【 ဆောင်းပါး 】 “ငယ်ငယ်က ဆောင်း”

【 ဆောင်းပါး 】 “ငယ်ငယ်က ဆောင်း”

ကျနော်တို့တောမှာက ညဆိုရင် စောစောအိပ်လေ့ရှိသည်။ဘာကြောင့် စောစောအိပ်ကြသလဲဆိုတော့ တစ်နေ့တာပင်ပန်းခဲ့သမျှ စိတ်အပန်းဖြေစရာမရှိသ‌လောက် ရှားသဖြင့် ခန္ဓာကိုယ်ကို စောစောစီးစီးအနားပေးခြင်းဖြစ်သည်။
 
အထူးသဖြင့် လျှပ်စီးမီးမရှိခြင်းသည် အပန်းဖြေစရာပါးရှားခြင်း၏ အဓိကအကြောင်းဖြစ်သည်။ကျနော်တို့ငယ်ငယ်က ဘီလူးကျွန်းရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ မီးမရှိသလို ရှိတဲ့ ၅ ရာခိုင်နှုန်းဆိုတာကလည်း လျှပ်စစ်မီးရတယ်ဆိုရုံ ညနေ ၆ နာရီကျော်ကနေ ၉ နာရီအထိ ဝပ်အားမပြည့်သည့်မီးသာ ရရှိခြင်းဖြစ်သည်။ 
 
၁၉၈၀ ကျော်ကာလများတွင် အဖြူအမဲတီဗီပင် မပေါ်သေးသလို ကက်ဆက်ဆိုတာကလည်း ရွှေလိုရှားသဖြင့် လျှပ်စစ်မီးရသော အိမ်များသည်လည်း အပန်းဖြေစရာ ထူးထူးခြားခြားမရှိ။ထို့ကြောင့် တောသားတို့၏ ညရေးညတာ အပန်းဖြေဇိမ်ခံစရာမှာ ဓာတ်ခဲနဲ့ဖွင့်လို့ရသော ရေဒီယိုသာရှိသည်။မြန်မာ့အသံရေဒီယိုကလည်း တောသားတို့အကြိုက် ဇာတ်လမ်းပမာ နားဆင်စရာက စနေနေ့မှသာ ၈ နာရီ သတင်းပြီးချိန်ကနေ ၉ နာရီအထိသာ လာတာမို့ ထိုတစ်ညသာ ၉ နာရီအထိ ရေဒီယိုနား ထောင်ပြီး ဇိမ်ခံရသည်။
 
လသာသောညများတွင် ထုပ်စည်းထိုးခြင်းမျိုး၊ ခြေတစ်ဖောင်ကျိုးကစားခြင်းမျိုးဖြင့် ကလေးတို့သဘာဝ ကစားကြ၊ လူကြီးများက ရောက်တတ်ရာရာ ပြောကြသော်လည်း ည ၈ နာရီကျော်ပြီဆို စကားဝိုင်းသိမ်းကြပြီ။အလွန်ဆုံး ည ၉ နာရီဆို အိပ်ယာထဲရောက်ကြပြီ။ရေနံဆီမီးအိမ်၊ ရေနံဆီမီးခွက်နဲ့သာ ညကိုအားပြုလင်းကြရတာမို့ စောစောအိပ်ခြင်းသည် ရေနံဆီလည်း အကုန်သက်သာသည်။
 
ထို့ကြောင့် တောသားတွေ မနက်စောစောနိုးခြင်းမှာ စောစောအိပ်ခြင်းကြောင့်ဖြစ်သည်။စောစောထတော့စောစောအလုပ်လုပ်ကြရသည်။တောသားတို့၏ အဓိကအလုပ်အကိုင်မှာ နွားနဲ့ဖက်ရုန်းရသော လယ်ယာလုပ်ငန်းနှင့် လုပ်အားအခြေပြု အလုပ်များသာဖြစ်သောကြောင့် စက်နဲ့လုပ်သလိုမမြန်၊ ပြောရလျှင် အချိန်များများပေးနိုင်မှ အလုပ်အသင့်အတင့်ပြီးသည်။ထို့ကြောင့် မနက်လင်းသည်နှင့် လုပ်ငန်းခွင်ဝင်ရခြင်းမှာ တောသားတို့၏ ဘဝပေးဖြစ်သည်။
 
