【 ဆောင်းပါး 】 “စိတ်အလိုလိုက်ရင် မှားမယ်”

【 ဆောင်းပါး 】 “စိတ်အလိုလိုက်ရင် မှားမယ်”

စိတ်ဆိုတာ ထိန်းချုပ်ဖို့အလွန်ခက်ခဲပြီး အလွန်လျင်မြန်လှသည်။တွေ့ရာမြင်ရာအာရုံကိုလည်း ငြိတွယ်တတ်လွန်းသည်။
 
ကျွန်တော်တို့ တရားထိုင်သည့်အခါ ဘုရားဝတ်ပြုသည့်အခါတွင် ပိုမိုသိသာလှသည်။ရေထဲမှာသာ အမြဲပျော်နေတတ်သော ငါးကို ရေထဲမှယူ၍ ကုန်းပေါ်တင်လိုက်ပါက မနေတတ်ဘဲ တဖျပ်ဖျပ်ခုန်နေသကဲ့သို့ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားထိန်းနေသည့်ကြားမှ ထိန်းမနိုင်သိမ်းမရ လှုပ်ရှားနေသောစိတ်ကို သိသာစွာ သတိပြုမိနိုင်သည်။
 
ဘုရားရှေ့မှာထိုင်ကာ ခန္ဓာကိုယ်က ဂါရဝအပြည့်နှင့် ရှိခိုးနေသည်။ပါးစပ်မှလည်း ဘုရားစာကို ဂါရဝအပြည့်နှင့် ရွတ်ဆိုနေသည်။သို့သော်လည်း စိတ်ကတော့ ဟိုရောက်ဒီရောက်နှင့် ပျံ့လွင့်နေလေ့ရှိသည်။စိတ်အလိုလိုက်ကာ အာရုံတွေနောက်လိုက်နေမိပါက ဝတ်ပြုချိန် နာရီဝက် တစ်နာရီကြာသော်လည်း စက္ကန့်ပိုင်းလောက်တောင် တရားမမှတ်နိုင်ဘဲ အချိန်ကုန်ရုံသာ အဖတ်တင်ခဲ့ရသည်။ကာယကံ ဝစီကံအနေနှင့် ကုသိုလ်တွေရနေ သော်လည်း မနောကံအားဖြင့် အပြစ်တွေကျူးလွန်နေတတ်သည်။
 
ဘုရားရှေ့မှာမဟုတ်ဘဲ၊ တရားဆင်ခြင်မနေဘဲ တစ်နေ့တာ လူမှုတာဝန်တွေထမ်းဆောင်ချိန်တွေမှာတော့ မနောစိတ်က အာရုံတွေနောက်ကို တကောက်ကောက်လိုက်ကာ ကာယကံ ဝစီကံဖြင့် အမှားများစွာကျူးလွန်မိတတ်သည်မှာ ပြောစရာပင်မလိုတော့ပါ။လူတော်တော်များများသည် ရမ္မက် လောဘတွေ လွှမ်းမိုးထားသော လောကထဲမှာ စိတ်ကိုနိုင်အောင်မထိန်းဘဲ လွှတ်ထားမိသည့်အတွက် အာရုံအမှားများကြားမှ ရုန်းမထွက်နိုင်တော့ဘဲ အံ့သြဖွယ်အမှားကြီးများကို ကာယကံမြောက် ဝစီကံမြောက် ပြစ်မှားကျူးလွန်မိတတ်ကြပါသည်။
 
ဘုရားဟော ၅၅၀-ဇာတ်များမှ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားနှင့် ပညာရှိအမတ်ကြီးအကြောင်း ပြောချင်ပါသည်။
 
ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီးအုပ်ချုပ်စဉ်က ဂေါတမဘုရားလောင်းသည် ပညာရှိအမတ်ကြီးဖြစ်၏။ဂေါတမမြတ်စွာဘုရား ပွင့်တော်မူစဉ်က ရဟန်းပရိသတ်များအလယ်၌ ကိုယ်ဝန်အတုဖြင့် ဘုရားရှင်ကို တရားခံအဖြစ်စွပ်စွဲခဲ့သော စိဉ္စမာနလောင်းသည် ဘုရင်ကြီး၏ မိဖုရားဖြစ်၏။  ဗြဟ္မဒတ်မင်း၏ မိဖုရားသည် ငယ်ရွယ်နုပျိုပြီး ချောမောလှပသောကြောင့် ဘုရင်ကြီးက သူ၏မိဖုရားကို အလွန်ချစ်မြတ်နိုးလေသည်။
 
