【 ဆောင်းပါး 】 “ခေါင်းဆောင်ရန် ပြင်ဆင်ခြင်း”

ခေါင်းဆောင်မှုဟာ လူ့သမိုင်းအစကတည်းက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ယနေ့ခေတ်လို တည်ငြိမ်မှုအားနည်းတဲ့၊ မသေချာမရေရာမှုတွေများတဲ့၊ ရှုပ်ထွေးမှုတွေများတဲ့၊ ဒွိဟဖြစ်စရာတွေများတဲ့ VUCA ခေတ်မှာ ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍဟာ ပိုမိုအရေးပါ ထင်ရှားလာပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတစ်ခုအဆိုအရ စီးပွားရေးလုပ်ငန်းများရဲ့ ၈၆ % က ယနေ့ရင်ဆိုင်နေရတဲ့ ပြဿနာများအနက် နံပါတ် (၁) ပြဿနာမှာ ခေါင်းဆောင်မှုပြဿနာလို့ ဆိုကြပါတယ်။  

          စီမံခန့်ခွဲမှု ခေါင်းဆောင်မှု

တာဝန်အပ်နှင်းခံထားရတဲ့ မန်နေဂျာများဟာ မန်နေဂျာတစ်ဦးအနေနဲ့ လုပ်ငန်းအဖွဲ့အစည်းရဲ့ အလုပ်တွေကို မှန်ကန်ဖို့ တည့်မတ်ဖို့အတွက် လုပ်ဆောင်ရသလို (Managers do things right.) တစ်ချိန်တည်းမှာပဲ ခေါင်းဆောင်တစ်ဦးအနေနဲ့ အဖွဲ့အစည်းအတွက် မှန်ကန်တဲ့အလုပ်တွေကို လုပ်ဆောင်ရပါတယ်။ခေါင်းဆောင်မှုမှာ အသွင်အပြင်လက္ခဏာများစွာရှိပြီး၊ ခေါင်းဆောင်မှုမှာ ရိုးရှင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိပါ။

         ခေါင်းဆောင်မှုဆိုတာ

ခေါင်းဆောင်မှုဆိုတာ လွှမ်းမိုးနိုင်စွမ်းရှိမှု (Influence) လို့ One Minute Manager စာအုပ်နဲ့ နာမည်ကြီးတဲ့ အမေရိကန်စာရေးဆရာ၊ စီးပွားရေးလုပ်ငန်းအကြံပေး၊ စိတ်ဓါတ်မြှင့်တင်ရေးဟောပြောသူ Ken Blancard က အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ခေါင်းဆောင်မှုအဓိပ္ပါယ်ဖွင့်ဆိုမှုတစ်ရပ်အရဆိုရပါလျှင် “ခေါင်းဆောင်မှုဆိုတာသည် ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ရပ်မှာ လေ့လာသင်ယူခဲ့ရမှုများနှင့် အတွေ့အကြုံများအပေါ်အခြေခံပြီး မြန်မြန်ဆန်ဆန် တိတိကျကျသုံးသပ်နိုင်တဲ့၊ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အရည်အချင်းများ စွမ်းဆောင်မှုများ” ဖြစ်ပါတယ်။ခေါင်းဆောင်မှုဆိုတာသည် စိန်ခေါ်မှုများကို ကျော်လွှားဖို့၊ စဉ်ဆက်မပြတ် အပြောင်းအလဲကိုလက်ခံဖို့၊ ပန်းတိုင်ရောက်ရှိအောင်မြင်ဖို့၊ အခြားသူများကို လှုံ့ဆော်ပေးဖို့နဲ့၊ ခိုင်မာပြီး ထိရောက်တဲ့ အသင်းအဖွဲ့များကို တည်ဆောက်နိုင်တဲ့ အရည်အချင်းများ စွမ်းဆောင်မှုများဖြစ်ပါတယ်။ခေါင်းဆောင်မှုအတွက် ဦးဆောင်လိုစိတ် ခေါင်းဆောင်လိုစိတ်ဟာ မရှိမဖြစ်လိုအပ်ပြီး၊ ဦးဆောင်ဖို့ လိုအပ်တဲ့ အဓိကအရည်အချင်းများကို သင်ယူဖြည့်ဆည်းလို့ရတဲ့ အရည်အချင်းများအဖြစ် လက်ခံခဲ့ကြပါတယ်။

