【 ဆောင်းပါး 】 “ပညာအမြင်နဲ့ ဖြတ်ကျော်ကြပါ”

【 ဆောင်းပါး 】 “ပညာအမြင်နဲ့ ဖြတ်ကျော်ကြပါ”

ပညာရေးဖြင့် အသက်မွေးနေသည့်အတွက် ပညာအမြင်လို့ဆိုသည့်အတွက် အနည်းငယ်တော့ မိတ်ဆွေ ပြုံးယောင်တော့သမ်းမိမည် ထင်ပါသည်။သို့သော် ကျနော်ပြောချင်သည့် ဆိုလိုရင်းကို မိတ်ဆွေ ရေလည်သဘောပေါက် နားလည်မိသည့်အခါ ဒီအမြင်က ဘယ်လောက်ထိအရေးပါမည်၊ လူ့လောက ကျင်လည်ရှင်သန်ရာတွင် ဘယ်လောက်ထိ အသုံးဝင်နိုင်မည်ကို သိမည်ဖြစ်သည်။ 
 
တစ်နေ့က  ကျောင်းသားများအတွက် စာရေးကိရိယာဝယ်ရင်း မြို့ထဲသို့ရောက်သွားခဲ့သည်။ဒီလိုအချိန် မြို့ထဲသွားရသည်မှာ မမျှော်လင့်ရင် မမျှော်လင့်သလို အချိန်တွေအများကြီး ကြာသွားနိုင်သလို အခန့်မသင့်ရင် အသက်ဘေးလည်း ကြုံနိုင်သည်။ဒီတော့ ရန်ကုန်သွားတောလားဆိုပြီး စာရေးဆရာများလို ရေးတတ်လျှင် ရေးလိုရနိုင်သည့် အချိန်ဖြစ်သည်။ဒီလိုအချိန်မှာ မလိုအပ်ဘဲ အိမ်ထဲကနေ ထွက်လေ့မရှိတာကို မြင်ရသလို အိမ်ပြင်မထွက်လို့မရသည့်သူတွေအဖို့လည်း ကိုယ့်ဘေးကိုယ်ကြည့်ရှောင်ပြီး အပြင်သို့ထွက်ရသည်။
 
မြို့ထဲသို့ ကိစ္စရှိသဖြင့် တစ်လနေမှ တစ်ခေါက်လောက်လာပြီး ပင်စင်ထုတ်ရသည့် ကျနော်တောင် ဒီလိုမျိုးဖြစ်ရသည်ကို နေ့စဉ် မဖြစ်လို့လာရသည့် ကလေးမတွေခင်မျာ ဘယ်လောက်တောင်အရဲစွန့်ရမလဲဆိုတာတွေးပြီး စိတ်ထဲ သက်ပြင်းချမိသည်။ထုံးစံအတိုင်း ထွက်သည့် လိုင်းကားကိုစီး၊ မြို့ထဲကိုတက်လာ ဒီလိုသာ။ဒါ ယခင်ကဖြစ်သည်။ယခုကတော့ ဒီလိုမဟုတ်။သတိကိုကပ်ထားရသည်။လိုင်းကားအတော်များများ စပယ်ယာပါသလို လမ်းကြောင်းမှန်အတိုင်းမသွားကြဘဲ အဆင်ပြေရာလမ်းကနေသွားရတာများသဖြင့် ယခင် ကားစီးနေသလို အချိန်တန်ကိုယ်လိုရာရောက်မည်ဆိုပြီး ကားမောင်းသူအပေါ် ယုံကြည်ထားလို့ရတာမဟုတ်။တစ်ခါတလေ နီးစပ်ရာ ဆင်းလိုက်ရတာလည်းရှိသည်။
 
ဒီတော့ ကျနော်ဆိုလိုချင်တာက ကားစီးသည်ဖြစ်စေ၊ ကားမှာနေရာရသည်ဖြစ်စေ ယခင်လိုမဟုတ်ဘဲ သတိ၀ရိယနှင့် စီးလာရခြင်းဖြစ်သည်။ကားစီးလာရင်း ဘေးမှ မြို့ထဲအလုပ်ဆင်းသည့် ကလေးမတွေပြောတာ “တစ်ခါတရံ ကားစီးလာရင်း မြို့ထဲက အလုပ်ဌာနကိုရောက်ဖို့ ကွေ့ပတ်ပြီး လာရသည့်အခါလည်းရှိသည်ဟု ဆိုသည်။ဆိုလိုရင်းက ယခင်ကလောက် ရန်ကုန်သည့် အန္တရာယ်ကင်းသည့် နေရာအရပ်မဟုတ်တော့ခြင်းပင်ဖြစ်သည်။
 
