【 ဆောင်းပါး 】 “ချစ်စရာ အကြည်ဓာတ်လေးတွေ”

【 ဆောင်းပါး 】 “ချစ်စရာ အကြည်ဓာတ်လေးတွေ”

စိတ်ပျက်စရာများဖြင့် နေ့စဉ်ဖြတ်သန်းနေရသည့် ယနေ့လိုအချိန်အခါတွင် သေချင်သော်လည်း သေလို့မရ၊ ရှင်ချင်သော်လည်း ရှင်လို့မရဘဲ ကိုယ့်ဆန္ဒနှင့်မညီဘဲနေထိုင်ရသည့် အချိန်အခါကို ကျွန်တော်တို့ဖြတ်သန်းနေရသည်။မနက်လင်းတိုင်း ဘယ်သူ့အိမ်က ဘယ်သူဆုံးသွားပြီလဲဆိုသည့် နာရေးသတင်းတွေကို နားမစွင့်ချင်သော်လည်း နားစွင့်နေရသလို ကြားရသည့်အခါတိုင်းမှာလဲ ဟာ .. ကနဲ့ ---- ဟင်ကနဲဖြင့် ကိုယ်နှင့်ရင်းနှီးကျွမ်းဝင်သူတို့ ဖြုတ်ကနဲ ဖြုတ်ကနဲ ကြွေကျသလို စိတ်ထဲနင့်ကနဲ့ .. နင့်ကနဲ့ ဖြစ်သွားရသည်ကတော့ အမှန်ပင်။သေခြင်းတရားကို ဘုရားရှင်တောင်မှ လွန်ဆန်လို့မရဘူးဟု အသိကရှိသော်လည်း သေဆုံးသူတွေမှာ နေမည်ဆိုလျှင် နောက်ထပ် အနှစ် ၂၀၊ ၃၀ လောက် နေလို့ရသေးပြီး နာတာရှည်ရောဂါကြောင့် တိမ်းပါးကြတာမဟုတ်ပဲ ကပ်ရောဂါကြောင့် ကူသူကယ်သူမရှိ၊ ဒီအတိုင်း ငုတ်တုတ်ထိုင်ကြည့်နေရသည့်အဖြစ်က ကြားရတိုင်းနင့်ကနဲဖြစ်မိသည်။ကိုယ်ကိုယ်တိုင်လည်း ဘာမှမစွမ်းသာခဲ့။

ငယ်စဉ်က ရွာဘုန်းကြီးကျောင်းသွားသည့်အခါ ဆရာတော်၏ မိခင်ကြီးဖြစ်သူက လာကန်တော့သူတွေကို ပေးလေ့ရှိသည့်ဆုကို သတိရမိသည်။ထိုတုန်းကတော့ ဘယ်လိုဆုကြီးပေးတာလဲပေါ့။

“မကောင်းတာ မမြင်ကြပါစေနဲ့၊ မကောင်းတာ မကြားရပါစေနဲ့၊ မကောင်းတဲ့သူတွေနဲ့ မတွေ့ကြရပါစေနဲ့၊ မရှိစကား မကြားရပါစေနဲ့” ဟု မယ်တော်ကြီးက ဆုပေးလေ့ရှိသည်။ကျွန်တော်တို့က အမေကို “မယ်တော်ကြီး ဆုပေးတာကလည်း တမျိုးကြီး” ဆိုပြီး ပြောတော့ အမေက “ဟဲ့ မယ်တော်ကြီးက စစ်တွေကြုံခဲ့ရတာ၊ စစ်ပြေးပြီး ရွာကိုရောက်လာတာ၊ ဒီတော့ သူ့လိုမကြုံရအောင်ပေါ့” ဟု ပြောခဲ့ဖူးသည်။

ယခုကြတော့ ဒီဆုတွေပေးရခြင်း၏ စေတနာကို ကျွန်တော် အသက် ၆၀ နားကပ်လာသည့်အခါ တိတိပပ သိလာရပြီဖြစ်သည်။

