【 ဆောင်းပါး 】 “စာရိတ္တမဏ္ဍိုင် မယိုင်စေနဲ့”

【 ဆောင်းပါး 】 “စာရိတ္တမဏ္ဍိုင် မယိုင်စေနဲ့”

ဖတ်ဖူး မှတ်ဖူးသည့် အင်္ဂလိပ်အဆိုအမိန့်လေးတစ်ခုနှင့် စတင်ချင်ပါသည်။
           When wealth is lost, nothing is lost.
           When health is lost, something is lost.
           When character is lost, everything is lost.

           စည်းစိမ်ဥစ္စာ ဆုံးရှုံးသွားတဲ့အခါ ဘာမှမဆုံးရှုံးသေးပါ။
           ကျန်းမာခြင်း ဆုံးရှုံးသွားတဲ့အခါ တစ်ခုခုဆုံးရှုံးရပါပြီ။
           ကိုယ်ကျင့်တရား ဆုံးရှုံးသွားရင်တော့ အရာအားလုံး ဆုံးရှုံးသွားပါတော့သည်။

တကယ့်ကို မှန်ကန်သည့်အဆိုအမိန့်ဖြစ်ကြောင်း အသက်အရွယ်ရလာသည်နှင့်အမျှ ပိုပြီးသိလာရပါသည်။

လူများစုက ငွေကြေးပစ္စည်းဥစ္စာ ဂုဏ်ဓနကို မက်မောတတ်ကြသည်။ငွေကြေးချို့တဲ့ခြင်းသည် အနေအစားဆင်းရဲတာမှန်သော်လည်း လူ့တန်ဖိုးလျော့မသွားပါ။ကိုယ်ကကျန်းမာနေလျှင် သမာအာဇီဝနည်းနှင့် တစ်ဝမ်းတစ်ခါးတော့ မငတ်ရုံ ရှာဖွေစားသောက်လို့ရနိုင်ပါသည်။ကိုယ်ကသာ ကိုယ်ကျင့်တရားမပျက်လျှင် ဆင်းရဲလို့ မခေါ်ချင် မပြောချင် မဆက်ဆံချင်သာနေမည် ဘယ်သူကမှ မမုန်းတီးပါ။မနာကြည်းပါ။အထင်မသေးပါ။

ကျန်းမာရေးမကောင်းလျှင် တစ်ခုခုဆုံးရှုံးပြီဆိုတာလည်း မှန်ပါသည်။ကိုယ်က ကျန်းမာရေးမကောင်းလျှင် သူများစားသလိုမစားနိုင် သူများသွားသလိုမသွားနိုင်ဘဲ စိတ်သွားတိုင်း ကိုယ်မပါတော့ပါ။သို့သော်လည်း စိတ်ကိုဖြူဖြူစင်စင်ထားပြီး ကိုယ်ကျင့်တရားမပျက်သည့်အတွက် ပတ်ဝန်းကျင်မှာတော့ မျက်နှာမငယ်ရပါ။

ပိုက်ဆံဘယ်လောက်ချမ်းသာချမ်းသာ ကျန်းမာရေးဘယ်လောက်ကောင်းကောင်း ကိုယ်ကျင့်တရားပျက်ပြားနေသူကိုတော့ ဘယ်သူကမှ မယုံကြည်ပါ။အထင်မကြီးပါ။ကိုယ်ကျင့်တရားပျက်ခြင်းသည် အကုသိုလ်ကျူးလွန်မိခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့် သံသရာခရီးမှာ အကုသိုလ်ကြွေးတင်သွားပါပြီ။လောကအလယ်မှာလည်း မျက်နှာငယ်ရပါသည်။အပြင်ပန်းအရသာ ကိုယ့်ကိုအလိုက်အထိုက်ဆက်ဆံနေကြသော်လည်း ကွယ်ရာမှာတော့ နှစ်ပြားမတန်အောင် ဝေဖန်ပြောဆိုနေကြမည်ဖြစ်ပါသည်။

