【 ဆောင်းပါး 】 “ပို၍ကောင်းအောင်ကြိုးစားမည်”

【 ဆောင်းပါး 】 “ပို၍ကောင်းအောင်ကြိုးစားမည်”

လောကမှာ အဖြူနှင့်အမည်း အလင်းနှင့်အမှောင် အကောင်းနှင့်အဆိုး ကုသိုလ်နှင့်အကုသိုလ် ဆန့်ကျင်ဘက်အရောင်အသွေးများ ဆန့်ကျက်ဘက်သဘာဝများ ဆန့်ကျင်ဘက်သဘောထားများ ဆန့်ကျင်ဘက်တရားဓမ္မများ အမြဲအားပြိုင်နေမြဲဖြစ်သည်။

ငယ်စဉ် ကလေးဘဝမှာပင် ပြိုင်ပွဲများရှိခဲ့သည်။တချို့ကလေးတွေက စာတော်တာပြိုင်သည်။စည်းကမ်းရှိတာပြိုင်သည်။ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ပြောဆိုတာပြိုင်သည်။တချို့ကလေးတွေက ရန်ဖြစ်တာပြိုင်သည်။ကျောင်းပြေးတာပြိုင်သည်။ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုတာပြိုင်သည်။တချို့သားသမီးတွေက အကျင့်စာရိတ္တကောင်းသော မိဘများကို အားကျဂုဏ်ယူသည်။တချို့သားသမီးတွေက မိုက်မိုက်ကန်းကန်း ဆိုးဆိုးပေပေ မိဘများကို အားကျဂုဏ်ယူသည်။

တချို့လူငယ်တွေက ကိုယ်ကျင့်တရားကောင်းတာကို သဘောကျသည်။ဒုက္ခရောက်နေသူကို သနားကြင်နာစိတ်နှင့် နှုတ်အား လူအား တတ်နိုင်သမျှ အကူအညီပေးတတ်သည်။

တချို့လူငယ်တွေက ကိုယ်ကျင့်တရားဆိုတာ ဂရုမထား သူတို့ပြောချင်တာပြောသည်။လုပ်ချင်တာလုပ်သည်။ဒုက္ခရောက်နေသူကို သနားကြင်နာစိတ်မထားဘဲ သူတို့အကျိုးအမြတ်ရှိမည်ဆိုလျှင် ဒုက္ခရောက်နေသူကို ထပ်၍ပင်ဒုက္ခပေးတတ်သည်။

တချို့လူကြီးတွေက သူတို့ကိုယ်တိုင်လည်း ဘာသာတရားကို ရိုသေလေးစားစွာ လိုက်နာကျင့်ကြံသည်။တပည့်သားသမီးနှင့် နီးစပ်ရာလူငယ်တွေကိုလည်း လိမ္မာယဉ်ကျေးဖို့ လမ်းညွှန်ပြသသည်။ကုသိုလ်ကောင်းမှုလုပ်ဖို့ အကုသိုလ်မလုပ်ဖို့ ဆိုဆုံးမသည်။

တချို့လူကြီးတွေက သူတို့ကိုယ်တိုင်လည်း ဘာသာတရားကို အလေးအနက်မထားဘဲ သူတို့ဘဝချမ်းသာဖို့ သူတို့အကျိုးအမြတ်ရဖို့ သူတို့စည်းစိမ်ဥစ္စာကြွယ်ဝဖို့ အဓိကထားသည်။တပည့်သားသမီးနှင့် နီးစပ်ရာလူငယ်တွေကိုလည်း သူတို့လိုမိုက်ကန်းသူများကသာ တကယ့်သူရဲကောင်းတွေဖြစ်သလို မြူဆွယ်စည်းရုံးသည်။