လမ်းထဲတွင် မနက်စောစောထပြီး လမ်းလျှောက်သည့်အလေ့အထကို ကျွန်တော်လုပ်ထားသည်။မိုးအလွန်သည်းထန်သည့် နေ့မျိုးတောင် လမ်းမလျှောက်ဖြစ်လျှင် မိုးတိတ်သည့်အခါ လမ်းထိပ်က လဘက်ရည်ဆိုင်မှာ သက်တူရွယ်တူ လမ်းထဲကအသိတွေနဲ့ တစ်နာရီလောက်ထိုင်လိုက်ရမှ ထိုနေ့မနက်အတွက် အာသာပြေသည်။ကျွန်တော်က ပြင်ပတွင် ကျူရှင်ပြသဖြင့် ကျွန်တော့်ကို လမ်းထဲက ဆရာလေးဟုခေါ်ကြသည်။ယခင်ကတော့ လမ်းထွက်လျှောက်ပြီးအပြန် လဘက်ရည်ဆိုင်တွင်ဝင်ထိုင်၊ ပြီးလျှင် အိမ်ပြန်ခဏနား၊ ရေချိုး၊ ဆွမ်းတော်တင် ဘုရားရှိခိုးပြီး စာသင်ဖို့ထွက်သည်။ယခုတော့ ကိုဗစ်ဝင်လာသည့် ပြီးခဲ့သည့်နှစ် မတ်လစာမေးပွဲပြီးကတည်းက ကျွန်တော့်မှာ အော်တိုအငြိမ်းစားဖြစ်သွားပြီး အိမ်ထဲကနေလည်း မထွက်ဖြစ်တော့။

ဒီတော့ အိမ်ထဲမှာနေရင်း ယခင်ကမဖတ်ဖြစ်ခဲ့သည့်စာတွေ ဖတ်ဖြစ်သည်။မတွေ့ဖြစ်သည့် အသိတွေ ဆွေမျိုးတွေနှင့် ဖုန်းဖြင့်စကားပြောဖြစ်သည်။ဒီလိုအိမ်မှာ ကိုဗစ်ကြောင့်ပိတ်မိနေရင်း လုပ်လို့ရတာမှန်သမျှ ရှာကြံလုပ်နေရသော်လည်း တကယ်က အချိန်ကုန်ရန် အချိန်ဖြုန်းနေခြင်းသက်သက် သဘောသာဖြစ်သည်။ဒီနောက်တော့ ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်းမှာ အရာရာက အကောင်းဘက်ပြန်မြင်လာရဖို့မရှိလောက်အောင် ပျက်စီးကုန်သည်။သတင်းတွေက အကောင်းတွေမကြားရ။ကြားရသမျှ ဆုံးရှုံးမှုတွေချည်းသာဖြစ်သည်။ကျွန်တော့် တပည့်အချို့ ဘယ်တော့မှပြန်မတွေ့နိုင်သည့် အခြားတစ်ဘက်သို့ရောက်သွားတာတွေ ကြားရသည်။ညဘက် မထိတ်သာမလန့်သာ အခြေအနေတွေကို ကြုံရသည်။ယခုပဲ တစ်ခုခုပဲဖြစ်တော့မလို၊ ယခုပဲ ပျက်စီးရတော့မလို၊ မမြဲသောအရာတွေ အဖြစ်တွေကို ရုတ်ခြည်း ကျွန်တော်တို့ကြုံတွေ့ရသည်။ဒီအခါ မယ်တော်ကြီးပေးခဲ့သည့် ဆုတွေဖြစ်သည့် “မကောင်းတာ မမြင်ကြပါစေနဲ့၊ မကောင်းတာ မကြားရပါစေနဲ့၊ မကောင်းတဲ့သူတွေနဲ့ မတွေ့ကြရပါစေနဲ့” ဆိုသော ဆုပေးစကားကို ပြန်ကြားယောင်မိသည်။

ကျွန်တော်တို့ တကယ်ပဲ ခေတ်ဆိုးကြီးထဲဖြတ်နေရပြီဆိုသည်ကို သိသည့်အခါ ကျွန်တော်တို့မှာ ဝင်ငွေကနတ္တိ။လူတိုင်း အလုပ်မရှိအကိုင်မရှိဆိုသည့်ဘ၀ဖြင့် ရှိတာလေးတွေ ထုတ်သုံးကြရသည်။တစ်ယောက်ဒုက္ခရောက်နေသည်ကို တစ်ယောက်မကယ်နိုင်သည့်အဖြစ်။ခင်မင်ရင်းနှီးသူများ ဒုက္ခရောက်နေသည်ကို သိသော်လည်း နှုတ်အားဖြင့်တောင် မကူနိုင်။ဒီအဖြစ်က စိတ်ကူးဖြင့်တောင် တစ်ခါမှမစဉ်းစားမိသည့်အခြေအနေ။ဆိုတော့ စိတ်ထဲ အတော်လေးကို ဝမ်းနည်းမိသည်။အခြေအနေက တစ်ရက်ထက် တစ်ရက် ပိုဆိုးလာသည်။

