【 ဆောင်းပါး 】 “ထင်ရှားသူ သုံးမျိုး”

【 ဆောင်းပါး 】 “ထင်ရှားသူ သုံးမျိုး”

လူတိုင်းက ကိုယ့်ဘ၀တိုးတက်မြင့်မားစေရန် ကြိုးစားကြသည်။ထိုသို့ကြိုးစားရင်း အနေအထားတစ်ခုသို့ရောက်သည့်အခါ တချို့က ရောက်ရှိနေသည့် နေရာအဆင့်အတန်းကို ဆက်ထိန်းနိုင်ရန် အကြောက်အကန်ကြိုးစားကြသည်။အချို့ကမူ တရားသဘောကို နှလုံးသွင်းပြီး ဖြစ်လာသမျှအခြေအနေကို လက်ခံနိုင်ရန် ကြိုးစားသည်။လူ့လောက၏ နိမ့်တုံမြင့်တုံ လောကဓံကို လက်ခံကြသည်။ဒီနေရာတွင် လမ်းက နှစ်ခုကွဲသွားသည်။နေရာအဆင့်တစ်ခုရောက်လာသူတို့၏ လက်ခံနှလုံးသွင်းသည့်အပေါ်မူတည်ကာ ၎င်းတို့ရှိနေသည့်ပတ်ဝန်းကျင်က ပူလောင်ခြင်း၊ အေးချမ်းခြင်းဆိုတာ ဖြစ်လာလေသည်။ထိုမှတစ်ဆင့် ထိုသူတို့ လျှောက်သည့်လမ်းအတိုင်း ထင်ပေါ်ခြင်းက ကောင်းသည့်ထင်ရှားခြင်းနှင့် မကောင်းသည့် ထင်ရှားခြင်းဆိုပြီး ကွဲပြားလေသည်။

မကောင်းသည့် အမည်နာမဖြင့် ထင်ရှားကြသူများကိုကြည့်လျှင် ထိုသို့ဖြစ်ရသည့် တကယ်အခြေခံက လူတွေအထင်သေးမှာကို ကြောက်ရာကနေဖြစ်သည့်စိတ်၊ လက်ရှိရရှိထားသည့် ရာထူးရာခံကြွယ်၀ချမ်းသာမှုကို လက်မလွှတ်လိုသည့် စိတ်အခြေခံကပင် ထိုသို့ အမည်ဆိုးနှင့်ကျော်ကြားစေသည့် လုပ်ရပ်များကို ကျူးလွန်မိစေရန် လှုံ့ဆော်၍ဖြစ်သည်။ထိုအတွက် လုပ်သင့်သည် မလုပ်သင့်သည်ဆိုတာ ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိတော့ဘဲ အနေအထားတည်မြဲဖို့ဆို ဘာမဆိုလုပ်ကြတော့သည်။

လောကတွင် ထိပ်သို့တက်လှမ်းရာ၌ အမှန်လုပ်၍ ထင်ရှားလာသူများနှင့် အမှားလုပ်ပြီး ထင်ရှားလာသူဆိုပြီး ၂ မျိုးရှိသည်။သို့ရာတွင် ခေတ်စနစ်နှင့် ဆုတ်ကပ်သက်တမ်းအရ မဟုတ်သည့်နည်းဖြင့် ထိပ်သို့တက်လှမ်းလာသူ၊ ယုတ်မာသည့်နည်းဖြင့် လူတွေကို ချနင်းသည့်နည်းဖြင့် ကိုယ့်တက်လမ်းကိုရှာခဲ့သည့် အမျိုးအစားက လူ့လောကတွင် ဒုနဲ့ဒေးပင်ဖြစ်လေသည်။ထိုသူတို့သည့် ပညာရေး၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့် လောကီ၊ လောကုတ္တရာ နှစ်ဖြာတွင် တက်လမ်းကိုရှာရာ၌ တရားသည် မတရားသည်မသိ၊ ဟုတ်မှန်သော စကားကိုလည်းပစ်ပယ်ကာ လိမ်လည်အပြစ်တင်သလို မဟုတ်မှန်သည့်စကားကိုလည်း ဟုတ်မှန်သယောင် စွဲထင်ပြောဆိုကြသည်။သူတော်ကောင်း တွေ လူတွေ ဘယ်လိုထင်ထင် လုပ်ရဲကြသည်။ထိုသို့သောသူမျိုးတို့ ယခင်ဘ၀ပြုခဲ့သည့် ကုသိုလ်ကံအထောက်အကူကြောင့် နေရာဌာန္တရတို့တွင် အရေးပါသောနေရာသို့ရောက်သည့်အခါ ထိုနေရာ ဌာန္တနနှင့် ဆက်စပ်သမျှ ပျက်စီးရသည်ဟု ရှေးဆရာတို့ ဆိုကြသည်။

