【 ဆောင်းပါး 】 “ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ

【 ဆောင်းပါး 】 “ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ

“သူက ပထွေးဆိုပေမယ့် ကလေးတွေရဲ့ ဦးလေးလဲတော်တယ် ဟုတ်လား”

“ဟုတ်တယ်လေ။သူက ကလေးတွေအဖေရဲ့ ညီအရင်းခေါက်ခေါက်။သူတို့မိဘတွေက ဒီညီအကိုနှစ်ယောက်ထဲ မွေးခဲ့တာ”

“ဒါဆိုရင် သူက သူ့မရီးကို ပြန်ယူခဲ့တာပေါ့”

“ဟုတ်တယ်”

“သူ့အကို ဆုံးပြီးတော့လား”

“ဘယ်ဟုတ်မလဲ။မဆုံးခင်ကတည်းကယူတာ”

“သူ့မရီးကပါ သူ့ကိုချစ်နေတာလား”

“ဘယ်လိုချစ်မှာလဲ။ဒီကမ္ဘာပေါ်မှာ သူ့ကိုအမုန်းဆုံးလူက သူ့မရီးပဲ”

“ဒါနဲ့တောင် ဘာလို့ယူဖြစ်သွားတာလဲ”

“ညီအကိုအရင်းဆိုပေမယ့် စိတ်ဓာတ်ချင်းကတော့ မိုးနဲ့မြေလောက်ကွာတယ်။သူ့အကိုက စိတ်ထားလည်းကောင်းတယ်။အကျင့်စာရိတ္တကလည်း ပြောစရာမရှိအောင်ကောင်းတယ်။ဘယ်သူ့ကိုမဆို ကူညီတတ်တယ်။တကယ့်ကို လူဖြောင့်လူမှန်ကြီး”

“ဒါဆို ဒီလူကျတော့”

“ပြောင်းပြန်ပေါ့ကွာ။လိမ်တယ်။ညစ်တယ်။ကောက်ကျစ်တယ်။ယုတ်မာတယ်။မိုက်ရိုင်းတယ်။ဘယ်သူ့ကိုမှ မကူညီဘူး။ဒုက္ခပဲပေးတာ။ကျေးဇူးတရားဆိုတာလည်း သူမသိဘူး။သူသိတာ တစ်ခုထဲရှိတယ်။အဲဒါက သူလိုချင်တာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မရ ရအောင်ယူဖို့ပဲ။သူ့မရီးကိုလည်း မတရားသဖြင့်ယူထားတာ”

“ပြောပါဦး”

“သူတို့အဖေက သူတို့လူမှန်းမသိခင်ကတည်းက ဆုံးသွားတာ။သူတို့အမေက အိမ်မှာ ကုန်စုံဆိုင်လေး ဖွင့်ထားတယ်။အကိုက စာကြိုးစားတယ်၊ အမေကိုလည်းဝိုင်းကူတယ်။သူကတော့ စာကို လုံး၀စိတ်မဝင်စားဘူး။အမေကိုကူညီဖို့ကတော့ ပိုတောင်ဝေးသေးတယ်။သူများပစ္စည်းကို ခိုးယူတယ် လိမ်ယူတယ် လုယူတယ်။သူ့ပြဿနာကို သူ့အမေက ဒိုင်ခံဖြေရှင်းရတာပေါ့ကွာ။
ကျောင်းသာထားတာ တစ်တန်းမှမအောင်ဘူး။ဘယ်အောင်မှာလဲ ကျောင်းမတက်ပဲ ငှက်လျှောက်ပစ်တယ် ဆော့တယ် ရန်ဖြစ်တယ် ဒါနဲ့ပဲ သူငယ်တန်းမှာ နှစ်နှစ်နေပြီး ကျောင်းထုတ်လိုက်ရတယ်လေ။သူ့အကို ဆယ်တန်းတက်မယ့်နှစ်မှာ သူ့အမေစုထားဆောင်းထားတာတွေ အကုန်ယူပြီး အိမ်ကထွက်သွားပါလေရော။သူ့အမေလည်း သူ့စိတ်နဲ့ပဲ အိပ်ရာထဲမှာလဲလိုက်တာ တစ်နှစ်တောင်မခံပါဘူး ဆုံးသွားတာပါပဲ။အကိုခမျာ စာတော်ရက်နဲ့ ကျောင်းဆက်မတက်နိုင်တော့ဘူးလေ။စားဖို့သောက်ဖို့ရော အမေ့ဆေးဖိုးအတွက်ပါ ငွေလိုတော့ အလုပ်ထွက်လုပ်ရတာပေါ့”

“တော်တော်ဆိုးတဲ့လူပဲကွာ”

“ဆိုးတာတော့မပြောနဲ့။အမေကို ဒုက္ခပေးပြီးလို့ အနှစ်နှစ်ဆယ်ကျော်လောက်မှာ အကို ကို ဒုက္ခပေးဖို့ ပြန်ရောက်လာတယ်လေ”

