【 ဆောင်းပါး 】 “စိတ်မလျှော့လိုက်ပါနဲ့”

【 ဆောင်းပါး 】 “စိတ်မလျှော့လိုက်ပါနဲ့”

လူကို စိတ်ကဦးဆောင်ပါတယ်။လူတစ်ယောက်မှာ စိတ်ဓာတ်က အရေးကြီးတယ်လို့ စိတ်ပညာရှင်တွေက သတ်မှတ်ထားပါတယ်။စိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့ စကားပုံတစ်ခုလည်း မြန်မာစာပေမှာ ထင်ထင်ရှားရှားရှိနေခဲ့ပါတယ်။ကိုယ်လိုချင်တဲ့ အခြေအနေတစ်ခုကို မရောက်သေးခင် မျိုသိပ်အောင့်အည်းသည်းခံတတ်တဲ့စိတ်မျိုးဟာ အပူပိုင်းဒေသသား သွေးဆူလွယ်တဲ့ မြန်မာတိုင်းရင်းသားစိတ်ထဲမှာ ရှိခဲလှတဲ့စိတ်ပါ။ဒါကြောင့် သွေးဆူလွယ်ပြီး ကိုယ်လိုချင်တာမရသေးခင် အောင်ပွဲရပြီဆိုပြီး စိတ်လျှော့ချတတ်တဲ့ မထိန်းနိုင်တဲ့စိတ်ကိုပြင်ဖို့ လှေလှော်ပြိုင်ပွဲဝင်တဲ့ လှေသမားတွေ ပန်းတိုင်မရောက်ခင်တက်ထောင်ကြတဲ့ ဥပမာကိုပေးပြီး ဗိုလ်ချုပ်အောင် ဆန်း က သတိပေးခဲ့ဖူးတာပါ။

အထူးသဖြင့် အခက်ခဲဆုံးအချိန်ကိုရောက်နေကြတဲ့ ဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် သွေးကွဲတာတွေ၊ မယုံကြည်စိတ်ဖြစ်တာတွေက ယခင်ခေတ်မှာကျရှုံးခဲ့တဲ့ လူကြီးတွေမှာသာ တွေ့ရပါတယ်။ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ များပြားလှတဲ့ ရောဂါဝေဒနာရှင်တွေကို နိုင်နင်းအောင်ကုသခဲ့တဲ့သူတွေနဲ့ စေတနာနဲ့လုပ်အားပေးကြတဲ့လူငယ်တွေကို မြင်ရတာအခါ  အစောပိုင်းကပြောတဲ့ ကပ်ဘေးကို ငါတို့နိုင်ပြီဆိုပြီး လျှော့ချလိုက်တဲ့စိတ်ကို မတွေ့ရခဲ့ပါဘူး။ဘယ်လောက်ဘဲ ကူးစက်မှုအရှိန်လျော့ကျနေပါစေ ကပ်ဘေးကို သတိ ကြီးကြီးထားပြီးရင်ဆိုင်သလို ဒီလူငယ်တွေက ကျွန်တော်တို့ဖြတ်သန်းခဲ့ရသည့်ခေတ်ကလိုမဟုတ်ဘဲ အတော်လေး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ဇွဲခတ်ကြသည့်သဘောကို တွေ့ရသည်။

ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းတွင် ဗော်လံတီယာအဖြစ် ဝင်လုပ်ပေးကြသည့် လူငယ်များမှာ ထင်ပေါ်ချင် ကြသည့်‌သဘောကိုမတွေ့ရဘဲ အောက်ခြေသိမ်းအလုပ်တွေ၊ သာမန်အားဖြင့် လုပ်ချင်ကြမည်မဟုတ်သည့် အညစ်အကြေးမှနေ၍ ဝေယျာ၀စ္စလုပ်ပေးမှုမျိုးတွေ၊ဗိုင်းရပ်စ်ကူးစက်ခံရသူများ၏ စိတ်အထွေထွေဒဏ်ကို သည်းခံကြတာတွေအထိ အတော်လေးတောင့်ခံပေးခဲ့ကြသည်ကို တွေ့ရသည်။