         မျှော်လင့်ထားမှုများ

မန်နေဂျာတစ်ဦးအနေနဲ့ ခေါင်းဆောင်မှုတာဝန်တွေကို ထမ်းဆောင်ရတဲ့အခါမှာ (ဒါမှမဟုတ်) တကယ်တမ်းခေါင်းဆောင်တစ်ဦး ဖြစ်လာတဲ့အခါမှာ အရေးတကြီး နားလည်ပြင်ဆင်ထားရမယ့်အချက်တွေ များစွာရှိပါတယ်။အဲဒီထဲမှာမှ အရေးအကြီးဆုံးနဲ့ ပထမဆုံး နားလည်ပြင်ဆင်ထားရမယ့်အချက်က Expectations ဆိုတဲ့ မျှော်လင့်ထားမှုများဖြစ်ပါတယ်။အလုပ်ရှင် (ဒါမှမဟုတ်) အထက်အရာရှိက  လမ်းညွှန်မှုများပေးမှာဖြစ်သော်လည်း ပြည့်ပြည့်စုံစုံရရှိမည်ဟု ယူဆ၍မရပါ။လုံလောက်မည် မဟုတ်ပါ။အခြေခံအကျဆုံး အချက်များစွာကို ကိုယ်တိုင်နားလည်ထားရမှာ ကိုယ်တိုင်ပြင်ဆင်လေ့လာ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။

အလုပ်ရှင် (ဒါမှမဟုတ်) အထက်အရာရှိက အစစအရာရာ နေရာတကာ အသေးစိတ် ခရေစေ့တွင်းကျ ပြောပြနေမည်မဟုတ်ပါ။ပြောပြရိုးထုံးစံလည်းမရှိပါ။အချိန်လည်း မရနိုင်ပါ။မန်နေဂျာခေါင်းဆောင်အနေနဲ့ မိမိအလုပ်ရှင်က မိမိနဲ့မိမိအဖွဲ့ထံမှ “ဘာတွေကိုမျှော်လင့်ထားတယ်။ဘယ်လိုမျှော်လင့်ထားတယ်။ဘယ်လောက်မျှော်လင့်ထားတယ်” ဆိုတာတွေကို မိမိက သေသေချာချာ မေးမြန်းဆွေးနွေးထားရမှာ ဂဃနဏ နားလည်ထားရမှာဖြစ်ပါတယ်။

“အရင်က ဒီလိုပဲလုပ်ခဲ့လို့” “ဒီလိုပဲနားလည်လိုက်လို့” “ဒီလိုပဲထင်လိုက်မိလို့” ဆို၍ မရပါ။သေသေချာချာ မေးမြန်းထားဖို့ အကြေအလည်ဆွေးနွေးထားဖို့ သဘောတူညီမှုရယူထားဖို့ လိုအပ်ပါတယ်။မိမိအလုပ်ရှင်က မိမိနဲ့မိမိအဖွဲ့ထံမှ “ဘာတွေကို မျှော်လင့်ထားတယ်။ဘယ်လိုမျှော်လင့်ထားတယ်။ဘယ်လောက်မျှော်လင့်ထားတယ်” ဆိုတဲ့ မျှော်လင့်ထားမှုများ (Expectations)ကို လျင်လျင်မြန်မြန် နားလည်ဖို့လည်း လိုအပ်ပါတယ်။   