“ကိုယ့်မကယ်နိုင်၊ သူ့မကယ်နိုင်” တောင်မင်း မြောက်မင်းမကယ်နိုင်ဆိုသည့် အခြေအနေ။မကူနိုင်မကယ်နိုင်သည့် အခြေအနေ။

လောကဓံကို ခါးစည်းခံရသည်ဆိုသည်ကို ဒီကာလတွင် အများစုကြုံရသည်။အများစုထဲတွင် အဆိုးဆုံးက ပင်စင်စားတွေ၊ ဘဏ်တိုး၊ သားသမီးထောက်ပံ့ငွေဖြင့် စားနေကြသူများက တကယ့်ကိုကူရာမဲ့။ကျွန်တော့်အိမ်နားတွင် ထိုသို့သူတွေ သုံးလေးအိမ်ရှိသည်။သားသမီးတွေကို နိုင်ငံခြားလွှတ်ပြီး မိဘတွေက ရပ်ကွက်ထဲမှာ မြေးတွေနှင့် ဟိုကပြန်ပို့တာနှင့် စားနေရသူတွေဖြစ်သည်။ယခင်ကတော့ ဒီလိုပုံစံမှာ ထိုမိသားစုတွေက ရပ်ကွက်ထဲ ငွေကြေးတောင့်တင်းသည့် မိသားစုတွေထဲပါပြီး ယခုလို ကိုဗစ်ကြောင့် နှစ်ပေါက်လာ၊ ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း ပိုဆိုးလာသည့် နိုင်ငံရေးအကျပ်အတည်းကြောင့် ဟိုမှာလည်း သားသမီးတွေက အလုပ်လက်မဲ့ဖြင့် ပြန်လို့မရ။ဒီကမိဘတွေမှာလည်း ရှိတာလေးချွေတာစားရဖြင့် အတော်လေးကသီလင်တဖြစ်နေသည့်အချိန်တွင် ကိုဗစ်တတိယလှိုင်းကြုံတော့ စားဝတ်နေရေးမှာ အခက်အခဲတွေကြုံရတော့သည်။အစောပိုင်းကတော့ ကျွန်တော့်မှာရှိသမျှ လမ်းထဲ ရပ်ကွက်ထဲ ရှိသမျှ မျှပေးကြသည်။နောက်တော့ ရောဂါတွေကပိုဆိုးလာတော့ အိမ်တွေပိတ်ကြသလို လမ်းမှာလည်းလူရှင်း။ဒီတော့ တစ်အိမ်နှင့် တစ်အိမ် ဘာတွေဖြစ်သည်လည်း မသိရတော့။

မနက်ဆိုလျှင် ဘယ်အိမ်ကသေလို့၊၊ဘယ်အိမ်က အောက်ဆီဂျင်လိုနေလို့ဆိုသည်တွေပဲ စိတ်ဆင်းရဲစရာကြားရသည်။တစ်ညနေတွင်တော့ ကျွန်တော်ပြောသည့်အိမ်က ကလေးတစ်ယောက် ကျွန်တော့်ဆီကိုဖုန်းဆက်သည်။

“ဆရာလေးရေ ရှိရင်ကူပါဦး။အိမ်မှာ အားလုံးလည်းဖျားနေပြီ။စားစရာလည်းပြတ်နေပြီ။အဖိုးနဲ့ အဖွားက မောနေတယ်။အခု အဖိုးဖုန်းဆက်ခိုင်းလို့။တစ်ခုခုဖြစ်ရင် လူကြီးမရှိမှာစိုးလို့” ဟု ငိုသံနှင့်။ကျွန်တော့်မှာ ထိုဖုန်းဆက်သံကြောင့် ကတုန်ကရင်ဖြစ်ကာ ဘာလုပ်ရမယ်မှန်းမသိ။အချိန်ကြည့်တော့ ည ၇ နာရီ။ဖြစ်ကာမှာဖြစ်ရော အိမ်ကမိန်းမကို “နေဦး ကွာ … လမ်းထဲ ကူမယ့်ကယ်မယ့်သူ ရှိ၊ မရှိ စုံစမ်းဦးမယ်။ဒီညတစ်ခုခုဖြစ်ရင် ကလေးတွေချည်းပဲ” ဟု ပြောကာ လမ်းထဲထွက်ခဲ့သည်။အပြင်မှာ လူကလည်းမရှိ။
ဘာလုပ်ရမယ်မှန်းလဲမသိ။