ထိုသို့သော ဘဝပေးအခြေအနေအရ တချို့က မနက်ခင်းရောင်ခြည်ပျိုးလျှင် နိုးလေ့ရှိပြီး ကျနော်တို့ကလေး များက မနက် ၆ နာရီဆို နိုးပြီဖြစ်သည်။ဆောင်းတွင်းတွင် အနွေးထည်ထူထူဝတ်၊ ဂွမ်းစောထူထူနဲ့ သိပ်နှပ်လို့ ကောင်းသော်လည်း တောသားတို့မည်သည် နှပ်ရိုးထုံးစံမရှိ။မနက်ခင်းလင်းလို့မှ မျက်လုံးမပွင့်ဘူးဆိုလျှင် လူတစ်ယောက်မဟုတ်တော့သလို။ကျနော့်အဘွားတို့ဆို နာရီနှိုးစက်တွေ ဘာတွေ ပေးစရာမလို၊ တစ်သက်တာ ကျင့်သားရပြီးသား မျက်လုံးက မနက် ၅ နာရီမခွဲခင် နိုးပြီးသား။
 
ဆောင်းတွင်းရောက်ပြီဆို ပုံမှန်အလုပ်အကိုင်မရှိတော့သော သက်ကြီးရွယ်အိုများက မနက်စောစောထ၊ ချမ်းချမ်းစီးစီးဖြင့် အမှိုက်တွေလှည်းစု၊ ပြီးလျှင် အမှိုက်များကိုမီးရှို့ကာ မီးလှုံလေ့ရှိသည်။ဘာအမှိုက်တွေလဲဆိုတော့ များသောအားဖြင့် ဝါးရွက်များဖြစ်သည်။ဘီလူးကျွန်းမှာက ဝါးပင်တွေသိပ်ပေါသဖြင့် ကြွေကျနေသော ဝါးရွက်ပေါသည်။ထို့ကြောင့် အချမ်းလည်းပြေ အမှိုက်လည်းရှင်း။
 
အခုတော့မသိ၊ ကျနော်ငယ်ငယ်က ဘီလူးကျွန်းဆောင်းမှာ မနက်ခင်းသိပ်အေးလှသဖြင့် မီးလှုံရခြင်းအရသာမှာ စွဲမက်စရာကောင်းလှသည်။ထို့ကြောင့် မနက်ခင်းမျက်နှာသစ်ပြီးလို့ ဈေးသို့သွား မုန့်သွားဝယ်လျှင် အိမ်နောက်ဖေးက မီးပုံကို အရင်ပြေးကပ်မြဲဖြစ်သည်။များသောအားဖြင့် မီးတောက်ကခပ်ကြီးကြီးမို့ နွေးသော အရသာက ခန္ဓာကိုယ်ထဲ ချက်ချင်းစီးဝင်သည်။မီးတောက်ဘက် မျက်နှာမူထားလျှင် နောက်ကျောက အေးစက်စက်။ထို့ကြောင့် ခန္ဓာကိုယ်ကို ရှေ့ဘက်ကင်လိုက် အနောက်ဘက်ကင်လိုက်ဖြင့် မီးပုံဘေးကနေ တော်ရုံနဲ့မခွာနိုင်။မတတ်သာလို့ ခွာရပြီဆိုတော့ နွေးသောအရသာမှသည် အေးသောအရသာက ချက်ချင်းစီးဝင်လာသဖြင့် ခံရခက်လှ။မနက်ခင်းနေရောင်ဖြာကျလာပြီဆိုလျှင်တော့ မီးပုံမှာတစ်ခန်းရပ်ပြီ။မနက်ခင်းနေရောင်က မီးပုံလောက် အနွေးဓာတ်မပေးနိုင်သော်လည်း ဘာမှမနွေးတာထက်စာလျှင် နေရောင်သည်လည်း နှစ်သက်ဖွယ်ရာ။ဆောင်းမနက် ၈ နာရီဆိုတာ အေးစက်နေတုန်းမို့ ကျောင်းသွားဖို့ သနပ်ခါးလိမ်းရတာ အေးစက်စက်ကြီး၊ မကြိုက်ချင်။သို့သော်၊ ခရစ္စမတ်နေ့ မနက်ခင်းတွင်တော့ ကျနော်တို့ကလေးများ၏မျက်နှာ သနပ်ခါးတွေနဲ့ ဝင်းပလို့။
 
