【 ဆောင်းပါး 】 “စိတ်ပိုင်းဆိုင်ရာ တန်ဖိုးများ”

【 ဆောင်းပါး 】 “စိတ်ပိုင်းဆိုင်ရာ တန်ဖိုးများ”

ကျွန်တော်တို့ ငယ်စဉ်က ကလေးအချင်းချင်း ရန်ဖြစ်သည့်အခါ၊ ဒါမှမဟုတ် နေ့စဉ်လူနေမှုဘဝတွင် ကြီးသူက ငယ်သူကို အနိုင်ကျင့်သည့်အခါ၊ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့်အခါ လူကြီးသူမများက ဝင်ရောက်ဟန့်တားရသလို အမြင်မတော်သူများကလည်း ဝင်ရောက်ဟန့်တားသည့် ဓလေ့တွင်ကျယ်ခဲ့သည်။ဆုံးမခံရသူများ၏ အုပ်ထိန်းသူမိဘများကလည်း ထိုကဲ့သို့ ဝင်ရောက်ဟန့်တားဆုံးမသူများကို မကျေမနပ်မဖြစ်။ငါ့သား ငါ့တူ ငါမြေးကောင်းဖို့ ဆုံးမသူဟု လက်ခံကြသည်။

ထိုသို့ဆုံးမမှုမှာ ကလေးငယ်များတွင်သာမဟုတ်။လူကြီးတွေ ရန်ဖြစ်သည့်အခါတွင်လည်း လာရောက်ဟန့်တားတာကို လွယ်လွယ်ကူကူလက်ခံကြတာကိုလည်း တွေ့ရသည်။စိတ်ဝင်စားဖို့ကောင်းသည်က ထိုသို့ဟန့်တားမှုကို လွယ်လွယ်ကူကူလက်ခံကြကြပြီး ထိုသို့လာရောက်ဟန့်တားမှုကိုပင် ဂုဏ်ယူကြခြင်းပင်ဖြစ်သည်။

မြန်မာ့ရိုးရာနေထိုင်မှုတွင် လူကြီးသူမစကားကို နားထောင်ခြင်းက ယဉ်ကျေးမှုမြင့်မားခြင်းကို ဖော်ပြသလို မိသားစုအတွက်လည်း ဂုဏ်တတ်သည့်ကိစ္စဖြစ်သည်။ကြားလေ့ကြားထရှိသည့် စကားတစ်ခွန်းမှာ “ဒီကောင်လေးက ဆိုးသာ ဆိုးတာ လူကြီးတွေကပြောရင် နာခံတတ်တယ်။ပြောတဲ့အတိုင်းလည်း လက်ခံတယ်” ဆိုသည့်မျိုးပင်။ထိုအချက်က နားလည်မှုလွယ်ခြင်းနှင့် လူကြီးသူမများကမကောင်းလို့ ဟန့်တားသည်အပေါ် လွယ်လွယ်လိုက်နာခြင်းကို ဖော်ကျူးခြင်းပင်ဖြစ်သည်။

လူတစ်ယောက်တွင် ရုပ်လှခြင်း၊ ခွန်အားကြီးခြင်း၊ ချမ်းသာကြွယ်၀ခြင်းဆိုသည့် ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးများရှိသလို ရိုးဂုဏ်၊ အကြည်ဓာတ်၊ အဟန့်ဆိုသည့် ဆုပ်ကိုင်တိုင်းတာလို့မရသည့် စိတ်ပိုင်းဆိုင်ရာတန်ဖိုးများရှိသည်။ထိုထဲတွင် အစောပိုင်းကပြောသည့် အားကောင်းမောင်းသန်လူငယ်များ ရန်ဖြစ်နေသည်ကို လှမ်းဟန့်လိုက်သည်နှင့် ရန်ပွဲရပ်သွားတာ အလွယ်တကူ လူစုခွဲကြတာဆိုသည်က ထိုသူတွင်ရှိသော ‘အဟန့်’ ကြောင့်ပင်ဖြစ်သည်။