ဘုရားရှင်က ကောင်းခြင်း မကောင်းခြင်းနှင့်ပတ်သက်ပြီး ရခဲလှသည့် ပုဂ္ဂိုလ်သုံးမျိုးကို ဒုလ္လဘသုတ်တွင် ဟောကြားခဲ့သည်။

ဒုလ္လဘသုတ်တွင် ဘုရားရှင်က “ရဟန်းတို့ --- လောက၌ ပုဂ္ဂိုလ်သုံးမျိုးတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းကို ရခဲ၏။အဘယ်သုံးမျိုးတို့နည်းဟူမူ --- လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကို ရခဲ၏၊ လောက၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မ၊ ဝိနယကို ဟောကြား တတ်သောပုဂ္ဂိုလ်ကို ရခဲ၏၊ လောက၌ သူ့ကျေးဇူးကိုသိ၍၊ သိသည့်အလျောက် သူ့ကျေးဇူးကို ပြန်ဆပ်သောပုဂ္ဂိုလ်ကို ရခဲ၏။ရဟန်းတို့ --- လောက၌ ဤပုဂ္ဂိုလ်သုံးမျိုးတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းကို ရခဲ၏” ဟု မိန့်တော်မူ၏။

အန္ဓသုတ္တန်တွင်လည်း ဘုရားရှင်က အမြင်နှင့်ပတ်သက်ပြီး ထင်ရှားသည့် ပုဂ္ဂိုလ်သုံးမျိုးကို ဟောခဲ့ပြီး “ရဟန်းတို့ --- ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ထင်ရှားရှိကုန်၏။အဘယ်ပုဂ္ဂိုလ်သုံးမျိုးတို့နည်းဟူမူ --- နှစ်ဖက်ကန်းသောပုဂ္ဂိုလ်၊ တစ်ဖက်သာအမြင်ရှိသောပုဂ္ဂိုလ်နှင့် နှစ်ဖက် အမြင်ရှိသော ပုဂ္ဂိုလ်တို့ဖြစ်၏။ရဟန်းတို့ --- နှစ်ဖက်ကန်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ --- ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် စီးပွားရေးမျက်စိမရှိ။ထိုသို့မရှိသဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရအောင်မပြုနိုင်၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင်မပြုနိုင်။ကောင်းမှုမျက်စိလည်းမရှိ၊ ထိုသို့မရှိသဖြင့် ကုသိုလ်၊ အကုသိုလ်တို့ကို ခွဲခြားမသိနိုင်၊ အပြစ်ရှိသောတရား၊ အပြစ်မရှိသောတရားတို့ကို ခွဲခြားမသိနိုင်၊ အယုတ်အမြတ်တရားတို့ကို ခွဲခြားမသိနိုင်၊ မည်းညစ်သောတရား၊ ဖြူစင်သောတရားတို့ကို ခွဲခြားမသိနိုင်၊ ရဟန်းတို့ --- ဤပုဂ္ဂိုလ်ကို နှစ်ဖက်ကန်းသောပုဂ္ဂိုလ်ဟု ခေါ်ဆို၏။

