【 ဆောင်းပါး 】 “ဂုဏ်ထူးအရောင်းအဝယ်”

【 ဆောင်းပါး 】 “ဂုဏ်ထူးအရောင်းအဝယ်”

ကျူရှင်ဆရာဘ၀ မှတ်မှတ်ရရဖြစ်မိသည်များတွင် ကိုယ်ကြပ်ကြပ်မတ်မတ်သင်ပေးလိုက်သည့် တပည့် ထူးထူးချွန်ချွန်အောင်မြင်သွားပါက ကိုယ့်နာမည်မထွက်ဘဲ ကျူရှင်ကြီးများက ကောက်ယူသုံးသွားသည့် ခံပြင်းစရာဖြစ်ရပ်များလည်းရှိသည်။ဒီလိုသောဖြစ်ရပ်တွေမှာ အများအားဖြင့် အိမ်တွေမှာလိုက်သင်သည့် ဂိုက်ဆရာများနှင့် နာမည်မရှိသေးသည့် ရပ်ကွက်ကျူရှင်ဆရာများတွင် ဖြစ်လေ့ရှိသည်။ကျွန်တော်ကတော့ ထိုဖြစ်ရပ်မျိုးကို အစောပိုင်း ၁၉၉၁-၉၂ ခုနှစ်တွင် နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရသည်။

ထိုနှစ်က စနစ်ဟောင်းပညာသင်နှစ် နောက်ဆုံးနှစ်ဖြစ်မည်ထင်သည်။တက္ကသိုလ်ဝင်တန်းဟု ခေါ်လေ့ခေါ်ထမရှိသေးပဲ ဒသမတန်းစာမေးပွဲအဖြစ် အစိုးရက န၀မတန်းနှင့် ဒသမတန်းပြဋ္ဌာန်းချက်များကို ရောပြီးစစ်သဖြင့် အောင်ချက်အလွန်နည်းပြီး တစ်မြို့နယ်လုံးအောင်စာရင်းမှာ စာရွက်တစ်ရွက်စာတောင်မရှိဘဲ (ခ) စာရင်းဖြင့် အောင်သူကိုပါ ထုတ်ပြန်လေ့ရှိသည့်အချိန်ဖြစ်သည်။ထိုသို့ခက်ခဲသောအချိန်တွင် ဂုဏ်ထူးပါသောသူဆိုလျှင် အတော်လေးကိုရှားပါးပြီး ဆယ်တန်းအောင်သူမှာ တစ်လမ်းမှာ တစ်ယောက်တောင်မရှိသည့် စာမေးပွဲနတ်ကြီးသည့်အချိန်ဖြစ်သည်။ထိုအချိန်က ယခုလိုမအောင်မနေရတို့၊ မက္ကရိုတို့ မေးခွန်းတစ်စုံဘယ်လောက်ဆိုတာတွေလည်း သိပ်မရှိသေး။ဒီတော့ အပြင်ကျူရှင်ကိုအားကိုးရပြီး ထိုအချိန်က နာမည်ကြီးကျုရှင်ဆရာများမှာ လှည်းတန်းတစ်၀ိုက်နှင့် ရန်ကုန်မြို့ထဲတွင်သာရှိကြသည်။

ထိုအချိန်တွင် ကျွန်တော် ကျူရှင်လောကထဲ မမျှော်လင့်ပဲရောက်တာ နှစ်နှစ်ဝန်းကျင်သို့ ရှိတော့မည်ဖြစ်သည်။စာသင်သက်လေးရလာသလို အင်္ဂလိပ်စာအခြေခံနှင့် ကိုးတန်း၊ ဆယ်တန်းကို ဆရာတွေအချင်းချင်း ပြဿနာတက်လို့ ထွက်သွားကြသည့်အခါ ကျူရှင်ထောင်ထားသည့် သူငယ်ချင်းဆရာက ဝင်ဝင်သင်ခိုင်းသဖြင့် အတော်လေးသင်နေရပြီဖြစ်သည်။
ဒီအချိန်မှာ ရပ်ကွက်ထဲမှာ ချို့တဲ့သည့် မိသားစုတစ်စုမှ ဆယ်တန်းကျောင်းသားတစ်ဦးကို သင်ပေးဖို့ အကြောင်းဖန်လာသည်။အသိတစ်ယောက်က သူ့ဆွေမျိုးထဲမှ ယခုနှစ်ဆယ်တန်းတက်နေသည့် ကလေးတစ်ဦးမှာ စာမလိုက်နိုင်ဘဲဖြစ်နေကြောင်း၊ မိဘကလည်း  ငွေကြေးချို့တဲ့သဖြင့် ကျူရှင်မတက်နိုင်သည့်အကြောင်း စကားစပ်ရင်းပြောမိသဖြင့် ကျွန်တော်က ငါကူမည်။ညဘက် ဘယ်အချိန် ဘယ်အချိန်တော့ လာခဲ့။နေ့ခင်းဘက်တွေက အပြင်မှာ ကျူရှင်လိုက်သင်နေလို့ မအားကြောင်းပြောပြီး ထိုကလေးငယ်အခက်အခဲကို ကူညီခဲ့သည်။

