【 ဆောင်းပါး 】 “ပုဂံနှင့် ဘုရား ပုထိုး စေတီများ”

【 ဆောင်းပါး 】 “ပုဂံနှင့် ဘုရား ပုထိုး စေတီများ”

ပုဂံခေတ်ကို ယနေ့တိုင် မြန်မာတို့ဂုဏ်ယူကြပါသည်။ပုဂံသည် အနော်ရထာဘုရင်လက်ထက် ပထမမြန်မာနိုင်ငံတော်အဖြစ် ထူထောင်ခဲ့သောခေတ်။ဗုဒ္ဓသာသနာ ထွန်းလင်းပျံ့ပွားခဲ့သောခေတ်၊ မြန်မာတို့၏ ယဉ်ကျေးမှုအနုပညာ အဆင့်အတန်းမြင့်မားခဲ့သောခေတ်၊ တရားနှင့်အညီအုပ်ချုပ်သောမင်းနှင့် တိုင်းသူပြည်သားတို့ စည်းလုံးညီညွတ်သောခေတ်၊ တိုင်းပြည်စီးပွားရေးကောင်းမွန်သောကြောင့် တိုင်းသူပြည်သားများ သာယာဝပြောသောခေတ် စသဖြင့် ကောင်းသတင်းအဖြာဖြာကို နှောင်းမြန်မာတို့အတွက် လွမ်းမောတသ၊ ဂုဏ်ယူစေရန် ချန်ရစ်ခဲ့ပါသည်။

တစ်ချိန်က မင်းနေပြည်တော်ဖြစ်ခဲ့သော ပုဂံသည် လက်ရှိကာလတွင် ရွာပျက်ကြီးတစ်ရွာအဖြစ်သာ ကျန်ရှိတော့၏။ပုဂံ ညောင်ဦးဒေသရှိ ဘုရားပုထိုးစေတီများသာ မကျန်ခဲ့ပါက ပုဂံခေတ်၏ ခမ်းနားကြီးကျယ်ခဲ့ပုံသည် ရာဇဝင်မှတ်တမ်းအဖြစ်သာ ပြောစမှတ်တွင်ရုံရှိပေမည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခြင်းကြောင့်သာ ပုဂံ ညောင်ဦးဒေသသို့ လူဝင်လူထွက်စည်ကားများပြားလာသည်။ဒေသခံတို့၏ စီးပွားရေးက ခရီးသွားလုပ်ငန်းအပေါ် မှီခိုရသည်။မြန်မာနိုင်ငံ တံခါးပိတ်ဝါဒ ကျင့်သုံးစဉ်က ပုဂံသည် ရှေးဟောင်းသမိုင်းသုတေသီများ၊ ဘုရားဖူးများမျှသာ ရံဖန်ရံခါလာရောက်ကြသည့် နေရာအဖြစ် တည်ရှိခဲ့သည်။

ဆရာကြီးဦးဖေမောင်တင်တို့ခေတ်ကပင် ပုဂံရာဇဝင်ကိုပြောကြလျှင် တုတ်ထမ်းဓားထမ်းပြောရသည်ဟု ဆိုရိုးရှိခဲ့သည်။နှောင်းလူတို့ ပုဂံ ပုထိုးစေတီများကို လေ့လာသောအခါ တည်ထားကိုးကွယ်ခဲ့သော မင်း၊ ခုနှစ် သက္ကရာဇ် စသည်တို့အပေါ် တစ်ဦးနှင့်တစ်ဦး အမြင်မတူ၊ ညှိနှိင်း၍မရကြဘဲ ငြင်းခုံခြင်းဖြင့် အဆုံးသတ်ရလေ့ရှိခြင်းကို တင်စားပြောဆိုခြင်းဖြစ်ပေမည်။