တစ်နေ့တွင် တိုင်းပြည်၏နယ်စွန်၌ သူပုန်များသောင်းကျန်းနေသောကြောင့် ဘုရင်ကိုယ်တိုင် သွားရောက်တိုက်ခိုက်ရမည်ဖြစ်သည်။ဘုရင်ကြီး စစ်ထွက်ခါနီးတွင် မိဖုရားက ဘုရင်ကြီးကို စိတ်မချသဖြင့် စစ်မြေပြင်သို့ သူပါလိုက်မည်ဟု ပြောသည်။ဘုရင်ကြီးက သူခရီးစထွက်ပြီးသည်နှင့် တစ်ယူဇနာအကွာသို့ရောက်တိုင်း စစ်သည်တစ်ယောက်ကို နန်းတော်သို့စေလွှတ်ကာ သူ့အခြေအနေကို မိဖုရားအားပြောပြမည် မိဖုရား၏အခြေအနေကိုလည်း သူသိရမည်ဟု မိဖုရားကိုပြောဆိုနှစ်သိမ့်ရတော့၏။
 
ဘုရင်ကြီး စစ်ထွက်သွားပြီး တစ်ယူဇနာအကွာသို့ရောက်သောအခါ ဘုရင်ကြီးစေလွှတ်လိုက်သော စစ်သည်က မိဖုရားထံသို့ လာရောက်သတင်းပို့သည်။တဏှာရာဂစိတ်ထက်သန်သော မိဖုရားသည် ထိုစစ်သည်ကို အာဏာသုံး၍ သူနှင့်ကာမဆက်ဆံစေသည်။ဘုရင်ကြီး နောက်ထပ်တစ်ယူဇနာ ခရီးသို့ရောက်သောအခါ နောက်ထပ်စစ်သည်တစ်ယောက် စေလွှတ်ပြန်သည်။ထိုတစ်ယောက်လည်း မိဖုရားနှင့် ပျော်ပါးပြီးမှ ပြန်သွားရသည်။သူပုန်များရှိရာ အရပ်ဒေသသည် နန်းတော်မှ သုံးဆယ့်ခြောက်ယူဇနာ ကွာဝေးသည့်အတွက် ဘုရင်ကြီးက တိုက်ပွဲသို့ရောက်ရှိချိန်တွင် မိဖုရားက စစ်သည်သုံးဆယ့်ခြောက်ယောက်နှင့် ပျော်ပါးပြီးလေပြီ။
 
သူပုန်များကို တိုက်ခိုက်နှိမ်နင်းပြီးနောက် ဘုရင်ကြီးလည်း နန်းတော်သို့ အောင်ပွဲနှင့်အတူ ပြန်လာသည်။အပြန်ခရီးတွင်လည်း တစ်ယူဇနာရောက်တိုင်း စစ်သည်တစ်ယောက် စေလွှတ်သည်။မိဖုရားကလည်း သူ့ဆီရောက်လာသော စစ်သည်တိုင်းနှင့် အပျော်မပျက်ခဲ့ပေ။ဘုရင်ကြီး နန်းတော်သို့ရောက်ရန် တစ်ယူဇနာအလိုတွင် ဘုရင်ကြီးက သူနန်းတော်သို့မရောက်မီ နန်းတော်အတွင်းအပြင် သန့်သန့်ရှင်းရှင်းဖြစ်စေရန် ပညာရှိအမတ်ကြီး ကိုယ်တိုင် စီမံရန် အကြောင်းကြားလိုက်သည်။
 
အမတ်ကြီးလည်း ဘုရင့်အမိန့်တော်အတိုင်းဆောင်ရွက်ရင်း နောက်ဆုံးတွင် မိဖုရားအဆောင်တွင်းသို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်ရလေသည်။မိဖုရား၏ ရာဂဆန္ဒကို ဖြည့်ဆည်းရန်အတွက် အမတ်ကြီးအလှည့်သို့ ရောက်ခဲ့သည်။အမတ်ကြီးသည် မိဖုရား၏လှုပ်ရှားမှုအားလုံးကို သိနေနှင့်သည်။မိဖုရားက မည်သို့ပင်ဆွဲဆောင်သော်လည်း မိဖုရား၏အလိုကို မလိုက်လျောခဲ့ပေ။မိဖုရားက သူ့အလိုကို မလိုက်လျောလျှင် အမတ်ကြီးကို ခေါင်းဖြတ်သတ်မည်ဟုပြောသောအခါ အမတ်ကြီးက ခေါင်းတစ်လုံးမက ခေါင်းတစ်ထောင်ရှိလို့ အခါတစ်ထောင် အဖြတ်ခံရလည်း ဒီလိုရှက်စရာကောင်းသည့် မကောင်းမှုမျိုးကို လုံးဝမလုပ်နိုင်ကြောင်း ပြန်ပြောသည်။မိဖုရားသည် သူ့အလိုကို မလိုက်လျောသော အမတ်ကြီးအပေါ် ဒေါသထွက်ကာ ရန်ငြိုးဖွဲ့လေတော့သည်။
 
