【 ဆောင်းပါး 】 “ပြန်မဆုံကြတော့တဲ့အခါ”

【 ဆောင်းပါး 】 “ပြန်မဆုံကြတော့တဲ့အခါ”

မြို့ထဲသို့ ကျွန်တော်ရောက်ခဲ့သည်။

ထိုနေ့က ကျွန်တော်မြို့ထဲရောက်သွားသည့်အခါ မြို့ထဲလမ်းတွေရှင်းလင်းကာ လူတွေမရှိတရှိ။တချို့လည်း လမ်းပေါ်မှာ အရိပ်များလို ဖျပ်ကနဲ ဖျပ်ကနဲ။စျေးဆိုင်တစ်ခုတွင် စျေးဝယ်ရင်း ယခင်ကစည်ကားခဲ့ပုံကို ပြန်မြင်မိသည်။ကျွန်တော်တို့ ခင်မင်ရသူတွေက ကျွန်တော်တို့စိတ်ထဲမှာသာ ဟိုနေရာဒီနေရာ။ယခင်လို အားလုံးကိုမြင်ရနိုင်သည်က အတွင်းစိတ်မှာသာ။ကျောက်တိုင်ကြီးနှင့် ပန်းခြံတွင်းက လေအေးအေးက ခပ်လှမ်းလှမ်းကနေ ကျွန်တော်တို့ကို မတတ်သာသည့်အပြုံးနှင့် နှုတ်ဆက်သည်။ကျွန်တော်တို့ သူစိမ်းတွေဖြစ်တာ တစ်နှစ်ကျော်လေပြီ။   

မြို့ထဲမှ လမ်းများသည် အရှေ့မှ အနောက်သို့ သွားနေခြင်းဖြစ်သည်။မနက်တိုင်း ကျွန်တော်တို့တွေက မြောက်မှ တောင်သို့ စုန်ဆင်းကြသည်။တချို့က အနောက်ဘက်ကနေ မြောက်ဘက်က စုန်ဆင်းသော လမ်းအတိုင်း။ကန့်လန့်ခံသော လမ်းမကြီးများက ကျွန်တော်တို့ကို ရင်ဆီးခံပြီး မြို့ထဲတန့်ရပ်စေသည်။စုန်ဆင်းလာသူ တချို့တွေက ဒိုက်တွေလို မြို့ထဲလမ်းများပေါ် တဝဲလည်လည်၊ တချို့က ရေပေါ်ပန်းလေးများလို လမ်းသွယ်လေးတွေထဲက ဗားနစ်နံ့သင်းသင်း ဆီမီးလင်းနေသည့် အခန်းနံရံတွင် ချိတ်ကပ်လို့၊ တချို့ကတော့ ဝဲထဲနစ်ဝင်သွားသည့် အမှိုက်စများနယ် ကားများ၊ ရထားများနှင့် စီးတော်ယာဉ်များထဲ စုပ်စမြုပ်စပြုသွားခဲ့သည်။
ဘယ်နေရာကပဲစီးမျောပါစေ နောက်ဆုံးတွင် တောင်အရပ်၌ အားလုံးပြီးဆုံးရသည်က မြို့ပြ ၏အဆုံးသတ်နေထိုင်မှုပုံစံဖြစ်သည်။

                                                                      (၁)

ထိုနေ့က နေလည်းမပူပါ။မိုးလည်းမရွာပါ။သို့သော် လမ်းများတွင် မီးခိုးငွေ့အချို့က ကောင်းကင်တွင်လွင့်ပျံလျှက်။သို့သော် ထိုနေ့တွင် ပုရွတ်ဆိတ်အနက်များက ပုရွတ်ဆိတ်အနီများကို အငြိုးတကြီးလိုက်နေကြသည်။အချို့သောနေရာများတွင် ခွေးတချို့ ကိုယ့်ခန္ဓာကိုယ်ကိုယ်လျှာနှင့်လျှက်ကာ မာန်ဖီနေကြသည်။အရာရာမှာ ပုံစံမှန်အတိုင်း ပြိုလဲလျှက်။လမ်းများပေါ် ကားတစ်စင်း အရှိန်ပြင်းစွာဖြတ်သွားသည်။ကားဆိုသည်မှာ သက်မဲ့တွေစုစည်းထားခြင်းဖြစ်သော်လည်း ထိုမှထွက်လာသည့်အငွေ့အသက်က သက်ရှိတွေကို ခြောက်ခြားစေလျှက်။လမ်းများ၊ နေရာများနှင့် အချို့သော စက်ဆုပ်ဖွယ်နေရာများတွင် သက်ရှိများနှင့် သက်မဲ့များက မင်းမူထားကြသည်။