ကိုယ်နှုတ်ကို ယဉ်ကျေးအောင် ထိန်းကွပ်ပေးသော သက်ဆိုင်ရာကျင့်ဝတ်သီလများသည် ကိုယ်ကျင့်တရားပင်ဖြစ်သည်။ကိုယ်ကျင့်တရားသည် လူတစ်ယောက် နေ့စဉ်ပြောဆိုပြုမူသည် အကျင့်စာရိတ္တ တစ်နည်းအားဖြင့် ကိုယ်ကျင့်သီလပင်ဖြစ်သည်။ကိုယ်ကျင့်တရားရှိသောသူသည် ယဉ်ကျေးသူဖြစ်ပြီး မိမိကိုယ်တိုင်လည်း စိတ်ချမ်းသာမည်။မိမိပတ်ဝန်းကျင်ရှိလူများ၏ လေးစားမှုကိုလည်း လက်ခံရရှိမည်ဖြစ်သည်။တကယ်တော့ ကိုယ်ကျင့်တရားသည် ကိုယ်တိုင်စောင့်ထိန်းရသည့် သီလတရားပင်ဖြစ်သည်။

သီလစောင့်ထိန်းသောသူသည် သူကိုယ်တိုင်အပြစ်ကင်းစင် ငြိမ်းချမ်းနေရုံသာမက လောကပတ်ဝန်းကျင်ကိုလည်း အေးချမ်းမှုပေးပါသည်။သီလစောင့်ထိန်းထားသောသူသည် အနည်းဆုံး သူများအသက်မသတ်ပါ။သူများဥစ္စာမခိုးပါ။သူများအိမ်ရာမပြစ်မှားပါ။လိမ်လည်ပြောဆိုခြင်းမရှိပါ။အရက်သေစာမသောက်စားပါ။သို့ဖြစ်၍ သီလရှိသူကြောင့် မည်သူမျှအနှောင့်အယှက်မဖြစ်စေပါ။သီလရှိသောသူကိုလည်း ဘယ်သူကမှ ဒုက္ခမပေးကြပါ။အကယ်၍ သီလရှိသူအပေါ် မတရားအနိုင်ကျင့်ကာ ဒုက္ခတွေပေးလာလျှင်တော့ ထိုအနိုင်ကျင့်သူအပေါ် အနှိုင်းမဲ့အန္တရာယ်တွေ ကျရောက်နိုင်ပါသည်။

ငါးရာ့ငါးဆယ်လာ မဏိစောရဇာတ်အကြောင်း ပြောချင်ပါသည်။ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းအုပ်ချုပ်သည်။ဘုရားလောင်းသည် ဗာရာဏသီမြို့တော်မှ အတန်ဝေးသောရွာမှ သူကြွယ်မျိုးဖြစ်၏။အရွယ်ရောက်သောအခါ ဗာရာဏသီမြို့သူ သုဇာတာမည်သော အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့သည်။သုဇာတာသည် ရွှေအဆင်းကဲ့သို့ ဝင်းပသောအသားအရေနှင့် နတ်သမီးကဲ့သို့ ရှုမငြီးသော ရုပ်ရည်ရှိသည်။မိန်းမပီသပြီး ကိုယ်ကျင့်တရားကောင်းမွန်၍ သီလကို အသက်ထက်မြတ်နိုးစွာ စောင့်ထိန်းသည်။ယောင်္ကျားကို လေးလေးစားစားဆက်ဆံသလို ယောက္ခမများကိုလည်း မိဘအရင်းကဲ့သို့ ရိုရိုသေသေနှင့် ဂါရဝတရားထားကာ ပြုစုယုယသည်။