ရဟန်းတို့ --- တစ်ဖက်အမြင်ရှိသောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ --- ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် စီးပွားရေးမျက်စိသာရှိ၏၊ထိုသို့ရှိသဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရအောင်ပြုနိုင်၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင်ပြုနိုင်၏။ကောင်းမှုမျက်စိကားမရှိ၊ ထိုသို့မရှိသဖြင့် ကုသိုလ်၊ အကုသိုလ်တို့ကို ခွဲခြားမသိနိုင်၊ အပြစ်ရှိသောတရား၊ အပြစ်မရှိသောတရားတို့ကို ခွဲခြားမသိနိုင်၊ အယုတ်တရား အမြတ်တရားတို့ကို ခွဲခြားမသိနိုင်၊ မည်းညစ်သောတရား၊ ဖြူစင်သောတရားတို့ကို ခွဲခြားမသိနိုင်၊ ရဟန်းတို့ --- ဤပုဂ္ဂိုလ်ကို တစ်ဖက်သာအမြင်ရှိသောပုဂ္ဂိုလ်ဟု ခေါ်ဆို၏။

ရဟန်းတို့ --- နှစ်ဖက်အမြင်ရှိသောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ --- ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် စီးပွားရေးမျက်စိလည်းရှိ၏။ထိုသို့ရှိသဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရအောင်ပြုနိုင်၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင်ပြုနိုင်၏။ကောင်းမှုမျက်စိလည်းရှိ၏၊ ထိုသို့ရှိသဖြင့် ကုသိုလ် အကုသိုလ်တို့ကို ခွဲခြားသိနိုင်၏၊ အပြစ်ရှိသောတရား၊ အပြစ်မရှိသောတရားတို့ကို ခွဲခြားသိနိုင်၏၊ အယုတ်တရား၊အမြတ်တရားတို့ကို ခွဲခြားသိနိုင်၏၊ မည်းညစ်သော တရား၊ ဖြူစင်သောတရားတို့ကို ခွဲခြားသိနိုင်၏။ရဟန်းတို့ --- ဤပုဂ္ဂိုလ်ကို နှစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟု ခေါ်ဆို၏။ရဟန်းတို့ --- ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။

ဂူထဘာဏီသုတ္တန်၌လည်း ဘုရားရှင်က  စကားပြောခြင်းနှင့်ပတ်သက်ပြီး ပုဂ္ဂိုလ်သုံးမျိုးကို ဟောတော်မူခဲ့ပြီး “ရဟန်းတို့ --- ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။အဘယ်ပုဂ္ဂိုလ်သုံးမျိုးတို့နည်းဟူမူ --- မစင်စကားကိုဆိုတတ်သောပုဂ္ဂိုလ်၊ ပန်းစကားကိုဆိုတတ်သော ပုဂ္ဂိုလ်နှင့် ပျားစကားကိ ဆိုတတ်သောပုဂ္ဂိုလ်တို့ ဖြစ်၏။ရဟန်းတို့ --- မစင်စကားကိုဆိုတတ်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ --- သိလျက် မမှန်သောစကားကို ပြောဆိုသောပုဂ္ဂိုလ်ကို မစင်စကားကိုဆိုတတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆို၏။

ရဟန်းတို့ --- ပန်းစကားကိုဆိုတတ်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ --- သိလျက် မမှန်သောစကားကို မပြောဆိုသောပုဂ္ဂိုလ်ကို ပန်းစကားကိုပြောဆိုတတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆို၏။

ရဟန်းတို့ --- ပျားစကားကိုပြောဆိုတတ်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ --- ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကြမ်းတမ်းသောစကားကို ရှောင်ကြဉ်၏။အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်ဝင်၏၊ ယဉ်ကျေး၏၊ လူအများနှစ်သက်၏၊ လူအများနှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုဆို၏။ရဟန်းတို့ --- ဤပုဂ္ဂိုလ်ကို ပျားစကားကို ပြောဆိုတတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆို၏။ရဟန်းတို့ --- ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ထင်ရှားရှိကုန်၏” ဟု မိန့်တော်မူခဲ့သည်။