“သူပြန်ရောက်လာတော့ သူ့အကိုက သားသမီးတွေတောင် ရနေလောက်ရောပေါ့”

“ဒါပေါ့။အကြီးဆုံးကောင်မလေးက ဆယ်တန်းတက်နေတုန်း။အငယ်ကောင်က ရှစ်တန်းတက်တဲ့နှစ်ပေါ့”

“သူ့အကိုက သူ့ကိုလက်ခံတာပဲလား”

“ပြေးကြည့်မှ ဒီညီအကိုပဲရှိတာလေ။ဟိုတုန်းကဆိုးတယ်ဆိုတာ ငယ်သေးတယ်လေ။ဒီကြားထဲ သူ့အကြောင်း ဘာမှမသိတော့တာလည်းပါတာပေါ့။သူကလည်း ပရိယာယ်ကောင်းတယ်လေ။သူ့ကိုကူညီဖို့ တောင်းပန်သလိုလို၊ အကို့မိသားစုကိုပဲ စောင့်ရှောက်ပေးမလိုလိုနဲ့ နောက်ဆုံးတော့ မရီးကို အဓမ္မကြံပါလေရော။အကို့ကိုပြန်တိုင်ရင် တစ်မိသားစုလုံးသတ်ပစ်မယ် ဘာညာပေါ့။ဒါပေမယ့် သူမသိအောင် မရီးလုပ်တဲ့သူက ယောင်္ကျားဖြစ်သူကို ပြောပြထားပြီးသား။လင်မယားနှစ်ယောက်လုံးက သားသမီးလေးတွေကို တစ်နည်းနည်းနဲ့ ဒုက္ခပေးမှာကြောက်တာနဲ့ ဘယ်သူ့ကိုမှ မပြောရဲဘူး။သူတို့ကတောင် တခြားလူတွေသိသွားမှာ ကြောက်နေသေးတယ်။သူတို့ကသာ သိမှာကြောက်နေတာ။တစ်ရပ်ကွက်လုံးက ရိပ်မိနေတယ်။ဒီကြားထဲ အဲဒီရှက်ရမှန်းကြောက်ရမှန်းမသိတဲ့ လူရမ်းကားကလည်း အနေအထိုင်၊ အပြောအဆို ဆင်ခြင်တာမှမဟုတ်တာ။သူများအိမ်တွင်းရေးကိစ္စမို့ ဇွတ်အတင်းဝင်ပါလို့မရပေမယ့် အားလုံးက ဒီကောင့်ကိုအသေမုန်းတာ။အကိုဖြစ်သူလည်း ဒီစိတ်နဲ့ဆုံးပြန်တာပါပဲ”

“ရုပ်ရှင်ရိုက်နေတာလည်း မဟုတ်ဘဲနဲ့ကွာ။အပြင်မှာ ဒီလိုလူမျိုးရှိသေးလား။မိသားစုထဲမှာ သက်သက်မဲ့အနိုင်ကျင့်နေတာ။ပြီးတော့ သူကျူးလွန်တဲ့အပြစ်ကလည်း ပေါ့သေးသေးအပြစ်မဟုတ်ဘူး”

“ရှားတော့ရှားတာပေါ့ကွာ။ဒါပေမယ့် ရှိတော့ရှိတယ်ကွ။အရှက်တရားမရှိမှတော့ မလုပ်ရဲတာ ဘာရှိဦးမှာလဲ။ဒီလိုဆင်ခြင်ဉာဏ်မရှိ၊ အရှက်မရှိတဲ့စိတ်ဓာတ်မျိုးက မိဘတန်ဖိုး မိသားစုတန်ဖိုးကို ဘယ်လိုသိမှာလဲ။ကူညီသင့်လား ဖျက်ဆီးသင့်လား ဘယ်သိမှာလဲ”

“သြော် ဒါကြောင့်မို့ ဒီလိုလူမျိုးကို အသုဘပို့မယ့်သူမရှိ။ငိုမယ့်မိသားစုမရှိ ဖြစ်နေတာကိုး”

“ငိုဖို့နေနေသာသာကွာ။သူတို့ရင်ထဲမှာ ဘယ်လောက်တောင် ပျော်နေလိုက်မလဲ”

တစ်နေ့ .. မိတ်ဆွေတစ်ယောက်နှင့်ပတ်သက်၍ ထိန်ပင်သုဿာန်သို့ အသုဘသွားပို့ရင်း အလယ်တန်းတက်စဉ်က ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်နှင့်ပြန်တွေ့ပြီး စကားပြောဖြစ်ခဲ့ခြင်းပါ။သူအပါအဝင် လိုက်ပို့သော လူငါးယောက်၊ ခြောက်ယောက်ခန့်နှင့် သေဆုံးသူ၏ ဇနီးဖြစ်ဟန်တူသူ တစ်ယောက်သာတွေ့ရ၍ သူ့ကိုမေးကြည့်ရာမှ သေဆုံးသူအကြောင်း ပြောပြခြင်းဖြစ်သည်။