မြန်မာဗုဒ္ဓဘာသာဝင် အများစုက ဘုရားဒါယကာ၊ ကျောင်းဒါယကာ၊ ဘုရားအမ၊ ကျောင်းအမဟူသော ဂုဏ်ပုဒ်များကို အလွန်မက်မောကြပါသည်။ရှေးမင်းများလည်း သာသနာ့ဒါယကာ၊ သာသနာပြုမင်းဟူသော ဂုဏ်ပုဒ်ကို အလွန်အရေးထားကြောင်း ပုဂံရှိ ဘုရား ပုထိုးစေတီ ဂူကျောင်းများကိုကြည့်၍ သိနိုင်ပါသည်။

ဘာသာရေးကို အလေးမထားသော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ၊ ဘာသာမဲ့များ၊ လက်ဝဲဝါဒကို သက်ဝင်ယုံကြည်သူများအနက်၊ တချို့က ပုဂံတွင် ဘုရင်များက ဤမျှများပြားလှသော၊ ဘုရား ပုထိုး ဂူကျောင်းများကို ဆောက်လုပ်တည်ထားခဲ့ခြင်းကြောင့်၊ အဆိုပါ သာသနိကအဆောက်အအုံများအတွက် အုတ်များစွာလိုမည်။လိုအပ်သောအုတ်များကိုဖုတ်ရန် ထင်းမြောက်မြားစွာလိုသည်။ထင်းလုပ်ရန် သစ်ပင်များခုတ်လှဲခြင်းကြောင့်၊ တောပြုန်းခဲ့သည်။ထို့ကြောင့် ယနေ့ ပုဂံဒေသသည် မိုးခေါင်ရေရှားရပ်ဝန်းဒေသအဖြစ် ကျန်ရစ်ရသည်ဟု ရေးကြ၊ ပြောကြပါသည်။

အမှန်တကယ်ပင် ပုဂံတွင် ဘုရား ပုထိုး စေတီများ များပြားလှသောကြောင့် တချို့ကလည်း အထက်ဖော်ပြပါ သုံးချက်တွက်နည်း ဘုရားတည်ရန် အုတ်လိုသည်။အုတ်ဖုတ်ရန် ထင်းလိုသည်။ထင်းများစွာ ထုတ်လုပ်မှုကြောင့် တောပြုန်းသည်။တောပြုန်းသောကြောင့် ခြောက်သွေ့ပူပြင်းသောဒေသဖြစ်သွားသည်ဟူသော ကောက်ချက်ကို လက်ခံကြပါသည်။

ရှေးစာအုပ်တချို့တွင် ပုဂံဘုရားအရေအတွက်ကို လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းဟူသော သံပေါက်ဖြင့်ဖော်ပြပါသည်။သည်သံပေါက်လင်္ကာ၏ အဓိပ္ပာယ်ကို ယနေ့လူငယ်အများစု နားလည်နိုင်ကြမည်မဟုတ်ပါ။နေ့နာမ်နှင့်ပြောထားခြင်းဖြစ်ရာ ၄,၄၄၆,၇၃၃ (ဘုရား ပုထိုး စုစုပေါင်း လေးသန်းကျော်) ရှိသည်ဟု ဆိုလိုပါသည်။

ရှေးဘုရင်များလက်ထက်ကပင် ပုဂံဒေသသည် ငလျင်ဒဏ်ခံခဲ့ရဖူးပါသည်။သဘာဝဘေးဒဏ်များကြောင့် ပျက်စီးပြီး ဧရာဝတီမြစ်ထဲမျောပါသော ဘုရားအရေအတွက်ကို ရှေးမြန်မာတို့က "ဝါဝါဝင်းဝင်း မြစ်ဧရာတွင်း ရေသောက်ဆင်း" ဟု ဆိုပြန်ပါသည်။သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးယိုယွင်းကာ ဧရာဝတီမြစ်အတွင်း ကျရောက်ရသော ဘုရားအရေအတွက် - ၄,၄၄၄ (လေးထောင်ကျော်) ဟု ဆိုလိုပါသည်။ခပ်ရွတ်ရွတ် လူတချို့က ပုဂံခေတ်တွင် မုဆိုးမပင် ဘုရားတည်နိုင်သည်ဟု ပြောဆိုရေးသားကြပြန်ပါသည်။များပြားလှသော ပုဂံဘုရားအရေအတွက်ကို မြန်မာတချို့က လွန်စွာဂုဏ်ယူကြသည်။တချို့ကလက်မခံ။သို့သော် လက်မခံခြင်းအပေါ် ယုတ္တိဗေဒကျကျ ပြန်လည်ဖြေရှင်းမှုမျိုး မပေါ်ပေါက်ခဲ့ပါ။

သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း ကွယ်လွန်ပြီးနောက်ပိုင်း လက်ရေးစာမူအဖြစ် ကျန်ရစ်သော ပုဂံသမိုင်းဆိုင်ရာ ဆရာကြီးဖြေကြားချက်ကို ၂၀၀၆ ခုနှစ် ဇန်နဝါရီလထုတ် ဝေ့(ဖ်)မဂ္ဂဇင်း (Wave Magazine) တွင် "ပုဂံသမိုင်းဆိုင်ရာ မေးခွန်းလေးချက်အဖြေ" ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အယ်ဒီတာအဖွဲ့က "ပုဂံသမိုင်းဆိုင်ရာ မေးခွန်းလေးချက်ဖြေထားတဲ့ လက်ရေးစာမူကို ဆရာ့စာဖတ်ခန်းက ရှာဖွေတွေ့ရှိလို့ ဖော်ပြလိုက်ပါတယ်။မေးခွန်းနဲ့ မေးသူကို မသိပါ" ဟု မှတ်ချက်ပေးထားပါသည်။

     မေးခွန်း - ၁။ ပုဂံလူဦးရေကို အမေးရှိရာ တစ်သန်းကျော် နှစ်သန်းထက် မပိုနိုင်ဟု၊ ယူဆပါသည်။ပုဂံခေတ်ကျောက်စာတို့၌ပါသော စပါးစိုက်မြေပယ် (ဧရိယာ) နှင့် စပါးအထွက်ကိုယူ၍ ခန့်မှန်းခြင်းဖြစ်ပါသည်။

     မေးခွန်း - ၂။ ပုဂံဝန်းကျင်၌တွေ့ရသော ဘုရား စေတီ ပုထိုး အရေအတွက်များသဖြင့်လည်းကောင်း၊ ထိုထိုသော စေတီ စသည်တို့ကို နှစ်အနည်းငယ်အတွင်း အင်တိုက်အားတိုက်၊ တည်ထားခဲ့သည်ဟု ယူဆကြသဖြင့်လည်းကောင်း၊ ဤမေးခွန်းကို မေးဟန်ရှိပါသည်။

ပုဂံခေတ်မှာ ခရစ် ၉ ရာစုမှ ၁၃ ရာစုနှစ်အထိ အနှစ်လေးရာကျော်ရှိပါသည်။အနှစ်လေးရာကျော်အချိန်အတွင်း တည်ထားခြင်းဖြစ်၍ များပါသည်။သို့သော် ပါးစပ်ရာဇဝင်မှာပါသည့်အတိုင်း၊ စေတီအားလုံး အစုစု "လှည်းဝင်ရိုးသံတညံညံ" ၄,၄၄၆,၇၃၃ မရှိ။ကမ်းပြို၍ ရေဆင်းသွားသည့်စေတီ "ဝါဝါဝင်းဝင်း ၄,၄၄၄" မရှိသည့်အပြင်၊ ကမ်းပါးမှာ ကျောက်ဖြစ်၍ လုံးဝမရှိဟုပင် ဆိုနိုင်ပါသည်။အစုစု စေတီအရေအတွက်မှာ ရှေးဟောင်းသုတေသနဌာနက ရေတွက်ထားသဖြင့်၊ ၂,၂၁၇ (နှစ်ထောင့်နှစ်ရာ တစ်ဆယ့်ခုနှစ်) သာ ရှိပါသည်။အနှစ်လေးရာကျော် တည်ဆောက်ချိန်ရ၍ လူအင်အားတပြိုင်နက်အများကြီးသုံးရခြင်းမရှိသဖြင့် လုပ်သားတွေအများကြီးရှိမည်ဟု အံ့သြစရာမရှိပါ။ငွေကြေးအင်အားများများကြီးလည်း တစ်ကြိမ်တစ်ခါတည်း သွန်ချသလို သုံးရန်မလိုပါ။