မနက် ၈ နာရီလောက်ဆို ကျနော်တို့ ဘီလူးကျွန်း၏ တစ်ခုတည်းသော ခရစ်ယာန်ဘုရားကျောင်းသို့ ပြေးကြပြီ။ဘုရားကျောင်းတည်နေရာက ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်၊ ချောင်းဆုံအထကနဲ့ ချောင်းဆုံပြည်သူ့ဆေးရုံသို့ တက်ရာလမ်းနဲ့ လမ်းဦးတိုက်။ကားလမ်းဘေးတွင် ခြံကအတော်ကျယ်ကာ ခြံထဲတွင် ရှေးသစ်သားအိမ် ၂ လုံးရှိသည်ဟု ထင်၏။
 
ကျနော်နေထိုင်ရာ မြင့်မိုရ်တောင်ဘုရားလမ်းဟောင်း (တောပိုင်း) ကနေ ကားလမ်းမထွက်ပြီးသွားလျှင် နည်းနည်းလှမ်းသည်။ထို့ကြောင့် အတွင်းလမ်းဖြစ်သော ဦးစံဘွားခြံလမ်းအတိုင်း သွားလေ့ရှိသည်။ဦးစံဘွားဆိုတာက ကျနော်တို့အဘိုးဝမ်းကွဲ၊ သူ့ခြံကြီးကကြီးပြီး သစ်ပင်တွေအုပ်ဆိုင်းလွန်းလှသဖြင့် လူကြီးများပင် ညဘက်သိပ်မဖြတ်ရဲသည့်လမ်း။ထိုလမ်းပေါ် အိမ်ကလည်း သိပ်မရှိသဖြင့် နေ့ခင်းပိုင်း လူပြတ်ချိန် ခပ်သုတ်သုတ်ဖြတ်မိမြဲဖြစ်သည်ထိုလမ်းကဖြတ်လျှင် ဘုရားရှိခိုးကျောင်းရောက်ဖို့ ဘာမှမဝေး။ဘုရားကျောင်းရောက်လျှင် ကလေးများတန်းစီထိုင်၊ ရှေ့ကတိုင်ပေးတာလျှောက်ရွတ်။ပြီးရင် သီချင်းဆို။ကျနော်တို့ကလေးများက သံပြိုင်သီချင်းဆိုရတော့ သိပ်ပျော်သည်။အလွန်ဆုံးကြာလှ နာရီဝက်ကျော်။အခမ်းအနားပြီးဆုံးလို့ ပြန်ကြပြီဆိုလျှင် တံခါးဝတွင် လက်ဆောင်ပစ္စည်းများဝေသည်။အဲဒါကတော့ ကျနော်တို့အပျော်ဆုံး။ထို့ကြောင့် ခရစ္စမတ်ဆို နှစ်စဉ် မပျက်မကွက်။လက်ဆောင်ပစ္စည်းက ကလေးများအကြိုက် မုန့်လေး၊ ငါးမျိုး။တစ်ယောက်နဲ့ တစ်ယောက် မုန့်သိပ်မတူ။အိမ်အပြန် ဦးစံဘွားခြံနားရောက်ပြီဆို အထုပ်တွေဖောက်ပြီး သူ့မုန့်ကိုယ့်မုန့် အပြန်အလှန်ကြည့်ကြ၊ နှစ်ဖက်သဘောတူလျှင် သူ့မုန့်ကိုယ့်မုန့်လဲလှယ်ကြ။
 
