【 ဆောင်းပါး 】 “ငါလုပ်သလို လိုက်မလုပ်နဲ့”

【 ဆောင်းပါး 】 “ငါလုပ်သလို လိုက်မလုပ်နဲ့”

လောကမှာ “ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့” ဆိုသည့် စကားကို မိဘတော်တော်များများ ပြောဆိုတတ်ကြ၏။သားသမီးအများစုကတော့ ထိုစကားကို လက်မခံချင်ကြပါ။အထူးသဖြင့် မိဘက သားသမီးအပေါ် သုံးနှုန်းတတ်ကြသည့် ထိုစကားကို လူများစုကလည်း အပြစ်တင်ကြ၏။

အပြစ်တင်မည်ဆိုလည်း တင်စရာပါ။မိဘတစ်ယောက်အနေနှင့် မိမိကတော့လုပ်ချင်ရာလုပ်ပြီး သားသမီးကိုတော့ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုတော့ သားသမီးက ပြန်ဝေဖန်ချင်တာ မဆန်းပါ။ပတ်ဝန်းကျင်ကလည်း လက်မခံပါ။

သို့သော်လည်း မိဘက ဘာကြောင့် သည်လိုပြောတာလဲဆိုသည်ကိုတော့ ဝေဖန်ဆန်းစစ်ဖို့လိုမည် ထင်ပါသည်။

တချို့မိဘတွေက သူတို့ကိုယ်တိုင် အပြစ်ကင်းအောင်နေသည်။သားသမီးကိုလည်း အပြစ်ကင်းစေချင်သည်။သူတို့ကိုယ်တိုင်က ကောင်းတာပဲလုပ်သည်။မှန်တာပဲပြောသည်။တရားသဖြင့် တွေးသည်။သူတို့၏သားသမီးများကိုလည်း ကောင်းတာပဲလုပ်စေသည်။မှန်တာပဲပြောစေသည်။တရားသဖြင့် တွေးစေသည်။သူတို့သည် လောကမှာ အမှန်နှင့် အမှား အကောင်းနှင့် အဆိုးကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိထားသူများဖြစ်သည်။သူတို့ကိုယ်တိုင် အမှန်ကိုတွေးသည်။မှန်သောစကားကိုပြောသည်။မှန်တာကိုပဲလုပ်သည်။သူတို့၏သားသမီးများကိုလည်း အမှန်ကိုတွေးစေသည်။မှန်သောစကားကို ပြောစေသည်။မှန်တာကိုပဲ လုပ်စေသည်။မိဘကောင်းများဟု သတ်မှတ်ရမည်ဖြစ်သည်။

မိဘတချို့ကတော့ သူတို့ကိုယ်တိုင်လည်း အပြစ်ကို ပျော်ပျော်ကြီးလုပ်သည်။သားသမီးများကိုလည်း သူတို့လို အပြစ်ကျူးလွန်တတ်အောင် တမင်သင်ပေးကာ သူတို့၏ဆိုးမွေကို လက်ဆင့်ကမ်း၍ပင် ပေးလိုက်ကြသေး၏။သူတို့ကိုယ်တိုင်က ဆိုးတာပဲလုပ်သည်။မှားတာပဲပြောသည်။မတရားသဖြင့် တွေးသည်။သူတို့သားသမီးများကိုလည်း ဆိုးတာပဲလုပ်စေသည်။
မှားတာပဲပြောစေသည်။မတရားသဖြင့် တွေးစေသည်။ထိုမိဘမျိုးကတော့ အကောင်းနှင့် အဆိုးကို ခွဲခွဲခြားခြား မသိရှိပဲ ဆိုးမိုက်နေတာကိုပဲ သူတို့ကိုယ်သူတို့ ဂုဏ်ယူဝင့်ကြွားနေတတ်သော မိဘဆိုးများဖြစ်လေသည်။

