【 ဆောင်းပါး 】 “တိုက်တွန်း ညွှန်းဆိုပေးခြင်း”

【 ဆောင်းပါး 】 “တိုက်တွန်း ညွှန်းဆိုပေးခြင်း”

ကျွန်တော်တို့ရဲ့  အပေါင်းအသင်းကွန်ရက်ရဲ့ ထိရောက်အောင်မြင်အောင် လုပ်နိုင်စွမ်းမြှင့်တင်ဖို့အတွက် ထိရောက်တဲ့  စွမ်းအားမြှင့်နည်းလမ်း (၁၆) သွယ်ရှိကြောင်းကို ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒါ့အပြင် စွမ်းအားမြှင့်နည်းလမ်း (၁၆) သွယ်အနက်မှ “စိတ်နေသဘောထားနဲ့ဆောင်ရွက်ချက်” နဲ့ သက်ဆိုင်တဲ့ အချက် ၃ ချက် ဖြစ်တဲ့

“၁။ အောင်နိုင်ရေး စိတ်နေသဘောထား ထားရှိခြင်း၊
၂။ အုပ်စုတွေ အသင်းအဖွဲ့တွေမှာ တက်ကြွစွာပါဝင်ခြင်းနဲ့
၃။ သင့်အပေါင်းအသင်းကွန်ရက်ထဲက လူတွေကို ကူညီဖေးမပါ” ဆိုတဲ့ အကြောင်းများကို ရှေ့ဆောင်းပါးဖြစ်တဲ့ “အပေါင်းအသင်းကွန်ရက်” ဆောင်းပါးမှာ ဖော်ပြခဲ့ပြီးဖြစ်လို့ ယခုဆောင်းပါးမှာ ကျန်အချက်များကို ဆက်လက်ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။

ထောက်ခံ ညွှန်းဆိုသူများ (တိုက်တွန်းညွှန်းဆိုပေးခြင်း)

          ၄။ တကယ်လို့ သင်က တစ်ယောက်ယောက်ကို ထောက်ခံညွှန်းဆိုပေးလိုက်တယ်ဆိုရင် အဲဒီလူက သင် သူ့ကိုထောက်ခံပေးခဲ့ကြောင်း သေသေချာချာ နာမည်ထုတ်ဖော်ပြောပါစေ။ရှင်းရှင်းလင်းလင်း ပြောပြထားပါ။သင်က ဂျွန်စမစ်ဆိုသူကို သင့်ဂရပ်ဖစ်ဒီဇိုင်နာ ဂျိမ်းဂျုန်းနဲ့ မိတ်ဆက်ပေးတော့မယ် ဆိုကြပါစို့၊  သင်က ဂျွန်ကို “ဂျိမ်းကို ဖုန်းခေါ်ပြီး ကျွန်တော်က ခင်ဗျားကို ထောက်ခံညွှန်းဆိုပေးလိုက်တယ်ဆိုတာကို ပြောပြလိုက်ပါ” ပြီးရင် သင်က ဂျိမ်းကိုဖုန်းဆက်ပြီး ဂျွန်စမစ်ဆိုသူက သူ့ကိုဖုန်းဆက်လာလိမ့်မယ်ဆိုတဲ့အကြောင်း အသိပေးထားလိုက်ပါ။အဲဒီနောက် သင်ဂျိမ်းကိုတွေ့တဲ့အခါ ဒါမှမဟုတ် ဖုန်းဆက်တဲ့အခါကျ ဂျွန်ဖုန်းဆက်သေးလား၊ အခြေအနေဘာထူးလဲဆိုတာ သတိတရမေးကြည့်ပါ။ဒီနည်းနဲ့ သင်က ဂျိမ်းကို ဂရုစိုက်ကြောင်း၊ သူ့လုပ်ငန်းတိုးတက်ဖို့အတွက် ကူညီကြောင်း သူ့စိတ်ထဲမှာ ပိုမိုစွဲမြဲသိရှိစေချင်တာဖြစ်တယ်။