‘အချင်းမုဆိုး၊ လူမျိုးတကာ ကြံငှာမရဲ ကြံဝံ့ခဲသော အကြံကိုကြံ၍ ငါ့ထံရောက်ဝင် ငါသို့ဆင်ကို အရှင်လတ်လတ် သင်သတ်သည့်အကြောင်းကား ဘယ်အကျိုးထူး ကျေးဇူးကြီးမား သင်၌ပွားမည်ကြောင့် ငါ့အား သင်သတ်ရက်သနည်း’ ဆိုသည့် စာဆို စလေဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထုမှ ဆဒ္ဒန်ဆင်မင်းက မုဆိုးကိုမေးသောစကား အချီလေးကို သတိရမိသည်။

‘လူမျိုးတကာ ကြံငှာမရဲ’ ဆိုသကဲ့သို့ တော်ရုံဆိုးသွမ်းသူများ စိတ်ကူးပင်မယဉ်နိုင်သော အပြစ်များကို ကျူးလွန်သူမျိုး လက်တွေ့ဘဝမှာ တကယ်ရှိနေကြောင်း ကြားသိရ၍ အံ့သြမိသည်။

ကျူးလွန်သောအပြစ်က တစ်ခုထဲလည်းမဟုတ်။မိမိအပါအဝင် မိသားစုပိုင်ပစ္စည်းဥစ္စာကို မစောင့်ရှောက်နိုင်သည့်အပြင် မိမိတစ်ယာက်ထဲ လုပ်ချင်ရာလုပ်ဖို့အတွက် ခိုးယူသည်။လုယူသည်။မိသားစုဝင်တွေကိုပါ အညှာအတာမရှိ ရက်ရက်စက်စက် ဒုက္ခပေးလိုက်သေးသည်။
တကယ်ဆိုသည် မိသားစုနှင့် မိသားစုပိုင်ပစ္စည်းကို သူကစောင့်ရှောက်ရမှာပါ။အခုတော့ ဆွေမတော်မျိုးမတော်သော သူစိမ်းများပင် အလွယ်တကူမကြံစည်နိုင်သော မကြံစည်ရဲသော အပြုအမူမျိုးကို မတွန့်မဆုတ် သူလုပ်ရက်ခဲ့သည်။သွေးသားသံယောဇဉ်ကို အလေးမထား တရားတာ မတရားတာ သူမသိ အရှက်အကြောက်လည်းမရှိ တစ်ဖက်သား၏ ရိုးသားမှု စာနာမှုကို ကျေးဇူးတင်ရကောင်းမှန်းမသိသည့်အပြင် သူကတောင် ပြန်ဒုက္ခပေးသေးသည်။

လူဆိုတာ အရှက်ရှိသင့်သည်ဆိုသော်လည်း ရှက်တတ်သူမှ ရှက်တာပါ။ရှက်ရကောင်းမှန်းသိသူမှလည်း ရှက်တတ်တာပါ။
သည်လိုလူမိုက်မျိုးကို ရှောင်ဖို့ဆိုတာ ပါးစပ်ကပြောတော့သာလွယ်တာ။လက်တွေ့မှာတော့ မလွယ်လှပါ။ထိုလူမိုက်က ကိုယ့်အိမ်ထဲရောက်နေပြီး ကိုယ့်သွေးသားဖြစ်နေတော့ သူ့ကိုရှောင်ဖို့ရော ပြန်တိုက်ခိုက်ဖို့ရော မလွယ်လွန်းသည့်အခြေအနေပါ။မိသားစုက သူ့ကိုကြောက်နေတာတစ်မျိုး သူ့အပြစ်ကိုလျှောက်ပြောပြန်လည်း ကိုယ့်အထုပ်ကိုယ်ဖြည်သလိုဖြစ်မည်။အဓိကအချက်မှာ ကိုယ်က မိသားစုချင်းဖြစ်၍ ပတ်ဝန်းကျင်ကို ရှက်နေရသော်လည်း သူက ပတ်ဝန်းကျင်ကိုရှက်နေမှာမဟုတ်။မိသားစုကိုလည်း ညှာတာမှာမဟုတ်။
သူ့ကို အကျပ်အတည်းဖြစ်အောင်လုပ်လျှင် သူက မိသားစုကိုပြန်ဒုက္ခပေးမှာ သေချာသည်။မိသားစုဝင်အချင်းချင်းဆိုပြီး ညှာမှာမဟုတ်ဘဲ နည်းအမျိုးမျိုးနှင့် ရက်စက်မည့်သူမျိုးဖြစ်သည်။

သည်လိုလူမျိုးနှင့်မဆုံဖို့ မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပို့ထဲကလို ဆုတောင်းမှရလိမ့်မည် ထင်ပါသည်။

'လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။'
'အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။'
'ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။'

ရိုက်မောင်း
စက်တင်ဘာ - ၂၁