【 ဆောင်းပါး 】 “ချစ်ကဗျာလေးတွေ လွမ်းလိုက်ပါရဲ့”

【 ဆောင်းပါး 】 “ချစ်ကဗျာလေးတွေ လွမ်းလိုက်ပါရဲ့”

ကဗျာဆိုတာ ကျွန်တော့ရဲ့ငယ်ချစ်ပါ။ဒါပေမဲ့ ဘယ်စာပေမိတ်ဆွေ ဘယ်ကျူရှင်မိတ်ဆွေ ဘယ်သူငယ်ချင်း ဘယ်တပည့် ဘယ်ပရိသတ်တွေမှ ကျွန်တော်နဲ့ ကဗျာကို တွဲမမြင်ဖူးကြပါ။ကျွန်တော့်ကို ဝတ္ထုတိုတွေ ဆောင်းပါးတွေ ရုပ်ပြဇာတ်လမ်းတွေ ဗီဒီယိုဇာတ်ညွှန်းတွေ ကျူရှင်ကျောင်းတွေနဲ့သာ တွဲမြင်ဖူးကြတာပါ။ဒါပေမဲ့ ကျွန်တော်အချစ်ဆုံးကတော့ ကဗျာနဲ့ သီချင်းပါပဲ။ကျွန်တော်ဝါသနာအပါဆုံးကလည်း ကဗျာနဲ့ သီချင်းပါပဲ။

ကျွန်တော့်အနေနဲ့ကတော့ ကဗျာနဲ့ သီချင်းကို တစ်မျိုးတည်းအဖြစ် ခံစားနားလည်ထားပါတယ်။ကဗျာကို သံစဉ်လေးထည့်ပြီး ဆိုလိုက်ရင် သီချင်းတစ်ပုဒ်ဖြစ်သွားသလို သီချင်းတစ်ပုဒ်ကို သူ့အတိုင်းဖြစ်ဖြစ် ထောက်နေတဲ့ စကားလုံးလေးတွေဖြုတ်ပြီးဖြစ်ဖြစ် ရွတ်ဆိုလိုက်ရင် ကဗျာဖြစ်သွားတာပါပဲ။ကဗျာက ကာရန်အသံကို ဦးစားပေးတယ်။သီချင်းက သံစဉ်အနိမ့်အမြင့်ကို ဦးစားပေးတယ်။နှစ်ခုလုံးက အသံကို ဘောင်ကွပ်ပြီး စာသားထည့်ရတာချည်းပါပဲ။ချစ်သူတစ်ယောက်ရဲ့ အိပ်ရာဝင်အလှနဲ့ အိပ်ရာထအလှလိုပေါ့။အလှနှစ်ခုပေမယ့် ချစ်သူတစ်ယောက်တည်းပဲလေ။ကျွန်တော်အဓိကပြောချင်တာက ကဗျာကလည်း သီချင်းပါပဲ သီချင်းကလည်း ကဗျာပါပဲ။ဒီနေ့ခေတ်ပေါ်ကဗျာတွေနဲ့ ယှဉ်ကြည့်ရင် ကဗျာနဲ့ သီချင်း အတူတူဆိုတာ ပိုပြီးထင်ရှားပါတယ်။

ကျွန်တော့်အနေနဲ့ ကဗျာကို ငယ်စဉ်ထဲက ဝါသနာပါခဲ့တာပါ။ကဗျာဖတ်ရတာ သီချင်းဆိုရတာကို ကျွန်တော်ကြိုက်တယ်။လူငယ်အရွယ်ကနေ ယနေ့အထိ ကဗျာစပ်နေရရင် ကဗျာဖတ်နေရရင် သီချင်းဆိုနေရရင် သီချင်းနားထောင်နေရရင် ထမင်းအဆာခံနိုင်ပါတယ်။ အိပ်ရေးပျက်ခံနိုင်ပါတယ်။အသက်အရွယ်ရလာလို့ ဥပုသ်သီလစောင့်တဲ့အခါတွေမှာ ကျွန်တော့်မိသားစု ကျွန်တော့်အပေါင်းအသင်းအများစုက ဝိကာလဘောဇနာပုဒ်ဖြစ်တဲ့ နေ့လွဲညစာမစားရမှာကို ခက်ခက်ခဲခဲ ရင်ဆိုင်ရတတ်ကြပါတယ်။တချို့ဆိုရင် အဲဒီသိက္ခာပုဒ်တစ်ခုအတွက်နဲ့ ဥပုသ်မစောင့်ဖြစ်ကြသူတွေရှိပါတယ်။