          ၅။ ရွေးချယ်ပါ။

လူတိုင်းကို ထောက်ခံညွှန်းဆိုပေးစရာမလိုပါဘူး။သင့်ကွန်ရက်ထဲမှာ ရှိတဲ့သူတွေရဲ့အချိန်ကို လေးစားပါ။အရည်အချင်းမပြည့်တဲ့သူတွေကို ထောက်ခံညွှန်းဆိုပေးတာဟာ သင့်ကို လူရှော်လူညံ့အဖြစ် အထင်ရောက်စေမှာပါ။တစ်ယောက်ယောက်ကို ညွှန်းပေးတော့မယ်ဆိုရင် သင့်ကွန်ရက်ထဲက အပေါင်းအသင်းအတွက် တကယ်အကျိုးရှိတဲ့လူဖြစ်မလားဆိုတာကို ကိုယ့်ကိုယ်ကိုယ်အရင်ပြန်မေးကြည့်ပါ။သင် အဓိကပံ့ပိုးပေးဖို့လိုတာက အရည်အချင်းပါ၊ အရေအတွက်မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။

ဆက်သွယ်ရေးပုံစံ

          ၆။ ကောင်းစွာနားထောင်ပေးသူဖြစ်ပါစေ။

သူ့အကြောင်း သူ့အလုပ်အကြောင်းချည်းပဲ ထပ်ခါတလဲလဲ ပြောတတ်သူနဲ့ စကားပြောဖူးပါသလား။သူတို့က သင့်အကြောင်းကိုမေးဖို့ နည်းနည်းလေးမှ အချိန်မပေးသူပါ။ကျွန်တော်တို့ “ငါ၊ ငါ၊ ငါ” လူစားတွေနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်၊ အဲဒီလူစားမျိုးတွေကတော့ ကူရမယ်ရင်တောင် နောက်ဆုံးမှ သင်ကူပေးချင်တဲ့ သူတွေပါ။

ဒါကြောင့် စကားစမြည်ပြောဆိုကြတဲ့အခါ သူတပါးစကားပြောလာအောင် အာရုံစိုက်ပါ။သူတို့အလုပ်အကိုင်အကြောင်းနဲ့ သူတို့ဝါသနာပါတဲ့ စိတ်ဝင်စားတဲ့အကြောင်းတွေကို ပြောလာအောင်လုပ်ပါ။အဲဒီလိုလုပ်ခြင်းဖြင့် သင့်ကို သူတပါးအပေါ် အလေးထားဂရုစိုက်တတ်သူ၊ ဉာဏ်ပညာမြင့်သူလို့ အထင်ရောက်လာစေမှာဖြစ်တယ်။ထို့အတူ သင်လည်း သင့်ကိစ္စပြောဖို့ အလှည့်ရလာမှာဖြစ်တယ်။သေချာတာပေါ့။ဒါက ဒေးကာနယ်ဂျီရဲ့ အခြေခံကျင့်ဖွယ် ၀၁ ပါ။ဒါပေမဲ့ အလုပ်တော်တော်ဖြစ်ပါတယ်။

“သူတပါးကို အောင်မြင်အောင် ကူညီပေးခြင်းဖြင့် သင့်အတွက်လည်း အကောင်းဆုံးနဲ့ အမြန်ဆုံး အောင်မြင်မှုကို ရရှိနိုင်ပါတယ်”
          (နပိုလီယံဟေးလ်)

          ၇။ သူတို့ကိုဂရုစိုက်တဲ့အနေနဲ့ ဖုန်းမကြာမကြာဆက်ပါ။

တစ်ယောက်ယောက် သင့်ကို ဖုန်းဆက်ပြီး “ဟေး... ကျွန်တော် ခင်ဗျားကို အခုပဲသတိရလို့၊ နေကောင်းရဲ့လားလို့ ဆက်တာပါ” လို့ ပြောလာရင် သင်ဘယ်လိုခံစားရသလဲ။သင်မြောက်သွားမှာ ပြောရဲပါတယ်။အဲဒီလိုဆိုရင် ကျွန်တော်တို့ ဒါမျိုးဖုန်းခေါ်တာလေးတွေ ဘာလို့မကြာခဏ မလုပ်သင့်ဘူးလဲ။
မကြာခဏ သင့်ကွန်ရက်ထဲက မိတ်ဆွေတွေကို ဖုန်းခေါ်ပြီး ဘယ်လိုနေလဲ၊ ဘာကူညီရမလဲ စသဖြင့် အားရှိစေမယ့် စကားလေးတွေပြောပေးပါ။မှန်ပါတယ်၊ ဂရုစိုက်လို့ အလေးထားလို့ ဖုန်းခေါ်တာပေါ့၊ ဒါ့အပြင် သင့်ကိုလည်း ဒီလိုပဲဆက်ဆံစေချင်လို့ပေါ့။