ပူပြင်းသော လေထဲတွင် ဆိုးဝါးသော မလွတ်လပ်မှုရနံ့က အထင်းသား။ကတ္တရာပေါ်ကျသည့် နေရောင်အချို့တွင် ရက်စက်သည့် အငွေ့အသက်များက ယခုထိတောင်မပြယ်။တစ်ဦးနှင့် တစ်ဦး ရယ်ပြပြုံးပြခြင်းမှာ ပဋိသန္ဓေရအချက်ပြမှုထက် ပိုလာပြီဖြစ်သည်။
တချို့နေရာများတွင် အရောင်များက အန္တရာယ်ကို ကိုယ်စားပြုနေသည်။တချို့နေရာများ၌ အသံများက ဘယ်ကိုသွားရမလဲဆိုတာ ညွှန်ပြသည်။နေ့စဉ်လာရသူများအတွက် မြို့ပြ၏အချက်ပြပုံက ဘယ်လိုရှိသည်တော့မသိ။တစ်ခါတရံသွားရလာရသည့် လူအချို့အတွက်မူ တောင်ဘက်အရပ်က ကြိုတင်ညွှန်ပြမှုများကိုနားထောင်ကာ မြောက်အရပ်ကလာသူတွေ ဖြတ်သန်းရသည်။ထိုအခါ ကျွန်တော်တို့ သည့် သက်မဲ့များဖြစ်သွားကြသည်။

                                                                      (၂)

လမ်းများတွင် မနက်စောစောလမ်းလျှောက်ကြသည်။သို့သော် ယခုအခါလမ်းများမှာ ဆေးကြောခြင်းက မင်းမူထားကြ၏။အတ္တများ၊ ဆိုးဝါးသည့် အနံ့အသက်များက မွှေးကြိုင်သည့် ပန်းရနံ့ကို မခံနိုင်သကဲ့သို့ အတင်းကာရော လမ်းတွေက ဆေးကြောကြသည်။
ခန္ဓာကိုယ်သည် အစာဟောင်းကို လက်မခံသကဲ့သို့ ဆိုးဝါးသည့် ရနံ့များရှိရာ သက်ရှိတွေရှောင်ကြသကဲ့သို့ ပုရွတ်ဆိတ်အနက်များရှိသည့်နေရာတွင် အရာရာသည့် ဆိတ်ငြိမ်လျှက်။သံများ၊ ကြေးများ စသည့် လူလုပ်သက်မဲ့များမှာ သက်ရှိလူတို့က အလေးအမြတ်ထားနေရသည့် စင်များပေါ်ရောက်နေခဲ့သည်။  

တံတားပေါ်တွင် ခွေးတစ်ကောင်။ထိုခွေးနောက် အမြီးတန်းကာ ပြေးလိုက်နေသည့် ခွေးအချို့။ကားအချို့ ဘေးကဖြတ်သွားသည်။
မျက်နှာများက ရှင်လျှက်သေနေကြသည်လား။အရာရာသည် ကူးစက်ကပ်ဘေးကြုံနေရသည့် မြို့ကြီးတစ်ခု၏ညလို ခြောက်ခြောက်ခြားခြား။လေထုထဲတွင် ချစ်ခြင်းမေတ္တာကို လိုက်ရှာမိသည်။နွေးထွေးမှုကို ဖမ်းဆုပ်ကြည့်သည်။ကားတွေပေါ်မှာ။
နံရံတွေမှာ၊ တံတားလက်ရမ်းတွေမှာ။မှီထိုင်စရာမဲ့နေသည့် ဘတ်စ်ကားမှတ်တိုင်အချို့။နေရောင်ပွင့်လျှက် ညရောက်နေသည်ကို ကျွန်တော်ကြုံခဲ့ရဖူးပြီ။တောင်အရပ်မှာ ခေါင်ရမ်းပန်းတွေက ဖွေးဖွေးလှုပ်လို့။မြောက်အရပ်နှင့် အရှေ့ အနောက် အရပ်လေးမျက်နှာတွင် သဇင်ပန်းတွေ ဆိတ်သုန်းခဲ့ပြီထင်သည်။

မြေနီနံ့ဖြင့် သင်းပျံ့ခဲ့ဖူးသည့် ညတွေဆိုတာ စာထဲမှာသာရှိသည်။စာအုပ်များ၊ ကားလက်မှတ်များ၊ စားသောက်ဆိုင်မှ ပြေစာများဆိုသည်မှာ အတိတ်ဆိုတာရှိခဲ့ကြောင်း အကောင်းဆုံးပြနိုင်သည့် သက်သေများဖြစ်သည်။မြို့သည် ကျွန်တော်ကို မမြင်ဖူးသလိုကြည့်သည်။
ကျွန်တော်က မြို့ကို ဆို့နစ်ကြေကွဲစွာကြည့်သည်။ညနေသည်ရောက်ရန် အဝေးကြီး။သို့သော် မြို့အတွက် ညနေခင်းသည် စောစီးစွာ ကားတစ်စီးနှင့် တိတ်တဆိတ်ကျရောက်ခဲ့သည်။ဟိုးအရပ်မှာ မိုးခြိမ်းသံတွေ။သို့သော် မိုးသံစစ်စစ်ကားမဟုတ်။

