【 ဆောင်းပါး 】 “စိတ်အားထက်သန်စွာ တုန့်ပြန်ပါ”

【 ဆောင်းပါး 】 “စိတ်အားထက်သန်စွာ တုန့်ပြန်ပါ”

“ဘယ်လိုလဲနေကောင်းလား”ဆိုတဲ့ နှုတ်ခွန်းဆက်တာလေးကို အပြုသဘောဆောင်တဲ့ အကောင်းမြင် တုန့်ပြန်ဖြေကြားမှုကသာလျင် မိမိအတွက်ရော၊ မိမိနဲ့ ပတ်သက်ဆက်စပ်နေသူများ အတွက်ပါ ကောင်းကျိုး များပါတယ်။ အကောင်းမြင် တုန့်ပြန်မှုများကိုသာ အမြဲပြောမိအောင် လေ့ကျင့်ကြဖို့ ဂျက်ဖ်ကီလာက တိုက်တွန်း လမ်းပြထားပါတယ်။

တကယ်မခံစားရဘူးဆိုရင်

“ဘယ်လိုလဲနေကောင်းလား”ဆိုတဲ့ နေ့စဉ် လူမှုရေးတစ်ခုအနေနဲ့  နှုတ်ခွန်းဆက်တာလေးတွေနဲ့ အဲဒါကို အကောင်းမြင်တုန့်ပြန်မှု စကားလုံး တွေနဲ့သာ တုန့်ပြန်သင့်တဲ့အကြောင်း တိုက်တွန်းလမ်းညွှန်ပြီးနောက် ဂျက်ဖ် ကီလာက နောက်ထပ် စိတ်ဝင်စားစရာ စဉ်းစားစရာထပ် တင်ပြထားသေးတယ်။ အဲ့ဒါက ကိုယ်က အပြုသဘော ဆောင်တဲ့ စကားလုံးတွေနဲ့ တုန့်ပြန်ဖြေကြားပေမယ့် ကိုယ်စိတ်ထဲမှာ တကယ်မခံစားရဘူးဆိုရင်ကော ဘယ်လို နေမလဲပေါ့နော်။ ဂျက်ဖ်ကီလာ တင်ပြထားတာလေးက တော်တော် သဘောကျစရာ ကောင်းပါတယ်။ ဆက်ဖတ် ကြည့်လိုက်ပါဦး။

တကယ်လို့ ကျွန်တော်က အရမ်းမိုက်တယ်လို့ မခံစားရရင် ဘယ်လိုနေမလဲ

ကျွန်တော် ဟောပြောပွဲတွေမှာ ပရိသတ်ကို “နေကောင်းလား ဘယ်လိုနေလဲ”ဆိုတဲ့ အမေးကို ရွှင်လန်း တက်ကြွစွာ တုန့်ပြန် ဖြေကြားသင့်တယ်လို့ တိုက်တွန်းပြောကြားတဲ့ အခါတိုင်း တစ်ယောက်ယောက်က ပွဲပြီးချိန် မှာ ကျွန်တော့်ဆီလာပြီး မေးတတ်တာက “တကယ်လို့ ကျွန်တော်က အရမ်းမိုက်တယ်လို့ တကယ်မခံစားရရင် ဘယ်လိုလုပ်ရမလဲ။” “ကျွန်တော်က ကိုယ့်မိတ်ဆွေတွေ၊ ငယ်သားတွေကို တကယ်လည်းမဟုတ်ပဲ အားလုံး အရမ်းမိုက်တယ်၊ အရမ်းကောင်းတယ်”လို့ လိမ်မပြောချင်ဘူး။

အဓိပ္ပာယ်ကောက် မလွဲစေချင်

       ကျွန်တော်ပြောတာကို အဓိပ္ပာယ်ကောက် မလွဲစေချင်ဘူး။ ကျွန်တော်က ပွင့်လင်းရိုးသားမှု နဲ့ ဟုတ်မှန်ရာ ပြောဆိုတာကို အလွန်တန်ဖိုးထားပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ အမှန်တရား ပြောဆိုတာနဲ့ ဆိုင်တယ်လို့ ကျွန်တော် မယူဆဘူး။ ရှင်းပြပါဦးမယ်။