ဒီဇင်ဘာရောက်တိုင်း ကျွန်တော်စကားမပြောရတာကြာပြီဖြစ်တဲ့ အချို့ဖောက်သည်တွေကို ဖုန်းဆက်ပါတယ်။အချို့ တော်တော်များများဆိုရင် ကျွန်တော်တို့ကုမ္ပဏီကနေ ပစ္စည်းမမှာတာ နှစ်နဲ့ချီကြာနေပြီ။ကျွန်တော်ဖုန်းခေါ်တာက စိတ်ပျော်အောင်လုပ်ဖို့နဲ့ ခင်မင်ရင်းနှီးဖို့သက်သက်ပါ။သူတို့ကို ဘယ်တော့မှ တစ်ခုခုရောင်းရအောင် မကြိုးစားပါဘူး။သူတို့ ကျွန်တော့်ကို အလုပ်ပေးခဲ့ဖူးတာကို ကျေးဇူးတင် အသိအမှတ်ပြုတာနဲ့ သူတို့ဘယ်လိုနေလဲ အလုပ်အကိုင်ကောင်းကြလားဆိုတာ ကြားချင်ရုံသက်သက်ပါ။တကယ်လို့ အဲဒီဖုန်းခေါ်တာလေးတွေကနေ အလုပ်ရလာမယ်ဆိုရင်တော့ “အလွန်ကောင်းပါ၏ပေါ့”။တကယ်လို့ ဒီဖုန်းခေါ်တာလေးတွေကနေ အလုပ်မရဘူးဆိုလည်း “အလွန်ကောင်းပါသည်ခင်ဗျား” ပဲပေါ့။နှစ်တွေကြာလာတာနဲ့အမျှ ဒီဖုန်းခေါ်ဆိုမှုလေးတွေကနေ အကျိုးကျေးဇူးတစ်ခုအနေနဲ့ အလုပ်တွေရလာတတ်တာကတော့ အမှန်ပါ။

တချို့က “ကျွန်တော် စိတ်နေသဘောထားသည် အရာရာ ရင်ထိုးတံဆိပ်တွေ မှာဖို့လိုနေပြီ” ဒါမှမဟုတ် “ကျွန်တော်တို့ ကုမ္ပဏီမှာ ဒီခြောက်လအတွင်း အရောင်းအစည်းအဝေးတစ်ခု လုပ်စရာရှိတယ်၊ ခင်ဗျားရဲ့ ဟောပြောတင်ဆက်မှု ပါစေချင်မယ်ထင်တယ်” လို့ ပြောလာတတ်ပါတယ်။

ဒီဖုန်းခေါ်တာလေးတွေက ကျွန်တော့်ရဲ့  အရောင်းရအောင် နှိုးဆော်နည်း ဒါမှမဟုတ် အရောင်းဗျူဟာတစ်ခု လုံးဝမဟုတ်ဘူးဆိုတာကိုတော့ နားလည်စေချင်ပါတယ်။သူတို့ ကျွန်တော့်ကို အလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ချက်မထားပါဘူး။ကျွန်တော် သူတို့ ဘယ်လိုနေလဲဆိုတာကိုပဲ တကယ်ဂရုစိုက်တာပါ။အလုပ်ရခြင်းက သူတို့နဲ့ ပြန်ဆက်သွယ်ခြင်းရဲ့ ဘေးထွက်ရလဒ်လေးပါ။