တချို့မိဘများကတော့ သူတို့ကိုယ်တိုင် အပြစ်မကင်းသော်လည်း သားသမီးကိုတော့ အပြစ်ကင်းစေချင်သည်။ထိုမိဘမျိုးသည် သူတို့ကိုယ်တိုင်က သူများကို လိမ်လည်လှည့်ပတ်ပြီး စီးပွားရှာကြသော်လည်း သူတို့၏သားသမီးများကိုမူ လိမ်မပြောရန် သူများပစ္စည်းကို မသမာနည်းဖြင့်မယူရန် ဆုံးမကြသည်။သူတို့သည် လိမ်ညာခြင်း သူများပစ္စည်းကို မတရားယူခြင်းတို့ကို မကောင်းမှန်း သိသည်။
ထို့ကြောင့်လည်း သူတို့ကိုယ်တိုင်က အကြောင်းအမျိုးမျိုးကြောင့် ထိုပြစ်မှုမျိုးကို ကျူးလွန်နေမိသော်လည်း သူတို့၏သားသမီးများ ကျူးလွန်မည်ကိုတော့ စိုးရိမ်မိကြသည်။သူတို့ကိုယ်တိုင်က မတရားသောနည်းနှင့် စီးပွားရှာနေသော်လည်း သူတို့၏သားသမီးများကိုတော့ တရားသဖြင့် စီးပွားရှာစေချင်သည်။ထိုသူတို့သည် “ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့” ဆိုသော မိဘအမျိုးအစားတွင် ပါဝင်ပါသည်။

လောကတွင် မိဘအများစုသည် ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုသော မိဘမျိုးဖြစ်သည်။ကိုယ်တိုင်က ခေတ်ပညာကောင်းစွာမတတ်သည့် မိဘအများစုသည် ကိုယ့်သားသမီးများကိုတော့ ခေတ်ပညာတတ် ဖြစ်စေချင်ကြသည်။ကိုယ်က စာမကြိုးစားခဲ့သော်လည်း သားသမီးကိုတော့ စာကြိုးစားစေချင်သည်။ကိုယ်က မကြာခဏရန်ဖြစ်တတ်သော်လည်း သားသမီးကိုတော့ ရန်မများစေချင် ရန်မပွားစေချင်ကြ။ကိုယ်က အရက်မပြတ်သောက်တတ်သော်လည်း သားသမီးကိုတော့ အရက်သမား ဆေးသမား မဖြစ်စေချင်ကြ။ကိုယ်က လောင်းကစားသမားဖြစ်နေသော်လည်း ကိုယ့်သားသမီးကိုတော့ ကိုယ့်လို လောင်းကစားသမားဖြစ်မှာကို စိုးရိမ်တတ်ကြသည်။

ကြည့်မြင်တိုင် ကျူရှင်တစ်ခုမှာ စာသင်စဉ်ကဖြစ်သည်။ကျူရှင်က ကိုးတန်းနှင့် ဆယ်တန်း ဘာသာစုံသင်သည်။ကိုးတန်းက တစ်ခန်းတည်းသာရှိသည်။ဆယ်တန်းက သုံးခန်းရှိသည်။ပထမဆုံး ဆယ်တန်းစီမှ တရုတ်လေးဟုခေါ်သော ဆယ်တန်းကျောင်းသားတစ်ယောက်အကြောင်း ပြောချင်ပါသည်။

သူ့အဖေက တရုတ်ကပြားတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ဗမာပုံစံထက် တရုတ်ပုံစံ ပို၍ပေါက်နေသဖြင့် သူ့ကို တရုတ်လေးဟု ခေါ်ကြသည်။သူက ဖေါ်ဖေါ်ရွေရွေနေတတ်ပြီး စိတ်သဘောလည်းကောင်းသောကြောင့် ကျောင်းသားအားလုံးနှင့် ဆရာ၊ ဆရာမအားလုံးက သူ့ကိုချစ်ခင်ကြသည်။ပင်ကိုယ်ဉာဏ်ကောင်းသော်လည်း ဟေးလားဝါးလားလုပ်ချင်သည်။
သူ့အောက်မှာ ညီမလေးနှစ်ယောက်ရှိသည်။ညီမအကြီးက ခြောက်တန်း ညီမအငယ်က လေးတန်းဖြစ်သည်။သူ့အမေကတော့ မြန်မာအမျိုးသမီးဖြစ်သည်။