         မျှော်လင့်ထားမှုများ

Expectations ဆိုတဲ့ မျှော်လင့်ထားမှုများနဲ့ စပ်လျဥ်းလို့ ထည့်သွင်းစဥ်းစားလုပ်ဆောင်ရမယ့် အချက်နှစ်ချက်ရှိပါတယ်။ပထမတစ်ချက်က ဘက် (Side) ဖြစ်ပါတယ်။သူ့ဘက် ကိုယ့်ဘက်ဆိုတဲ့ ဘက် (Side) ဖြစ်ပါတယ်။မတူညီတဲ့ အခြားတစ်ဖက်ကနေ စဥ်းစားပေးဖို့ဖြစ်ပါတယ်။ဥပမာ ကိုယ်က မိဘဖြစ်နေရင် သားသမီးနေရာကနေ စဥ်းစားပေးတတ်ရပါမယ်။ကိုယ့်သားသမီးက ကိုယ့်အပေါ် ဘာတွေမျှော်လင့်ထားလဲ။
ကိုယ်ဘာတွေဖြည့်ဆည်းပေးရမလဲ။ကိုယ်က သားသမီးဖြစ်နေရင် မိဘနေရာကနေဝင်ပြီး စဥ်းစားပေးတတ်ရပါမယ်။ငါ့မိဘက ငါ့အပေါ် ဘာတွေမျှော်လင့်ထားလဲ။ငါ့ကို ဘယ်လိုသားသမီးမျိုးဖြစ်စေချင်တာလဲ။ဘာတွေဖြစ်လာစေချင်တာလဲ။ဘယ်လိုဖြစ်လာစေချင်တာလဲ … စသဖြင့် မိဘရဲ့မျှော်လင့်ထားမှုတွေကို သိအောင်လုပ်ထားပြီး ဖြစ်စေချင်တာနဲ့ ဖြစ်ပေးနိုင်တာများကို ညှိနှိုင်းဆောင်ရွက်ရမှာ  ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

လုပ်ငန်းအဖွဲ့အစည်းများမှာလည်း ထို့အတူပါပဲ။လုပ်ငန်းအဖွဲ့အစည်းဘက်က မန်နေဂျာများဝန်ထမ်းများအပေါ် မျှော်လင့်ထားမှုများကို မန်နေဂျာများဝန်ထမ်းများက သိအောင်လုပ်ထားရမှာဖြစ်သလို     လုပ်ငန်းအဖွဲ့အစည်းအနေနဲ့လည်း မန်နေဂျာများဝန်ထမ်းများရဲ့ မျှော်လင့်ထားမှုများကို သိရမှာဖြစ်ပါတယ်။ညှိနှိုင်းဆောင်ရွက်ရမှာ ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

မျှော်လင့်ထားမှုများနဲ့ စပ်လျဥ်းလို့ ထည့်သွင်းစဥ်းစားလုပ်ဆောင်ရမယ့် ဒုတိယတစ်ချက်က မျှော်လင့်ထားမှု အတိုင်းအတာဒီဂရီ (Degree) ဖြစ်ပါတယ်။များများမျှော်လင့်ထားခံရသူများဟာ ပိုမိုကြိုးပမ်းအားထုတ်ကြရပါတယ်။တော်ရုံသင့်ရုံကြိုးစားမှုနဲ့ လုံလောက်မှာမဟုတ်ပါ။စွမ်းဆောင်ရည်မြင့်မားဖို့ လိုအပ်ပါတယ်။ရလဒ်ကောင်းဖို့ ရလဒ်မြင့်မားဖို့ လိုအပ်ပါတယ်။မျှော်လင့်ထားမှုများ (Expectations)၊ စွမ်းဆောင်ရည်(Performance) နဲ့ စိတ်ကျေနပ်မှု (Satisafaction) တို့သည် တိုက်ရိုက်ဆက်စပ်နေရာ  မျှော်လင့်ထားမှု များများခံရသည့် မန်နေဂျာခေါင်းဆောင်သည် ပိုမိုအားသွန်ခွန်စိုက်ရန် ပိုမိုဝါယမထုတ်ရန် လိုအပ်ပြီး ရလဒ်ကောင်းများရရှိမှသာလျှင် လုပ်ငန်းအဖွဲ့အစည်း (သို့မဟုတ်) အလုပ်ရှင်ရဲ့ ကျေနပ်မှုကို ရရှိမှာဖြစ်ပါတယ်။ဒါကြောင့် မန်နေဂျာခေါင်းဆောင်အနေနဲ့ မိမိအလုပ်ရှင်က မိမိနဲ့မိမိအဖွဲ့ထံမှ “ဘာတွေကိုမျှော်လင့်ထားတယ်။ဘယ်လိုမျှော်လင့်ထားတယ်။ဘယ်လောက်မျှော်လင့်ထားတယ်” ဆိုတာတွေကို မိမိက သေသေချာချာ မေးမြန်းဆွေးနွေးထားရမှာ ဂဃနဏ နားလည်ထားရမှာဖြစ်ပါတယ်။အကြေအလည်ဆွေးနွေးထားဖို့ သဘောတူညီမှုရယူထားဖို့ လိုအပ်ပါတယ်။