          ၈။ လူတွေနဲ့ တွေ့ဆုံရတဲ့ နေ့စဉ်အခွင့်အရေးကို အခွင့်ကောင်းယူ အသုံးချပါ။

သင့်အနေနဲ့ အဆက်အသွယ်ကောင်းတွေကို နေရာအခြေအနေမရွေး - ကျန်းမာရေးကလပ်ကနေဖြစ်ဖြစ်၊ စူပါမားကတ်မှာ တန်းစီရင်းဖြစ်ဖြစ်ကနေ ရနိုင်ပါတယ်။သင့်တန်ဖိုးရှိ ဆက်ဆံရေး အညွန့်အဖူးက ဘယ်မျိုးစေ့ကနေ ထပ်ပေါက်လာမယ်ဆိုတာ သင်ဘယ်လိုမှကြိုမသိနိုင်ပါဘူး။ကျွန်တော် ပိတ်ရက်တွေမှာ အားကစားခန်းမသွားရင် “စိတ်နေသဘောထားသည် အရာရာ” တီရှပ်ကို အမြဲဝတ်သွားတတ်ပါတယ်။အဲဒါက ရေလာမြောင်းတူးတာပဲ၊ လူတွေက ကျွန်တော့်ဆီလာပြီး စိတ်နေသဘောထားအကြောင်း ပြောလေ့ရှိကြတယ်။အဲဒါက ကျွန်တော့်အဖို့ သူတို့ဆီကနေ လေ့လာဖို့နဲ့ သူတို့ကို ကျွန်တော့်ကုမ္ပဏီအကြောင်းပြောပြဖို့ အခွင့်အလမ်း ရစေပါတယ်။

          ၉။ လူတိုင်းကို အရေးပါသူများအနေနဲ့ ဆက်ဆံပါ။

ဩဇာရှိတဲ့သူတွေအနေနဲ့ မဆက်ဆံပါနဲ့။ဖော်လံဖားတဲ့လူ မဖြစ်ပါစေနဲ့၊ သင်တွေ့တဲ့သူ (သူဌေးဟုတ်ဟုတ်၊ မဟုတ်ဟုတ်) မှာ သင့်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကနေ အကျိုးအမြတ်ရနိုင်တဲ့ မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်ယောက် ရှိနေနိုင်ပါတယ်။ဒါကြောင့် အစည်းအဝေး ဒါမှမဟုတ် ပါတီပွဲတစ်ခုခုမှာ တစ်ယောက်ယောက်နဲ့ ပြောဆိုတဲ့အခါ သူ့အပေါ်မှာ အပြည့်အဝအာရုံစိုက်ပါ။ နောက်ပြီး သင်ဟာ “ပိုအရေးကြီးတဲ့လူ” တွေ့လိုတွေ့ငြား ကျီးကြည့်ကြောင်ကြည့်  ရှာနေတတ်တဲ့သူတစ်ယောက် မဟုတ်ကြောင်း ကျွန်တော့်ကို ကတိပေးပါ။အဲဒါက ကျွန်တော့်ကို တကယ်အခံရခက်စေတယ်။သင်က လူတစ်ယောက်နဲ့ စကားပြောနေချိန်မှာ သူ့မျက်လုံးထောင့်ကနေ တစ်ခြားတစ်ယောက်ကို တွေ့လိုက်ရပြီး အဲဒီလူက သင့်ထက်ပိုအရေးပါတဲ့သူလို့ သူသတိထားမိလိုက်တယ်၊ အဲဒီတော့ သူက သင်ပြောနေတာကို ဆက်နားမထောင်တော့ပဲ ချက်ခြင်း အဲဒီလူဆီကပြာကယာသွားပြီး စကားပြောတော့တာပဲဆိုတဲ့ အပြုအမူမျိုးကို ဘယ်တော့မှမလုပ်ပါနဲ့။သင်တွေ့ဆုံသမျှလူအားလုံးကို သိက္ခာရှိရှိ လေးလေးစားစား ဆက်ဆံပါ။

          ၁၀။ အစည်းအဝေးတို့ ဆွေးနွေးပွဲတို့ တက်ရောက်တဲ့အခါ လူပေါင်းစုံနဲ့တွေ့ဖို့ ရည်ရွယ်ချက်ထားပါ။