စိတ်ထဲ ဖေ့စ်ဘွတ်ခ်တွင် လူငယ်လေးတွေ ဒီလိုလိုက်ကူပေးနေတာ သွားသတိရသည်။ဒီတော့ အိမ်ပြန်ပြီး ဖုန်းကိုဖွင့်ကာ ထိုလူငယ်လေးတွေအုပ်စုတင်ထားသည့် ပို့စ်ကိုရှာသည်။လိုရမယ်ရ ရှဲထားခဲ့တာက ကံကောင်းသွားခြင်းဖြစ်သည်။ထိုပို့စ်တွင်ပါသည့် ဖုန်းနံပါတ်လေးခုကို တစ်ခုမရ တစ်ခုဆက်သည်။နောက် သုံးခုမြောက်ဖုန်းတွင် ဆက်သွယ်လို့ရသည်။
ကျွန်တော်အကျိုးအကြောင်းပြောတော သူတို့လာရမှာ မြို့နယ်ကျော်ဖြစ်နေသည်။ဒီမှာကလည်း အရေးကြီးနေပြီ ကူသူကယ်သူမဲ့ဖြစ်နေတော့ သူတို့လိုပဲ နယ်ခံအဖွဲ့တစ်ခုနှင့် ကျွန်တော့်ကိုချိတ်ပေးသည်။ထိုအဖွဲ့ကကူဖို့လာမည် လမ်းထိပ်ကစောင့်နေပေးပါဟု။

ဘ၀တွင် လူမရှိသည့်ကွင်းတွေ၊ ကွင်းတွေထဲ တစ်ယောက်တည်းသွားခဲ့ရဖူးသည်။ယခုလို မီးလင်းလင်းချင်းချင်းထဲ တစ်ယောက်တည်း ဘယ်သူ့မှမမြင်ရ၊ ကားသံကြားလျှင် ဘေးကအကွယ်ထဲ ရို့ရို့ရပ်ကာ ကြောက်ရသည့်အဖြစ်ကို တစ်ခါမှမကြုံဖူး။စိတ်ထဲ တစ်ကမ္ဘာလောက်ထင်ရပြီး တကယ်တွင် ဆယ်မိနစ် ဆယ့်ငါးမိနစ်သာ ကြာသည့်အချိန်ကို ယခုမှဖြတ်သန်းဖူးသည်။ထိုအဖွဲ့လာ‌တော့ ကျွန်တော့်မှာ ပျော်လိုက်သည်ဖြစ်ခြင်း။ထိုအဖွဲ့ဟုသာခေါ်သော်လည်း ကျွန်တော့်အရွယ်လူတစ်ယောက်၊ လူငယ်နှစ်ယောက်။အသက်ရှုဖို့ အောက်ဆီဂျင်ဗူးနှင့် စားသောက်စရာအချို့။ထိုအိမ်သို့ ကျွန်တော့်ကိုခေါ်ပြသွားခိုင်းပြီး လုပ်စရာရှိတာ မြန်မြန်ထက်ထက်လုပ်ပေးပြီး ကလေးတွေသာရှိသည့် ထိုအိမ်တွင် လူငယ်တစ်ယောက်က အစောင့်ကျန်ပေးသည်။ကျွန်တော်လည်း အဲ့ဒီညမှ ထိုအိမ်မှာစောင့်ပေးနေခဲ့သည်။

သေကံပဲ မပါတာလား၊ အချိန်မီတာပဲလားတော့မသိ။အသက်ဆုံးပါးသည်အထိမဖြစ်ခဲ့။မနက်ကျတော့ ညကမသုံးဖြစ်သည့် အောက်ဆီဂျင်ဗူးကိုလာယူသည့် လူတွေနှင့်အတူ ထိုမိသားစုအတွက် ဆန်နှင့် စားစရာတွေ ထောက်ပံ့ပေးခဲ့သည်။ကျွန်တော့်စိတ်ထဲ ဒါကိုကြည့်ပြီး အားရှိခဲ့သည်။ထိုအဖွဲ့က ထိုမိသားစုကိုကူညီမှုက သူများတော့မသိ။ကျွန်တော့်စိတ်ထဲတွင် သိကြားမင်း လူယောင်ဖန်ဆင်းပြီး လာကူကြတာလားဟုတောင် ထင်မိသည်။ဒီလောက်ထိဖြစ်သည်။တကယ့်ကို ကူရာကယ်ရာမဲ့နေသည့်အချိန်မှာ ဘယ်ကရောက်လာမှန်းမသိသည့် လူတွေက ဒုက္ခရောက်နေသူတွေကို ဆေးဝါး၊ စားစရာနှင့် စိတ်ဓာတ်ကို ခွန်အားတွေပေးခဲ့ကြသည်မှာ မယုံနိုင်ဖွယ်ရာ။လူကိုယ်တိုင်သာ အနားမှာမရှိလျှင် အပိုဟုထင်မိမည်။တကယ့် “ပြည်သူမှ ပြည်သူသို့” ဆိုသည့် ရိုင်းပင်းမှုပင်။