         အရေးကြီးသောမေးခွန်းများ

မန်နေဂျာအနေနဲ့ ခေါင်းဆောင်မှုတာဝန်တွေကို ထမ်းဆောင်ရတဲ့အခါမှာ (ဒါမှမဟုတ်) တကယ်တမ်း ခေါင်းဆောင်တစ်ဦး ဖြစ်လာတဲ့အခါမှာ အခြေခံအကျဆုံး အချက်များစွာကို ကိုယ်တိုင်နားလည်ထားရမှာ ကိုယ်တိုင်ပြင်ဆင်လေ့လာ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။အခြေခံအကျဆုံး အချက်များစွာကို ကိုယ်တိုင်နားလည်ဖို့ ကိုယ်တိုင်ပြင်ဆင်လေ့လာရာမှာ မေးမြန်းပြင်ဆင်ရမယ့်  အရေးကြီးတဲ့ မေးခွန်းအချို့ကတော့ အောက်ဖော်ပြပါ မေးခွန်းများပဲဖြစ်ပါတယ်။

  သင့်အဖွဲ့အစည်း (သို့မဟုတ်) အဖွဲ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
  အဓိက သက်ဆိုင်သူတွေ (Key stakeholders)က ဘယ်သူတွေလဲ။
  ဖြစ်နိုင်ချေရှိတဲ့ ပြဿနာများ (Potential Problems) ရှိပါသလား။
  အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်များ (Processes)၊ ယဉ်ကျေးမှု (Culture)နဲ့ ဖွဲ့စည်းပုံများ (Structure of the organization) က ဘယ်လိုရှိလဲ။
  အတွင်းပိုင်းစနစ်များ (Internal System) ကို ဘယ်လို စစ်ဆေးသလဲ။
  သင်ရဲ့တွေ့ရှိချက်တွေက ပြည့်စုံပြီး မှန်ကန်ပါသလား။
  သင်တစ်ခုခုအတွက် အဆင်သင့်ဖြစ်ပြီလား။

        ဦးဆောင်ရန် ပြင်ဆင်

ပြောရရင် မန်နေဂျာအနေနဲ့ အလုပ်စဝင်တဲ့ ပထမဆုံးနေ့မတိုင်ခင်မှာတောင် ခေါင်းဆောင်မှု အခန်းကဏ္ဍအတွက် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။အခြေခံအကျဆုံးအချက်များကို ကိုယ်တိုင်ပြင်ဆင်လေ့လာဖို့နဲ့ သုတေသနအချို့ပြုလုပ်ဖို့ လိုအပ်ပါတယ်။အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များ (Organizational Plans) ကို လေ့လာဖို့နဲ့ အဲဒီအစီအစဉ်များမှာ မိမိရဲ့အခန်းကဏ္ဍကို အလုပ်ရှင်ကို သေသေချာချာ သဲသဲကွဲကွဲဖြစ်အောင် မေးမြန်းထားရမှာဖြစ်ပါတယ်။အဖွဲ့အတွက် ရည်မှန်းချက်များ ချမှတ်ဖို့နဲ့ မျှော်လင့်ရမယ့်အချိန်ကို မေးမြန်းထားရမှာဖြစ်ပါတယ်။မိမိနဲ့ မိမိအသင်းအဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကို ဘယ်လိုတိုင်းတာ သတ်မှတ်မလဲ။ Key Performance Indicators တွေက ဘာတွေလဲ။ Performance Appraisal ကို ဘယ်အချိန်မှာ သုံးသပ်ဆုံးဖြတ်မလဲ …. စတာတွေကို မေးမြန်းထားရမှာဖြစ်ပါတယ်။ဖြစ်နိုင်ပါက အရင်တာဝန်ယူခဲ့တဲ့ ခေါင်းဆောင်ကို တွေ့ဆုံမေးမြန်းပြီး အခန်းကဏ္ဍရဲ့ တောင်းဆိုချက်များနဲ့ အဖွဲ့ရဲ့တက်ကြွမှုကို ဆွေးနွေးထားဖို့ လိုအပ်ပါတယ်။အဖွဲ့ကိုလေ့လာဖို့ လိုအပ်ပါတယ်။စွမ်းဆောင်ရည် ကိန်းဂဏန်းများနဲ့ ဝန်ထမ်းဖိုင်များကို တောင်းဆိုဖို့ လိုအပ်ပါတယ်။အရင်က တာဝန်ယူခဲ့တဲ့ခေါင်းဆောင်နဲ့ သင့်လုပ်ဖော်ကိုင်ဖက်များကို ဘယ်အချက်အလက်ကို အများဆုံးအသုံးပြုမယ်ဆိုတာကို မေးမြန်းထားဖို့ လိုအပ်ပါတယ်။