ဆုံကြတိုင်း ဒီလူဒီလူနဲ့ပဲ အမြဲတွဲထိုင်တာမျိုးရှောင်ပါ။အစည်းအဝေးတွေရဲ့  အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မိတ်ဆွေများနဲ့ စကားပြောခွင့်သာတဲ့အခါမှာ သင်ကသာ မျက်နှာသစ်များနဲ့ တွေ့ဆုံစကားပြောဖို့ ကြိုးစားမယ်ဆိုရင် အကျိုးပိုရှိမှာဖြစ်ပါတယ်။

၁၉၉၄ ခုနှစ် ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ အမျိုးသားဟောပြောသူများ အစည်းအရုံးရဲ့ နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲကို ကျွန်တော်တက်ရောက်တုန်းက နေ့လယ်စာ စားချိန်မှာ ကျွန်တော်က မိတ်ဆွေတွေနဲ့မထိုင်ဘဲ၊ ကျွန်တော်နဲ့ တစ်ခါမှမတွေ့ဖူးတဲ့သူတွေထိုင်တဲ့ စားပွဲမှာ ရွေးထိုင်ခဲ့တယ်။အဲဒီတုန်းက ဂျုန်းဘာ့ချ်ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ စကားလက်ဆုံကျခဲ့တယ်။သူမရဲ့ ကုမ္ပဏီဖြစ်တဲ့ အော့ဖစ် ဒိုင်းနမစ်ဟာ အုပ်ချုပ်ရေးရာ ရုံးပိုင်းပညာရှင်များအတွက် ထူးခြားတဲ့ သင်တန်းတွေကို ပို့ချတယ်။အဲဒီမှာ ဂျုန်းကိုယ်တိုင်ကလည်း စိတ်နေသဘောထားသည်အရာရာဆိုတဲ့ အဆိုကို အခိုင်အမာယုံကြည်သူတစ်ယောက်ဆိုတာ သိလာရတယ်။အဲဒီနောက် ငါးနှစ်လုံးလုံး ဂျုန်းက ကျွန်တော့်ရဲ့ “စိတ်နေသဘောထားသည် အရာရာ” ရင်ထိုးတံဆိပ်တွေကို မှာယူပြီး သူ့သင်တန်းမှာ ပါဝင်သူများကို ဝေငှခဲ့တယ်။ဒါ့အပြင် ဂျုန်းက ကျွန်တော့်သင်ခန်းစာတွေကို သူ့ရဲ့သင်တန်းအစီအစဉ်မှာ ထည့်သွင်းခဲ့တယ်။ဒါက ဒေါ်လာထောင်ချီတန်တဲ့ အလုပ်တွေကို ကျွန်တော့်အတွက် ဖန်တီးပေးရာရောက်ပါတယ်။ဒါထက် အရေးပါတာက ဂျုန်းက ကျွန်တော့်အတွက် ထူးခြားတဲ့ မိတ်ဆွေကောင်းဖြစ်လာခဲ့တာပါပဲ။ကျွန်တော် အဲဒီနေ့က ကျွန်တော့်မိတ်ဆွေတွေနဲ့ မထိုင်ဖြစ်ခဲ့တာကို သိပ်ဝမ်းသာနေမိတယ်။နို့မို့ဆို ကျွန်တော်က ဒီကြီးကျယ်တဲ့ အခွင့်အရေးကြီးနဲ့ လွဲခဲ့ရမှာ အသေအချာပါပဲ။

          ၁၁။ သင့် ဇိမ်နယ်ဇုန်က လိုလိုလားလား ကျော်ထွက်လိုက်ပါ။

ဥပမာ ပြောရရင် သင်တစ်ယောက်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ဖို့ အရေးကြီးနေပြီဆိုရင် လုပ်ချပစ်လိုက်ပါ။အဲဒီပုဂ္ဂိုလ်က သိပ်အရေးပါတယ် ဒါမှမဟုတ် သင်နဲ့စကားပြောဖို့ သိပ်အလုပ်များတယ်ဆိုတာ စဉ်းစားပြီး သင်ဟာ တွန့်ဆုတ်ကောင်း တွန့်ဆုတ်နေမယ်၊၊သင် အဲလိုတုန်လှုပ်နေရင်တောင် သင့်ကိုယ်သင်အားတင်းပြီး ရအောင်ဆက်သွယ်လိုက်ပါ။အချိန် နည်းနည်းရလာရင် သင်သက်သောင့်သက်သာရှိသွားမှာပါ။