ကျွန်တော့်အိမ်မှာက လူနည်းသည်။ပြီးတော့ လျှပ်စစ်မီးလည်းရှိသဖြင့် အေးအေးဆေးဆေး သင်လို့ရသည်။ထိုကလေးကိုသင်ရင် သိလာရသည်မှာ ထိုကလေးငယ်က ငယ်စဉ်ကတည်းက အတန်းတိုင်းဆုရလာသူဖြစ်ပြီး ကိုးတန်း၊ ဆယ်တန်းရောက်မှ စနစ်သင်သင်ရိုးအဖြစ် မြန်မာစာမှလွဲပြီး ကျန်ဘာသာအားလုံး အင်္ဂလိပ်စာဖြင့်သင်ရသည့်အခါ ဒုက္ခတွေ့နေခြင်းဖြစ်သည်ကို သွားတွေ့မိသည်။ဉာဏ်ရည်လေးကလည်းကောင်းသလို သူ့မိသားစုမှာ ပညာရေးကသာ မိသားစုထွက်ပေါက်ဖြစ်နေသဖြင့် အချိန်ရတိုင်း စာကျက်နေတတ်သူဖြစ်သဖြင့် ကျွန်တော့်အတွက် အထူးတလည်စာကျက်ရန် တိုက်တွန်းစရာမလိုပဲ အသေအချာ ဘယ်ဟာက ဘယ်လိုဖြစ်တာ၊ ဘယ်ဟာက ဘယ်လိုကျက်ရင်ရတယ်၊ ဘယ်လိုတွက်ရင်ရတယ်၊ ဘာကြောင့် ဒီလိုတွက်ရတယ် စသဖြင့် လမ်းညွှန်သင်ပေးရုံသာဖြစ်သည်။

ထိုကလေးကလည်း အလကားလာသင်ရတာဖြစ်သဖြင့် ကျွန်တော်စိတ်မပျက်ရန် ကြိုတင်စာကြည့်လာ၊ ကြိုတွက်လာသဖြင့် သူမှားနေတာတွေပြင်ပေးလိုက် ဆွေးနွေးလိုက်ဖြင့် စာသင်တာနှင့်မတူ စာဆွေးနွေးရသလို သင်ရသဖြင့် ကလေးမှာ အတော်လေးစာလိုက်နိုင်လာတာကို တွေ့ရသည်။နောက်တော့ သူမလိုက်နိုင်ခဲ့သည့် န၀မတန်းစာတွေပါ တစ်ခါတည်းတွဲသင်ပေးသဖြင့် သူ့မှာ အတော်လေးတူတန်တန်ဖြစ်လာသလို ထိုကလေးကို စာသင်ပေးရသည်မှာ အတော်လေးစိတ်ချမ်းသာဖို့ကောင်းသည်။တစ်ခုပဲရှိတာက သူ့အိမ်က အတော်လေးချို့တဲ့သဖြင့် တခါတရံ သူ့အိမ်မှာ မီးလုံးကျွမ်းသည့်အခါ မပြောပဲနေနေတတ်သည်။ထိုအခါ ထိုကလေး စာကျက်မပျက်အောင် တခါတရံ သူ့အိမ်ဘက်သွားကြည့်ပြီး မီးလုံးဝယ်ပေးရခြင်း၊ သူ့အမေနှင့် အဖေ ရန်ဖြစ်သည့်အခါ အပြင်ထွက်နေရန် ပြောရခြင်းဖြစ်သည်။