        ဒေတာကို စီမံခန့်ခွဲ

အခန်းကဏ္ဍအသစ်ရဲ့ ပထမဆုံးရက်သတ္တပတ် အနည်းငယ်တစ်လျှောက်လုံး သင်ဟာ အချက်အလက်များနဲ့ ပလူပျံနေပါလိမ့်မယ်။ကံမကောင်းစွာပဲ၊ ဒီဒေတာတွေထဲက ဘယ်ဟာက မဟာဗျူဟာမြောက်အရေးပါသလဲ၊ ဘယ်ဟာက အသေးစိတ်သိဖို့ လိုအပ်သလဲဆိုတာ သင်သေချာပေါက်သိမှာ မဟုတ်သေးပါဘူး။ဒါကြောင့် အကြံပေးလိုတာက ....

•    စနစ်တကျရှိခြင်းဖြင့် စောစောစီးစီး အမှားများကို ရှောင်ရှားပါ။ (Head off early errors by being systematic)
•    အချက်အလက်ကို ရေးတင်ပြီး သင်ရရှိထားသမျှစာရင်းကို ပြုလုပ်ပါ။ (file the information and make a list of everything you have received.)
•    ဒီစာရင်းကို အပတ်စဉ်သုံးသပ်ပြီး အချက်အလက်တစ်ခုစီရဲ့ နှိုင်းရအနှစ်သာရကို ပိုမိုကျယ်ပြန့်သောအကြောင်းအရာမှာ ထည့်သွင်းရန်ကြိုးစားပါ။ထဲထဲဝင်ဝင် စိစစ်သုံးသပ်ပြီး အကျိုးရှိရှိ အသုံးချပါ။ (Review this list weekly and try to place the relative significance of each piece of information in a broader context.)

        လူတွေကို စီမံခန့်ခွဲ

အလုပ်စဝင်တဲ့ သင့်ကို အဖွဲ့အစည်းရှိ လူများစွာနဲ့လည်း မိတ်ဆက်ပေးပါလိမ့်မယ်။မှတ်စုစာအုပ်နဲ့ ခဲတံကို အမြဲဆောင်ထားဖို့ လိုအပ်ပါတယ်။အစည်းအဝေးတစ်ခု ပြီးတိုင်းပြီးတိုင်း၊ သင်တွေ့ဆုံဖူးသူရဲ့ အမည်၊ ရာထူးနဲ့ ထမ်းဆောင်ရတဲ့ တာဝန်များ၊ ထူးခြားချက်များ၊ အမှတ်ရစရာများကို မှတ်သားထားဖို့ လိုအပ်ပါတယ်။ဒါမှသာ နောက် သူတို့နဲ့တွေ့တဲ့အခါ သူတို့က ဘယ်သူတွေလဲ၊ အဖွဲ့အစည်းနဲ့ ဘယ်လိုအံဝင်ခွင်ကျဖြစ်မလဲဆိုတာ မှတ်မိပါလိမ့်မယ်။ ဒါ့အပြင် စကားဝိုင်းတွေမှာ သူတို့နဲ့ပြောဖို့ဆိုဖို့ ပြောစရာစကားတွေရှိလာမှာဖြစ်ပါတယ်။စကားဝိုင်းတွေမှာ ဖွယ်ဖွယ်ရာရာ စိုစိုပြည်ပြည် ရင်းရင်းနှီးနှီး ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