          ၁၂။ သင်လိုချင်တာကို တောင်းဆိုပါ။  

သူများတွေကို ကူညီပါများလာတဲ့အခါ၊ သင်ကလည်း သူများအကူအညီကို တောင်းပိုင်ခွင့် အလိုလိုရလာမှာဖြစ်ပါတယ်။မရှက်ပါနဲ့။သင်က သင့်ကွန်ရက်ထဲမှာ ရှိတဲ့သူတွေအပေါ် တတ်စွမ်းသမျှ ဖေးကူထားသရွေ့ သူတို့ကလည်း သင့်ကိုတုံ့ပြန်ဖို့ လိုတာထက်တောင် ပိုပြီးလိုလားကြမှာပါ။

နောက်ဆက်တွဲ ဂရုစိုက်ခြင်း

          ၁၃။ တစ်စုံတစ်ယောက်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပြီးတာနဲ့ စာတိုတစ်စောင် အမြန်ဆုံးပေးပို့ပါ  

သင်က ညစာစားပွဲတစ်ခု တက်ရောက်ပြီး မိတ်ဆွေအသစ်တစ်ယောက်ရခဲ့တယ်ဆိုပါစို့။သင် သူ/သူမနဲ့ တွေ့ဆုံ၊ စကားပြောရတာကို ဘယ်လောက်ဝမ်းသာကြောင်း ဖော်ပြတဲ့ မှတ်စုစာတိုလေး တစ်စောင်ကို အစောလျင်ဆုံး ပေးပို့ပါ။သူစိတ်ဝင်စားလောက်မယ့် ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်းလေးတွေ (ဥပမာ ကုန်သွယ်ရေးဆိုင်ရာ မဂ္ဂဇင်းတစ်စောင်နဲ့ လပေးမှာယူကဒ်) ကို စာနဲ့အတူထည့်ပါ။သင့်အနေနဲ့ သူ့အတွက် လုပ်ပေးနိုင်စရာရှိရင် အသိပေးဖို့ ကမ်းလှမ်းပါ။အဲဒီစာကို တွေ့ဆုံပြီးနောက် ၄၈ နာရီအတွင်း ပေးဖြစ်အောင် ပေးပို့ပါ။ဒါမှသာ သင့်ကိုမမေ့သေးဘဲ ပူပူနွေးနွေးမှတ်မိနေတုန်းမှာ စာကို သူလက်ခံရရှိမှာပါ။

          ၁၄။  အားကောင်းတဲ့ တင်ဆက်မှု ဒါမှမဟုတ် ဆောင်းပါးတွေကို အသိအမှတ်ပြုပါ

အကယ်၍ သင်က စိတ်ဝင်စားဖွယ်ရာ တင်ဆက်မှုကို ကြားသိလျှင် ဒါမှမဟုတ် ဆောင်းပါးကောင်းတစ်ခုကို ဖတ်ရလျှင် ဟောပြောသူ (သို့မဟုတ်) စာရေးဆရာဆီကို သူတို့ရဲ့တင်ပြရေးသားချက်ကို သင်ဘယ်လောက်နှစ်သက်ကြောင်း၊ ဘယ်လိုဗဟုသုတရကြောင်း စာရေးသားပေးပို့ပါ။လူတစ်ရာမှာ တစ်ယောက်လောက်ပဲ ဒါမျိုးကိုအချိန်ပေးပြီးလုပ်မှာပါ။သင်က ဒါမျိုးလုပ်တဲ့သူဖြစ်ပါစေ။အဲဒီဟောပြောသူနဲ့ စာရေးသူဟာ သိပ်ထူးခြားတဲ့သူတွေမို့လို့ ကိုးကွယ်ထိုက်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။ရည်ရွယ်ချက်က အဲဒီဟောပြောသူနဲ့ စာရေးသူတွေမှာလည်း နယ်ပယ်အသီးသီးက လူတွေပါဝင်တဲ့  ကြီးမားတဲ့ အသိုင်းအဝန်းကွန်ရက်ကြီး ရှိနေနိုင်ပြီး၊ သင့်အနေနဲ့ အဲဒီကွန်ရက်ထဲမှာ ဝင်ဆန့်လို့ရနိုင်ပါတယ်။