ကျွန်တော်ကတော့ နစ္စ ဂီတ ဝါဒိတဆိုတဲ့ သိက္ခာပုဒ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ရပါတယ်။သီချင်းမဆိုဘဲ သီချင်းနားမထောင်ဘဲနေရတာ ကျွန်တော့်အတွက် မဟာအခက်အခဲကြီးပါပဲ။ကျွန်တော်မတွေ့ဖူးပေမယ့် ကျွန်တော့်မြင်ဆရာတစ်ယောက်ဖြစ်တဲ့ တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုတွေဖတ်ရင်းကနေ နတ်သျှင်နောင်ရတုတချို့ကို ကျွန်တော်နှစ်သက်လာခဲ့တယ်။ဆရာတင်မိုး ကဗျာတွေဆို ကျွန်တော်အကုန်ကြိုက်တယ်။ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကတော့ ကျွန်တော်အကြိုက်ဆုံးပဲ။ဆရာမ မိုးမိုး (အင်းလျား) တို့ ဆရာမောင်မောင်မျိုးညွန့်တို့ ဘာသာပြန်ပေးထားတဲ့ တဂိုးကဗျာတွေလည်း ကျွန်တော့်အကြိုက်ဆုံးတွေပါပဲ။

ကျွန်တော် ဆယ်တန်းနှစ်မှာ တစ်ယောက်ထဲအတွက်ရည်ရွယ်ပြီး စပ်ထားတဲ့ ကဗျာလေးတစ်ပုဒ်ကို အသုံးပြုခွင့်ရခဲ့တယ်။ကျွန်တော် ရည်ရွယ်ထားတဲ့သူကတော့ ကျွန်တော်နဲ့ တစ်ကျောင်းထဲနေခဲ့တဲ့ ငယ်သူငယ်ချင်းမလေးပါ။အတန်းတင်စာမေးပွဲကြီးဖြေပြီးတဲ့နေ့က အများစုက အိမ်ပြန်ကြပေမယ့် တချို့သူငယ်ချင်းတွေ ဘုရားသွားကြတယ်။တချို့က ရုပ်ရှင်ကြည့်ကြတယ်။ကျွန်တော်နဲ့ ကျွန်တော့်ငယ်သူငယ်ချင်းမလေးက ကျောင်းဘေးလမ်းတစ်ဖက်မှာရှိတဲ့ သရက်ပင်အောက်က လက်သုတ်ဆိုင်လေးမှာ နှစ်ယောက်ထိုင်ပြီး တို့ဟူးသုတ်စားကြတယ်။အဲဒီအသုတ်ဆိုင်က ကျွန်တော်တို့စားနေကျဆိုင်လေးပါ။အသုတ်စားပြီးပေမယ့် အိမ်မပြန်သေးဘဲ ရေနွေးသောက်ရင်း စကားပြောတယ်။သူမက နောက်နေ့ သူ့ရွာပြန်မှာလေ။ရုတ်တရက် သူက အမှတ်တရ ကဗျာလေးတစ်ပုဒ်စပ်ပေးပါလားလို့ ပြောတယ်။မကောင်းမှာစိုးတယ်လို့ ကျွန်တော်ကပြောတော့ နင့်ရင်ထဲက နင်ကိုယ်တိုင်ရေးတဲ့ကဗျာဖြစ်ရင်ပြီးရောလို့ သူကပြန်ပြောတယ်။တကယ်တော့ သူ့ကိုမှန်းပြီးစပ်ထားတဲ့ ကဗျာတွေ ကျွန်တော့်ဆီမှာ တော်တော်များများရှိပြီးသားပါ။အဲဒီထဲက လတ်တလောအတိုက်ဆိုင်ဆုံးဖြစ်တဲ့ ကဗျာလေးတစ်ပုဒ် ချရေးဖြစ်ခဲ့တယ်။

    ကျောင်းလမ်းနံဘေး သစ်ရိပ်အေးမှာ
    မုန့်လေးဝေစား ဘဝများက
    ရင်ကြားအချစ် ခိုဝင်ဖြစ်တယ်
    ချစ်ရယ် မင်းတော့သိမယ်မထင်။