ထို့ပြင် အတ္တဗျာဗာဓသုတ္တန်၌လည်း ဘုရားရှင်က ဒုဇရိုက် ၃ မျိုး၊ သုစရိုက် ၃ မျိုး ကို ဟောတော်မူခဲ့ပြီး “ရဟန်းတို့ --- ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်းဖြစ်ကုန်၏၊ သူတစ်ပါးဆင်းရဲရန်လည်းဖြစ်ကုန်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲရန်လည်းဖြစ်ကုန်၏။ အဘယ်တရား သုံးမျိုးတို့နည်းဟူမူ --- ကာယဒုစရိုက် (ကိုယ်ဖြင့်ပြုသော မကောင်းသောအကျင့်)၊ ဝစီဒုစရိုက် (နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့်)၊ မနော ဒုစရိုက် (စိတ်ဖြင့်ပြုသော မကောင်းသော အကျင့်) တို့ ဖြစ်၏။

ရဟန်းတို့ --- ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်းမဖြစ်ကုန်၊ သူတစ်ပါးဆင်းရဲရန်လည်းမဖြစ်ကုန်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲရန်လည်းမဖြစ်ကုန်။အဘယ်သုံးမျိုးတို့နည်းဟူမူ --- ကာယသုစရိုက် (ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့်)၊ ဝစီသုစရိုက် (နှုတ်ဖြင့် ပြုသော ကောင်းသောအကျင့်)၊ မနောသုစရိုက် (စိတ်ဖြင့်ပြုသော ကောင်းသောအကျင့်) တို့ ဖြစ်၏။” ဟု မိန်တော်မူခဲ့သည်။

လူတိုင်းက ကိုယ့်ဘ၀တစ်သက်တာဆိုသည့် သံသရာခရီး၏ တဒင်္ဂအချိန်တွင် ချမ်းသာရန်၊ အာဏာရှိရန်အတွက် အမျိုးဇာတ်ကိုဖျက်ရန် ဝန်မလေးသလို ပညာဂုဏ်၊ ဇာတိဂုဏ်ကို ချနင်းရန်လည်း ဝန်မလေးကြချေ။ကိုယ့်အနားတွင် ကိုယ့်အလုပ်ပတ်ဝန်းကျင်တွင် ထိုသို့သောသူတွေ ဘယ်လောက်ထိရှိသည်ကို ပညာမျက်စိဖြင့် ဆန်းစစ်မိကြလျှင် သိကြမည်ဖြစ်သည်။

လောကီစကားဖြင့်ပြောရလျှင် ထမင်းအိုးထဲ မွှေးပျံ့သည့် ပန်းတစ်ပွင့်ကျလျှင် ထမင်းကို ပိုပြီးမွှေးပျံ့ စားကောင်းစေပြီး မစင်တစ်စက်ကျရောက်လျှင်  တစ်အိုးလုံးပစ်လိုက်ရသကဲ့သို့ ထိုကဲ့သို့သောလူများက ဖျက်ဆီးနိုင်သည့်အစွမ်းရှိပေသည်။ထိုသို့သောသူတွေ လူ့လောကတွင် နည်းပါးစေရန် နောင်လာမည့်အနာဂတ်တွင် ကလေးများကို ငယ်စဉ်ကတည်းက ဟိရိဩတပ္ပဆိုသည့် အရှက်အကြောက်တရားကို သေသေချာချာ ကျကျနန သဘောပေါက်ရန် မဟုတ်တာလုပ်လျှင်ရှက်တတ်စေသည့်စိတ်ကို နှလုံးသွင်းစေရန်၊ မှားသည် မှန်သည်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊  မဖြစ်မနေသင်ကြားပေးရတော့မည်ဖြစ်လေသည်။

ဖြိုးဝေလှ
ဇူလိုင် - ၁၄