တစ်ခါသော် သုဇာတာသည် မိဘများကိုကန်တော့ရန် သူကြွယ်ယောင်္ကျားထံ ခွင့်တောင်းသည်။သို့နှင့် လင်မယားနှစ်ယောက် လူကြီးများကိုကန်တော့ရန် မုန့်များ အစားအသောက်များ ပြင်ဆင်ပြီး လှည်းနှင့်ထွက်ခဲ့ကြ၏။ဗာရာဏသီမြို့အဝင်တွင် ဗြဟ္မဒတ်မင်း တိုင်းခန်းလှည့်လည်တာနှင့် ကြုံရလေသည်။ဗြဟ္မဒတ်မင်းသည် ဆင်ထက်မှလိုက်ပါလာရင်း အများအလယ်တွင် ရုပ်ရည်အဆင်းလှပခြင်းနှင့် ပြည့်စုံသော သုဇာတာ၏ ဝင်းဝင်းပပမျက်နှာလေးကို မြင်ရသောခဏတွင် အစွဲလမ်းကြီး စွဲလမ်းသွားလေတော့သည်။မှူးမတ်များကိုအမိန့်ပေး၍ သုဇာတာမှာ ပိုင်ရှင် လင်ယောင်္ကျားရှိ၊ မရှိ စုံစမ်းစေသည်။အမတ်များက စုံစမ်းပြီးနောက် လှည်းမောင်းလာသော အမျိုးသားသည် သုဇာတာ၏ လင်ယောင်္ကျားဖြစ်ကြောင်း ပြန်လည်လျှောက်တင်သည်။ကိလေသာအာရုံအမှောင်ကမ္ဘာမှာ နစ်မျောသွားပြီဖြစ်သော ဗြဟ္မဒတ်မင်းသည် သုဇာတာ ကို မတရားသိမ်းပိုက်ရမှသာ သူ့အလိုပြည့်မှာဖြစ်၍ လင်ယောင်္ကျားဖြစ်သူကို အသေသတ်ရန် ကြံစည်လေတော့သည်။

ဗြဟ္မဒတ်သည် သူ့ရဲမက်တစ်ယောက်ကိုခေါ်ကာ သူ၏ပတ္တမြားဦးသျှောင်ကို သုဇာတာ၏လှည်းမှာ အသာသွားဝှက်ခိုင်းသည်။ထိုရဲမက်က ဝှက်ထားပြီးကြောင်း ပြန်သတင်းပို့သောအခါ သူ့လူများကို သူ့ပတ္တမြားဦးသျှောင် ပျောက်ဆုံးသွား၍ နေရာအနှံ့ရှာရန် အမိန့်ထုတ်လိုက်သည်။ထိုနေရာပတ်ဝန်းကျင်တစ်လျှောက်မှာ လူတွေအုတ်အုတ်ကျက်ကျက်ဖြစ်ကုန်သည်။ဘုရင့်ရဲမက်များသည် မြို့တံခါးကိုပိတ်လိုက်ကာ အနီးပတ်ဝန်းကျင်ရှိ လူများနှင့် လှည်းများကို စစ်ဆေးလေတော့သည်။

မကြာမီမှာပင် ပတ္တမြားဦးသျှောင်ကို ဝှက်ထားခဲ့သော ရဲမက်က သုဇာတာ၏လှည်းကို ရပ်တန့်စေပြီး သူဝှက်ထားသော ပတ္တမြားဦးသျှောင်ကိုဆွဲယူကာ သုဇာတာ၏ ယောင်္ကျားကို ကြိုးနှင့်တုပ်နှောင် ဖမ်းဆီးလိုက်သည်။ထို့နောက် ဗြဟ္မဒတ်မင်းကြီးထံ ခေါ်ဆောင်သွားကာ ပတ္တမြားဦးသျှောင် သက်သေနှင့်တကွ အပ်နှံသောအခါ ဗြဟ္မဒတ် က ပတ္တမြားဦးသျှောင်ခိုးသူကို ရိုက်နှက်၍ လည်ပင်းဖြတ်သတ်ရန် အမိန့်ချမှတ်လိုက်လေသည်။