ကဗျာလေးကိုဖတ်ပြီးတော့ သူကနှစ်ကိုယ်ကြားလေသံနဲ့ ငါသိသားပဲတဲ့။အဲဒီနှစ်က ကျွန်တော်ဆယ်တန်းစာမေးပွဲကျခဲ့ပေမယ့် အချစ်စာမေးပွဲတော့အောင်ခဲ့ပါတယ်။

ကျွန်တော့်ကဗျာတွေက မဂ္ဂဇင်းတွေ ဂျာနယ်တွေ မပို့ဖြစ်လို့ စာဖတ်ပရိသတ်လက်ထဲ မရောက်ခဲ့ပေမယ့် အချစ်ဆုံးသူငယ်ချင်းတချို့လက်ထဲတော့ ရောက်ခဲ့ပါတယ်။သူတို့ချစ်တဲ့ ကောင်မလေးတွေ အတွက်ကဗျာအတို အစလေးတွေ ရေးရေးပေးခဲ့ရလို့ပါ။

ဆယ်တန်း ၂ နှစ်ကျလို့ ပညာရေးလောကမှထွက်လာပြီး အိမ်မှာ အဖေနေ့တိုင်းဝယ်ဖတ်တဲ့ ဗိုလ်တထောင်သတင်းစာတိုက်ကို စာတိုက်ကတစ်ဆင့် ခရီးသွားဆောင်းပါးလေးတစ်ပုဒ် ပို့လိုက်တာ ရက်ပိုင်းအတွင်းပါလာတယ်။အဲဒီနေ့က ကျွန်တော်အရမ်းပျော်တဲ့နေ့ပေါ့။ရတဲ့စာမူခက နှစ်ဆယ့်ငါးကျပ် သူငယ်ချင်းတွေကိုကျွေးမွေးတာက သုံးဆယ့်နှစ်ကျပ်ဆိုတော့ ခုနစ်ကျပ်တောင် အိတ်ထဲကစိုက်လိုက်ရတယ်။အဲဒီနောက်ပိုင်း မဂ္ဂဇင်းတွေမှာ သရုပ်ဖေါ်ပုံတွေဆွဲနေတဲ့ ပန်းချီဆရာတစ်ယောက်နဲ့ မိတ်ဆွေဖြစ်တော့ စာမူပို့ဖို့ စိတ်ကူးတွေက လက်တွေ့ဖြစ်လာတယ်။သူနဲ့အတူလိုက်ရင်း မြဝတီတိုက်ကို ကျွန်တော့်ဝတ္ထုတိုလေးတွေ ပို့ဖြစ်တယ်။မြဝတီနဲ့ ငွေတာရီမဂ္ဂဇင်းတွေမှာ ကျွန်တော့်ဝတ္ထုတိုလေးတွေကို သရုပ်ဖော်ပုံလေးတွေနဲ့မြင်လို့ ပျော်ခဲ့ရတဲ့ ပီတိတွေက ဘာနဲ့မှမလဲနိုင်အောင်ခံစားရတဲ့ အပျော်လေးတွေပေါ့။

တစ်နေ့မှာ ညီလိုခင်ရတဲ့ ကျူရှင်ဆရာတစ်ယောက်က သူ့အထူးထုတ်စာအုပ်အဖွင့်မှာ ကဗျာလေးတစ်ပုဒ်ထည့်ချင်လို့ အကူအညီတောင်းတယ်။သူက အင်္ဂလိပ်စာသင်တဲ့ ကျူရှင်ဆရာလေးပါ။တစ်ချိန်မှာ ကျွန်တော့်ကို ကျူရှင်လောထဲခေါ်သွင်းပေးတဲ့ ကျေးဇူးရှင်တစ်ယောက်ဖြစ်လာမယ့်သူပါ။ကျွန်တော်စပ်ပေးတဲ့ ကဗျာလေးကို သူအရမ်းကြိုက်လို့ ကျွန်တော့်ကိုကျေးဇူးတင်တဲ့အကြောင်း ပြောပါတယ်။