“သင်တွေ့ဆုံသမျှလူအားလုံးကို သိက္ခာရှိရှိ လေးလေးစားစား ဆက်ဆံပါ”
          (ဂျက်ဖ် ကီလာ)

          ၁၅။ ထောက်ခံရည်ညွှန်းစာ (သို့မဟုတ်) အကူအညီရစေသည့်စာတို့ကို သင်ရရှိလျှင် ကျေးဇူးတင်ကြောင်းစာပေးပို့ပါ ဒါမှမဟုတ် ဖုန်းခေါ်ပြီး ကျေးဇူးတင်ဝမ်းမြောက်ကြောင်း အမြဲတမ်းပြောပါ

ဒီအကြံပေးချက်ကို သင်က ထောက်ခံရည်ညွှန်းစာ ပိုရချင်တဲ့အခါနဲ့ အသုံးဝင်တဲ့ သတင်းတွေ ထပ်ရချင်တဲ့အခါမှသာ ဆောင်ရွက်ပါ။အကယ်၍ သင်က ထိုသူကို ဝမ်းသာအားရ အသိအမှတ်မပြု ကျေးဇူးမတင်လျှင် ထိုသူက သင့်ကို နောင်ထပ်မံဖေးကူမယ်လို့ မျှော်လင့်လို့မရနိုင်တော့ပါဘူး။

          ၁၆။ ဂုဏ်ပြုကဒ်နဲ့ စာ ပေးပို့ပါ။

အကယ်၍ သင့်ကွန်ရက်ထဲက တစ်ယောက်ယောက် ရာထူးတိုးခံရလျှင်၊ ဆုရလျှင် (သို့မဟုတ်) တစ်ခုခုကို အောင်ပွဲခံလျှင် (ဥပမာ - မင်္ဂလာဆောင်ခြင်း၊ ကလေးမွေးခြင်း) ဂုဏ်ယူဝမ်းမြောက်ကြောင်း စာတိုရေးသားပေးပို့ပါ။လူတိုင်းက အသိအမှတ်ပြုခံရတာကို နှစ်သက်ကြပါတယ်၊ ဒါပေမဲ့ လူနည်းစုကသာ အချိန်ယူပြီး ဒါမျိုးလုပ်ကြတာပါ။အခုလိုစဉ်းစား စိတ်ကူးလုပ်ဆောင်ခြင်းက သင့်ကို တမူထူးခြား ပေါ်လွင်စေပါတယ်။အဲဒီလိုပဲ သူတို့ရဲ့ မိသားစုတစ်ယောက်ယောက် ဆုံးပါးတာကိုလည်း ဝမ်းနည်းကြောင်းကဒ် ဒါမှမဟုတ် လွမ်းသူ့ပန်းခြင်းမျိုး ပေးပို့သင့်ပါတယ်။

