【 ဆောင်းပါး 】 “စိတ်နှလုံးကောင်းနဲ့ ပြင်ကြမယ်”

【 ဆောင်းပါး 】 “စိတ်နှလုံးကောင်းနဲ့ ပြင်ကြမယ်”

ရပ်ကွက်ထဲ မနက်ပိုင်း လက်ဖက်ရည်ဆိုင်ထိုင်လေတိုင်း ကျနော်ထိုင်သောဝိုင်းသို့ ကူးလာတတ်သည့် အသိတစ်ယောက်ရှိသည်။ထိုအသိဖြစ်သူမှာ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ်နေသူလည်းဖြစ်ပြီး ပညာတတ်တစ်ဦးလည်းဖြစ်သည်။ ၈၈၊ ၉၆၊ ၂၀၀၇ စသည့်ကာလများကို ဖြတ်သန်းခဲ့ရဖူးသူ၊ တိုင်းပြည်တိုးတက်ဖို့အတွက်ဆိုသည့် အတွေးများဖြင့် ရှင်သန်နေထိုင်ခဲ့ဖူးသူတစ်ဦးအဖြစ် နရသိန်ထဲ ကာလတချို့နေထိုင်ခဲ့ဖူးသူ။ထိုအသိက ကျနော့ကိုတော့ တော်တော်ခင်သည်။မိသားစုစီးပွားရေးအခြေအနေအရ သူကိုယ်တိုင်ဦးစီး၍ လုပ်ကိုင်ရှာဖွေနေရသဖြင့် နိုင်ငံရေးမှဝေးကွာနေသော်လည်း ကျနော်နှင့်ကြုံလေတိုင်း ယခုဖြစ်ပျက်နေသည့် အဖြစ်အပျက်များစွာကို ကျနော့ဆီကနေတစ်ဆင့် မျက်ခြေမပြတ်အောင် မေးမြန်းလေ့ရှိသည့်။တစ်ခါတစ်ရံ ထိုအသိက ကျနော့ကို သူတွေးမိတာ၊ မြင်မိတာ သူဖြစ်စေချင်သည့်စိတ်အကြံတွေကို ပြောပြတတ်သည်။

ယခုရက်ပိုင်းအတွင်း ကျနော်နှင့်တွေ့တော့ ထိုအသိက ကျနော့ကို စကားတစ်ခွန်းပြောသည်။

“ငါတို့ ဘာကြောင့် ဒီလိုခေတ်ဆိုးကြုံနေရတာလဲကွာ” ဟု စိတ်မကျေမချမ်းနှင့်ဆိုသည်။ထိုအသိဆိုတာက ဒီကာလအတွင်းတွေ့ရသည့် နှလုံးသွေးရပ်မတတ်ဖြစ်ရပ်တွေ၊ သေဆုံးမှုတွေ၊ ရောဂါတွေ၊ သတ်ဖြတ်မှုတွေ၊ မရေရာမှုတွေ သူ့စိတ်ထဲအလိုမကျတာတွေကို မတရားတာတွေကို ရည်ညွှန်း၍ မချိတင်ကဲဆိုခြင်းဖြစ်သည်။အမှန်တကယ်လည်း ယခုရက်ပိုင်း တွေ့ရမြင်ရသည်တွေက ထိုအသိဆိုသလို ရူးသွပ်စက်ဆုတ်စရာ။ပြီးတော့ “လူတွေမှာ စိတ်ကောင်းနှလုံးကောင်း မရှိကြတော့ဘူးလားကွာ” ဟု ကျနော့ကိုဆိုသည်။