    ဆယ်လီက ပင်ပန်းသလို ခံစားနေရတယ်လို့ ခဏစိတ်ကူးကြည့်ပါ၊ အဲဒီ အချိန်မှာ အလုပ်ထဲက တစ်ယောက် ယောက်က “ဘယ်လိုလဲ နေကောင်းလား” လို့ မေးလာလို့ သူမက လုံးဝ ရိုးသားချင်စိတ်နဲ့ “ပင်ပန်းနေတယ်”လို့ ပြန်ဖြေခဲ့မယ်ပေါ့။ အဲ့လိုဆို ဘာဖြစ်လာမလဲ ကြည့်ရအောင်။ ဆယ်လီက သူပင်ပန်းနေတယ်ဆိုတဲ့ ယုံကြည်ချက် ကို ပိုခိုင်မာအောင်လုပ်မိသွားပါပြီ သူမကိုယ်သူမ ပိုပင်ပန်းသလို ခံစားလာရတော့မယ်။ သူမ ပုခုံးကို လျောချထား မိကောင်း ထားမိပြီး သက်ပြင်းတောင် ချမိကောင်း ချမိ လိမ့်မယ်။ သူမ အနေနဲ့ အဲဒီနေ့က ရုံးမှာခပ်ညံ့ညံ့ ဘာမှအ လုပ်မတွင်တဲ့ နေ့တစ်နေ့ ဖြစ်သွား ပါလိမ့်မယ်။

     အဲဒီလို ဖြစ်ခဲ့ရင် ခုနက သူမကို မေးတဲ့သူဖက်ကိုလည်း ပြန်တွေးကြည့်ပါဦး။ သူက သူမေးမိလို့ ဒီလိုဖြစ်ရတာ ဆိုပြီး နောင်တရသွားမယ်။ သူ့အဖို့လည်း စိတ်မ‌ကောင်းစရာတစ်ခု ဖြစ်လိမ့်မယ်။ ဆိုတော့ ခြုံကြည့်လိုက်ရင် တစ် ယောက်ယောက်က သင့်ကို သူမ ဘယ်လောက် ပင်ပန်းနေတယ်လို့ ပြောတဲ့အခါ သင့်အဖို့ စိတ်တက်ကြွစရာ ဖြစ် ပါသလား။ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူး။ ပင်ပန်းတယ် ဆိုတဲ့ စကားကြားတာနဲ့ သင် သန်းဝေချင်စိတ် ဖြစ်လာ မှာပါ။

     ဒီတော့ ဆယ်လီဟာ ကိုယ့်ကိုယ်ကိုရော သူမကို မေးမိတဲ့ လုပ်ဖော်ကိုင်ဖက်ကိုရော အားယုတ်အောင် လုပ်မိ သလို ဖြစ်သွားတာပေါ့။

      ကောင်းပြီ၊ ဆယ်လီက သူမရဲ့ မရွှင်မလန်းတဲ့နေ့အပြီးမှာ အိမ်ပြန်လာခဲ့တယ်။ အခု သူမဟာ ခြေကုန်လက် ပမ်းကျနေပြီ။  သူမဟာ သူမအကြိုက်ဆုံး ထိုင်ခုံမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး သတင်းစာတစ်စောင်ကို ဖွင့်ပြီး ထီပေါက်စဉ်ကို ကြည့်လိုက်တယ်။ သူမထိုးထားတဲ့ ထီလက်မှတ်ကို ပိုက်ဆံအိတ်ထဲကထုတ်ပြီး တိုက် ကြည့်လိုက်တဲ့အခါ သူမလက်မှတ်က ပေါက်နေတာကို တွေ့လိုက်ရတယ်။ ‌ဒေါ်လာ ၁၀သန်း ပါ။

      ဆယ်လီ ဘာလုပ်မယ်ထင်ပါသလဲ။ သူမ အလွန်ပင်ပန်းနေတယ် ဆိုတာကို သတိရပါ။ ကျွန်တော်တို့ သိလိုက် တာကတော့ ဆယ်လီက သူထိုင်နေရာကနေ ခုန်ထလိုက်မယ်၊ ခုန်ပေါက်နေမယ်၊ အော်ဟစ်ပြီး လက်တွေကို အ ပေါ်မြှောက်ပြီး ဝှေ့ယမ်းမယ်ပေါ့။ သင့်အနေနဲ့ သူမဟာ အေရိုးဗစ် သင်တန်း ဆရာများလားလို့တောင် ထင်သွား မိမယ်။ သဘာဝကျစွာပဲ သူမက ဖုန်းကို ပြေးယူလိုက်ပြီး သူ့မိသားစုနဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်မယ်ပေါ့။ အခု ဆို သူဟာ အားအများကြီးပြည့်နေပြီး၊ တစ်ညလုံးမအိပ်ပဲ အောင်ပွဲခံမယ်၊ ဒါမှမဟုတ် ဒီပိုက်ဆံတွေနဲ့ ဘာလုပ်မလဲ အစီအစဉ် ဆွဲနေမှာပေါ့။