                                                                      (၃)

ပြုံးနေသည့် လူတစ်ယောက်ကို တွေ့ဖူးပါသလား။ကျွန်တော်တို့ ထိုရှားပါးသည့် ကုန်စည်ကို လိုက်ရှာနေခြင်းဖြစ်သည်။ထိုအရာကို ကျွန်တော်တို့ပတ်ဝန်းကျင်တွင် မတွေ့ရ။လမ်းမှာ၊ စျေးမှာ၊ အရပ်ထဲမှာ။မိုးနေး ဘာကိုတွေးနေသလဲဆိုတာ ယခု ကျွန်တော်နားလည်လာသည်။အချို့အရပ်တွင် ပန်းချီကားထက် ပိုပြီးအဓိပ္ပါယ်ကောက်ရခက်သည့် မြင်ကွင်းတွေရှိသည်။တစ်ယောက်နှင့် တစ်ယောက် လက်ချင်းထိမတတ် တူးတူးခါးခါး မုန်းတီးမှုများ။

ကတ္တရာလမ်းပေါ်က ပန်းချီကားအချို့ကို ယခုအခါ ကျွန်တော်နှစ်ခြိုက်သဘောကျလာခဲ့ပြီဖြစ်သည်။ငယ်စဉ်က တူပြိုင်ဆိုရသည်ကို သံစဉ်များကို ပါးစပ်ဖျားပေါ် ခုန်ပေါက်ရောက်လာခဲ့သည်။ခွာချခဲ့သည့်စိတ်ကို ယခုအခါ ကျွန်တော်နားမလည်တော့။ခွေးတချို့၊ လူတချို့နှင့် ငှက်များ။ဒီထဲမှာ ကျွန်တော့်ကို ကျွန်တော် ပျောက်ဆုံးနေခဲ့သည်။တစ်ခါတရံ စည်ကားခဲ့ဖူးသည့် ပလက်ဖောင်းက သစ်ရွက်ရှပ်တိုက်သံကို ကျွန်တော်ကြားလိုက် ရသည်။ကျွန်တော်တို့မှာ ရက်စက်ခြင်းနှင့် ယခုထိမရင်းနှီးနိုင်သေး။ခရီးသွားဟန်လွဲ မကြာခဏကြုံနေရသော်လည်း ယခုထိအသားမကျနိုင်သေး။အပင်အချို့မှာ သစ်ခေါက်များကိုခွာချကာ နောက်ဆုံးသော ရှင်သန်မှုကို အဆုံးသတ်ဖို့ ပြင်နေကြသည်။လမ်းများက ကိုယ့်အိပ်ယာလိပ်ကိုယ်သိမ်းသလို တွန့်ခေါက်ကာ သိမ်းဆည်းနေလျှက်။
မျက်စိဖြင့်မမြင်ရသော ကောင်းကင်တွင် လင်းပွင့်မှုက စိတ်ဖြင့်ဖတ်မရလောက်အောင် တောက်ပလျှက်။မနက်ဖြန်သည် ဒေါသတကြီးဖြင့် လမ်းပေါ်ခုန်ချရန် အသင့်ပြင်လျှက်။ကတ္တရာပေါ်တွင် မနာလိုစိတ်ကြီးသည့် ပုရွတ်ဆိတ်အနက်အချို့ ဒေသတကြီးကိုက်ခဲလျှက်။
အရာရာသည် မနက်ဖြန်ကို မယုံကြည်သလို။ချစ်ခြင်းတရားမဲ့သွားသောမြို့သည် အပျက်တရားအတိုင်းရှိနေသည်က ရင်နင့်စရာ။

လမ်းများက မြောက်ဘက်အရပ်မှ စုန်ဆင်းလာသူများကို လက်ခံရန် အသင့်မရှိတော့။နေရောင်သည် ထွက်ကာစမှာပင် ကွယ်လေပြီ။
မနက်ဖြန်သည် ရဲရင့်သူများအတွက်စောင့်နေကြောင်း သတင်းစကားပါးသည်။သို့သော် ဒီနေ့မှာပင် သင်းသပ်ခံခဲ့ရသူများအကြောင်း မနက်ဖြန်မသိခဲ့။

ချစ်ခြင်းမေတ္တာကား ကျွန်တော်တို့နှင့်ဝေးရာအရပ်ကို သွားလေပြီ။

လင်းနိုင်ကျော်စိုး
စက်တင်ဘာ - ၃၀