မည်သို့ပင်ဖြစ်စေ အတိတ်ကာလများမှာလည်း အကောင်းပြိုင်သူနှင့် အဆိုးအမိုက်ပြိုင်သူများရှိခဲ့သလို လက်ရှိအချိန်မှာလည်း အကောင်းပြိုင်သူနှင့် အဆိုးအမိုက်ပြိုင်သူများရှိနေသည်။အကောင်းကိုပြိုင်မှာလား အဆိုးကိုပြိုင်မှာလားဆိုတာကတော့ ကိုယ်တိုင်ဘဝအတွက် ရွေးချယ်မှုအခွင့်အရေးသာဖြစ်သည်။

ဘုရားဟော ငါးရာ့ငါးဆယ်လာ ရာဇောဝါဒဇာတ်မှ အကောင်းချင်းပြိုင်သော မင်းနှစ်ပါး၏ လေးစားဂုဏ်ယူစရာ မြင့်မြတ်သောစိတ်ဓာတ်ကို မြင်သာအောင် တစ်ဆင့်ပြောပြချင်ပါသည်။

          ဗာရာဏသီပြည်ကို ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်သည်။မင်းကြီးသည် မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်သည်။သူကိုယ်တိုင် အဂတိလေးပါးလုံးဝမလိုက်စားဘဲ တရားသဖြင့်အုပ်ချုပ်သည်။တရားစီရင်ရေးတွင်လည်း ဘယ်သူမှအဂတိမလိုက်စားအောင် ဂရုစိုက်သည်။ထို့ကြောင့် သူ၏မှူးမတ်တို့သည်လည်း တရားလမ်းကြောင်းပေါ်မှာ စိတ်ကိုနှလုံးသွင်းကာ မှန်ကန်စွာဆုံးဖြတ်ပေးကြသည်။မကောင်းမှုဒုစရိုက်ပြုမူမည့်သူသည် မှန်ကန်သောတရားရုံး၏ အဆုံးအဖြတ်ကြောင့် ဒုစရိုက်အမှုကို မပြုလုပ်ရဲကြပေ။ထို့ကြောင့် တရားရုံးသည် အမှုစီရင်ရန်မရှိသဖြင့် တိတ်ဆိတ်အေးချမ်းလျက်ရှိလေသည်။

          မင်းကြီးသည် တစ်ယောက်တည်းတွေးနေမိ၏။ “ငါသည် တရားသဖြင့် မင်းပြုခဲ့သောကြောင့် တရားရုံးတို့ ဘာမှလုပ်စရာမရှိတော့ပေ။တစ်စုံတစ်ယောက်သောသူသည် ငါ၏အပြစ်ကိုတွေ့ရှိ ပြောဆိုပါက ထိုသူကိုအပြစ်တင်ခြင်း အပြစ်ပေးခြင်းမပြုဘဲ ဂုဏ်ပြုပေးမည်”။သူ့အတွေးကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် ရုပ်ဖျက်ပြီး နန်းတွင်းနန်းပြင် မြို့တွင်းမြို့ပြင် အရပ်လေးမျက်နှာရှိ မြို့များကျေးရွာများ နေရာအနှံ့လှည့်လည်သွားကာ သူ့အပေါ်အပြစ်ပြောသည့်သူတစ်ဦးဦးကို လိုက်ရှာခဲ့သည်။ထိုသို့ တိုင်းပြည်တစ်ခုလုံးကို နေရာအနှံ့ စုံစမ်းရှာဖွေသော်လည်း သူ့အပေါ်အပြစ်ပြောသံကို လုံးဝမကြားခဲ့ရပေ။သူ့ဂုဏ်ကျေးဇူးကို ထုတ်ဖော်ချီးမွမ်းသူများကိုသာ တွေ့ရသည်။ရှာရင်းဖွေရင်းနှင့် နယ်စွန်နယ်ဖျားအထိ ရောက်လာခဲ့တော့သည်။တစ်ချိန်တည်းမှာပဲ ဗလ္လိကပြည့်ရှင် ကောသလမင်းကြီးသည်လည်း သူ၏တိုင်းပြည်ကို မင်းကျင့်တရားဆယ်ပါးနှင့် အုပ်ချုပ်သည်။သူ၏မှူးမတ်များကိုလည်း တရားစီရင်ရာတွင် အဂတိမလိုက်စားဘဲ အမှန်အတိုင်းဆုံးဖြတ်စေသည်။ထို့ကြောင့် ကောသလမင်းကြီးသည်လည်း သူ့ကိုအပြစ်ပြောဆိုမည့် တစ်စုံတစ်ယောက်ကိုလိုက်ရှာရာ လုံးဝမတွေ့သဖြင့် နယ်စွန်နယ်ဖျားသို့ ရောက်လာသည်။