      ဒါပေမယ့် နေပါဦး။ လွန်ခဲ့တဲ့ ဆယ်စက္ကန့်လောက်တုန်းက ဒီ အမျိုးသမီးဟာ ခြေကုန်လက်ပမ်း ကျနေတယ် လေ။ အခုတော့ သူမဟာ ခုလေးတင် တင်မြှောက်လိုက်တဲ့ ၁၅ နှစ်အရွယ် ပန်းပွားအကအဖွဲ့ ခေါင်းဆောင် တစ် ယောက်ရဲ့ ခွန်အားမျိုးနဲ့ ဖြစ်နေပါလား။ ဒီ ၁၀ စက္ကန့်လေးအတွင်းမှာ လူတစ်ယောက်ကို ပုံလဲမတတ် ခြေကုန် လက်ပမ်းကျနေတဲ့ အခြေအနေကနေ အားမာန်အပြည့်နဲ့ တက်ကြွရွှင်လန်းတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲ သွားအောင် ဘာတွေဖြစ်ခဲ့တာလဲ။

     ဗိုက်တာမင် ဘီ-12 ထိုးလိုက်တာလား။ တစ်ယောက်ယောက်ကများ သူမမျက်နှာကို ရေခဲရေ ပုံးလိုက် ပက် လိုက်တာလား။ မဟုတ်ပါဘူး၊ သူမရဲ့ ပြောင်းလဲမှုဟာ လုံးဝ စိတ်ကြောင့် သက်သက်ပါပဲ။ ဆယ်လီ ဘာတွေ ခံ စားနေရတယ် ဆိုတာကို မှေးမှိန်အောင် ပြောနေတာ မဟုတ်ပါဘူး။ သူမ ခြေကုန်လက်ပမ်းကျနေတယ်ဆို တာ လည်း အမှန်ပါပဲ။ ဒါပေမယ် အဲ့ဒါဟာ ကိုယ်ခန္ဓာပင်ပန်းမှုကြောင့် မဟုတ်ပဲ စိတ်ကြောင့် ဖြစ်တာပါ။ ဆိုတော့ ဆယ်လီက သူပင်ပန်းတယ်လို့ ပြောခဲ့တုန်းက မှန်သောစကားကို ပြောခဲ့တာလား။ ဒါက တကယ်တော့  အမှန် တရားနဲ့ နည်းနည်းပဲ သက်ဆိုင်တာပါ။ ဆယ်လီ ဘာကို အရုံစိုက်မယ်လို့ ရွေးချယ်ခဲ့တယ် ဆိုတာနဲ့ ပိုဆိုင်ပါတယ်။

      သူမဟာ ရွေးချယ်မှု ၁- ပင်ပန်းတယ် ဆိုတဲ့ စိတ်ခံစားမှုပေါ်မှာပဲ အာရုံစိုက်မိနေခဲ့နိုင်တယ်။ နောက်တစ် ဖက် မှာ သူမက သူမဘဝတစ်လျောက်လုံးမှာ ရှိခဲ့တဲ့ ဆုတောင်းပြည့်ခြင်းများစွာကို သတိရပြီး သိပ်ကံကောင်းတာ ပဲလို့ စဉ်စားရင်း အားတက်နေတာ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။

ကိုယ်စိတ်ကူးတဲ့အတိုင်း ကိုယ်ဖြစ်လာတာပါ

       ကျွန်တော်တို့ ဘယ်လိုခံစားရသလဲဆိုတာက ဆန္ဒဖြစ်သွားတတ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ငါ ပင်ပန်းနေပြီလို့ ပြောရင် တကယ်ပဲ ပင်ပန်းတဲ့စိတ် ခံစားချက် ဖြစ်သွား တတ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ် ကို ငါအရမ်းမိုက်တယ်လို့ ပြောရင် အားတက်တဲ့ ခံစားချက်ဖြစ်လာပါတယ်။ အရှေ့က သင်ခန်းစာ (‌ဆောင်းပါး) က “ကျွန်တော့်တို့က ကိုယ်စိတ်ကူးတဲ့ အတိုင်း ကိုယ်ဖြစ်လာတာပါ” ဆိုတာကို ပြန်သတိရပါ။

      အခုလို နေ့စဉ် ပေါ့ပေါ့ပါးပါး လုပ်နေကျဖြစ်တဲ့ နုတ်ခွန်းဆက်စကားလေးနဲ့ တုန့်ပြန် ဖြေကြားတာလေးတွေက ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာကို ဝေဝေဆာဆာ ပြောကြား လမ်းညွှန် တိုက်တွန်းပြီးတဲ့နောက်မှာ အ ကောင်းမြင်စိတ်နဲ့ ကောင်းကျိုးလိုလားတဲ့ တုန့်ပြန် ဖြေဆိုတာလေးတွေကို အလေ့အကျင့်သစ်ကို အခုပဲ ချက် ခြင်း ကျင့်ကြံကြည့်ဖို့ အခုလို ခပ်ရွှင်ရွှင်လေး တိုက်တွန်းထားပါတယ်။