ထိုစိတ်က ကျွန်တော်တို့ တစ်ခေတ်လုံးပျောက်ကွယ်နေခဲ့သည့် နိုင်ငံကြီးသားစိတ်ပင်ဖြစ်သည်။ကျွန်တော်တို့ခေတ်တွင် လစ်ရင်လစ်သလို ခိုးမည်ဝှက်မည် အလွဲသုံးစားလုပ်ကြမည်ဆိုသည့်စိတ်က အဓိကထွန်းကားခဲ့ပြီး ထိုသို့မလုပ်သည့် စာရိတ္တခိုင်မြဲသည့်သူများကိုပင် “ဒီကောင် ငကြောင်” “ငါးကြော်မကြိုက်သည့် ကြောင်မိုက်” ဆိုသည့် နှိမ်ချမှုမျိုးဖြင့် ချိုးဖဲ့ဆက်ဆံခဲ့ကြသည်။ယခု ကျွန်တော်တို့တွေ့မြင်ရသည့်မျိုးဆက်သည် တာဝန်ယူစိတ်အပြည့်ရှိပြီး စာရိတ္တအပိုင်းတွင်လည်း အတော်ကိုခိုင်မာသည့်သူအများစုဖြစ်နေသည်ကို တွေ့ရသည်။ဆိုရလျှင် သူများပစ္စည်းကို အချောင်မလိုချင်သည့် မျိုးဆက်ဖြစ်ပြီး မတရားမှုကိုလက်မခံတတ်ဘဲ တရားမျှတမှုရရှိအောင် ဆောင်ကြဉ်းနိုင်ဖို့ တတ်နိုင်သရွေ့အားထုတ်ကြသည့်သူများဖြစ်သည်။

ဒီနေရာတွင် နိုင်ငံကြီးသားစိတ် (citizenship) နှင့် ပတ်သက်ပြီး ဘယ်လိုအဓိပ္ပါယ်ဖွယ်ဆိုသည်လဲ မသိရ သော်လည်း အဘိဓာန်များတွင် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်နှင့် တာဝန်များဆိုပြီး ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ထိုထဲတွင် တာဝန်များဆိုသည့် နိုင်ငံသားတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုခံယူမည်ဆိုလျှင် ကိုယ့်ဘက်ကယူပေးရမည့် တာဝန်များဆိုသည့်ကဏ္ဍကို ကျွန်တော်တို့ခေတ်တစ်လျှောက်လုံး၊ ကျွန်တော်တို့ရှေ့က ခေတ်တစ်လျှောက်လုံး မေ့ထားခဲ့ကြပြီး ငါဒီနိုင်ငံမှာနေလို့ ငါဒါတွေကို ယူချင်သလိုယူ၊ သုံးချင်သလိုသုံး ဖြုန်းချင်သလိုဖြုန်းနိုင်တယ်ဆိုပြီး လုပ်ခဲ့ကြသည်ကို တွေ့ခဲ့ရသည်။

ယနေ့ခေတ်လူငယ်များမှာမူ ကျွန်တော်တို့ထက် အမြင်ကျယ်လေသည်။နောက်ပြီး ပွင့်လင်းလာသည့် ဆက်သွယ်ရေးစနစ်ကြောင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီးတွေးတတ်လာသည်။စဉ်းစားဆင်ခြင်တတ်လာသည်။ကျွန်တော်တို့ခေတ်တုန်းကလို အလွယ်တကူအယုံသွင်းလို့မရဘဲ ကျိုးကြောင်းဆင်ခြင်နိုင်အားက အရမ်း ကောင်းကြသည်။သူတို့စကားနှင့်ပြောရလျှင် လွယ်လွယ်နှင့် ဂျင်းထည့်လို့မရသည့် မျိုးဆက်ဖြစ်သည်။သူတို့သိ လိုသည့်အရာကို google တစ်ချက်ခေါက်လိုက်ရုံနှင့်‌ ရတတ်မှန်းသိထားသလို စာရိတ္တနှင့်ပတ်သက်လျှင်လည်း ကြောင်သူတော်တွေကို အရေခွာချနိုင်သူများဖြစ်သည်။ဒီလိုသူတွေက ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ပွဲပြီးမီးသေဆိုသည့်စိတ်ဖြင့်မဟုတ်ဘဲ ရေဆုံးရေဖျားလုပ်ကိုင်ခဲ့ကြသည်ကို ကျွန်တော်မြင်တွေ့ရသည်အခါ ကျွန်တော်တို့ခေတ်က လူတွေနှင့် အပြတ်အသတ်ကွာဟနေသဖြင့် နောင်ရေးကို အတော်လေး စိတ်ထဲအားရမိသည်။ 

ဒီလူငယ်မျိုးဆက်တွင် တိုင်းပြည်ကို အခြားဒေသတွင်း ဖွံ့ဖြိုးတိုးတက်နေပြီးသားနိုင်ငံတွေနှင့် အမီလိုက်နိုင်အောင် ကြိုးစားချင်ကြသည့်စိတ်တွေရှိသည်။မှန်ကန်သည့် စိတ်စေတနာနှင့် မာန်မာနတွေကို အထင်းသား တွေ့ရသည်။အစောပိုင်းကပြောသည့် နိုင်ငံကြီးသားစိတ် (citizenship) က တာဝန်ဆိုသည့်အပိုင်းကို ဒီမျိုးဆက် ၏ အတွင်းသဏ္ဍာန်တွင် အဖွေးသားတွေ့ရသည်။ဒါကပဲ ကျွန်တော်တို့နိုင်ငံ၏ ခိုးယူအလွဲသုံးစားလုပ်လို့မရနိုင်သည့် အဖိုးတန်ရတနာဖြစ်သည်။