        လက်တွေ့ကျကျ

အဖွဲ့ရဲ့ခေါင်းဆောင်အသစ်အဖြစ် သင်ရောက်ရှိလာခြင်းဟာ ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲအတွက် မျှော်လင့်ချက်များကို မြှင့်တင်ပေးပါလိမ့်မယ်။သို့သော် လက်တွေ့ဘဝမှာ အချို့သော မျှော်လင့်ချက်များဟာ မျှော်မှန်းထားသလို ဖြစ်မလာတာ၊ မျှော်မှန်းသလောက် ဖြစ်မလာတာတွေလည်း ကြုံရနိုင်ပါတယ်။ မျှော်လင့်ထားတာနဲ့ လက်တွေ့ကွဲလွဲနိုင်ပါတယ်။ခေါင်းဆောင်မှုပုံစံများလည်း ကွဲလွဲနိုင်ပါတယ်။ဥပမာအားဖြင့် သင့်အဖွဲ့ရဲ့ ယခင်ခေါင်းဆောင်ဟာ အလုပ်ကို ဘယ်လိုဆောင်ရွက်သင့်ဆိုတာနဲ့ပတ်သက်လို့ အသေးစိတ်လမ်းညွှန်ချက် (detailed guidance on how work) ပေးနိုင်ပါတယ်။အကယ်၍ သင့်ခေါင်းဆောင်မှုပုံစံဟာ သင့်အဖွဲ့ကို သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များချဖို့ ခွန်အားဖြစ်စေဖို့အတွက် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ကာ Empowerment  ပိုမိုလုပ်ဆောင်ပါက၊ သူတို့သည် အစပိုင်းတွင် သင့်ကို ပံ့ပိုးမှုညံ့ဖျင်းသည်ဟု ခံစားရပြီး၊ ထပ်လောင်းတာဝန်ကိုပင် မကျေမနပ်ဖြစ်နိုင်ပါတယ်။ဒါမျိုးတွေဖြစ်တတ်တာကြောင့် ရာထူးသက်တမ်း အစောပိုင်းမှာ ကိုယ့်လူတွေရဲ့အခြေအနေကို ကိုယ်တိုင်လေ့လာဖို့လိုသလို၊ ကိုယ်နဲ့ပတ်သက်ပြီး ကိုယ့်အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သူတို့ဘယ်လိုထင်မြင်ယူဆသလဲဆိုတာကို မေးမြန်းဖို့ လိုအပ်ပါတယ်။

•    အောင်မြင်မှုဆိုတာ သင့်အတွက် ဘယ်လိုပုံစံလဲဆိုတာ အကြမ်းဖျင်းဖော်ပြပါ။
(Outline what success looks like to you.)
•     သူတို့ရဲ့အမြင်က သင်နဲ့ ကိုက်ညီသလား။
(Does their view match yours?)
•    အံဝင်ခွင်ကျဖြစ်ဖို့ အချိန်ဘယ်လောက် ယူရမယ်လို့ မျှော်မှန်းထားပါသလဲ။
(What expectations do they have of how long things will take?)
•    သင်ပေးဆောင်ရမယ့်အရာနဲ့ပတ်သက်ပြီး လက်တွေ့မကျသော ကတိများ ပေးခဲ့ပါသလား။
(Have they been made any unrealistic promises about what you will deliver?)
•    အဲဒီနောက် သူတို့ရဲ့ မျှော်လင့်ချက်များနဲ့ သင့်အဖြစ်မှန်ကြား ကွဲလွဲမှုများကို စတင်ဖြေရှင်းနိုင်ပြီဖြစ်ပါတယ်။
(You can then begin to address any discrepancies between their expectations and your reality.)

သုတေသနရလဒ်များရဲ့အဆိုအရ အကောင်းဆုံးသော လက်တွေ့စီမံခန့်ခွဲမှု အလေ့အထများကြောင့် စွမ်းဆောင်ရည် ၂၃ ရာခိုင်နှုန်းအထိ တိုးတက်ရရှိနိုင်တယ်လို့ သိရပါတယ်။ (23% increase in performance may result from best management practice.) ထက်မြက်တဲ့ ခေါင်းဆောင်မှုကတော့ လုပ်ငန်းအဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါ ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။     

        မှူးခန့်စံ