          ဗြဟ္မဒတ်မင်းနှင့် ကောသလမင်းတို့သည် သူတို့တိုင်းပြည်နှစ်ခု၏ နယ်စပ်လမ်းကျဉ်းလေးထဲတွင် မျက်နှာချင်းဆိုင် ဆုံမိကြသည်။မင်းနှစ်ပါးလုံးက မြင်းရထားပေါ်မှာ လိုက်ပါလာခြင်းဖြစ်သည်။ရထားမှူးနှစ်ယောက်လည်း သူတို့၏မြင်းရထားများကို မျက်နှာချင်းဆိုင်ရပ်ထားလိုက်ကြသည်။လမ်းကကျဉ်းနေသောကြောင့် မြင်းရထားတစ်စီးသာ သွား၍ရမည်ဖြစ်သည်။ထို့ကြောင့် မြင်းရထားတစ်စီးစီးက ရှောင်ပေးမှသာ ကျန်တစ်စီးက လွတ်လွတ်ကင်းကင်း သွား၍ရပေမည်။

          ဗြဟ္မဒတ်မင်း၏ ရထားမှူးက တစ်ဖက်ရထားမှူးကို ကောသလမင်း၏ အသက်အရွယ်ကို လှမ်းမေးလိုက်သည်။အကယ်၍ ဗြဟ္မဒတ်မင်းက ငယ်နေလျှင် ဗြဟ္မဒတ်မင်းကရှောင်ပေးကာ အသက်ကြီးသော ကောသလမင်းကို သွားစေမည်ဖြစ်သည်။ကောသလမင်းက အသက်ငယ်နေလျှင်တော့ ဗြဟ္မဒတ်မင်း လွတ်လွတ်ကင်းကင်းသွားနိုင်အောင် ကောသလမင်းက ရှောင်ပေးရမည်ဖြစ်သည်။

          သို့သော်လည်း မင်းနှစ်ပါးလုံးက အသက်ရွယ်တူဖြစ်နေလေသည်။ဆက်လက်၍ မင်းနှစ်ပါး၏ နိုင်ငံအကျယ်အဝန်း၊ စစ်သည်အင်အား၊ စည်းစိမ်ဥစ္စာ၊ အခြွေအရံ၊ အမျိုးအနွယ်အားလုံးကို နှိုင်းယှဉ်ကြည့်သောအခါ နှစ်ယောက်လုံး၏ အရည်အချင်းရော အရေအတွက်ရော အတူတူဖြစ်နေသည်ကို တွေ့ရသည်။နောက်ဆုံးတွင် ဗြဟ္မဒတ်၏ ရထားမှူးက ကောသလမင်း၏ ကိုယ်ကျင့်သီလကိုသိချင်၍ ပြည်သူအပေါ် တရားစီရင်ပုံကို မေးပြန်သည်။ကောသလမင်း၏ ရထားမှူးက သူ၏ဘုရင် ကောသလသသည် နူးညံ့သိမ်မွေ့သူအား နူးညံ့သိမ်မွေ့ခြင်းဖြင့် အနိုင်ယူကြောင်း၊ ကြမ်းကြုတ်ခက်ထန်သူကို ကြမ်းကြုတ်ခက်ထန်သော အပြစ်ဒဏ်ပေးခြင်းဖြင့် အနိုင်ယူကြောင်း၊ ကောင်းသောသူကို ကောင်းသောတုန့်ပြန်ခြင်းဖြင့် အနိုင်ယူကြောင်း၊ မကောင်းသောသူကို မကောင်းသောတုန့်ပြန်ခြင်းဖြင့် အပြစ်ပေးအနိုင်ယူကြောင်း ပြောသည်။