ထိုကလေးအဖေကလည်း လူတစ်မျိုးဖြစ်သည်။ဆိုက်ကားသာနင်းနေသည်။မာနက တလွဲမာန။ကျွန်တော် စာသင်ပေးတာတောင် သိပ်ကျေးဇူးမတင်ချင်သည့်သူဖြစ်သည်။ထိုနှင့် ဆယ်တန်းစာမေးပွဲအကြို ကျွန်တော် နောက်ဆုံး ဘာသာစုံ စစ်ကြည့်တော့ အတော်လေးအခြေအနေကောင်းသည်။သို့သော် သူ့ကိုပေါ့ဆမည်စိုးသဖြင့် သေးငယ်ပြီး ခွင့်လွှတ်လို့ရသည့်အမှားတွေကို အမှတ်များများဖြတ်ချကာ အောင်ရုံပဲ အမှတ်ပေးပြီး ထိုကလေးကို စာဘယ်လောက်ရရ ဘယ်လောက်ပဲပိုင်ပိုင် သေသေချာချာဂရုမစိုက်ပဲ ပေါ့ဆလျှင် အောင်ရုံသာရမည်ဆိုပြီး ကပ်တွန်းတင်ခဲ့သည်။မမျှော်လင့်ဘဲ ကျွန်တော်သင်ပေးနေသည့် ကလေးတစ်ယောက်၏ ကြိုးစားမှုက အတော်လေးမျှော်လင့်စရာကောင်းနေသဖြင့် စာမေးပွဲရက်တွင် ကျွန်တော့်အိမ်သို့ခေါ်ထားကာ ဖြေစေခဲ့သည်။ထိုစာမေးပွဲရက်အတွင်း ကျွန်တော့်မှာ ဂိုက်လည်းလုပ်၊ ကျူရှင်မှာလည်း စာမေးပွဲအတွက်သင်ရသဖြင့် ညဘက် ၈ နာရီကျော်မှ အိမ်ရောက်သော်လည်း ထိုကလေးအတွက် လိုတာလိုက်ဖြည့်ပေးရသည်။အိမ်တွင်မခေါ်ထားလည်းဖြစ်သော်လည်း သူ့အိမ်အခြေအနေအရ အတိမ်းအစောင်းအဖြစ်မခံသဖြင့် ခေါ်ထားခြင်းဖြစ်လို့ ထိုကလေးနှင့် ကျွန်တော့်အိမ်အကြား ဆက်ဆံရေးမှာ မိသားစုသဖွယ်ဖြစ်နေသဖြင့် စာမေးပွဲအောင်မြင်စွာဖြေဆိုပြီးသည်အထိ ဘာအခက်အခဲမှမရှိခဲ့။ထိုကလေးအဖေကတော့ ဘာသိဘာသာ၊ သူ့အမေကတော့ ကျွန်တော့်ကို ကျေးဇူးတင်မဆုံး။

စာမေးပွဲအောင်စာရင်းထွက်တော့ ကျွန်တော်မျှော်လင့်ထားသလို ဂုဏ်ထူး ၃ ဘာသာ ထွက်သည်။သူ့အမေမှာ အတော်လေးပျော်ပုံရသည်။သူ့သား ဒီလိုစာမေးပွဲအောင်ရသည်မှာ ကျွန်တော်သင်ပေးလို့ဆိုပြီး သူ့ပတ်ဝန်းကျင်မှာ ကျေးဇူးတင်စကား တဖွဖွပြောသည်။တကယ်လည်း ထိုကလေးကိုစာသင်ပေးသည်မှာ ကျွန်တော်ကလွဲပြီး အတန်းကျောင်းမှာ စာသင်သူ အတန်းကျောင်းဆရာ၊ ဆရာမတွေသာရှိသည်။ဒါကို ကျွန်တော်သိသည်။တကယ်ပြောရလျှင် ထိုကလေးကြောင့် ကျွန်တော့်ရပ်ကွက်ထဲတွင် အတော်လေးမျက်နှာပွင့်ရသလို ထိုကလေးကိုအမှီပြုပြီး ဂိုက်လုပ်ပေးဖို့ အလုပ်အတော်များများရပြီး သင်ကြားရေးတွင်လည်း နာမည်ထွက်ခဲ့သည်ကိုတော့ ငြင်းမရ။ထိုခေတ်ထိုအခါကို မီသူများဆိုလျှင် ၃ ဘာသာ ဂုဏ်ထူးရှင်တစ်ယောက်ကို မွေးထုတ်နိုင်သည်ဆိုတာ အတော်ကိုရှားသည့်အချိန်မှာ ကျွန်တော်က ကံကောင်းသည်လို့ပဲ ပြောရမလား။သို့သော် ကျွန်တော့်ကံကောင်းမှုက ကျွန်တော်နေထိုင်ရာ အဝန်း၀ိုင်းထဲထိပဲ ခံသည်။