သူပြောမှ လူတွေရဲ့အကြောင်းကို ပြန်တွေးမိသည်။ကျနော့ပတ်ဝန်းကျင်တွင်ရှိခဲ့သည့်သူတွေရော၊ တခြားသောသူတွေရော။ဒီကာလတွင် လူတွေအကြောင်းကို သေသေချာချာသိရသည်။ကောင်းမည်ထင်သောသူတွေ၏ မထင်ထားသည့် စိတ်ဓာတ်ပိုင်းဆိုင်ရာယုတ်ညံ့မှုကိုတွေ့ရသလို တချို့တွေ၏ မထင်ထားသော စိတ်ဓာတ်မွန်မြတ်မှုကိုလည်း တွေ့ရသည်။မရှိ ရှိတာမျှစားဆိုသည့် စိတ်ဓာတ်အရင်းခံကို ကောင်းစွာတွေ့ရသကဲ့သို့ ရသည့်အချိန် ဘယ်သူသေသေမထူး၊ ငါရဖို့ကအရေးကြီးသည်ဆိုသောသူတွေကိုလည်း တွေ့ရသည်။ဘာပဲဖြစ်ဖြစ် ဒီအချိန်တွင် စိတ်နှလုံးကောင်းရှိသူဆိုတာ အလွန်ရှားပါလားဆိုတာကို သိရသလို လူကောင်းဆိုတာ ပညာတတ်၊ ချမ်းသာသူ၊ ရုပ်ပြကောင်းကောင်းဖြင့် အများက လူကောင်းလူမှန်ဟု လက်ခံထားသူတွေလည်း လူကောင်းမဟုတ်တာ သိခဲ့ရသည်က အဆိုးထဲက အကောင်းပင်ဖြစ်သည်။

ကျနော်တို့ပတ်ဝန်းကျင်တွင်၊ ကျနော်တို့ လူ့အဖွဲ့အစည်းတွင် ယခင်က တရားဓမ္မသမားဟုထင်ရသည့်သူတွေ၊ ဘုရားရိပ် တရားရိပ်မှာနေထိုင်ပြီး တရားစကား ဘုရားစကားပြောခဲ့သူတွေ၏ အတွင်းကဆိုးယုတ်သောစိတ်ကို မြင်ရသလို အမှန်တကယ် တရားအတိုင်း၊ ဓမ္မအတိုင်းနေသူတွေ၊ မှန်သည့်အတိုင်းနေရဲသည့် မထင်ထားသည့်သူတွေကိုလည်း ဒီကာလမှာတွေ့ရသည်။
ဖောက်လွဲဖောက်ပြန် ယခုကာလတွင် လူတိုင်းဖောက်လွဲဖောက်ပြန်ရှိကြသည်မဟုတ်ဘဲ အရေခြုံသူတွေ၊ သူတော်ကောင်းတရား များများပြောကြသူတွေက ပိုပြီးဖောက်လွဲဖောက်ပြန် ကိုယ်ကျိုးရှာကြသည်ကိုတွေ့ရသည့်အခါ တရားဓမ္မ၊ ဘုရားဟောတွေကို ကိုယ်ကျိုးအတွက် ယုတ်ညံ့စွာအသုံးချခဲ့ကြတာပါလားဟု တွေးမိပြီး ဘုရားဟောခဲ့သည့် သင်္ဃာဋိကဏ္ဏသုတ္တန်ကို သတိရမိသည်။

ထို သင်္ဃာဋိကဏ္ဏသုတ္တန်တွင် မြတ်စွာဘုရားက ‘‘ရဟန်းတို့...ရဟန်းသည် လောဘကြီးသူ၊ ဒေါသစိတ်ရှိသူ၊ တရားသတိမရှိသူဖြစ်ခဲ့မူ ထိုရဟန်းသည် ငါဘုရား၏ သင်္ကန်းစွန်းကိုကိုင်၍ ငါဘုရားနောက် ခြေရာချင်းထပ်လျက် တကောက်ကောက်လိုက်နေစေကာမူ ထိုရဟန်းသည် ငါဘုရားနှင့် အဝေးကြီးသာတည်း။ငါဘုရားသည်လည်း ထိုရဟန်းနှင့် အဝေးကြီးသာတည်း။အကြောင်းကား အဘယ်နည်း၊ ရဟန်းတို့...ထိုရဟန်းသည် တရားကိုမမြင်၊ တရားကိုမမြင်သည်ရှိသော် ငါဘုရားကိုမမြင်သောကြောင့်တည်း။

‘‘ရဟန်းတို့...ထိုရဟန်းသည် လောဘမကြီးသူ၊ ဒေါသစိတ်မရှိသူ၊ တရားသတိရှိသူဖြစ်ခဲ့မူ ထိုရဟန်းသည် ယူဇနာတစ်ရာဝေးသောအရပ်၌ နေစေကာမူ ငါဘုရားနှင့် အနီးလေးသာတည်း။ငါဘုရားသည်လည်း ထိုရဟန်းနှင့် အနီးလေးသာတည်း။အကြောင်းကား အဘယ်နည်း၊ ရဟန်းတို့.....ထိုရဟန်းသည် တရားကိုမြင်၏။တရားကိုမြင်သည်ရှိသော် ငါဘုရားကို မြင်သောကြောင့်တည်း” ဟု ဟောကြားတော်မူခဲ့သည်။

