်လျှင် ကမ္ဘာကို ခြားနားစေနိုင်ပါတယ်။ထပ်လောင်းအကျိုးခံစားခွင့်တစ်ခုမှာ အဖွဲ့သားများကို ပျော်ရွှင်စေပြီး သူတို့ကိုတန်ဖိုးထားပါက လိုအပ်တဲ့အခါမှာ ပိုကြိုးစားပြီး အချိန်ပိုလုပ်ရနိုင်ခြေရှိခြင်းဖြစ်ပါတယ်။အသင်းအဖွဲ့ စိတ်ဓာတ်နိမ့်ကျခြင်း (သို့မဟုတ်) အလုပ်မှာ အမှားကြီးကြီးမားမားလုပ်မိခြင်းကဲ့သို့သော အဆိုးဆုံး အခြေအနေများမှာပင် ခေါင်းဆောင်ကောင်းတစ်ဦးဟာ အပြုသဘောဆောင်ပြီး ပြဿနာများကို ဖြေရှင်းမှာဖြစ်ပါတယ်။အသင်းအဖွဲ့ကို စိတ်အားထက်သန်စေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်မှာဖြစ်ပါတယ်။ခေါင်းဆောင်ကောင်းတွေဟာ အကောင်းဆုံးတွေးပြီး ကောင်းတာတွေ ပြောနိုင်ကြပါတယ်။ "အရာရာအကောင်းဆုံးဖြစ်နေပါစေ" ဆိုတာ ခေါင်းဆောင်ကောင်းတွေ သုံးလေ့ရှိတဲ့ စကားဖြစ်ပါတယ်။

ဖြစ်ရပ်တစ်ခုကို ဥပမာအနေနဲ့တင်ပြရရင် Walt Disney ဟာ သူရဲ့အခက်အခဲများနဲ့ စိန်ခေါ်မှုများကို မျှဝေခံစားခဲ့ပြီး ကြီးကျယ်သောခေါင်းဆောင်ကဲ့သို့ပင် သူဟာ အပြုသဘောဆောင်ပြီး အခွင့်အလမ်းသစ်များကို ရှာဖွေနိုင်ခဲ့ပါတယ်။ ၁၉၂၈ ခုနှစ်မှာ Disney ဟာ သူရဲ့ရုပ်ရှင်ထုတ်လုပ်သူ Charles Mintz က Oswald စီးရီးအတွက် ၎င်း၏ပေးချေမှုများကို လျှော့ချလိုကြောင်း ပြောကြားတာကို ကြုံခဲ့ရပါတယ်။ Disney ကသာ သူ့စည်းကမ်းတွေကို လက်မခံရင် အဆက်အသွယ်ဖြတ်မယ်လို့ Mintz က ခြိမ်းခြောက်ခဲ့ပါတယ်။ Disney ဘာလုပ်မှာလဲ။ Disney က လမ်းခွဲဖို့ ရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့ Oswaldကို စွန့်ခွာပြီး Disney က အထင်ကရ Mickey Mouse အသစ် တစ်ခုကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒီမှာ သင်ခန်းစာယူရမယ့် အတုယူရမယ့် အဓိကသော့ချက်မှာ ကြီးမားသော စိန်ခေါ်မှုများကို အသေးအမွှားများအဖြစ် ခွဲခြမ်းပြီး၊ ၎င်းတို့ကို တစ်ခုပြီး တစ်ခု ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေဖို့ဖြစ်ပါတယ်။

          ယုံကြည်မှုရှိခြင်း (Confidence)

One minute manager စာအုပ်နဲ့ နာမည်ကျော်တဲ့ Ken Blanchard ကလည်း အခုလိုပြောဖူးပါတယ်။ "ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်တယ်လို့ ခံစားရသူတွေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကြသူတွေသည် ကောင်းသောရလဒ်များကို ဆောင်ကြဉ်းပေးနိုင်ကြသည်။ "ခေါင်းဆောင်ကောင်းတစ်ဦးဟာ ဆုံးဖြတ်ချက်များချဖို့ ယုံကြည်မှုရှိရန် လိုအပ်ပြီး ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်တစ်ခုကို ချမှတ်နိုင်ရမှာဖြစ်ပါတယ်။ ကြီးမြတ်တဲ့ခေါင်းဆောင်အားလုံး ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ အောင်မြင်မယ်လို့ အပြည့်အဝယုံကြည်မှုရှိကြပါတယ်။ဒီနေရာမှာ မိမိကိုယ်ကိုယ် ယုံကြည်ကျေနပ်မှုနဲ့ မောက်မာမှုကို မရောထွေးဖို့ ကွဲပြားဖို့ လိုပါတယ်။လူတွေက သင့်ကိုလှုံ့ဆော်မှုပေးဖို့ မျှော်ကြည့်စေချင်တယ်။ယုံကြည်မှုဟာ သင့်မှာရှိရမယ့် အရေးကြီးဆုံးခေါင်းဆောင်မှု အရည်အသွေးများထဲမှ တစ်ခုဖြစ်ပါတယ်။အထူးသဖြင့် ခေါင်းဆောင်တစ်ဦးအနေနဲ့ သင့်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုများကို ယုံကြည်မှုရှိရှိ ရာနှုန်းပြည့်မှန်အောင် မလုပ်ဆောင်နိုင်ပါက သင့်ကိုစောင့်ကြည့်နေကြမှာဖြစ်ပါတယ်။သင်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ရှိနေရင် သင့်နောက်လိုက် သင့်အဖွဲ့သားတွေလည်း တည်တည်ငြိမ်ငြိမ် ဖြစ်နိုင်ချေ ပိုများပါတယ်။သင်ဟာ ယုံကြည်မှုရှိရှိ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင်လေ သင့်နောက်လိုက် သင့်အဖွဲ့သားတွေလည်း ပိုမိုစိတ်ဓာတ်မြင့်မားလာကြမှာဖြစ်ပါတယ်။ပြဿနာကို ပိုမိုလျင်မြန်စွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ကုန်ထုတ်စွမ်းအား မြင့်မားလာမှာဖြစ်ပါတယ်။အလုပ်တွေ ပိုမိုဖြစ်မြောက်အောင်မြင်လာမှာဖြစ်ပါတယ်။