အားလုံးလည်းသိပြီးသားဖြစ်မည်ထင်သည်။ကိုဗစ်ကာလတစ်လျှောက်လုံးနှင့် မကြာသေးခင်ကကာလ အထိ ဒီမျိုးဆက်၏ အချင်းချင်းရိုင်းပင်းကူညီမှု၊ ကိုယ့်တာဝန်ကိုယ်ယူမှု၊ အချောင်လိုချင်သည့်စိတ်ကင်းမဲ့မှု၊ ကိုယ်ကျိုးစွန့်လွှတ်မှု၊ တစ်ဦးပေါ်တစ်ဦး ခွင့်လွတ်နားလည်ပေးမှု၊ လိမ္မာယဉ်ကျေးမှု၊ ပူးပေါင်းပါ၀င်လုပ်ဆောင်မှုတွေကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

ကျွန်တော်တို့ပင်လျှင် ယခုချိန်အထိ အမှိုက်ကောက်ရန်ဝန်လေးနေမှု၊ ကားပေါ်နေရာရဖို့ကြိုးစားမှု၊ ဘယ်အရာမဆို ဦးဦးဖျားဖျားရလိုမှုတွေ မစွန့်လွှတ်နိုင်သေးသော်လည်း ယနေ့လူငယ်များတွင် လမ်းက အမှိုက်ကို ကောက်ရန် ဝန်မလေးသလို ကိုယ့်နေရာကိုထပေးပြီး သူများအတွက်နေရာပေးဖို့ ဝန်မလေးကြသည်ကို တွေ့ကြုံရပြီးဖြစ်သည်။

ထိုအရာက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ စံမှီလာခြင်း (ဝါ) နိုင်ငံကြီးသားစိတ် (citizenship) ပြည့်၀လာကြသည့် သဘောပင်ဖြစ်သည်။သေကြမှုများပြီး ကူးစက်မှုပြင်းထန်သည့် ယခုကိုဗစ်နိုင်တီး တတိယလှိုင်းကို ပြည် သူတစ်ဦးချင်းက ယခင် ပထမလှိုင်း၊ ဒုတိယလှိုင်းလို ဦးဆောင်ကာကွယ်ပေးမည့်သူမရှိဘဲ ကိုယ့်အားကိုယ်ကိုးကာ ရင်ဆိုင်ကြရသည့်အချိန်အခါတွင် ထိုလူငယ်မျိုးဆက်က ကိုယ်နိုင်ရာဝန်ဖြစ်သည့် ဆေးဝယ်ပေးခြင်း၊ အောက်ဆီဂျင်တန်းစီပေးခြင်း၊ အစားအသောက်ဝယ်ပေးခြင်း စသည့် လုပ်နိုင်ခဲသည့် လူမှုတာဝန်များကို သွေးမတော်သားမစပ် ပြင်းထန်သည့်ကူးစက်မှုဘေးမှ လုပ်ပေးခဲ့ကြသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။

အရမ်းခက်ခဲသည့်အချိန် ငွေကြေးမတတ်နိုင်သည့်အခါ တွင်ပင် လုပ်အားနှင့် အခန့်မသင့်လျှင် အသက်သေဆုံးနိုင်သည့်အခြေအနေရှိနေသည့် အချိန်အခါတွင် ကိုယ်ကျိုးစွန့်ကာ နိုင်ငံကြီးသားစိတ်အပြည့်ရှိသည့် ဒီလူ ငယ်မျိုးဆက်အပေါ် ကျွန်တော်တို့ အပြည့်အ၀ယုံကြည်သည်။ခက်ခဲ့သည့် မည်သည်အခြေအနေရှိသည်ဖြစ်စေ၊ခဏတာဟုသာ စိတ်ကယုံကြည်သည်။ဒီလိုမျိုးက ယခုမှမဟုတ် ယခင်ရေဘေးနှင့် သဘာ၀ဘေးများတွင်လည်း ဒီလူငယ်မျိုးဆက်တွေက ဘယ်သူ့ဆော်ဩမှုမှ တိုက်တွန်းမှုမှမပါဘဲ အချိန်တန်ထွက်လာကြသည်က ပြန်တွေးကြည့်မည်ဆိုလျှင် အတ္တကြီးသည့် ကိုယ်ကျိုးရှာသမားများကြောင့် ပြိုလဲနေသည့်နိုင်ငံတွင် သည်လူငယ်တွေကြောင့် နိုင်ငံတကာမှာ ဂုဏ်မငယ်ရခြင်းဖြစ်သည်။