အတန်းပညာ ဆယ်တန်းအထိ တက်ခဲ့သော်လည်း နှစ်နှစ်ကျပြီး ဆက်မဖြေဖြစ်တော့။သူ့အဖေကို မိဘများက ကျောင်းထားသော်လည်း စာကိုစိတ်မဝင်စား၍ ကျောင်းခဏခဏပြေးသည်။ခုနှစ်တန်းတက်သည့်နှစ်မှာ အိမ်မှထွက်ပြေးသည်။မိဘများကလိုက်ရှာပြီး ပြန်တွေ့တော့ ကျောင်းမနေချင်ကြောင်းပြောသဖြင့် ကျောင်းဆက်မထားဖြစ်တော့ပေ။သူ့အဖေက ဆိုက်ကားနင်းသည်။သူ့အမေက အိမ်မှာပင် သားသမီးသုံးယောက်နှင့် အိမ်ထောင်ကိုထိန်းသိမ်းသည်။သူ့အဖေက ညတိုင်းအရက်သောက်သည်။ငယ်စဉ်ကပင် အရက်ကို စွဲစွဲမြဲမြဲသောက်ခဲ့သူဖြစ်ကြောင်း သိရသည်။တရုတ်ကြီးက သူကိုယ်တိုင်အရက်သောက်သော်လည်း သူ့သားကိုတော့ အရက်မသောက်ရဟု တားမြစ်ထားကြောင်း သိရသည်။

တစ်ရက် တရုတ်လေး ကျူရှင်လာတော့ ကွတကွတနှင့် လမ်းလျှောက်လာလို့ တခြားကျောင်းသားများက အကျိုးအကြောင်းမေးရာ သူထန်းရည်သောက်တာကို သူ့အဖေမိသွားလို့ အရိုက်ခံထားရကြောင်း သိရသည်။သူ့သား ကျူရှင်ချိန်တွင်လည်း တစ်နေ့လျှင် အနည်းဆုံး နှစ်ခေါက်တော့ သူ့သား ကျူရှင်တက်၊ မတက် လာလာကြည့်သည်။ကျွန်တော်တို့ကျူရှင်မှ ဆရာများ ဘတ်စ်ကားဂိတ်မှ ကျူရှင်ကိုလာသည်နှင့်ကြုံလျှင် တရုတ်ကြီး က သူ့ ဆိုက်ကားနှင့် တင်ခေါ်လာတတ်သည်။ပိုက်ဆံပေးလည်းမယူပါ။သူလက်ဖက်ရည်ဆိုင်ထဲမှာ လက်ဖက်ရည်သောက်နေတုန်း ကျွန်တော်တို့က ဆိုင်ရှေ့မှဖြတ်လျှောက်လာတာတွေ့လျှင်လည်း ဆိုင်ထဲမှထွက်လာပြီး လက်ဖက်ရည်အတင်းခေါ်တိုက်သည်။သည်လိုနှင့် ကျွန်တော်တို့လည်း သူနှင့်အတော်ရင်းနှီးလာခဲ့သည်။သည်တော့မှ သူငယ်စဉ်က ကျောင်းစာကို လုံးဝစိတ်မဝင်စားခဲ့ကြောင်း အရက်သောက် ဖဲရိုက် ရန်ဖြစ်ရန်သာ စိတ်ဝင်စားကြောင်း ပြောပြသည်။သားသမီးတွေကိုတော့ ပညာတတ်ဖြစ်စေချင်ကြောင်း အထူးသဖြင့် သားကြီးကို သူ့လို လူတေလူပေမဖြစ်ပဲ အကျင့်စာရိတ္တကောင်းသော ခေတ်ပညာတတ်တစ်ယောက် ဖြစ်စေချင်ကြောင်း ပြောသည်။သားဖြစ်သူကိုလည်း ဂရုစိုက်ဆုံးမပေးရန် တောင်းပန်သည်။သား၏ပညာရေးနှင့်ပတ်သက်လို့လည်း အတတ်နိုင်ဆုံးကူညီပေးပါရန်နှင့် ငွေကြေးသာတတ်နိုင်လျှင် အိမ်မှာဝိုင်းခေါ်သင်ချင်ကြောင်း ပြောသည်။