Brian Tracy ကလည်း အခုလိုပြောဖူးပါတယ်။ "ထူးခြားတဲ့ခေါင်းဆောင်တွေမှာ မစ်ရှင် (Mission) နဲ့ပတ်သက်တဲ့ သဘောတွေကို နှံ့စပ်နိုင်စွမ်းတွေ ရှိနေပါတယ်။ဒီလိုထက်မြက်တဲ့ ခေါင်းဆောင်တွေဟာ သူတို့ကိုသူတို့ ယုံကြည်မှုရှိကြပြီး သူတို့အလုပ်ကို အလွန်တန်ဖိုးထားတတ်ကြပါတယ်။"

          မိမိကိုယ်ကို သတိမူမိခြင်း (Self-Awareness)

မိမိကိုယ်ကို သတိမူမိခြင်းသည် အတွင်းပိုင်းအာရုံစူးစိုက်မှုပိုရှိသော စရိုက်တစ်ခုဖြစ်သော်လည်း၊ ကိုယ့်ကိုယ်ကိုယ်အသိတရားနဲ့ နှိမ့်ချမှုသည် ခေါင်းဆောင်မှုအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ကိုယ့်ကိုကိုယ် ပိုနားလည်ပြီး ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေကို အသိအမှတ်ပြုလေလေ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပိုထိရောက်လေပါပဲ။မိမိကိုယ်မိမိ သိရှိနားလည်မှု အစိတ်အပိုင်းတစ်ခုစီကို မည်သို့အားကောင်းစေရမည်ကို အချိန်ယူလေ့လာဖို့ လိုအပ်ပါတယ်။လေးစားကြည်ညိုခံရတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ စိတ်ခံစားမှုဆိုင်ရာ အရည်အသွေး Emotional Quotient (EQ) မြင့်မားဖို့ လိုအပ်ပါတယ်။

          အစိတ်အပိုင်း ၅ ရပ် ပါဝင်

စိတ်ခံစားမှုဆိုင်ရာအသိဉာဏ် (Emotional Intelligence)မှာ အစိတ်အပိုင်း ၅ ရပ် ပါဝင်ပါတယ်။အဲဒါတွေကတော့ …
•    စိတ်ခံစားမှုများကို အသိအမှတ်ပြုခြင်း (Recognizing emotions)
•    စိတ်ခံစားချက်များကို ထိန်းညှိခြင်း (Regulating emotions)
•    စိတ်ခံစားချက်များကို အသုံးပြုခြင်း (Using emotions)
•    စာနာခြင်း (Empathizing) နဲ့
•    ပြုစုပျိုးထောင်ခြင်း (Nurtuting) တို့ ဖြစ်ပါတယ်။

လေးစားကြည်ညိုခံရတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့၊ ကိုယ့်ရဲ့စိတ်ခံစားမှု၊ သူတစ်ပါးရဲ့ စိတ်ခံစားမှုတွေကို သတိပြုမိဖို့၊ စိတ်ဆင်ရိုင်းကို ချွန်းနဲ့အုပ်တတ်ဖို့၊ လူပီသဖို့၊ လူသားချင်းစာနာတတ်ဖို့၊ သနားဂရုဏာရှေ့ရှုတတ်ဖို့၊ နှလုံးသားလှဖို့ လိုအပ်ပါတယ်။ EQ မြင့်မားဖို့ လိုအပ်ပါတယ်။ Intellectual Quotient (IQ) ဉာဏ်ရည်နိမ့်တဲ့သူတွေ၊ စိတ်ခံစားမှုဆိုင်ရာအရည်အသွေး Emotional Quotient (EQ) နိမ့်ပါးတဲ့သူတွေဟာ စိုင်ကော်လို့ ခြုံပေါ်ရောက်နိုင်သော်ငြား လေးစားကြည်ညိုခံရတဲ့ ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိမလာနိုင်ပါ။

အထူးသဖြင့် ခေါင်းဆောင်တစ်ဦးအဖို့ အခြားသူများကို နားလည်နိုင်စွမ်းရှိဖို့နဲ့ အပြန်အလှန်ဆက်ဆံဆောင်ရွက်ကြရာမှာ အောင်အောင်မြင်မြင်ဖြစ်ဖို့ EQ မြင့်မားမှသာ အဆင်ပြေချောမွေ့နိုင်မှာဖြစ်ပါတယ်။

          (ဆက်လက်‌ဖော်ပြပါမည်။)

မှူးခန့်စံ