【 ဆောင်းပါး 】 “စိတ်ရဲ့ ငြိမ်းချမ်းခြင်းလမ်း”

【 ဆောင်းပါး 】 “စိတ်ရဲ့ ငြိမ်းချမ်းခြင်းလမ်း”

စိတ်ငြိမ်းချမ်းခြင်းကို ဘာကြောင့်များ လူအချို့ သေရေးရှင်ရေးတမျှ လိုအပ်နေရပါသနည်း။ဒါတွေက ပါးစပ်ကနေရှင်းပြနေလို့ နားလည်ခံစားပေးလို့ မျှဝေခံစားပေးနိုင်ဖို့ရနိုင်သည့် ကိစ္စမျိုးမဟုတ်ပါ။

မိသားစုတစ်စု၊ အိမ်ထောင်စုတစ်ခုအတွင်းမှာ ပြဿနာတစ်ခုရှိတဲ့အခါ၊ ဒါမှမဟုတ် မငြိမ်းချမ်းတဲ့အခါ၊ စိုးရိမ်သောကဖြစ်စရာရှိတဲ့အခါ၊ မိသားစုတကွဲတပြားအခြေအနေဖြစ်နိုင်တဲ့ အချိန်အခါမျိုးမှာ မိသားစုဝင်တွေအားလုံး စိတ်ခံစားမှုကိုယ်စီရှိကြပါတယ်။ဒါပေမယ့် ဒီဆိုးကျိုးကို ဘာမှမလုပ်နိုင်မကိုင်နိုင်၊ မလုပ်တတ် မကိုင်တတ်၊ သိနေပေမယ့် ဘာမှထုတ်ဖော်ပြောဆိုခွင့်မရတဲ့ ကလေးငယ်တွေရဲ့ စိတ်ခံစားမှု၊ အိုမင်းမစွမ်းတော့လို့ မှီခိုနေရတဲ့သူတွေက ဒီဒဏ်ကို ပိုခံရပါတယ်။ဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခုမှာ စစ်မက်ဖက်ပြိုင်လို့၊ ဒါမှမဟုတ် စစ်မက်ဖြစ်ပွားလုနီး အခြေအနေမျိုးမှာ တကယ့်ကို ထိထိခိုက်ခိုက် ခံစားရမယ့် သေချာပေါက်အဖြစ်ဆုံးသူကတော့ ဒေသခံပြည်သူတွေပဲဖြစ်သည်။    

တကယ့် တကယ်တော့ လူအများစု နဂိုစိတ်က ငြိမ်းချမ်းနေပြီးသား။အချို့ကလွဲပြီးတော့ပေါ့။သူတို့အသွေးထဲ အသားထဲမှာကိုက ငြိမ်းချမ်းချင်တဲ့ ဗီဇသွေးက မွေးလာကတည်းက ပါလာပြီးသား။ကျနော်သိတတ်စအချိန်ကတည်းက ငြိမ်းချမ်းစွာနေရသည့်အချိန်က နည်းပါးလှသည်။ကျနော်မမွေးသေးခင် ၁၉၅၈၊ နောက် ၁၉၆၂၊ ကျနော်မွေးပြီး ၁၉၇၄၊ နောက် ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇ စသဖြင့်။
စကတည်းကယဉ်သကိုဆိုသလို အကျပ်အတည်းပေါင်းများစွာ၊ အဆင်မပြေမှုပေါင်းများစွာ၊ ထိတ်လန့်မှုများစွာကို ကလေးဘ၀၊ လူငယ်ဘ၀၊ လူကြီးဘ၀၊ နေဝင်ချိန်ဘ၀ စသဖြင့် အသက်အရွယ်မျိုးစုံ၊ ဘ၀ပုံစံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ရသည်။
ဘယ်လိုပဲဖြတ်သန်းသည်ဖြစ်စေ တူသည်ကတော့ ကိုယ်ကအပြုခံရသည့် ‘ပေ’ ဘ၀ဖြင့် အတ္တကြီးသည့် လူတချို့နှင့် ထိုသို့သဘောဆက်နွယ်သည့် လူအဖွဲ့အစည်း၏ ထုထောင်းရိုက်နှက်ခံရသည်ကို နေ့နေ့ညည ထိတ်လန့်စွာဖြင့် ဖြတ်သန်းခဲ့ရတာချည်းပဲဖြစ်သည်။