ကျွန်တော်တို့အနေနှင့်လည်း ကိုယ်တပည့်ကိစ္စလည်းဖြစ် မိဘကိုယ်တိုင်က သားသမီး၏ပညာရေးကို ဂရုတစိုက်ရှိနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြသည်။တစ်နာရီစာ တစ်နာရီခွဲစာ နှစ်နာရီစာ စသည်ဖြင့် လေ့ကျင့်ရန်မေးခွန်းများထုတ်ကာ သူ့ကိုပေးလိုက်သည်။သူက ညဖက် သူ့သားကိုဖြေခိုင်းသည်။သူ့သားဖြေလို့ မပြီးမချင်း ထိုင်စောင့်နေသည်။ဖြေပြီးသားစာရွက်နှင့် မေးခွန်းကိုပူးကာ သိမ်းသည်။နောက်နေ့တွေမှာ ကျွန်တော်တို့ကိုပေးသည်။ကျွန်တော်တို့က စစ်ဆေးပြီး အမှတ်ပေးလိုက်သည်။သူက ထိုအမှတ်ကိုကြည့်ကာ သူ့သားကိုသတိပေးခြင်း ဆူပူကြိမ်းမောင်းခြင်းများ ပြုလုပ်သည်။သူကိုယ်တိုင်လည်း အရက်မဖြတ်နိုင်သော်လည်း မိတ်ဆွေများနှင့် အရက်ဆိုင်မှာထိုင်သောက်ခြင်း လုံးဝမပြုလုပ်တော့ပဲ ဆိုင်ထဲဝင် အရက်ခွက်ကို ဆတ်ခနဲမော့ကာ ပြန်ထွက်လာကြောင်း ဖဲကစားခြင်း ချဲထီထိုးခြင်း ဘောလုံးပွဲလောင်းခြင်းတို့ကို လုံးဝမပြုလုပ်တော့ကြောင်း ပြောပြသောအခါ ကျွန်တော်တို့ သူ့ကိုသနားပြီး စိတ်ထဲမှလည်း ချီးကျူးမိပါသည်။

နောက်ဆုံး အောင်စာရင်းထွက်သောအခါ တရုတ်ကြီး၏သား တရုတ်လေးသည် မြန်မာစာမှအပ ကျန်ငါးဘာသာ ဂုဏ်ထူးနှင့် အောင်မြင်ခဲ့ပါသည်။အမှတ်တရအနေနှင့် ကျွန်တော်တို့ကျူရှင်လည်း နာမည်ကောင်းရပြီး နောက်နှစ်မှာ ကျောင်းသားပိုတိုးလာခဲ့ပါသည်။

အမှားကျူးလွန်သူတစ်ယောက်က ထိုအမှားကို အမှားဟုသိရှိကာ ဆင်ခြင်မိလိုက်သည်။ထိုလူကို လူလိမ္မာဟုပင်ခေါ်နိုင်ကြောင်း ဘုရားရှင်က ဟောကြားထားသည်။မိမိမှားသည်ကို မှားမှန်းသိသူသည် လူကောင်းတစ်ယောက် မဟုတ်ခဲ့သော်လည်း လူတော်တစ်ယောက်အဖြစ် သတ်မှတ်ရပေလိမ့်မည်။

ထိုလူတော်သည် သူကမှားခဲ့ဖူးသည့်တိုင် သူ့သားသမီးများကိုတော့ အမှားကျူးလွန်စေမည်မဟုတ်ဘဲ အနည်းဆုံး ‘ငါလုပ်သလို လိုက်မလုပ်နဲ့’ လို့ ပြောဆိုဟန့်တားမှာ သေချာပါသည်။

ရိုက်မောင်း
အောက်တိုဘာ - ၁၃