ငယ်ငယ်က မိသားစုအတွင်း ညီအစ်ကိုမောင်နှမများ ရန်ဖြစ်ကြ၊ စကားများကြသည့်အခါ အမေ အဖေတွေက တစ်ချက်လှမ်းဟောက်လျှင် ငြိမ်ကျသွားသည်မှာ ကိုယ့်အဖေ ကိုယ့်အမေမို့လို့ လက်ခံတာဟု စောဒကတက် ငြင်းဆန်လို့ရသော်လည်း အရွယ်ရောက်သည့်အခါ တခြားသွေးမတော်သားမစပ်သည့် လူတစ်ယောက်က ဟန့်တားမှုကိုလက်ခံရခြင်း ဘာကြောင့်လည်းဟု မေးစရာရှိသည်။ထိုတွင် ထိုသို့ဟန့်တားခြင်းကို လက်ခံရသည်မှာ နှစ်မျိုးပဲရှိသည်။တစ်မျိုးက ကြောက်လန့်ခြင်းကြောင့်ဖြစ်ပြီး နောက်တစ်မျိုးက ထိုသူတွင်ရှိသည့် ‘အဟန့်’ ကြောင့်ပဲ ဖြစ်သည်။

လူတစ်ယောက်ကို ကြောက်ခြင်းကြောင့် ထိုသူပြောသည့်အတိုင်း လိုက်လုပ်ရခြင်းမှာ ရေရှည်တွင် အလုပ်မဖြစ်သကဲ့သို့ ထိုကြောက်စရာမရှိသည့်အခါ ထိုတားမြစ်ချက်ကို အလွယ်တကူရိုက်ချိုးကာ ကျူးလွန်လွယ်ကြမည်ကို တွေ့ရမည်ဖြစ်သည်။ဥပမာအားဖြင့်  လမ်းတွင်ချထားသည့် အရံအတားကို စောင့်ကြပ်သူရှိချိန်တွင် အရံအတားကို လိုက်နာကြမည်ဖြစ်သော်လည်း အရံအတားကို စောင့်ကြပ်သူမရှိသည့်အချိန်တွင် ထိုအရံအတားမှာ ဖျက်ဆီးခံမည်ဖြစ်သည်။

လူတစ်ယောက်ကို လေးစားလို့ ချစ်ခင်လို့ သူဖြစ်စေချင်သည့်အတိုင်း လိုက်လုပ်ပေးခြင်းက ‘အဟန့်’ ပဲ ဖြစ်သည်။ထိုသို့စိတ်ဖြင့်လုပ်ပေးခြင်းက ထိုသူ ရှိခြင်း၊ မရှိခြင်းနှင့် မဆိုင်။ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကို ချစ်ခင်လေးစားသည့်သူများက ဗိုလ်ချုပ်မိန့်မှာသည့်အတိုင်း ယခုတိုင်လိုက်နာကျင့်သုံးကြခြင်းမှာ ထိုသဘောတရားအတိုင်းပင်ဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာ စံ များ တည်ဆောက်ရသည်မှာ ခက်ခဲသည့် သဘောတရားများရှိသည်။ထိုသို့သော စံများကို လူတိုင်းက လိုချင်မက်မောကြသည်။ဥပမာ - ဒီလူက လာဘ်စားသည် လူမဟုတ်ဘူး၊ ဒီလူက တရားမျှတသည့်သူ၊ ဒီလူက အမှန်တရားကိုသာ ကိုးကွယ်သူ၊ ဒီလူက သူယုံကြည်ရာကို အသက်နှင့်လဲပြီး ကာကွယ်သွားသည့်သူ စသဖြင့် စံတွေအတွက် ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ ဘ၀တွေ အသက်တွေကို ရင်းခဲ့ရသည့် လူတွေဖြစ်သည်။သာမန်လူတွေ မလုပ်နိုင်သည့် အလုပ်တွေ စွန့်လွှတ်မှုတွေဖြစ်သည်။

ထို့ကြောင့် နောက်ပိုင်းအချိန်ကာလနှင့် ခေတ်ကာလများတွင် ကြာလာလေ လူတွေအပေါ် ဩဇာညောင်းစေသည့် ‘အဟန့်’ တွေ နည်းလာပြီး အလွယ်တကူတည်ဆောက် အလွယ်တကူပြိုပျက်လွယ်သည့် အကြောက်တရားနှင့်တည်ဆောက်သည့် နာခံမှုတွေသာ များလာခဲ့သည်။ထိုသို့တည်ဆောက်ရသည်က ငွေနှင့် အာဏာ၊ လုပ်ပိုင်ခွင့်သာဖြစ်သည်။  