ဗုဒ္ဓဓမ္မာ သံဃာမိဘ

    သင်ပြဆရာ မှန်းကာကန်တော့
    မာန်လျှော့ဖူးမြင် ဦးတင်လက်ထား
    ချစ်သားရိုကျိုး ဂုဏ်ကိုကိုးသည်
    မြတ်နိုးရင်မှ ထာဝရပါဘုရား။

သူက ဆယ်တန်း အင်္ဂလိပ်စာအထူးထုတ်ကို နှစ်တိုင်းထုတ်တာပါ။သူ့စာအုပ်ရဲ့အဖွင့်မှာ ကျွန်တော့်ကဗျာလေးက အမြဲပါတယ်လေ။ရေးတုန်းကတော့ သူ့အတွက်ရေးပေးခဲ့ပေမယ့် ဒီနေ့အထိ ကျွန်တော်ဘုရားရှိခိုးရင် အမြဲပါတယ်။နမောတဿရှိခိုးပြီးရင် ဘုရားဂုဏ်တော်ကိုးပါး တရားဂုဏ်တော်ခြောက်ပါး သံဃာ့ဂုဏ်တော်ကိုးပါး ရွတ်တယ်။သမ္ဗုဒ္ဓေရွတ်တယ်။ပြီးတော့ ကျွန်တော့်ကဗျာလေးကို ရွတ်ဖတ်ပူဇော်ဖြစ်တယ်။အဲဒီနောက်မှ ငါးပါးသီလယူပြီး ပရိတ်ပဋ္ဌာန်းတွေရွတ်တယ်။

ကျွန်တော့်ဘဝမှာ အနုပညာနဲ့ပတ်သက်ပြီး မြင်ဆရာ ကြားဆရာတွေ အတော်များပါတယ်။ရေတွက်လို့မရနိုင်အောင်များပါတယ်။အဲဒီအထဲက အနုပညာနဲ့ပတ်သက်ပြီး သြဇာအသက်ရောက်ဆုံး ဆရာသုံးယောက်ရှိပါတယ်။သူတို့တွေက ဆရာတက္ကသိုလ်ဘုန်းနိုင်ရယ်၊ ဆရာငြိမ်းကျော်ရယ်၊ဆရာ ဂီတစာဆိုမောင်ဆွေနွယ်ရယ်ပါ။သူတို့လက်ရာတွေကို တမင်တကာ လိုက်အတုမယူမိပေမယ့် ကျွန်တော့်အနုပညာစိတ်တွေကို အနှိုးနိုင်ဆုံး ဆရာတွေပါ။သူတို့တွေကို ကျွန်တော်ရင်းနှီးဖို့နေနေသာ ဆရာမောင်ဆွေနွယ် ကို တစ်ခါပဲတွေ့ဖူးပြီး ကျန်တဲ့ ဆရာနှစ်ယောက်ကိုတော့ လုံးဝမတွေ့ဖူးခဲ့ပါ။

ကျွန်တော်အမှတ်တရအရှိဆုံးကတော့ ဂီတစာဆို မောင်ဆွေနွယ်ပါ။ဆရာ့သီချင်းတွေကို ကျွန်တော်အကုန်ကြိုက်တယ်။ခံစားလို့လည်းရတယ်။ပညာလည်းရတယ်။ဆရာ့ကို တွေ့ဖူးခဲ့တာလေးကို ပြောပြချင်တယ်။အဲဒီနေ့ညက အင်းစိန် မီးရထားဘောလုံးကွင်းမှာ ဂီတဖျော်ဖြေပွဲရှိတယ်။အဆိုတော် ကိုတင်လှိုင် ပါမယ်လို့ သိရတယ်။ကျွန်တော့်အခင်ဆုံး သူငယ်ချင်းနှစ်ယောက်က ကိုတင်လှိုင့် အမာခံပရိသတ်တွေ။ဒါကြောင့်လည်း ကျွန် တော်တို့သုံးယောက် အဲဒီဂီတပွဲကို မရောက်ရောက်အောင် သွားဖြစ်ခဲ့တာပါ။အဆိုတော် ကိုတင်လှိုင် ပါရင် ဆရာလည်းပါလေ့ရှိတယ်လို့ ကြားထားတယ်လေ။တကယ်လည်း ဆရာပါလာတယ်။ ပါတိတ်ဆင် ရှပ်အင်္ကျီကော်လံရှည်ရှည်နဲ့ အပေါ်က တိုက်ပုံအင်္ကျီဝတ်ထားတယ်။ကိုတင်လှိုင် အလှည့်မရောက်ခင် နှစ်ယောက်သားထိုင်ပြီး စကားပြောနေတယ်။ကိုတင်လှိုင် စင်ပေါ်တက်ပြီး သီချင်းဆိုတော့ သူတစ်ယောက်တည်းထိုင်လို့ပေါ့။ကိုတင်လှိုင် သီချင်းနှစ်ပုဒ်ဆိုပြီးတော့ သူတို့နှစ်ယောက်အတူတူ သူတို့စီးလာတဲ့ကားနဲ့ ပြန်သွားကြတယ်။အဲဒီနေ့ အဲဒီည မိနစ်ပိုင်းလေးပဲ ဆရာ့ကိုတွေ့ဖူးခဲ့တာပါ။ခဏဆိုမှ ခဏလေးပါပဲ။