ဒီတော့ ယခင်လို လူတွေက သွားကြလာကြခြင်းမဟုတ်ဘဲ သတိနဲ့သွား၊ ဉာဏ်ပညာအခြေခံကာ ကိုယ်လုပ်ချင်သည့်အရပ်သို့ သွားရမည့်လမ်းကြောင်းကို ရွေးလာရခြင်းဖြစ်သည်။ 
 
မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်အတွက် တိုကင်တန်းစီရင်း ယခင်နှစ်က တိုကင်မလိုသည့် အချိန်ကာလကို ပြန်သတိရမိသေးသည်။ဘဏ်ဝန်ထမ်းစာရေးမလေးက ကျနော်ပြန်မည့်အချိန်တွင် သတင်းတစ်ခုခုကြားမိဟန်ဖြင့် ကျနော့်ကို “အဘ ဒီကနေ ကားမစီးနဲ့။အပေါ်ဘလောက်ထိ လမ်းတက်လျှောက်ပြီး ၅၆ ကို မြို့ထဲထိပြောင်းပြန်စီးလိုက်။ဟိုဘက်ရောက်မှ ၆၅ ကိုစီး အဘ။ဒီဘက်က လမ်းတွေပိတ်နေတယ်။အရင်တိုင်းသွားရင် အိမ်ရောက်မှာမဟုတ်ဘူး” ဟု ဆိုသည်။
 
ထိုမျက်မှန်းတမ်းမိနေသည့် စာရေးမလေးမှာ ကျနော် ပင်စင်လာထုတ်တိုင်း ကူပေးနေသဖြင့် စိုးရိမ်ကာ ကျနော့်ကို လမ်းညွှန်ပေးခြင်းဖြစ်သည်။ 
 
အစောကဆိုသည့် အိမ်ပြန်သည့်နေရာတွင်ပင် ယခင်ကလို လွယ်သလိုမဟုတ်ဘဲ အနည်းဆုံး အန္တရာယ်ကင်းနိုင်သည့်လမ်းကြောင်းကို လူတွေက စဉ်းစားသွားလာနေကြသည်။ထိုသို့အခြေအနေက လူတိုင်း ကိုယ်အသက်ရှင်နိုင်မှုအတွက် အနည်းဆုံးသောကိစ္စမှာပင် ဉာဏ်ကိုသုံးနေရပြီဆိုသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ဒီလို သွားလာရေးအခြေအနေတွင်သာမက တခြားသောအခြေအနေတွင်လည်း ဒီလိုစဉ်းစားချက် တွေရှိလာနေပြီဆိုတာကို ယနေ့တွင် မြင်လာနေရသည်။
 
ထမင်းဆိုင်တွင် ထမင်းဝင်စားနေရာတွင် ခပ် သန့်သန့် လူလတ်ပိုင်းတစ်ယောက်က ထမင်းစားရာတွင် တစ်ခါပြင်သာ မှာစားနေသည်ကို တွေ့ရသည်။ဘေးမှ ထမင်းစားနေသူတစ်ဦးနှင့် ထမင်းစားရင်း “အရင်လို ဟင်းအပိုပွဲမှာလို့ မဖြစ်တော့ဘူး။ဘာဆက်ဖြစ်မယ်မှန်းမသိဘူး။လက်ထဲ ခြေစောင့်လက်စောင့်ရှိအောင် ချွေတာနေရပြီ” လို့ ပြောနေတာကိုလည်း ကြားရသည်။  
 
လမ်းတစ်လျှောက်မှာ လမ်းလျှောက်လာရင်း ကားသမားနှစ်ဦး တိုက်မိမလိုဖြစ်နေတာကို တွေ့ရသည်။တစ်ဦးနှင့် တစ်ဦး တောင်းပန်ပြီး ကားတွေကို ဆက်မောင်းသွားတာ မြင်ရသည်။ဘေးက ထိုဖြစ်ရပ်ကို မြင်လိုက်ရသူက “ကြားက ဆွဲစားသွားမယ် လူမလာခင် ဒီလိုလုပ်တာ အမှန်ဆုံးပဲ။ဒီအချိန်မှာ အားလုံးကို အလျှော့ပေးတာ၊ ကြေအေးကြတာ အကောင်းဆုံးပဲ”လို့ ဆိုသည်။
 