ကျနော်စိတ်မကောင်းဖြစ်မိတာကတော့ ကျနော့်သူငယ်ချင်း ဘုန်းကြီးကျောင်းသားခမျာ ဆွမ်းခံပြန်ရမယ့်အလုပ်ရှိသဖြင့် ကျနော်နဲ့အတူ ခရစ္စမတ်ပွဲမလိုက်လာနိုင်ခြင်းဖြစ်သည်။သူလည်း ကျနော်တို့လိုကလေးမို့ လိုက်ချင်သည်။ခရစ္စမတ်မုန့်ဝေတာ စားချင်သည်။သို့သော် သူတို့ဘုန်းကြီးကျောင်းသားတွေခမျာ ဟိုးအဝေး ကရင်ပြည်နယ်ကနေ မိဝေး ဖဝေး စစ်ပြေးဒုက္ခသည်များအဖြစ် ဘီလူးကျွန်းတွင် ဘုန်းကြီးကျောင်းသားလုပ်ရင်း ပညာသင်ရရှာသူများမို့ လွတ်လွတ်လပ်လပ်မရှိ။
 
ကျနော်တို့က မနက်အိပ်လို့ကောင်းတုန်းအချိန် မနက် ၄ နာရီဆို မထမနေရ ထရ၊ ပြီးတော့ အိပ်ချင်မူးတူးနဲ့ မနက်ဆွမ်းခံပြန်ထွက်ရ။မနက်ဆွမ်းဆိုတာက ချောင်းဆုံနားက မုရစ်ကြီးရွာအထိ ဆွမ်းခံသွားရသဖြင့် အသွားအပြန်ပေါင်း မရှိဘူးဆို ၃ မိုင်အသာလေး။
 
ကျနော်က ချမ်းချမ်းအေးအေး ဆောင်းရာသီကိုကြည့်တယ်လို့ပြောတော့ သူငယ်ချင်း ဘုန်းကြီးကျောင်းသားက ‘ငါကတော့ ဆောင်းရာသီကို အမုန်းဆုံးပဲ’ဟု ဆိုသဖြင့် ဘာကြောင့်လဲဟု ကျနော်ပြန်မေးမိသည်။
 
‘မင်းစဉ်းစားကြည့်လေကွာ။မနက်ဒီလောက်ချမ်းတာကို ငါတို့က မနက် ၄ နာရီထပြီး ဆွမ်းခံပြန်ရတာ ဘယ်လောက်ချမ်းသလဲ။အဲဒါကြောင့် ငါမုန်းတာ’ တဲ့။
 
ကျနော်ဝမ်းနည်းခဲ့ရသည်။လက်တွေ့ခံစားရသော သူငယ်ချင်းခမျာ ဘယ်လောက်ဝမ်းနည်းရှာလေမလဲ။နောက်တစ်ခါ သူ့ရှေ့မှာ ဆောင်းကိုကြိုက်ကြောင်း ကျနော်ထပ်မပြောတော့ပေမဲ့ ဒီနေ့အထိ ချမ်းချမ်းအေးအေးဆောင်းကို ကျနော်ကြိုက်မြဲဖြစ်သည်။
 
ရန်ကုန်တွင် ကျနော်ကြိုက်သောဆောင်းကို မတွေ့ရတော့သည်မှာ နှစ်အတန်ကြာခဲ့ပြီမို့ ဆောင်းကို သိပ်ရင်မခုန်ဖြစ်တာလည်းကြာပြီ။ကျနော့်သူငယ်ချင်းကရော ဆောင်းရာသီကို အခုချိန်ထိမကြိုက်တုန်းပဲလားဟု ကျနော်သိချင်မိသည်။သို့သော် ကျနော့်သူငယ်ချင်းနဲ့ မတွေ့ရသည်မှာ နှစ်အတော်ကြာ၊ လူ့ပြည်မှာရှိသေးသလားပင် မသေချာ။
 
ငြိမ်းဆက်
ဒီဇင်ဘာ - ၂၅