ဘုရားက သူ့အနားတွင်သာနေပြီး သူ့တရားကိုမကျင့်သူတွေကို ရည်ရွယ်ပြီး ဘုရားနားနေပေမယ့် ဘုရားကိုမမြင်သူတွေဟု ပြောခဲ့ခြင်းဖြစ်သည်။သူ့အနားမနေသော်လည်း တရားကိုကျင့်သူ တရားကိုမြင်သူမှာ ဘုရားအနားနေသူဟု ဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့ခေတ်တွင် တရားနားနေပြီး တရားဓာတ်မကိန်းဘဲ အတ္တကြီးသည့်သူတွေကို တွေ့ရသည့်အခါ ဘုရားဟောသည့် ထိုတရားကိုပဲ စိတ်ထဲပြေးမြင်မိသည်။လူတွေကို စိတ်ကောင်းနှလုံးကောင်းထားပါလို့ တိုက်တွန်းနေသည့်သူတွေကိုယ်တိုင်တောင်  စိတ်နှလုံးကောင်းမရှိကြသည့်ခေတ်မှာ စိတ်နှလုံးကောင်းရှိတယ်ဆိုတာ၊ စိတ်ထားဖြူစင်တယ်ဆိုတာ မြင်ရခက်သည့်ကိစ္စတွေဖြစ်သည်။
ဟန်ဆောင်ကောင်းသည့်ခေတ်တွင် ထိုသို့သောသူတွေ ဘယ်လောက်တောင်များနေသလဲဆိုတာ ယခုမှသိရသည်။ခေတ်က ထိုသို့ကြုံရသည်မှာ အဆိုးမဆိုသာ။ဤမျှ ယုတ်ညံ့သူတွေ ဒင်းကြမ်းဖြစ်နေသည့်ခေတ်တွင် အသိပြောသလို ဘာလို့ ငါတို့လူလာဖြစ်နေရလဲဆိုတာ မေးခွန်းထုတ်ဖို့တောင်မလိုသည့်ကိစ္စဖြစ်သည်။

ကျနော်တို့မမီခဲ့သည့် လွတ်လပ်ရေးရခါစ အချိန်ကာလတုန်းကတည်းကရှိနေခဲ့သည့် ကောင်းမွန်သော စနစ်ကောင်းများ၊ အလေ့အကျင့်ကောင်းများ၊ အခြေအနေကောင်းများက နောင်လာမည့်ခေတ်တွေ နှစ်တွေမှာ ထိုအပေါ်အခြေခံကာ အများကြီးမျှော်မှန်းထားလို့ရသည့်အရာတွေဖြစ်သည်။ထို့ကြောင့် နိုင်ငံတကာနှင့် ဒေသတွင်းမှာ တက်ရိပ်ပြခဲ့ခြင်းဖြစ်သည်။
မျှော်လင့်ထားကြခြင်းဖြစ်သည်။သို့သော် ထင်သလို လောက က မဖြစ်ခဲ့။လူတွေက ကိုယ်ပိုင်အားထုတ်မှုဖြင့်ရသည့် ဥစ္စာပစ္စည်းထက် သူတပါးရှာထားသည့် ဥစ္စာပစ္စည်းကို ပိုမက်လာ၊ အချောင်လိုချင်လာသူတွေ များလာသည့်အခါ မကောင်းသည့်ခေတ်ဆိုးကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။လွယ်လွယ်ပြောရလျှင် စိတ်ကောင်းနှလုံးကောင်းရှိသူတွေ နည်းလာခြင်းဟု ပြောရမည်ဖြစ်သည်။ဒီတော့ ခေတ်အဆက်ဆက် ဒီလမ်းကြောင်းက ပိုပြီးကျယ်ကျယ်လာကာ ချောင်းကနေ မြစ်ဖြစ်လာကာ လူတွေစာရိတ္တက အောက်ဆုံးထိရောက်မှန်းမသိ ရောက်လာရခြင်းပင်ဖြစ်သည်။သိပ်တော့မဆန်း။