ဘုရင့်ရဲမက်များက သူကြွယ်ကို တစ်လမ်းလုံးရိုက်နှက်ကန်ကျောက်ကာ တောင်ဘက်တံခါးမှထွက်ပြီး လူသတ်ကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။သုဇာတာလည်း လှည်းယာဉ်ကိုထားခဲ့ကာ သူကြွယ်၏နောက်မှ ငိုယိုကာ လိုက်ပါသွားသည်။ လူသတ်ကုန်းသို့ရောက်သောအခါ သူကြွယ်ကို ကျောက်ပြားထက်၌ ပက်လက်လှန်လျက် ခေါင်းဖြတ်ရန် ပြင်ဆင်ကြသည်။

သုဇာတာလည်း အပြစ်မရှိသော လင်ယောင်္ကျားဖြစ်သူ မတရားအသက်ဆုံးရတော့မှာကို လုံးဝမခံမရပ်နိုင်ဖြစ်သော်လည်း အကူအညီကင်းမဲ့နေသောအဖြစ်ကို ဝမ်းနည်းယူကြုံးမရဖြစ်နေမိသည်။နောက်ဆုံးတွင် သုဇာတာသည် သူစောင့်ထိန်းထားသော သီလကိုဆင်ခြင်၍ ဒီလောကမှာ သီလကို အသက်ထက် တန်ဖိုးထားစောင့်ထိန်းပြီး ရိုးရိုးသားသားနေသူတို့ကို နိုင်ထက်စီးနင်းညှဉ်းဆဲကြသော သီလမရှိသည့် လူယုတ်မာတို့ကိုတားဆီးမည့် နတ်သိကြားများ မရှိလေရော့သလားဟု တိုင်တည်ငိုကြွေးလေသည်။

သိကြားမင်း၏ ဗန္ဒုကမ္ဗလာမြကျောက်ဖျာ တင်းတော်မူသဖြင့် လူ့ပြည်ကိုကြည့်လိုက်ရာ သီလစောင့်ထိန်းထားသည့် သုဇာတာ က သူ့သီလကိုထုတ်ဆိုကာ နတ်သိကြားများကိုတိုင်တည်ကြောင်း သိရလေသည်။အဘယ်အကြောင်းကြောင့် ယခုလိုတိုင်တည်သည်ကို သတိထားကြည့်လိုက်သည်။

ထိုအခါ ယုတ်မာသောအကြံအစည်နှင့် ရက်စက်စွာပြုမူနေသော ဗြဟ္မဒတ်ကြောင့်ဖြစ်သည်ကို သိလိုက်ရသည်။ထိုအခါ သီလရှိသူများဘက်မှ တရားသဖြင့် ရပ်တည်ပေးရတော့မည်ဟုဆင်ခြင်ကာ သူ၏ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် သူကြွယ်နှင့် ဗြဟ္မဒတ် ကို နေရာချင်းလဲလှယ်လိုက်သည်။ဗြဟ္မဒတ် ကို သူကြွယ့်အဝတ်အစားများနှင့် ကျောက်ဖျာပေါ်မှာ ပက်လက်အနေအထားဖြစ်စေကာ သူကြွယ်ကို ဘုရင့်တန်ဆာများဝတ်ဆင်ပြီး ဆင်ထက်မှာ တင်ပေးလိုက်သည်။ဗြဟ္မဒတ်၏ ရဲမက်များက ဗြဟ္မဒတ် ကို သူကြွယ်ထင်မှတ်ကာ ခေါင်းဖြတ်သတ်လိုက်လေသည်။

မှူးမတ်ပြည်သူအားလုံးက သူကြွယ်ကို သိကြားပေးသောဘုရင်အဖြစ် အသိအမှတ်ပြုကာ ခစားကြလေတော့သည်။သူကြွယ်နှင့် သုဇာတာလည်း ဘုရင်နှင့် မိဖုရားကြီးအဖြစ် တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်သွားပါတော့သည်။

ဇာတ်ပေါင်းသောအခါ မတရားမင်းဖြစ်သည့် ဗြဟ္မဒတ်သည် ဒေဝဒတ်လောင်းဖြစ်ပြီး သုဇာတာ၏ ယောင်္ကျား သူကြွယ်သည် ဘုရားလောင်းဖြစ်သည်။သုဇာတာသည် ယသော်ဓယာလောင်းဖြစ်သည်။