ဆယ်တန်းစာမေးပွဲ အောင်စာရင်းတွေထွက်ပြီး နောက်တစ်ပတ်အတွင်း ကျူရှင်ကြေငြာများတွင် ထိုကလေးမှာ လှည်းတန်းတွင်ဖွင့်ထားသည့် ကျူရှင်တစ်ခု၏ကြေညာတွင် ထိပ်ဆုံးကနေ သူတို့ကျူရှင်က သင်ကြားပေးပြီး အောင်မြင်လာသူအဖြစ် ပါလာခဲ့သည်။ထိုအကြောင်းကို အသိကျူရှင်ဆရာက ကျွန်တော့်ကိုပြမှ ကျွန်တော်ကသိပြီး ဒေါသအတော်ကိုထွက်မိသည်။
မှတ်မှတ်ရရ ထိုနေ့က ကျွန်တော်သိသိချင်း စာမသင်နိုင်ဘဲ အိမ်ကိုပြန်လာပြီး အိမ်ကတစ်ယောက်ကို ထိုကလေးအားသွားခေါ်ခိုင်းသည်။ထိုကလေးလာတော့ သူ့အမေပါ ပါလာပြီး ကျွန်တော့်ကိုတောင်းပန်သည်။ထိုကိစ္စမှာ သူ့အဖေက ထိုကျူရှင်က စာရေးကို ကလေးနာမည်သုံးဖို့  ငွေတစ်ထောင်ဖြင့်ရောင်းခဲ့သည်ဟု ဆိုသည်။

ကျွန်တော့်မှာ ဘာ‌ပြောလို့ပြောရမည်မှန်းမသိတော့။ငွေတစ်ထောင်ဆိုတာ အခုချိန်ခါတွင် ဘာမှသုံးလို့မရသည့်ပမာဏဖြစ်သော်လည်း ထိုအချိန်အခါက အငယ်တန်းစာရေးလစာမှာ ၄၅၀ သာရှိသည်ဆိုလျှင် ဘယ်လောက်တန်ကြေးရှိသည်ဆိုတာကို သိနိုင်မည်ဖြစ်သည်။ကျုရှင်တစ်လစာ တစ်ဘာသာကို အများဆုံး ၅၀ သာ ပေးရသည့်အချိန်တွင် ငွေတစ်ထောင်က မပြေလည်သော ထိုကလေးမိသားစုအတွက် ဘယ်လောက်တာသွားသလဲဆိုတာ ကျွန်တော်နားလည်သည်။အစောပိုင်းက ဒေါသထွက်မိ၊ ခံပြင်းမိသော်လည်း နောက်တော့ ကိုယ်စာသင်ပေးကတည်းက ဒီလိုရည်ရွယ်ချက်၊ မဏ္ဍပ်တိုင်တက်ချင်သော ရည်ရွယ်ချက်မရှိပဲ ကလေးတစ်ယောက် ဆယ်တန်းစာမေးပွဲကို အောင်စေချင်သည့် စိတ်ရင်းအခြေခံဖြင့် စေတနာသန့်သန့်လုပ်ပေးခဲ့တာဖြစ်သဖြင့် ခွင့်လွှတ်ပေးလိုက်သည်။နောက် ထိုကလေးအဖေဖြစ်သူ၏ အကျင့်စာရိတ္တနှင့် သဘောထားကို သိပ်သဘောမကျသဖြင့် ခပ်တန်းတန်းသာ နေဖြစ်တော့သည်။

ကျွန်တော့်အတွက် ထိုကိစ္စက စာသင်သက်တမ်းတစ်လျှောက် အတော်လေးရိပ်မိုးခဲ့သည်။ဘာရိပ်မိုးခဲ့သလဲဆိုလျှင် စာသင်ပေးသည့်အချိန်နှင့် မအောင်မြင်သေးသည့်အချိန်သာ ကိုယ်နှင့်ဆိုင်ပြီး စာသင်ပြီးနောက်ပိုင်းဖြစ်လာသည့် အောင်မြင်မှုက ကိုယ်နှင့်မဆိုင်ဆိုသည့် စိတ်အခြေခံကိုထားနိုင်သည်အထိ အရိပ်မိုးခဲ့သည်။ကျူရှင်ဆရာလောကတွင်လည်း လည်ပတ်သည့် ဖျံကျသည့် လုပ်စားတတ်သည့် ဆရာအချို့ကြောင့် ဆရာအားလုံး တစ်တန်းတည်းထား ဆက်ဆံခံရသည်မှာ အခံရခက်လျှင် ကိုယ်ပြုစုပျိုးထောင်ပြီး အိတ်စိုက်ကာ သင်ကြားပေးခဲ့သူကို ငွေတစ်ထောင်ဖြင့် အညွှန့်ခူးခံရတာက ဇာတ်တူသားအစားရခံခြင်းအဖြစ် နာကျင်မိမည်ဖြစ်သည်။သို့သော် ဆရာဆိုသည်က တပည့်ဖြစ်သူပြေလည်လျှင် စိတ်ချမ်းသာလျှင် ဘ၀မြင့်မြင့်မားမားမြင်ရလျှင် ကျေနပ်နေသည်မဟုတ်ပါလား။

ဆရာကျော်
သြဂုတ် - ၁၉