ထိုအကျိုးဆက်က ယခုထိတောင် ကျနော်တို့စိတ်က ဆတ်ကနဲ ကျိုးပဲ့လွယ် ထိတ်လန့်လွယ်။တစ်ခုခုကိုမြင်ရလျှင် စိတ်က ထိတ်ကနဲဖြစ်သလို မကျေနပ်မှုဖြစ်ပြီးတာနှင့် ရင်တုန်ထိတ်လန့်တာက ဆက်တိုက်။တစ်ခါတလေတော့ ဒီလိုရေခံမြေခံမကောင်းတဲ့နေရာကနေ ချစ်ရခင်ရသူတွေက ‘မ’ ထုတ်ကာ ဒီလိုလူတွေ ဒီလိုလူ့အသိုင်းအဝန်းတွေကနေဝေးရာ အရပ်ဒေသတစ်ခုသို့ ခေါ်သွားချင်သည်။ထိုအခါ ကိုယ်တွေးသည့် အတွေးက စိတ်ကူးယဉ်အတော်ဆန်နေသည်ကို သိသော်လည်း ထိုနေရာတွင် ကိုယ်ချစ်ခင်ရသူတွေနှင့်ရှိရသည့်အခါ ကြောင့်ကြမဲ့နေရသည့်အခါ ရရှိမည့် စိတ်ခံစားမှု (ဝါ) စိတ်ကျေနပ်မှုကို ခေတ္တ အငှားသဘော ခံစားရသည်တောင် သာယာကျေနပ်လွန်းသဖြင့် အတွေးထဲကမထွက်ချင်ပဲ တဝဲလည်လည်။

စိတ်၏အေးချမ်းရာကို ဆိတ်ငြိမ်သည့်အရပ်နှင့် စာအုပ်ထဲတွင် ယေဘုယျရှာကြရသည်။စာအုပ်ဆိုရာတွင်လည်း ကိုယ်ကြိုက်နှစ်သက်ပြီး စိတ်အာရုံတစ်ခုလုံး နှစ်မြုပ်လို့ရသည့် စာဆိုတာက ရှားလှသည်။ထို့အတူ ဆိတ်ငြိမ်သည့်နေရာဆိုတာကလည်း ယနေ့ခေတ် ယနေ့အချိန်အခါတွင် အတော်ကိုရှားပါးပြီး အဖိုးတန်သည့်အရာဖြစ်နေပြီ။

ယခင်ကတော့ မြို့ပြလည်း သိပ်မဖွံ့ဖြိုးသေးသဖြင့် လမ်းထိပ်လဘက်ရည်ဆိုင်တွေ၊ ရထားလမ်းဘေး အပင်ရိပ်တွေ၊ ရထားလမ်းပေါ်၊ ရေကန်ဘေး သစ်ပင်ရိပ်။ထိုနေရာများတွင်ထိုင်ကာ တွေးရသည်ကို ကျနော်သဘောကျသည်။စိတ်လည်းချမ်းမြေ့သည်။ယခုအခါ ထိုသို့သောနေရာတွေက ရှားပါးကုန်သလို ရှိသမျှ အပိုင်တံဆိပ်ကပ်ကာ အပိုင်စီးယူကြသည့် လူတွေကြောင့် အများပြည်သူအတွက် စိတ်အပန်းဖြေရာနေရာက အလွန်ရှားပါးကုန်ပြီဖြစ်သည်။ထို့အတွက် ယခုအခါ ကိုယ်နေထိုင်ရာအိမ်၏ အခန်းကျဉ်းထဲ ကမ္ဘာတစ်ခုလုပ်ကာ ကိုယ်စိတ်ချမ်းသာရာကို ကိုယ်ရှာဖွေနေရသည့်အဖြစ်ကို ရောက်နေလေသည်။  