ယခင်က ကျွန်တော့်စိတ်ထဲ ထိုသို့ကူကြကယ်ကြသည်ကို သိပ်ပြီးထဲထဲဝင်ဝင် စိတ်ဝင်စားမှုမရှိသလို တကယ်ကောထိရောက်ရဲ့လားဆိုတာ သံသယရှိမိသည်။ယခု ဒါတွေဟာ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေသည့်အခါ လိုကိုလိုပါလားဆိုတာ သိလာရသည်။အချင်းချင်းစောင့်ရှောက်မှုဆိုတာ မရှိမဖြစ်လိုနေသည့် မဏ္ဍိုင်တစ်ခုပါလားဆိုတာ မြင်လာမိသည်။လူငယ်တွေ၏ မြင့်မြတ်သော ကူညီလိုသည့် ပရဟိတစိတ်မှာ ပြိုလဲကျနေသည့်နိုင်ငံ၏ အနာဂတ်ပါလားဆိုတာ မြင်လာမိသည်။ယုတ်ညံ့သည့် လူအချို့၏ ဘယ်သူသေသေ ငတေမာဆိုသည့် စိတ်ဓာတ်နှင့် လုပ်ရပ်ကြောင့် အားကိုးရာမဲ့နေသည့်စိတ်မှာ ယခုကူပေးကယ်ပေးနေသည့်သူတွေ၏ အကျိုးအမြတ်မမျှော်သည့် စိတ်ကောင်းစိတ်မြတ်ကြောင့်  ငါတို့ပြည်သူတွေမှာ ဒီလိုလူကောင်းတွေ အပုံကြီးရှိပါသေးလားဟု အားတက်မိသည်။

ယခုဆိုလျှင် ကျွန်တော့်မှာ စိတ်အကြည်ဓာတ်လေးရှိလာပြီဖြစ်သည်။သေချင်စဖွယ်၊ စိတ်ဓာတ်ကျချင်စဖွယ် စိတ်ပျက်စရာတွေကနေ စိတ်ကလွန်မြောက်ခဲ့သည်။အတိဒုက္ခရောက်နေသူတွေကို ငွေမကူနိုင်ခဲ့လျှင်တောင် ကိုယ်လုပ်ပေးနိုင်တာတွေအများကြီး၊ ကူပေးနိုင်တာတွေ အများကြီးရှိနေတာကို လူငယ်တွေကြောင့် သိလာရသည်။ထိုလူငယ်တွေက ကျွန်တော်တို့လို သေဖို့အချိန်မကျသေးလို့ အချိန်တွေ အချည်းအနှီးဖြုန်းနေရသည့် လူကြီးတွေကို ဉာဏ်အလင်းဖွင့်ပေးခဲ့သည်။ဒုက္ခရောက်နေသူတွေကို ကူပေးနိုင်သူနှင့်တွေ့အောင် ကူပေးနိုင်သည်။ဖေ့စ်ဘွတ်ခ်တွင် ရှဲပေးတာ‌တွေ၊ လူငယ်တွေ၏အလုပ်ကို ကူညီအကျိုးဆောင်ပေးတာတွေ၊ ဝေငှတာတွေကို ယခုအခါ စောင့်ပြီးဖတ်ကာ ပီတိဖြစ်နေမိပြီဖြစ်သည်။ဒါတွေဖတ်ပြီး  မိမိကိုယ်သာအားကိုးရာဆိုသည့်သဘောကို ပြည်သူတစ်ဦးအနေဖြင့်  တိတိပပသိလာပြီဖြစ်သည်။

“ပြည်သူမှ ပြည်သူသို့” ရိုင်းပင်းမှုကြောင့် မယ်တော်ကြီးပေးသောဆုဖြစ်သည့် “မရှိစကား မကြားရပါစေနဲ့” ဆိုသည့် ဆုမပြည့်မှာကို ကျွန်တော်မကြောက်တော့။

ကျွန်တော်တို့ပြည်သူတွေ တစ်ဦးနှင့် တစ်ဦး ရိုင်းပင်းကြလျှင် မကြာခင်လိုအင်ဆန္ဒများပြည့်ကြလိမ့်မည်ဟု ထင်မိပါသည်။

မောင်ဦးလွင်
သြဂုတ် - ၁၇