မနက်က မြို့ထဲသို့အလာ ဇနီးဖြစ်သူက ကားပေါ်မှာ ခါးပိုက်နှိုက်သတိထားနော်၊ ပါသွားလည်း ပြန်လုမနေနဲ့။ကိုယ့်အသက်ထက် ဘာမှအရေးမကြီး ဘူး” လို့ မှာလိုက်သည်။
 
လူတိုင်းမှာ အရာရာတိုင်းတွင် သတိကြီးစွာထားနေသလို ခက်ခဲစွာ တစ်နေ့ချင်းကို ဖြတ်ကျော်နေရသည်ကို ထင်ထင်ရှားရှား မြင်နေရသည်။ဒါက စိတ်ထဲမှာ ကျနော်တို့လို သေဖို့စောင့်နေရသည့်သူတွေအတွက်ပင် စိတ်မသက်သာစရာ အခြေအနေပင်ဖြစ်သည်။ငယ်ရွယ်သည့်သူတွေအတွက်ဆိုလျှင် အတော်ကိုဆိုးရွားသည့် အခြေအနေပင်ဖြစ်သည်။ 
 
ပညာ။
 
ပညာဆိုသည်ကို ကြောင်းကျိုးသိခြင်း၊ ဆင်ခြင်နိုင်သည့်ဉာဏ်ကို ဆိုလိုကြောင်း ကျနော်သိထား ခဲ့သည်။ထိုသို့သောဉာဏ်ကို ကျနော် ယခုအသက် ၆၅ နှစ်ကျော်ကာလအတွင်း ဘ၀အတွက် တစ်ခါမှ၊ နေ့စဉ်နေထိုင်ရသည့် လူနေမှုအတွက် ဒီလိုခပ်စိပ်စိပ်သုံးပြီး ဖြတ်သန်းရသည့်ကာလကို ကြုံပင်မကြုံဘူးပေ။ယခု နေ့စဉ် ပညာဉာဏ်ဖြင့် သတိကို မြေကတုပ်လုပ်ပြီး ဖြတ်သန်းနေရသည်။စားရေး၊ နေရေး၊ ကျန်းမာရေးနှင့် နေ့စဉ်သွားလာနေထိုင်လှုပ်ရှားမှုတွင် တစ်ချက်ကလေးမှ သတိမလွတ်ရဲလောက်အောင်ပင်။မနက် အိမ်ကနေထွက်လာကတည်းက သရဏဂုံသုံးပါးကိုရွတ်ပြီး ဆိုလာရသည်။မျက်စိကို မမှိတ်ရဲ၊ စိတ်ကို အာရုံမလွင့်စေရန် အသိဖြင့်ထိန်းနေရတာတွေ၊ ကိုယ့်ကိုယ်ကို အမြဲသတိကပ်နေအောင် လန့်နေရသည်။ဘ၀မှာ တစ်ခါမှ ဒီလိုနေရထိုင်ရမည်လို့တောင် တွေးတောင် မတွေးထားခဲ့။ 
 
ကျနော် စာသင်ခြင်းဖြင့် အသက်မွေးခဲ့စဉ် ဆရာတစ်ဦးက ကျနော့်ကိုပြောခဲ့သည့် ဖြစ်ရပ်တစ်ခုရှိ သည်။လူတွေ ဒီလိုမျိုးနေထိုင်သည့် ပုံစံမျိုးဆိုတာ သောက၊ ကြောင့်ကြနှင့် နေထိုင်ကြခြင်းဖြစ်သည်။သူက ကျုးကျော်တွေလို့ခေါ်သည့် ကမ်းနားဘက်တွင် စာသွားသင်ရသူဖြစ်သည်။ထိုနေရာဘက်တွင် လူတွေက အမြဲသတိထားရသည်။အချိန်မရွေး ဓားထိုးမှုတွေဖြစ်နိုင်သလို အချိန်မရွေး ကိုယ့်ပစ္စည်းလည်း ပျောက်ပျက်နိုင် သည့် အခြေအနေရှိရာ အိပ်စားနေထိုင်ကြရသည့် နေ့ညမရွေး အမြဲလိုလို သတိဖြင့်နေထိုင်ကြရ သည်။
 