‘တောင်ဇလပ်ပန်း စန္ဒကူးပန်းတို့၏ ရနံ့သည် သာမန်မျှသာဖြစ်၍ သီလရှိသူတို့၏ သီလရနံ့သည်ကား ထူးကဲမွန်မြတ်သဖြင့် နတ်ပြည် ဗြဟ္မပြည်သို့တိုင် ရနံ့ကြိုင်လှိုင်ပျံ့နှံ့သည်’ ဟု မြတ်စွာဘုရားရှင်က အကျင့်သီလနှင့်ပတ်သက်၍ ဟောကြားတော်မူခဲ့သည်။

တကယ်တော့ အကျင့်စာရိတ္တကောင်းမွန်မှုသည် လူသားတို့၏ အဓိကမဏ္ဍိုင်ဖြစ်သည်။လူသားအားလုံးသာ ကိုယ်ကျင့်တရားကောင်းမွန်နေပါက တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဆိုင်မှုတွေ ရန်လိုမှုတွေ ဖြစ်ပေါ်လာမှာ မဟုတ်တော့ပါ။သို့သော်လည်း လူတချို့သည် အတော်အတ္တကြီးကြပါသည်။သူတို့တစ်ယောက်ထဲတစ်စုထဲသာ ကောင်းစားချင်ပါသည်။သူတို့သာ နာမည်ဂုဏ်သတင်း ကျော်စောထင်ရှားပြီး လုပ်ပိုင်ခွင့်တွေအကုန်ယူကာ အများ၏ကြောက်ရွံ့မှု အသနားခံမှုကို အလိုရှိကြပါသည်။တစ်ယောက်ထဲကောင်းစားဖို့ နာမည်ဂုဏ်သတင်းကျော်စောဖို့ ကြိုးစားမှုသည် တရားမျှတလျှင် ပြဿနာမရှိသော်လည်း နာမည်ကြီးပြီးရောဆိုပြီး လုပ်ချင်တာလုပ်နေလျှင်တော့ အကျင့်စာရိတ္တပျက်ပြားကာ မတရားပြောဆိုရတာမျိုး မတရားလုပ်ရတာမျိုးတွေ ရှိလာတတ်ပါသည်။

အကျင့်စာရိတ္တကောင်းသော သာမန်လူတစ်ယောက်သည် လောကမှာ အနေဖြောင့်ပါသည်။အသေဖြောင့်ပါသည်အကျင့်စာရိတ္တမကောင်းသူကတော့ တခြားဘယ်လိုဂုဏ်သိက္ခာတွေရှိရှိ အနေလည်းမဖြောင့်နိုင်ပါ။အသေလည်းမဖြောင့်နိုင်ပါ။ပြုသင့်သည်ကိုမပြုမိ မပြုသင့်သည်ကိုပြုမိသည့်အတွက် အချိန်လွန်မှ နောင်တတစ်ဖန် ပူပန်နေရပါလိမ့်မည်။

John Wooden ၏ အဆိုအမိန့်လေးနှင့် အဆုံးသတ်ချင်ပါသည်။

'Be more concerned with your character than your reputation, because your character is what you really are while your reputation is merely what others think you are.'

'သင်၏ဂုဏ်သတင်းကျောစောမှုထက် သင်၏အကျင့်စာရိတ္တကို ပိုမိုဂရုစိုက်ပါ။အဘယ်ကြောင့်ဆိုသော် သင်၏အကျင့်စာရိတ္တသည် သင်၏အစစ်အမှန်ဖြစ်ပြီး ဂုဏ်သတင်းကမူ အခြားသူများက သင့်အပေါ်ထားရှိသည့် သူတို့၏ထင်မြင်ချက်မျှသာတည်း။

ရိုက်မောင်း
ဖေဖော်ဝါရီ - ၈