          ဗြဟ္မဒတ်မင်း၏ ရထားမှူးက သူ၏မင်းမြတ်သည် အမျက်ဒေါသကြီးသောသူကို မေတ္တာဖြင့် အောင်မြင်အနိုင်ယူကြောင်း၊ မကောင်းသူကို မိမိကကောင်းသဖြင့် အနိုင်ယူကြောင်း၊ ဝန်တိုစဉ်းလဲသူကို ပေးကမ်းခြင်းဖြင့် အောင်ပွဲခံအနိုင်ယူကြောင်း၊ လိမ်ညာဝါဒဖြန့်သူကို မှန်ကန်သောစကား ဆိုဆုံးမခြင်းဖြင့် အနိုင်ယူကြောင်း ပြန်ပြောသည်။ထိုအခါ ကောသလမင်း၏ ရထားမှူးသည် မြင်းများကို လှည်းရထားမှဖြုတ်၍ လှည်းကိုဘေးကပ်ပေးကာ ဗြဟ္မဒတ်မင်း၏ မြင်းရထားကို လွတ်လွတ်လပ်လပ်သွားစေသည်။

          ကောသလမင်းကိုယ်တိုင်ကလည်း သူ့ထက်အကျင့်သီလကောင်းမွန်သော ဗြဟ္မဒတ်မင်းကို အရိုအသေပေးပြီး ယခုလို သူ့ကိုပို၍ကောင်းအောင် စံနမူနာပြသောကြောင့် ကျေးဇူးတင်ကြောင်းပြောသည်။ဗြဟ္မဒတ်မင်းကလည်း နှစ်ယောက်လုံးရှေ့ဆက်၍ ပိုမိုကောင်းမွန်အောင် ကြိုးစားကြရန်လိုကြောင်းပြောကာ နှစ်ဦးသား နှုတ်ဆက်ခွဲခွာခဲ့ကြလေတော့သည်။

စိတ်ထားဖြူစင်ရိုးသားပြီး တရားသဖြင့် အသက်မွေးသူများက မကောင်းသေးရင် ကောင်းအောင် ကြိုးစားကြသည်။ကောင်းနေရင် ကောင်းသည်ထက် ပို၍ကောင်းအောင် ကြိုးစားကြသည်။ခြေလှမ်းများက ရှေ့သို့တိုးတက်အောင် လျှောက်လှမ်းကြသည်။တစ်ချိန်တည်းမှာပင် ဖြူစင်ရိုးသားခြင်းမရှိဘဲ အချောင်ခိုအမြတ်ထုတ်ကာ မတရားသဖြင့် အသက်မွေးသူများကတော့ ကောင်းအောင်ကြိုးစားဖို့ မစဉ်းစားမတွေးတောနိုင်ဘဲ ဆိုးသည်ထက်ဆိုး မိုက်သည်ထက်မိုက်သည်ကို ဂုဏ်ယူဝင့်ကြွားကာ လက်မထောင်ချင်တတ်ကြသည်။နှုတ်ဖျားက ရှေ့သို့လို့အော်နေသော်လည်း သူတို့ခြေလှမ်းများက နောက်သို့သာဖြစ်နေရှာသည်ကိုတော့ သူတို့ကိုယ်တိုင်က သတိမထား သတိထားရမှန်းလည်းမသိသည့်တိုင် ဘေးလူတွေကတော့ ထင်ထင်ရှားရှားနှင့် အဝေးကပင်မြင်နိုင်ကြပါသည်။

ရိုက်မောင်း