တစ်ယောက်တည်းထိုင်ကာ တွေးချင်ရာတွေးလို့ရသည့် ကျနော်အကြိုက်ဆုံး အခင်းအကျင်းက တောမကျ မြို့မကျ လူရှင်းသည့် လဘက်ရည်ဆိုင်တွင် တစ်ယောက်တည်း ထီးတည်း တွေးတောနေရခြင်းပင်ဖြစ်သည်။စာသင်ကျောင်းတွေပိတ်သည့် နွေရာသီကျောင်းပိတ်ရက်လို အချိန်ကာလမျိုးတွင် လဘက်ရည်ဆိုင်က နေ့လည်ဘက် အနှောင့်အယှက်ကင်းသလို တစ်ခါတရံကြားရသည့် ရထားခုတ်မောင်းသံနှင့် လဘက်ရည်ကျစိမ့်က အတော်ပင်လိုက်ဖက်လှသည့် အတွဲအဖက်ဖြစ်သည်။ဒီကြားထဲ ဂျိုးသိန်းဆေးပေါ့လိပ်လေးကို တစ်ဖွာလောက်ရှိုက်လိုက်ပြီး အတွေးတွေကို မီးခိုးငွေ့နှင့်အတူ မှုတ်ထုတ်လိုက်ရလျှင်ကား စိတ်ထဲကျေနပ်မှုတွေနှင့်။

ဒါတွေက ကျနော်တို့ဖြတ်သန်းခဲ့ရသည့် စိတ်လွတ်လပ်မှု၊ စိတ်ငြိမ်သက်မှုကိုရှာသည့် ခေတ်ဖြတ်သန်းသည့် ပုံစံပင်ဖြစ်သည်။

တည်ငြိမ်နေသည့် နေထိုင်မှုပုံစံကို လူတွေက ကိုယ့်အတ္တတစ်ခု ကိုယ်ဖြစ်ချင်တာတစ်ခုတည်းဖြင့် ဖျက်ဆီးကြသည်။ထိုအခါမျိုးတွင် နေရာအစီအစဉ်တကျရှိနေသည့် ထားသိုမှုများမှာ ပျက်စီးရသည်။ကိုယ်ဘာလိုချင်သလဲဆိုတာမသိပဲ ကိုယ်လိုချင်တာ ဟုတ်နိုးနိုးဖြင့်  ကိုယ်ဖြစ်ချင်တာ ကိုယ်ဖြစ်စေချင်တာကို သေသေချာချာမသိသည့်သူတွေကြောင့် ကမ္ဘာကြီးဖရိုဖရဲဖြစ်ရသည့် အကြိမ်အခါပေါင်းက မနည်းလှတော့။ထိုထဲ ကိုယ့်ဘာသာတွေးပြီး ကိုယ့်အတွေးနှင့် ကိုယ်နေသည့်သူတွေကို ရက်စက်တတ်လာအောင် ဒီလူတွေ ဘယ်လောက်တောင်လုပ်ခဲ့ပြီးကြပြီလဲဆိုတာ တွေးမိသည်။

စာအုပ်ထဲတွင်ရှိသည့် ကမ္ဘာနှင့် ပြင်ပတွင်ရှိသည့်ကမ္ဘာက ဆန့်ကျင်ဘက်ဖြစ်သည်။စိတ်ကူးယဉ်သမားတွေ လောကထဲထွက်လာလျှင် ကမောက်ကမ .. မနေတတ်မထိုင်တတ်ဖြစ်သည်ဟု ဆိုကြသည်။အတွေးသမားတွေကတော့ ဒီလိုမမြင်။လက်တွေကို ကိုးကွယ်ပြီး ကိုယ့်ကိုယ်ကို အရမ်း (တစ်စုံတစ်ရာ) ဖြစ်ချင်လွန်းကြသည့်သူတွေ စိတ်ကူးယဉ်လာကြ .. တွေးလာကြပြီဆိုလျှင်  ကမ္ဘာပျက်၊ မပျက်တော့ မသိ။ထိုသူတွေအနားရှိသည့်လူတွေ ဘယ်သူမှ ကောင်းကောင်းမနေရတော့သည်က အမှန်ပင်။

ကမ္ဘာကို ဖျက်သည့်သူတွေထဲ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ မပါ။သက်ဆိုင်ရာနယ်ပယ်အလိုက် ထူးချွန်သည့် အသိပညာရှင်တွေ အတတ်ပညာရှင်တွေတောင် ပါတာနည်းသည်။အများစုက နည်းနည်းပေးဆပ်တာကို များများပေးဆပ်သယောင်ပြောသည့် အပြောသမားတွေ၊ ကိုယ်ကျိုးရှာ အတ္တသမားတွေပဲ ဖြစ်သည်။