 

စိတ်အားထက်သန်စွာ တုန့်ပြန်ပါ

      ရှေ့လကျရင် ဒါလေးကို စမ်းသပ်ကြည့်ပါ။ တစ်ယောက်ယောက် (ရုံးကပဲဖြစ်ဖြစ်၊ စတိုးဆိုင်က အရောင်း သမားပဲဖြစ်ဖြစ်)က “နေကောင်းလား၊ ဘယ်လိုလဲ” လို့ နုတ်ဆက်လာရင် “အရမ်းမိုက်တယ်”  “ကောင်းတယ်ဗျာ” လို့ မျက်လုံးထဲက အရောင်ထွက်အောင် ပြုံးပြီး ဖြေလိုက်စမ်းပါ။ သင် အဲဒီအချိန်မှာ အမှန်တကယ် အရမ်းမိုက် အရမ်းကောင်းတယ်လို့ ခံစားနေရမယ် လို့ မဆိုလိုပါဘူး။ တကယ်ဖြစ်နေတဲ့ အလားပြုမူပါဆိုတဲ့ စည်းမျည်း အတိုင်းသာ ရိုရိုးလေးလုပ်လိုက်ပါ။ တနည်းအားဖြင့်ပြောရရင် သင် ပိုအကောင်းမြင်တဲ့သူ ဖြစ်ချင်တယ်    ဆိုရင် သင်အခုပဲ တကယ်ဖြစ်နေတဲ့အလား ပြုမူပါ၊ သိပ်မကြာခင် သင်ဟာ တကယ်ပဲ အပြုသဘော ဆောင်တဲ့သူ ဖြစ်လာပြီဆိုတာ တွေ့ရပါလိမ့်မယ်။

       သင့်အနေနဲ့ အစပိုင်းမှာ အဲဒီစကားလုံးတွေ ပြောရမှာ သိပ်စိတ်မရဲသေးဘူးဆိုရင်လဲ စိတ်မပူပါနဲ့။ ဆက် သာ ပြောပါ၊ သင်ဟာ အဲဒီစကားလုံးတွေအတိုင်း ဖြစ်လာမှာပါ။ သင့် စိတ်ခံစားမှု ပိုကောင်းလာတယ်ဆိုကို အရင်ဆုံး သတိထားမိလာမှာပါ၊ ပြီးတော့ သူများတွေက သင့် အနားမှာ နေချင်လာတာကိုရော သတိထားမိလာပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ အပြုသဘောဆောင်တဲ့ ကောင်းတဲ့ ရလဒ်တွေက သင့်ဆီကိုလာနေပြီဆိုတာ သိလိုက်ပါ။ ဒါနဲ့ “ဘယ်လိုလဲ နေကောင်းလား”..... ခင်ဗျားက “အရမ်းမိုက်တယ်၊ ကောင်းတယ်ဗျာ” လို့ ပြောလိုက်တာ ကျွန်တော် ကြားလိုက်မိသလိုပဲ။

စိတ်နေသဘောထားသည်သာ အရာရာ

         ကဲ..... စာဖတ်သူရော ဂျက်ဖ်ကီလာရဲ့ လမ်းညွှန်တိုက်တွန်းချက်လေးတွေကို ဘယ်လိုသဘောရလဲ။ စာ ရေးသူကတော့ သူအကြံပေးတဲ့ အတိုင်း “စိတ်နေသဘောထားသည်သာ အရာရာ” ဆိုတဲ့ မူကို လက်ကိုင်ထားပြီး အကောင်းမြင်စိတ်ကို မွေးမြူပြီး ကောင်းကျိုးသဘောဆောင်တဲ့ စကားတွေကိုသာ  အမြဲသတိထားပြီး လေ့ကျင့် လုပ်ဆောင်နေပါတယ်။ စာဖတ်သူများ အားလုံးလည်း အကောင်းမြင်စိတ် နဲ့ ကောင်းကျိုးကို ရှေ့ရှုတဲ့ စကားလုံး အသုံးနှုန်းများကိုသာ အမြဲပြောဆိုပြီး ကောင်းကျိုး အဖြာဖြာ ဖြစ်စေမယ့် လမ်းကြောင်းပေါ်မှာ ပျော်ရွှင်အောင် မြင်စွာ လျောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)                                                                                                                                                                 

                                                                                   သက်ထွန်း (သျှမ်း)