မိဖုရားလည်း ခန္ဓာကိုယ်တွင် ကုတ်ရာ၊ ခြစ်ရာများ ဖန်တီးထားပြီး အနည်းငယ်ပြဲစုတ်နေသော အဝတ်အစားကိုဝတ်ဆင်ကာ မျက်နှာညှိုးညှိုးနွမ်းနွမ်းနှင့် ပူပင်သောကဖြစ်နေဟန် အမူအရာမျိုးလုပ်၍ ဘုရင်ကြီးအလာကို စောင့်နေလေသည်။ဘုရင်ကြီးရောက်လာသောအခါ မိဖုရားက မျက်ရည်နှင့်ဆီးကြိုပြီး အမတ်ကြီးက သူမကို အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း ငိုယိုတိုင်တန်းလေတော့သည်။
 
မိဖုရား၏ စကားဆုံးသည်နှင့် ဘုရင်ကြီးလည်း ဘာကိုမှစုံစမ်းစစ်ဆေးမနေတော့ဘဲ အမတ်ကြီးကို ခေါင်းဖြတ်သတ်ရန် အမိန့်ချလိုက်သည်။အမတ်ကြီးက ဘုရင်ကြီးနှင့် တွေ့ခွင့်တောင်းပြီး ဘုရင်ကြီးရှေ့မှောက်သို့ ရောက်သောအခါ သက်သေနှင့်တကွ အဖြစ်မှန်ကိုရှင်းပြသည်။မိဖုရားနှင့် ဖောက်ပြန်ခဲ့သည့် စစ်သည်များကို ခေါ်ယူစစ်ဆေးသောအခါ ထိုသူများက မိဖုရား၏အမိန့်ကြောင့် အပြစ်ကျူးလွန်ခဲ့ရကြောင်း ဝန်ခံကြသည်။သည်တော့မှ ဘုရင်ကြီးက အမတ်ကြီးကို အပြစ်မှလွှတ်လိုက်ပြီး အပြစ်ရှိသူများကို ခေါင်းဖြတ်သတ်ရန် အမိန့်ပေးလိုက်လေသည်။သို့သော် ဘုရင်ကြီးကို ဘုရားလောင်းအမတ်ကြီးက အကုသိုလ်ထပ်မလုပ်ရန် တောင်းပန်မှုကြောင့် မည်သူမျှအပြစ်ပေးမခံခဲ့ကြရပါ။အမတ်ကြီးကတော့ လောဘ ဒေါသ မောဟတွေ ဖုံးလွှမ်းနေသော လူ့ဘောင်လောကကိုကြည့်ကာ သံဝေဂရပြီး ရဟန်းဝတ်ကာ တောထွက်သွားပါတော့သည်။
 
မိဖုရားသည် အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အနေနှင့် မိမိ၏လင်ယောင်္ကျားမှတစ်ပါး အခြားသောအမျိုးသားနှင့် မမှားယွင်းသင့်ပါလားဟူသော အတွေးမျိုးမဝင်လာဘဲ စိတ်အလိုလိုက်ကာ ဆန္ဒရမ္မက်နောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့လေသည်။ထိုသို့မှားယွင်းခြင်းအမှုသည် ရှက်စရာကောင်းပါလားဟု မတွေးတော မဆင်ခြင်နိုင်ခဲ့ပေ။တကယ်ဆိုလျှင် တိုင်းပြည်ကိုအုပ်ချုပ်နေ သော ဘုရင်၏ မိဖုရားတစ်ပါးအနေနှင့် ပို၍ပင်ဣန္ဒြေသိက္ခာကို ထိန်းသိမ်းသင့်လေသည်။ဖြစ်သင့်တာကို မစဉ်းစားနိုင်ဘဲ ဖြစ်ချင်တာကို ဇွတ်တိုးလုပ်ခဲ့သည့်အတွက် သူကိုယ်တိုင် အကုသိုလ်အမှုကြီးကျူးလွန်မိပြီး အခြားသူများကိုလည်း အကုသိုလ်ဖြစ်စေသည်။လောကမှာလည်း မျက်နှာပြရဲစရာမရှိအောင် အရှက်ရစေခဲ့သည်။
 