သေချာသည်က ကမ္ဘာကို အကျိုးဖြစ်စေသည့်သူတွေက စိတ်၏အေးချမ်းရာကို မိမိအတွင်းသဏ္ဍာန်မှာ ရှာသူတွေဖြစ်ပြီး ကမ္ဘာကိုဖျက်ဆီးသည့်သူတွေကို စိတ်၏အေးချမ်းရာကို ပြင်ပလောကတွင်ရှာကြသူများ ဖြစ်နေခြင်းပင်ဖြစ်သည်။

“စဉ်းစားပါ၊ တွေးတောပါ၊ သုံးသပ်ပါ” ထိုစာတမ်းကို တက္ကသိုလ်တစ်ခု၏ ဒဿနိက ဘာသာရပ်အခန်းတစ်ခုတွင် ချိတ်ဆွဲထားသည်ကို တွေ့ဖူးသည်။ထေရဝါဒ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ စာအုပ်စင်တွင် ဖတ်ဖန်များနေသည့် “တစ်ယောက်တည်းနေ တစ်စိတ်တည်းထား” ဆိုသည့် ရဟန်းတော်တစ်ပါး၏ စာအုပ်ကို တွေ့မိသည်။လူတွေကို မေတ္တာထားတတ်အောင် ဟောပြောနေသည့်သူတစ်ယောက်၏ အိတ်ထဲတွင် ဆွန်ဇူး၏ စစ်ပညာကျမ်းစာအုပ်နှင့် ဦးနု ဘာသာပြန်သည့် ဒေးလ်ကာနက်ဂျီ၏ မိတ္တဗလဋီကာစာအုပ်ကို တွေ့ရသည်။

ဒီလိုအလွဲတွေကြား၊ အတုနှင့် အစစ်ကြား ကျနော်တို့သည့် လွန်းယှက်သလို အပြန်ပြန်အလှန်လှန် သွားလာလှုပ်ရှားနေသည့် သဘောရှိသည်။ထိုထဲတွင် အတုတွေက အစစ်တွေနေရာကိုယူကာ ဟန်တစ်လုံး ပန်တစ်လုံးဖြင့် အစစ်သဖွယ် လက်သီးလက်မောင်းတန်းနေသည်ကို မြင်ရသည့်အခါ  မြင်ရသူအဖို့ များစွာစိတ်မသက်သာဖွယ်ရာ။

ငြိမ်းချမ်းသောစိတ်ဆိုသည်မှာ အဘယ်နည်း။ကိုယ်မသိသောအရပ်သို့ တစ်စုံတစ်ခုသော ယုံကြည်ချက်ဖြင့် သွားသည့်အခါ ထိုအရာကို ထင်ထင်ရှားရှား သင်မြင်ရမည်ဖြစ်သည်။ထိုနေရာတွင် စိတ်ချယုံကြည်ရခြင်းဆိုသည့် အဖိုးအနဂ္ဂထိုက်တန်သည့် ယုံကြည်စိတ်က အဓိကကျသည်။ထင်ရှားသည်က တစ်စုံတစ်ဦးသော လူတစ်ယောက်အပေါ် မိမိခေါင်းကို ယုံကြည်စွာအပ်နှံကာ စိတ်ချလက်ချအိပ်ဖူးခြင်းက မိမိသည် စိတ်အေးချမ်းနေသည်သူဖြစ်ကြောင်း ထင်ရှားသည့် အမှတ်သင်္ကေတပင်ဖြစ်သည်။

တကယ်တော့  စိတ်ငြိမ်းချမ်းရာဆိုသည်မှာ တန်ဖိုးကြီးလှသည်။လူတိုင်းလည်းရှာနေကြသည်။သို့သော် မတွေ့။အဘယ့်ကြောင့်ဆိုသော် မိမိစိတ်အတွင်းသဏ္ဍာန်၌သာ ရှာရမည်ကိုလွဲကာ ပြင်ပရုပ်၀တ္တုနှင့် ပိုင်ဆိုင်အသိအမှတ်ပြုခြင်းများအပေါ်၌သာ အာသာငန်းငန်းရှာနေကြ၍ပင် ဖြစ်လေသည်။

လင်းနိုင်ကျော်စိုး
အောက်တိုဘာ - ၁၂