ကိုဗစ်တတိယလှိုင်းတွင် အောက်ဆီဂျင်မရလျှင် သေပါတော့မည်ဆိုသည့်အခြေအနေမှ စိတ်ဓာတ်အားဖြင့် ငါသေလို့မဖြစ်သေးဆိုသည့်စိတ်ဖြင့် ကျော်ဖြတ်ခဲ့ကြသည့် လူနာပေါင်းကမနည်းလှ။ထိုသူတွေတွင် အောက်ဆီဂျင်ဝေးစွ၊ နေ့စဉ်စားသောက်မှုပင် ခက်ခက်ခဲခဲဖြတ်သန်းနေရသည့်သူများဖြစ်သည်။သို့သော် စိတ်ဓာတ်ဖြင့် ရအောင်ကျော်ဖြတ်ကြသည်။

ယခု ကျွန်တော်တို့တွင် စိတ်ဓာတ်နှင့် စာရိတ္တကောင်းသည့် အမှန်တရားကိုချစ်မြတ်နိုးပြီး အချောင်စိတ်ဓာတ်ကင်းမဲ့သည့် လူငယ်မျိုးဆက်ရှိနေပြီ။ဆိုးဝါးလှပြီး နေ့စဉ်ထောင်ဂဏန်းကျော် သေကြေရသည့် နေ့မြင်ညပျောက် ဒယ်လ်တာကိုဗစ်နိုင်တီး တတိယလှိုင်းကို ထိုလူငယ်တွေဖေးမမှုအကူအညီဖြင့် သေလို့မဖြစ်သေးသည့် စိတ်ကိုမွေးကာ ခပ်ပြင်းပြင်း သေဘေးမှဖြတ်ကျော်နေကြသည်ကို ယခုတွေ့နေရပြီ ဖြစ်သည်။

ဒီထက် ဘာများဆိုးဆိုးဝါးဝါး ကျွန်တော်တို့ကြောက်ရွံ့စရာရှိပါသေးသနည်း။ဒီထက်ဆိုးတဲ့အရာ ဘာမှမရှိတော့။လူကို စိတ်ကဦးဆောင်သည်ဆိုလျှင် ကျွန်တော်တို့တွင် သိပ်ကောင်းမွန်သည့်အနာဂတ်ကို တည်ဆောက်ချင်သည့် အရည်အသွေးပြည့် လူငယ်တွေ ထုနှင့်ထည်နှင့်ရှိသည်။ထိုလူငယ်တွေနှင့်ဆို မနက်ဖြန်ဆိုတာ ကျွန်တော်တို့လက်ထဲမှာရှိသည်။ဒီအတွက် ကျွန်တော်တို့ အသက်ရှင်နေဖို့လိုပါသည်။ဘာများကြောင့်ကြနေကြပါသနည်း။ပြင်းပြသည့်စိတ်ဓာတ်ဖြင့် ကိုယ်ချစ်သည့်မိသားစုအတွက်၊ ချစ်ရသည့်သူတွေအတွက် ကိုဗစ်တတိယလှိုင်းကို နိုင်အောင်တိုက်ကြရမည်ဖြစ်သည်။

သည်းခံစိတ်ရှည်ဖို့လိုပါတယ်။တိုင်းပြည်အတွက် မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် ဒီကပ်ဘေးကို ကျော်လွှားဖို့ ညီညီညွတ်ညွတ် တစ်သားတည်းစိတ်ဖြစ်ဖို့လိုပါတယ်။ဖြစ်လာသမျှဘေးကို ကာကွယ်တားဆီးဖို့ အားလုံးလိုပါတယ်။အရှည်ကိုကြည့်ဖို့လိုပါတယ်။ကိုယ့်အတ္တအကျိုးစီးပွားကို ခုချိန်မှာဘေးပို့ထားဖို့လိုပါတယ်။

ဒီအခြေအနေကို မိမိရရကာကွယ်နိုင်မှ နောင်တစ်ချိန်မှာ ကျွန်တော်တို့မျိုးဆက်တွေအတွက် ကျွန်တော်တို့တာဝန် ကျေပါလိမ့်မယ်။ဒါကို ကျွန်တော်တို့ သေသေချာချာနားလည်ဖို့ လိုပါလိမ့်မယ်။

မောင်ဦးလွင်
ဩဂုတ် - ၃