သင့်ကွန်ရက်ကို တည်ဆောက်ပါ

အခုပြောပြခဲ့တဲ့ အကြံဉာဏ်လေးတွေက ပင်လယ်ထဲမှာ ပေါ်ထွက်နေတဲ့ ရေခဲစိုင်တစ်ခုရဲ့ ထိပ်ဖျားမျှသာ ရှိပါသေးတယ်။သင့်အနေနဲ့ ကိုယ်ပိုင်အကြံဉာဏ်မျိုးစုံ ထုတ်နိုင်ပါသေးတယ်။ဘယ်လိုလုပ်ရမလဲ။သင်နဲ့နီးစပ်ရာ စာအုပ်ဆိုင် (သို့မဟုတ်) စာကြည့်တိုက်ကိုသွားပြီး အပေါင်းအသင်းကွန်ရက်နဲ့ပတ်သက်တဲ့ စာအုပ်ကောင်းတွေရှာဖတ်ပါ။ဒီလိုနဲ့ အခြားလူတွေ ဘယ်လိုလုပ်သလဲဆိုတာ လေ့လာပြီး ကိုယ့်အတွက် သင့်တော်မယ့် အကြံဉာဏ်တွေကို သင့်ကိုယ်ပိုင်ဟန်နဲ့ ကွန့်မြူးလိုက်ပါ။အသိုင်းအဝန်းကွန်ရက် တည်ဆောက်ဖို့ အချိန်ယူရတယ်ဆိုတာရယ် ရလဒ်ကောင်းတွေက ချက်ခြင်းပေါ်ပေါက်လာမှာ မဟုတ်ဘူးဆိုတာကိုတော့ အမှတ်ရပါ။ဒါကြောင့် စိတ်ရှည်ပါ။ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေး အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ပါ၊ ပြီးတော့ အစဉ်မပြတ် တိုးချဲ့ပါ၊ ခိုင်မာအောင်အားဖြည့်ပါ။သင့်အနေနဲ့ ဆုထူးကြီး ဆွတ်ခူးဖို့ အများကြီးဖြည့်ဆည့်ပေးရမှာပါ။

နောက်ဆုံးအချက်တစ်ချက် - အပေါင်းအသင်းကွန်ရက်

အကြီးကြီးတည်ဆောက်နိုင်စွမ်းက သင့်လုပ်ငန်းနယ်ပယ်မှာ သင့်ကျွမ်းကျင်ထူးချွန်မှုကို အစားထိုးဖို့မဟုတ်ပါ။သင်က ပေါင်းသင်းဆက်ဆံရေး အထူးကောင်းသူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ ကိုယ်က ကိုယ့်စီးပွားလုပ်ငန်းနယ်ပယ်မှာ ပါရမီရှင်လည်းမဟုတ် တစိုက်မတ်မတ်သင်ယူပြီး တိုးတက်အောင်လည်း မလုပ်နိုင်ဘူးဆိုရင် သင်လုပ်သမျှဟာ စိတ်ပျက်စရာရလဒ်တွေပဲ ရလာမှာဖြစ်ပါတယ်။ကဲ အခုဆက်လုပ်ပါ၊ ပြောပြခဲ့တဲ့ အသိုင်းအဝန်းကွန်ရက် နည်းစနစ်တချို့ကို ရွေးချယ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်လိုက်ပါ။သင့်အပေါင်းအသင်းကွန်ရက်ကို ဖေးမပံ့ပိုးရင်း တိုးတက်အောင်လုပ်ပါ။ဒါဆိုရင် သင်အောင်မြင်အောင် တကယ်ကူညီလုပ်ဆောင်ပေးမယ့် အင်အားတောင့်တဲ့ တပ်ဖွဲ့ကြီး သင်ရရှိလာမှာဖြစ်ပါတယ်။

အခုဆိုရင် ဂျက်ဖ်ကီလာက သူ့ရဲ့ “စိတ်နေသဘောထားသည်အရာရာ” စာအုပ်ထဲမှ စိတ်နေသဘောထားကောင်းထားရှိခြင်းနဲ့ အဲဒါရဲ့ ကောင်းကျိုးတွေအပါအဝင် အခြားဘဝတိုးတက်ရေးတွေအတွက် စဉ်းစားသင့် လိုက်ပါဆောင်ရွက်သင့်တာတွေကို စုံစုံလင်လင် တင်ပြခဲ့တာတွေကို ပြန်လည်ကောက်နုတ်တင်ပြခဲ့တာ ဒီနေရာမှာ ပြီးဆုံးသွားပါပြီ။

Opinion Leaders ရဲ့ စာချစ်သူပရိသတ်အတွက် တစ်စုံတစ်ရာ စိတ်ဓာတ်ခွန်အားဖြစ်စေမယ်၊ ဘဝပိုမိုတိုးတက်စေရာ စိတ်ကူးသစ်အကြံသစ်တွေ ရစေလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

နိဂုံးပိုင်းမှာ ဂျက်ဖ်ကီလာက ဘာတွေအနှစ်ချုပ်ပြောဆို တိုက်တွန်းလမ်းညွှန်ဦးမယ်ဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

သက်ထွန်း (သျှမ်း)