အမုန်းခွန်အားပေးသနားပါ အပါအဝင် ဆရာ့သီချင်းတော်တော်များများကို အဆိုတော် ကိုတင်လှိုင် ဆိုခဲ့တယ်။အားလုံး လူကြိုက်များတဲ့သီချင်းတွေချည်းပါပဲ။ချိုပြုံး ဆိုတဲ့ တက္ကသိုလ်ကျောင်းကငွေလမင်း၊ မာမာအေး ဆိုထားတဲ့ စပျစ်သီးလေးတွေချိုပါတယ်တို့လည်း ဆရာရေးခဲ့တာပါ။မြန်မာသံမှာ တေးရေးအောင်မြင်သလို စတီရီယိုသီချင်းတော်တော်များများလည်း ဆရာရေးခဲ့တယ်။ကျွန်တော်အမှတ်မိဆုံး သီချင်းတစ်ပုဒ်ကတော့ တစ်ချိန်က မင်းမင်းလတ် ဆိုပြီး နောက်ပိုင်း ဇော်ဝင်းထွဋ် သီဆိုအောင်မြင်ခဲ့တဲ့ ယုဇနပင်နဲ့ဖဲကြိုးဝါသီချင်းဖြစ်တယ်။

ဂီတပဒေသာမဂ္ဂဇင်းမှာလည်း ဆရာ့ကဗျာလေးတွေ စောင့်ဖတ်မိပါတယ်။ဆရာဆေးရုံတက်ပြီး မကွယ်လွန်ခင်အချိန်လေးမှာ သံဝေဂကဗျာလေးတစ်ပုဒ် စပ်ခဲ့တယ်လို့ သိရပါတယ်။ဂီတပဒေသာမဂ္ဂဇင်းမှာ ဆရာ့အကြောင်းရေးထားတဲ့ ဆောင်းပါးလေးကို ဆရာ့ကဗျာလေးနဲ့အတူ ဖတ်ခဲ့ရပါတယ်။ကျွန်တော်အလေးစားဆုံး ဆရာ ဂီတစာဆို မောင်ဆွေနွယ်ရဲ့ ကဗျာလေးပါ။ကျွန်တော့်တစ်သက် အကြိုက်ဆုံးကဗျာတစ်ပုဒ်လည်းဖြစ်ပါတယ်။ရသသံစဉ်တွေထဲကနေ သံဝေဂသံလေးကို ကြားလိုက်ရတဲ့ ကဗျာလေးပါ။

စံပယ်ပွင့်ပေါ် အိပ်ပျော်နေတဲ့မိုးစက်

    ပင့်ကူအိမ်ထဲ ပန်းချီဆွဲတဲ့နှင်းပွင့်
    စမ်းရေအိုင်တွင်း ရေသောက်ဆင်းတဲ့လမင်း
    နွေနေ့လည်ခင်း သီချင်းဆိုတဲ့ဥသြ
    အားလုံးမတာရှည် အားလုံးကမ္ဘာမတည်
    အားလုံးယာယီဆိုတာ ငါသိပါပြီ။
    အခုဆိုရင်
    အနိစ္စတံခါးဝမှာ
    လားရာမျှော်ကြည့်
    သွားစရာအဖေါ်မရှိတဲ့ငါ။

ရိုက်မောင်း
ဇန်နဝါရီ - ၂၅