တစ်ခုပဲကြည့်။ယခင်က လမ်းတွင် ပစ္စည်းတစ်ခုခုကောက်ရသည့်အခါ ပြန်ပေးသည့်သူကို လူကြီးတွေက ချီးကျူးကြသည်။ယခုကာလတွင်ကြည့်ပါ။ကိုယ်နှင့်ထိုက်လို့ ကိုယ်ရတာဆိုသည့် အတွေးရှိသူများသလို “ဒီကောင်တော့ ကံအတော်ကောင်းတာပဲ” ဆိုသည့် အချောင်ရသည်ကို အားကျသည့်အတွေးမျိုးရှိကြသည်ကို တွေ့ရမည်ဖြစ်သည်။

သူတပါးပစ္စည်းကို မတော်လောဘနှင့် ခိုးယူသည့်သူတွေ၊ ကိုယ်ယူလို့မရလျှင် ဖျက်ဆီးထားခဲ့မယ့်သူတွေ စသဖြင့် စိတ်ဓာတ်ရေးရာ အောက်တန်းကျသူတွေကိုလည်း ကျနော်တို့နောက်ပိုင်းခေတ်တွင် ပိုပြီးတွေ့လာရသည်။မတရားမှုကိုမတားပဲ ကိုယ်ပါဝေစုဝင်ခွဲကြသည့်  အချောင်ရလိုသည့် စိတ်ရှိသည့်သူတွေ များလာသည့်ခေတ်တွင် မတော်မတရားရယူသည့် ပစ္စည်းများနှင့် လောဘဇောတိုက်ကာ ချမ်းသာနေသူတွေ၊ သတ်ဖြတ်လုယက်မှုဖြင့် အသက်မွေးနေသူတွေ၊ သူတပါးမျက်ရည်ပေါက်ကြီးငယ်ကျမှ ဝမ်း၀ရသည့်သူတွေကို မြင်ရသည့်အခါ ရှေးလူကြီးသူမတွေပြောခဲ့ဖူးသည့် ဆုတ်ကပ်ဆိုတာ ဘယ်ခေတ်ကိုပြောသလဲဆိုတာ သိလာခဲ့သည်။  

စိတ်ပျက်စရာတွေ ဒုနဲ့ဒေးထဲ ဒီကာလတွင် ကောင်းသည့်အခြေခံအချို့ကိုတော့ ရွံ့နွှံအတွင်းမှာပေါက်သည့် ကြာပွင့်လို တွေ့လိုက်မိရတာတော့ရှိသည်။ဒီလိုကာလအတွင်း လူတွေဒုက္ခရောက်နေကြသည့်အချိန် တစ်ပိုင်တစ်နိုင်ဖြင့် လူငယ်လေးတွေစုစည်းကာ ကူညီကြ၊ ထောက်ပံ့ကြသည့် လုပ်ဆောင်မှုတွေကို မြင်ရသည်မှာ စိတ်နှလုံးချမ်းမြေ့စရာ။ဒီလိုစိတ်နှလုံးဖြူစင်သည့် လူငယ်တွေနှင့် စာရိတ္တကောင်းသည့် ပရဟိတလုပ်ကြသည့် လူတွေကို မြင်ရသည့်အခါမှာတော့ ကောင်းမွန်သည့်ခေတ်ကာလတစ်ခုကို ငါတို့မျိုးဆက်တွေအတွက် မျှော်မှန်းလို့ရနိုင်ပါသေးလားဟု စိတ်ထဲအားတက်မိသည်။ဒီလူငယ်တွေ၊ လူကြီးတွေ၊ ကလေးငယ်တွေက ရသမျှယူနေကြသည့် လောကကြီးထဲ ပေးဆပ်ဖို့သက်သက်လာကြသူများလားလို့ ထင်မှတ်ရလောက်အောင်ပင် နိုင်သည့်ဝန်ကိုထမ်းကာ ကောင်းမွန်သည့် လူ့အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်နေကြသည်ကို တွေ့ရသည်။