     မေးခွန်း - ၃။ ပုဂံဝန်းကျင်တွင်ရှိသောမြေမှာ သဲမြေဖြစ်၍ အုတ်မလုပ်နိုင်။ဘုရားများပြိုသောအခါ ထွက်လာသော အုတ်တို့၌ ယခုအခါ အုတ်တွင်စာပါသလို၊ ရှေးကလည်း စာပါရှိရာ အုတ်လုပ်သောဒေသတို့မှာ၊ စလေနယ် စလင်းနယ်တို့ဖြစ်၍ လှေလှည်းများဖြင့် ပုဂံအရောက်သယ်ယူကြရပါသည်။

     မေးခွန်း - ၄။ ပုဂံဝန်းကျင်သည် ခြောက်ခမ်းမြေ (dry zone) ဖြစ်ရသည်မှာ ရခိုင်ရိုးမတောင်တန်းနှင့်ဆိုင်ပါသည်။အနောက်တောင် မုတ်သုန်လေကပို့သော မိုးကို ရိုးမက ကာဆီးသဖြင့်၊ မိုးမရွာပဲရှိသည်မှာ ယခင်အနှစ် ခုနစ်ရာကျော်က ဖြစ်သည်မဟုတ်။ပုဂံခေတ်မတိုင်မီ နှစ်ပေါင်း သုံးကုဋေနှင့် ခြောက်ကုဋေကပင်ဖြစ်ပါသည်။မိုးရိပ်ကျခြင်း (rain shadow) အကြောင်းကို ကျွန်တော်တို့ငယ်ငယ် ကျောင်းနေစဉ် လေးတန်းမျှရောက်လျှင်ပင် သင်ကြရပါသည်။မြန်မာနိုင်ငံအလယ်ပိုင်း မိုးပါးသည်မှာ ရခိုင်ရိုးမတောင်တန်း၏ မိုးရိပ်ကျသောကြောင့်ဖြစ်ကြောင်း၊ ထိုစဉ်ကပင် သိခဲ့ကြပါသည်။ရိုးမတောင်တန်း၏ အသက်ကို ပိုင်းခြားရာ၌ ဘူမိဗေဒပညာရှင်တို့က အနှစ် သန်း ၃၀ နှင့် ၆၀ တွင်းဖြစ်မည်ဟု ဆိုကြသည်ကို ယူရပါသည်။ထို့ကြောင့် ပုဂံဝန်းကျင်တွင် မိုးပါးသည်မှာ အုတ်ဖုတ်ရန် သစ်ပင်ကိုခုတ်သဖြင့် သစ်ပင်ကင်းမဲ့သွားသောကြောင့်မဟုတ်။ယခင် အနှစ် ၃ ကုဋေကျော် ၆ ကုဋေ မရှိတရှိကပင်၊ ရခိုင်ရိုးမကြောင့် သဲကန္တာရတစ်ပိုင်း (semi desert) ဖြစ်ခဲ့ရပါသည်ဟု ဖြေလိုပါသည် ခင်ဗျား။