စိတ်အလိုမလိုက်သော ရှက်ရကောင်းမှန်းသိသော ဓမ္မနှင့် အဓမ္မကို ခွဲခြားသိသော ပညာရှိအမတ်ကြီးကတော့ မိဖုရားကြီးငြိုငြင်၍ ခေါင်းဖြတ်အသတ်ခံရမည့် အပြစ်သားဖြစ်ရမှာကို လုံးဝမရှက်ခဲ့ပါ။ဘုရင်ကြီးအပါအဝင် တစ်တိုင်းပြည်လုံးက အပြစ်သားအဖြစ် အထင်သေးမှာ အထင်လွဲမှာကိုလည်း လုံးဝမကြောက်ခဲ့ပါ။ကိုယ်ကျင့်တရား ဖောက်ဖျက်ရမှာကိုတော့ နင့်နင့်သီးသီးရှက်မိသည်။ကိုယ်ကျင့်တရားပျက်ပြားသော အကုသိုလ်ကောင် ကြီး ဖြစ်လာမှာကိုလည်း အကြောက်ကြီးကြောက်မိသည်။သူတန်ဖိုးထားသည့် သူ့ကိုယ်ကျင့်တရား သူ့သီလအတွက် သူ့အသက် သူ့ရာထူးကို လုံးဝစွန့်လွှတ်ရဲခဲ့ပါသည်။ထို့ကြောင့်လည်း ခေါင်းတစ်လုံးမက ခေါင်းတစ်ထောင်ရှိလို့ အခါတစ်ထောင်အဖြတ်ခံရလည်း ဒီလိုရှက်စရာကောင်းသည့် အဓမ္မမှုမျိုးကို လုံးဝမလုပ်နိုင်ကြောင်း ပြန်ပြောခဲ့ခြင်းဖြစ်၏။
 
စိတ်အလိုလိုက်မိသောသူသည် နှုတ်ထွက်စကားတွေကြမ်းလာသည်။လိမ်ညာပြောဆိုဖို့ ဝန်မလေးသောသူဖြစ်လာသည်။အခြားသူများကို မကောင်းပြောရမှာ ဒုက္ခရောက်အောင် ချောက်တွန်းပြောဆိုရမှာ စိုးရွံ့မှုမရှိတော့ပါ။သူတစ်ပါးအိမ်ရာ ကျူးကျော်စော်ကားဖို့ ဝန်မလေးသလို သူတစ်ပါး၏ ငွေကြေးဥစ္စာကိုခိုးယူဖို့ ဝန်မလေးတော့။လုယက်ဖို့လည်း မတွန့်ဆုတ်တော့။သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ဖို့ အသက်သတ်ဖို့တွေက သူ့အတွက် ထမင်းစားရေသောက်လို လွယ်ကူလာသည်။
 
စိတ်သာယာမှုကိုခံစားရင်း ထိုအာရုံခံစားသည့်စိတ်နောက်သို့ တကောက်ကောက်လိုက်ရင်း မိမိအနိုင်ထိန်းချုပ်ထားရမည့်စိတ်က အင်အားကောင်းကာ တစ်နေ့ထက် တစ်နေ့ မိမိကိုအနိုင်ယူလာသည်။စိတ်ကခိုင်းစေသမျှ မိမိကအမှားတွေတစ်ခုပြီးတစ်ခုကျူးလွန်ကာ လက်ရှိလောကမှာရော သံသရာမှာပါ အပြစ်သားတစ်ယောက်ဖြစ်လာပါသည်။
 
စိတ်ဆိုတာ ထိန်းချုပ်ဖို့အလွန်ခက်ခဲပြီး အလွန်လျင်မြန်လှသည်။တွေ့ရာမြင်ရာအာရုံကိုလည်း ငြိတွယ်တတ်လွန်းသည်။
 
စိတ်အလိုမလိုက်မိစေရန် တရားမှု၊ မတရားမှုကို သေသေချာချာသိရပါမည်။ထိုအသိရှိပြီဆိုရင် မတရားမှုနောက်သို့ မလိုက်ပါအောင် စိတ်ကိုနိုင်အောင်ထိန်းရပါမည်။အကယ်၍ သတိလွတ်ပြီး စိတ်အလို လိုက်မိလျှင်တော့ အမှားတွေတစ်ခုပြီးတစ်ခု ကျူးလွန်မိပါလိမ့်မည်။ထို့ကြောင့် အမှားမကျူးလွန်ချင်လျှင် အဓမ္မသမားမဖြစ်ချင်လျှင် စိတ်အလိုမလိုက်မှဖြစ်ပါမည်။
 
ရိုက်မောင်း
ဇန်နဝါရီ - ၁၈