သူတို့ကြောင့် ဆိုးရွားသည့်ခေတ်ထဲ ကပ်ဘေးထဲ စားဝတ်နေရေးကျပ်တည်းသူတွေအတွက် အတိုင်းအတာတစ်ခုထိ ခုသာခံသာဖြစ်ခဲ့ရသလို ရှားပါးသည့် ဆေးဝါးကပ်ဘေးထဲ လှူနိုင်သူတွေ လှူကြသည်ကို မရှိသူတွေ လက်ထဲရောက်အောင် ဝေငှကြ၊ လိုသူတွေအတွက် ရှာကြံပေးကြနှင့်။အတိဒုက္ခရောက်သူအတွက် အထောက်အပံ့ကောင်းဖြစ်ခဲ့သည်။စစ်မှန်သည့် ဘာသာသနာအကျိုးအတွက်ဆိုလည်း လိုနေသည့် ဆွမ်းကွမ်း ဆေးဝါးကအစ ကျန်းမာရေးအထိ နိုင်သည့်ဝန်ကို တာဝန်မပေးပဲ ကိုယ့်အသိစိတ်ဖြင့် ကူညီ၀ိုင်းမကြသည်ကို တွေ့ရသည်။

ဘုရားဟောခဲ့သည့်  ၃၈ ဖြာ မင်္ဂလာတရားတော်တွင်  "ညာတကာနဉ္စ သင်္ဂဟော" ဟု ဟောခဲ့သည်ကို သိကြမည်ထင်သည်။ထိုအနက်အဓပ္ပာယ်က အဆွေအမျိုးတို့ကို ထောက်ပံ့ကူညီခြင်းသည် မင်္ဂလာမည်၏။အဆွေအမျိုးတို့အား ထောက်ပံ့ကူညီခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။တစ်နည်းအားဖြင့် - ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်" ဟု ဆိုသည်။ဘုရားဟော ၅၅၀ - ဇာတ်နိပါတ်တော် တိန္ဒုကဇာတ်တွင် အမျိုးတို့ကိုစောင့်ရှောက်ခြင်းကြောင့် အားလုံးချမ်းသာရာရောက်ကြောင်းကို ဟောကြားခဲ့သည်။

"လွန်လေပြီးသောအခါ တောအုပ်တစ်ခု၌ မျောက်တစ်သင်း နေထိုင်သည်။အသိအလိမ္မာရှိသော မျောက်ကြီးတစ်ကောင်ကို သူတို့က မင်းမြှောက်ထားသည်။ထိုတောအုပ်အနီးတွင် ရွာငယ်တစ်ရွာရှိသည်။ထိုရွာမှာ အမြဲလူမနေ။အလုပ်လုပ်ချိန်ကျသောအခါမှ လူတို့လာရောက်နေထိုင်၏။လုပ်ပြီးသောအခါ လူတို့စွန့်ခွာသွားကြ၏။ထိုရွာ၌ တည်ပင်ကြီးတစ်ပင်ရှိရာ မျောက်တို့သည် ရွာ၌ လူမရှိသောအခါ တည်သီးများကို သွားရောက်စားလေ့ရှိ၏။တစ်ခါသော် တည်သီး သီးချိန်တွင် လူတို့ရောက်ရှိလာကြ၏။မျောက်တို့သည် တည်သီးစားလိုကြသဖြင့် သွားရောက်စားမည်ပြုကြ၏။မျောက်မင်းက ဘေးရန်များ၍ တားမြစ်သည်။မျောက်တို့က လူတို့အိပ်ပျော်ချိန် သန်းခေါင်ယံတွင်သွားလျှင် ဘေးမရှိနိုင်ပါဟု ဆိုကြ၏။နောက်ဆုံး တားမရသဖြင့် မျောက်မင်းကိုယ်တိုင် အဖော်မျောက်များနှင့်အတူ လိုက်သွားရလေသည်။