ကျနော်တို့ပတ်ဝန်းကျင်တွင် ထိုသို့သောသူများ၏ ဇာတ်သိမ်းခန်းတွေကို မြင်ရဖူးသည်။တစ်ခုမှကောင်းတာမရှိ။ကျနော်နေသောအရပ်ထဲတွင် ပင်စင်စား ငွေကြေးတတ်နိုင်သော လူတစ်ယောက်ရှိသည်။ယခင်ကလည်း အပျော်အပါးဖြင့်သာ အချိန်ကုန်ခဲ့ပြီး သူ့အလုပ်နှင့် မိသားစုထဲတွင် ဩဇာအာဏာပြခဲ့သဖြင့် ထိုသူပင်စင်ယူပြီး လုပ်ငန်းခွင်ပြင်ပရောက်သည့်အခါ၊ မိသားစုထဲ သားသမီးအားလုံးက အတောင်အလက်စုံလို့ မိဘတွေဆီကနေထွက်၊ မိန်းမဖြစ်သူက သူ့အာဏာပြတာကို မခံနိုင်လို့ အချိန်ပြည့် တရားစခန်းတွေဝင်သည့်အခါ ထိုသူမှာ အပေါင်းအဖော်မဲ့ပြီး ခွေးတစ်ကောင်ကို မနက်ဖက်ထိန်း၊ နေ့ခင်း ထမင်းဆိုင်မှာ ချိုင့်ဆွဲစား၊ ညနေဆို ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိပဲ အပေါင်းအသင်းနှင့် လူဝင်ဆံ့မှုနည်းကာ သူ့ဆီလာသမျှလူကို သူ့ထံကြာကြာနေဖို့ အကြိုက်ပေးပေါင်းကာ စကားပြောဖော်ရှာနေရသည့်အဖြစ်ကို မြင်နေရသည်။တကယ်ကို သံဝေဂရစရာ။

လူတွေက ကိုယ်လုပ်နိုင်ကိုင်နိုင်သည့်အချိန်တွင် ဇရာသဘော၊ လူတွေ၏သဘောကို အသေအချာမသိပဲ ကိုယ်ကိုယ်ကို မသေတော့မည့်သူလိုလို၊ မဆင်းရဲတော့မည့်သူလိုလို၊ အမြဲတမ်း လူတွေကိုနိုင်စားရမည့်သူတွေလို ထင်ကြသည်။ဒါက ထင်ကြေးဖြစ်သည်။အချိန်မရွေး အခြေအနေက ပြောင်းသွားနိုင်သည်။လူ့ဘ၀ဆိုသည်မှာ မြဲသည့်သဘောမရှိ။ဒါကြောင့် ရှေးလူကြီးသူမများက ကောင်းသည့်စိတ်အခြေခံကိုမွေးခိုင်းကာ လူတွေကို မေတ္တာတရားဖြင့် ဆက်ဆံခိုင်းခြင်းဖြစ်သည်။

ကောင်းသည့်စိတ်အခြေခံမှာ လူတိုင်းတွင်ရှိခဲ့သည်။

တစ်ခါက ဌာနတစ်ခုတွင် နေရာကောင်းရနေသည့်သူတစ်ယောက်ကို အလုပ်မှထွက်ပြီး ကုမ္ပဏီတစ်ခုတွင် သွားလုပ်နေသည်ကို တွေ့ရဖူးသည်။သူဘာကြောင့် အလုပ်ကထွက်သည်ကို မေးကြည့်တော့ သူက “ငါလုပ်ရတာက ကျူးကျော်တွေ မြေသိမ်းတာတွေကို လုပ်ရတာ။တစ်ရက်ကြတော့  ကျူးနေရာတစ်ခုကိုဖျက်ရင်း သုံးလေးနှစ်ကလေးက သူဘောင်းဘီကိုဆွဲထားရင်း ‘ဦးဦးရယ် သမီးတို့အိမ်ကိုမဖျက်ပါနဲ့ သမီးတို့လမ်းဘေးသွားအိပ်ရရင် နားထဲကို ပုရွက်ဆိတ်တွေဝင်လာမှာ ကြောက်လို့ပါ။အမေလည်းငိုနေတယ် အဖွားလည်းငိုနေတယ် မဖျက်ပါနဲ့ ဦးရယ်’ ဟု တောင်းပန်တာ ကြုံခဲ့ရဖူးတော့ သူ့မျက်ရည်ကျမတတ် စိတ်ထိခိုက်ခဲ့ရဖူးကြောင်း၊ ထိုနောက်မှာ သူတစ်ပါးအိမ်ရာဖျက်ဆီးရသည့် ထိုအလုပ်မျိုးကိုရှောင်မည်ဟု ဆုံးဖြတ်ချက်ချကာ အလုပ်မှထွက်ခဲ့တာ” ဟု ဆိုသည်။