ဝေ့(ဖ်)မဂ္ဂဇင်းပါ ဆရာကြီး ဒေါက်တာသန်းထွန်း၏ ပုဂံဆိုင်ရာအဖြေကို ဆရာကြီး၏ ရေးသားချက်အတိုင်း ဖော်ပြပေးပါသည်။အဘယ်ကြောင့်ဆိုသော် ဆရာကြီး၏ဖြေကြားချက်သည် အပိုအလိုမရှိခြင်းနှင့် ဆရာကြီးဖြေဆိုချက်မူရင်းကို စာဖတ်သူအများအား ထပ်မံသိရှိစေလိုခြင်းကြောင့်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ၏ တကယ့်အနှစ်သာရသည် ဗုဒ္ဓညွှန်ကြားချက်များကို လိုက်နာကျင့်သုံးရန်သာဖြစ်ပါသည်။သို့သော် မြန်မာတို့ကား မင်းကအစ၊ မှူးကြီးမတ်ရာမကျန်၊ သာမန်ပြည်သူအဆုံး ဘုရားတည် ကျောင်းဆောက်ရန် အလွန်လိုလားကြပါသည်။ဘုရား ပုထိုး များပြားစွာကျန်ခဲ့သော ပုဂံအတွက် လှည်းဝင်ရိုးသံတညံညံသည် ရှေးလူတို့ဆိုလိုသည့် အဓိပ္ပာယ်ကတစ်မျိုး ယနေ့လူတို့ကောက်ယူပုံက တစ်မျိုးဖြစ်ကောင်း ဖြစ်နိုင်ပါသည်။သို့သော် ပုဂံဘုရားများသည် သူကြီးဘုရားရွာသားကောင်းမှုဆိုသောစကားနှင့် ဘောင်ဝင်မည်သာဖြစ်ပါသည်။

သေချာသည်ကား၊ မြန်မာတို့သည် ကိန်းဂဏန်းများကို ဖောင်းဖောင်းပွပွပြောကာ မိမိတို့ဂုဏ်ကိုမြှင့်တင်သည့် ဝါသနာကား ရှေးကပင်စခဲ့လေသလားဟု တွေးတောစရာပင်။ထို့ပြင် ဘုရားတည်ခြင်းကြောင့် တောပြုန်း၊ တောပြုန်းခြင်းကြောင့် မိုးခေါင်ဆိုသော ရမ်းတုတ်များလည်း မြန်မာလူမျိုးတို့ကြားတွင် ခေတ်အဆက်ဆက်ရှိနေကြပါသည်။

ဆရာကြီး ဒေါက်တာသန်းထွန်း က သမိုင်းပညာရှင်ပီသစွာ ပုဂံမိုးခေါင်ရခြင်းအကြောင်းအရင်း အဖြေကို မြန်မာတို့အတွက် တန်ဖိုးမဖြတ်နိုင်သော သမိုင်းအမွေအဖြစ်ပေးအပ်ခဲ့ပါသည်။တစ်ချိန်က မြန်မာစာရေးသားပုံနှင့်ပတ်သက်၍ စာဟန်အရေးနှင့် စကားပြောဟန်အရေး နှစ်မျိုး မည်သည့်ရေးဟန်ကိုသာသုံးသင့်ကြောင်း ငြင်းခုံခဲ့ကြဖူးပါသည်။ဆရာကြီးက စကားပြောဟန်အရေးဘက်မှ ရပ်တည်ခဲ့သူဖြစ်ပါသည်။ဆရာကြီးရေးသမျှ စကားပြောရေးဟန်များသာဖြစ်ကြပါသည်။သို့သော် ဆရာကြီးလက်ရေးမူအဖြစ် ကျန်ရစ်သည့် ပုဂံဆိုင်ရာဖြေကြားချက် ၄ ချက်ကို စာဟန်ဖြင့်ရေးခဲ့ပေသည်။

ပုဂံအတွက် သမိုင်းအမြင် သိပ္ပံအမြင် နှစ်ဘက်စလုံး ခိုင်လုံစွာပြောပြပေးခဲ့သောအဖြေကား ဆရာကြီး၏ ပထမဆုံးနှင့် နောက်ဆုံး စာဟန်အရေးဖြစ်မည်ဟုတွေးကာ ဆရာကြီးကျေးဇူးများကို ဦးခိုက်မိပါသည်။

ခင်နှင်းဦး
(၂၀၁၉ စိတ်ကူးချိုချိုက ပုံနှိပ်တဲ့ အငြင်းပွားစရာသမိုင်းပြဿနာများစာအုပ်ပါ ဆောင်းပါးကို စာရေးသူခွင့်ပြုချက်အရ ပြန်လည်ဖော်ပြသည်။)
ဖေဖော်ဝါရီ - ၁၃