မျောက်တို့သည် ရွာသားတို့ အိပ်ပျော်နေသော သန်းခေါင်ယံအချိန်တွင် တည်ပင်ကြီးပေါ်သို့တက်၍ တည်သီးများကိုစားကြသည်။ထိုစဉ် ရွာသားတစ်ယောက်သည် အိပ်ပျော်ရာမှ နိုးသွားသည်။တည်ပင်ကြီးပေါ်တွင် မျောက်များရောက်ရှိနေသည်ကို သိရှိသဖြင့် အဖော်ရွာသားတို့ကိုနှိုး၍ ပြောသည်။ရွာသားတို့လည်း လက်နက်များကိုင်လျက် တည်ပင်ကြီးကို ဝိုင်းထားလိုက်ကြသည်။နံနက်မိုးသောက်ပါက မျောက်အားလုံးကို ဖမ်းဆီးရန် စီစဉ်၍ အသင့်စောင့်နေကြသည်။မျောက်တို့သည် သေဘေးကိုမြင်တွေ့ရ၍ လွန်စွာထိတ်လန့်တုန်လှုပ်ကြ၏။မျောက်မင်းကို ကယ်မပါရန် တောင်းပန်ကြ၏။မျောက်မင်းက - လွတ်မြောက်ရန် ကြံစည်မည်ဟုဆို၍ နှစ်သိမ့်ထား၏။

သူသည် မျောက်အားလုံးကို စိစစ်ကြည့်ရာ သေနက အမည်ရှိသောမျောက် ပါမလာသည်ကို သိရ၏။သေနကသည် မျောက်မင်း၏ တူဖြစ်သည်။

မျောက်မင်းက မကြောက်ကြလင့်၊ သေနကသည် အသိအလိမ္မာရှိသည်။ငါတို့ကို ဘေးရန်မှလွတ်အောင် ကြံဆောင်ပါလိမ့်မည်။တည်သီးများကို အဝသာစားထားကြပါဟု အားပေးပြောဆိုသည်။

သေနကသည် အဖော်မျောက်တို့ထွက်သွားချိန်တွင် အိပ်ပျော်၍ ကျန်ရစ်နေ၏။နိုးသောအခါ မျောက်တစ်ကောင်ကိုမျှ မမြင်သဖြင့် ခြေရာခံ၍ လိုက်လာ၏။ထိုအခါ မိမိ၏အဆွေအမျိုးတို့ ဘေးဒုက္ခနှင့်ရင်ဆိုင်တွေ့နေရသည်ကို မြင်ရသည်။သူသည် အဆွေအမျိုးတို့ကိုကယ်တင်ရန် အကြံထုတ်၏။

နောက်ဆုံးတွင် အကြံရသဖြင့် ရွာစွန်ရှိ တဲတစ်တဲသို့ တိတ်တဆိတ်သွား၏။တဲရှင် အမယ်အိုသည် မီးဖို၍ ဗိုင်းငင်နေသည်။သေနကလည်း မီးဖိုမှ မီးစတစ်စကို ရုတ်တရက်ယူကာ အနီးရှိ တဲတစ်တဲကို မီးရှို့၍ ထွက်ပြေး၏။ရွာသားတို့လည်း တဲမီးလောင်သည်ကို မြင်ရသည်နှင့်တပြိုင်နက် မျောက်တို့ကိုစွန့်လွှတ်ကာ မီးငြိမ်းသတ်ရန် ပြေးသွားကြသည်။ထိုအခါ မျောက်မင်းနှင့် အဖော်တို့သည် တည်သီးတစ်လုံးစီ ဆွတ်ယူပြီးလျှင် တည်ပင်ပေါ်မှ ဆင်းပြေးကြလေသည်။အားလုံးပင် အသက်ချမ်းသာရာရ၍ မိမိတို့နေရာသို့ ပြန်ရောက်ကြ၏။သူတို့သည် သေနက ကို ကျေးဇူးပြုသောအားဖြင့် ယူဆောင်လာသော တည်သီးတစ်လုံးစီ လက်ဆောင်ပေးကြလေသည်။

ထိုသို့သော  ဇာတ်ကြောင်းကြောင့် မည်သို့ပင် ဘေးဒုက္ခကြုံရပါစေ ကပ်ဘေးကာလတွင် စိတ်နှလုံးကောင်းဖြင့် တတ်နိုင်သမျှ ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံသား၊ ကိုယ့်လူသားမျိုးနွယ်ကို ပြန်စောင့်ရှောက်ကြခြင်းကြောင့် နောက်ဆုံးတွင် ကောင်းမွန်သည့်ခေတ်ကာလကို တရားဓမ္မနှင့်ယှဉ်ကာ ရပ်တည်သူတို့ ဘေးဘယာကင်းကာရောက်မည်ဟု စိတ်အားဖြစ်ထွန်းမိပါသည်။

ဖြိုးဝေလှ
စက်တင်ဘာ - ၂၉