ဘာပဲဖြစ်ဖြစ် ထိုသူရာဇဝင်တွင် ဒါက မှန်သည့်ဘက်တွင်နေထိုင်ခြင်းနှင့် အမှန်တရားဘက်က အနိုင်ရအောင် မလုပ်ပေးနိုင်သည့်တိုင် မှားသည့်ဘက်၊ မတရားသည့်ဘက်တွင် အနေချောင်သော်လည်း မနေခဲ့ခြင်းက သူ၏ကောင်းမွန်သည့် သမိုင်းကြောင်းပင်ဖြစ်သည်။

မှန်သည့်ဘက်၊ ကောင်းသည့်ဘက်တွင် နေထိုင်ခြင်းက လောကီ လောကုတ္တရာ နှစ်ဖြာအတွက် စိတ်ကိုလုံလုံခြုံခြုံနေနိုင်သည်။စိတ်ရှင်းသည်။ဘာနှင့်ပဲစားရသည်ဆိုဦး၊ ကိုယ်စားသည့်ထမင်းထဲ သူတပါးမျက်ရည်မပါသည့်အတွက် စိတ်ကဖြောင့်သည်။ဒါက လူသူတော်ကောင်းတွေ ယုံကြည်ကြသည့် စိတ်အခြေခံဖြစ်သည်။ယုံကြည်စွာကိုင်စွဲထားသည့် တရားလည်းဖြစ်သည်။

အထက်တွင်ဆိုသော မေတ္တာတရားဖြင့် ဖြစ်ထွန်းလာသော ဩဇာအာဏာဆိုသည်မှာ ကိုယ်ကိုယ်တိုင်က ရိုးသားပြီး မှန်မှန်ကန်ကန်ရပ်တည်နေထိုင်ခဲ့မှ ဖြစ်ထွန်းလာသည့် စိတ်အခြေခံ ‘စံ’ များဖြစ်သည်။ကိုယ်ကိုယ်တိုင်က အကျင့်မကောင်းပဲ သူတပါးက ကိုယ့်အပေါ်ကြောက်သည်ဆိုသည်မှာ အကြောက်တရားကိုရိုက်သွင်းကာ တည်ဆောက်ထားသည့် ဩဇာအာဏာဆိုသည်က ကိုယ်ဩဇာအာဏာရှိတုန်းသာရှိသည့် ဩဇာအာဏာဖြစ်သည်။
ရေရှည်လည်းမခံ။

ဆိုရလျှင် မေတ္တာဖြင့်ဆောက်သည့် စိတ်အခြေခံနှင့် အကြောက်တရားနှင့်ဆောက်သည့် စိတ်အခြေခံကား အကွာကြီးကွာသည်။ထိုသဘောကို ယနေ့ခေတ်တွင် မြင်တတ်အောင်ကြည့်လျှင် မြင်ကြရမည်ဖြစ်သည်။

ပျောက်ဆုံးသွားသည့် စိတ်အခြေခံများ ဖြစ်ထွန်းအောင်ဆိုလျှင် မေတ္တာတရားနှင့် ဆက်ဆံတတ်မှရမည်။ထိုသဘောကို အကြောက်တရားကို ကိုးကွယ်ခဲ့သူတွေ နားလည်မည် မထင်။

မောင်ဦးလွင်
အောက်တိုဘာ - ၁၄