ဒီတော့ အသိဆရာက အဲဒီကမ်းနားဘက်က လူတွေအကြောင်းပြောပြရာတွင် ထိုနေရာသို့သွားရသည့်အခါတိုင်း သတိဖြင့်သွားရကြောင်း၊ ပြောရာဆိုရာတွင် စကားကို ဆင်ခြင်ပြောရကြောင်း၊ လူတိုင်းက အကဲဆတ်နေကြောင်း ဆိုသည်။ 
 
သို့ရာတွင် ထိုနေရာသို့ သွားမသင်ဘဲလဲမနေနိုင်၊ သွားသင်လို့ပြန်လာပြီဆိုလဲ အနည်းဆုံးတော့ စိတ်ထဲလေးလံလာခဲ့ကြောင်း ဆိုသည်။ 
 
ထိုစဉ်ကပြောသည့် အကြောင်းအရာတွေက ယခုတော့ ကျနော်နားလည်လာနေပြီဖြစ်သည်။ထိုစဉ် တုန်းက ဘာကြောင့် ဒီလိုလူတွေ အကြောင်းမဲ့ ရန်လိုနေတာလဲ၊ အကြောင်းမဲ့သည်းမခံနိုင်ကြတာလဲဆိုတာကို မေးခွန်းထုတ်မိသည်။ 
 
နောက်ပိုင်း အနောက်တိုင်း မာဖီးယားဇာတ်ကားလိုဟာတွေလည်း ဖတ်မိသည်။သို့သော် ထိုအကြောင်းကိုသာ အနည်းငယ်ရိပ်မိပြီး စိတ်ခံစားချက်ကိုတော့ နားမလည်။အခုတော့ ဒီလိုအဖြစ် ကို ကျနော်တို့ကိုယ်တိုင် ကြုံနေရပြီ။ကိုယ်ရှင်သန်ဖို့၊ ကိုယ်ချစ်တဲ့ မိသားစုဝင်‌တွေရှင်သန်ဖို့ သားရဲများလို့ သတိထားနေရ ကိုယ်အချင်းချင်းစောင့်ရှောက်နေရသည့် ကြောင့်ကြကြီးစွာဖြစ်နေသည့်စိတ်တွေကို နားလည်လာသည်။  
 
ရှင်သန်ဖို့ မလွယ်သည့်ကာလတွင် အရာရာကို ပညာအမြင် ဉာဏ်အမြင်ဖြင့် လွှာသုံးနေရသည့်အခါ စိတ်ပိုင်းဆိုင်ရာရှင်သန်မှုက ပိုပြီးအားကောင်းလာသည်ကို တွေ့ရသည်။ဘယ်အရာမဆို မယုံသည့်စိတ်က ရှေ့ကနေသွားသည်။လူတွေက လူတွေ၊ ကိုယ်တွေက ကိုယ်တွေဆိုသည့် ခွဲခြားမြင်သည့်အမြင်တွေ မြင်လာသည်။ကိုယ်လုပ်ပေးနိုင်တာကို လုပ်ပေးလိုက်သည်။လမ်းညွှန်ခြင်း၊ ကူပေးခြင်း၊ ခြိုးခြံခြင်း။သို့သော် ကိုယ်ရှင်သန်နေထိုင်မှုကို ကိုယ့်လက်ထဲတွင်သာထားကြသည်။ထိုက အရာရာကို ပညာဖြင့်‌ ဖြတ်သန်းခြင်းဖြစ်သည်။သို့သော် စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာမရှိခြင်းနှင့် ဒဏ်ပိခြင်းကဖြစ်မည်မှာ အမှန်ပင်။ 
 
သို့သော် လက်ရှိအချိန်တွင် ကျနော်တို့အတွက် ခေတ်ကာလဖြတ်သန်းမှုပုံစံအရ ထိုသို့ သတိဖြင့် နေခြင်း၊ ပညာအမြင်ဖြင့် ဖြတ်သန်းခြင်းမှလွဲပြီး ရွေးချယ်စရာကမရှိ။ဒီကာလ မကြာပါစေရန်သာ ဆုတောင်းခြင်းကလွဲပြီး……။
 
ဆရာကျော်
နိုဝင်ဘာ - ၁၈