【 ဆောင်းပါး 】 “ဘတ်စ်ကားပေါ် ဘ၀တွေကိုကြည့်ခြင်း”

【 ဆောင်းပါး 】 “ဘတ်စ်ကားပေါ် ဘ၀တွေကိုကြည့်ခြင်း”

ဘယ်ကိုသွားသွား တက္ကစီစီးဖြစ်သည်က နည်းသည်။ယခင်ကတော့  ကြုံသလို YBS (သို့မဟုတ်) မြို့ပတ်ရထားကိုစီးကာ ပြန်ရလေ့ရှိသည်။အများအားဖြင့်  လိုင်းကားစီးရတာများသည်။ထိုသို့စီးတိုင်း သတိထားပြီးကြည့်မိသည်မှာ ကားအပြင် မြင်ကွင်းဖြစ်သည်။ကျွန်တော်သွားရလာရသည့် အချိန်အများစုမှာလည်း နေ့ခင်းဘက် လူရှင်းချိန်ဆိုသော်လည်း ထိုအချိန်မျိုးတွင် ကားပြင်ပ မြင်ကွင်းများက ပူပြင်းကာ လူတွေကခပ်သုတ်သုတ်။ယခုတော့ အပြင်မြင်ကွင်းတွေက ငိုက်မြည်းနေသည့်လူတွေ၊ စိတ်ပျက်လက်ပျက်ထိုင်နေကြသည့် စျေးသည်တွေ၊ မှတ်တိုင်ကနေ လေးတိလေးကန်ဖြင့် ကားပေါ်တက်လာကြသည့် ခရီးသည်တွေ။အမြင်က တစ်နှစ်အတွင်း အတော်လေးကိုပြောင်းလဲသွားနေပြီဖြစ်လေသည်။

ကားအတွင်း မြင်ကွင်းက အများအားဖြင့်တော့ ကားပေါ်ပါသူအများစုမှာ  ငိုက်မျည်းလေ့ရှိသလို အချို့ကလည်း သားရေး သမီးရေး၊ တချို့တချို့ကတော့ ကိုယ်လုပ်ခဲ့သမျှနှင့် နောက်တစ်နေ့ လုပ်ဖွယ်ရှိသမျှကို စဉ်းစားတွေးတောရင်းနှင့်။ဒီလို ကားပေါ်မှာပါလာသူမှန်သမျှ အများစုက ကိုယ့်ကိစ္စနှင့်ကိုယ် လိုက်ပါလာကြခြင်းပင်။

အများအားဖြင့်တော့ ကားပေါ်မှာ ကြားရမြင်ရတာတွေက ဘာမှစိတ်ဝင်စားစရာမရှိလှ။ကားပြင်ပ မြင်ကွင်းတွင် လမ်းက ယခင်လို အဖြောင့်အတိုင်းမဟုတ်သည့်နေရာတွေ ရှိလာနေသလို မြင်သမျှကလည်း စိတ်ထဲမွန်းကျပ်ဖွယ်ပင်။ကားတွေကက ယခင်ကတော့ အဲကွန်းဖြစ်သဖြင့် တံခါးပိတ်ကာ စီးရသည်က များသည်။သို့သော် ယခုတော့ တံခါးများဖွင့်စီးနေရသလို အဲကွန်းများလည်း မဖွင့်တော့။
ကားပေါ်တွင် လုသူယက်သူတွေ ပါလာစပြုလာနေသလို ကားပြင်ပတွင်လည်း ရန်ပြုနိုင်သည့် လူအချို့ကို မြင်စပြုလာရသည်။ထိုအရာက ကျနော်တို့  ဘ၀တစ်လျှောက်လုံး အချိန်အများစုတွင် မြင်ရသည့် ရန်ကုန်ပုံစံဖြစ်သည်။

ကားဖြတ်မောင်းသည့်အခါ၊ အရှိန်ဖြင့်မောင်းသည့်အခါ ရွှံ့ဗွက်များစင်ခြင်း၊ ဖုန်းများအလိပ်လိုက်ထလာခြင်းနှင့် မိုးရာသီနှင့် နွေရာသီတွင် ကျနော်တို့ ဘ၀တစ်သက်တာလုံး မြင်ရကြုံရသည့် အခြေအနေများဖြစ်သည်။ထိုသို့သောအခြေအနေများက လွန်ခဲ့သော ၅ နှစ်တွင် အထိုက်အလျှောက် ရန်ကုန်တွင် မမြင်ရတော့။ရန်ကုန်မှာ ပြီးခဲ့သည့် ၅ နှစ်အတွင်း ကြည့်ခဲ့ရသည့် မြင်ကွင်းမှာ ကောင်းမွန်သည့် ရုပ်ရှင်ရုံထဲ သက်သောင့်သက်သာ ရုပ်ရှင်ကြည့်ရသလို ပြင်ပမြင်ကွင်းတွေကို မြင်ခဲ့ရသည်။ရုပ်ရှင်ထဲက ပစ်ခတ်မှုတွေ၊ ရုပ်ရှင်ထဲက အနံ့အသက်တွေ၊ ရုပ်ရှင်ထဲက မကောင်းသည့် စိုးရွံ့မှုတွေကို ပြင်ပသို့မရောက်လာနိုင်ဆိုသည့် စိတ်ခံစားမှုဖြင့် စိတ်ချလက်ချကြည့်နိုင်ခဲ့သည်။ယခုတော့ သည်လိုမဟုတ်။ရန်ကုန်အစွန်အဖျားသည် တစ်ခဏတွင်း ထိခိုက်မှုတွေနှင့် ကြုံလာရနိုင်သလို ခွေးပြေးဝက်ပြေး ပြေးလာရနိုင်သည့် အခြေအနေလည်း ရှိနေခဲ့သည်။ထိုအတူ အခန့်မသင့်ပါက ကိုယ်လည်း ရုပ်ရှင်ထဲက ထိခိုက်သေဆုံးသူနေရာသို့ ဝင်သွားနိုင်သည့် အနေအထားမျိုး ကြုံလာရနိုင်သည်။သို့လို ပြင်ပကရှိနေသည့် ဖုန်နှင့် ရွှံ့များလည်း ယခုအခါ ကားထဲရောက်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိလာနေပြီဖြစ်သည်။

တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းဆိုသည်ကို စတင်သင်ကြားခဲ့ရသည့်အချိန်က ထိုနှစ်မျိုးစလုံးမှာ ကိုယ်တိုင်အားထုတ်ခြင်းနှင့်သာ သက်ဆိုင်သည်ဟု ထင်မြင်ခဲ့သည်။ထိုသို့ထင်မြင်ရလောက်အောင်လည်း မိမိတို့သင်ကြားခဲ့ရသည့် အခြေပြုပုံစံက ဖြစ်စေချင်သူတို့၏ သိမှတ်စေချင်မှုအတိုင်းပင်ဖြစ်သည်။သို့သော် အသက်အရွယ်နှင့် အချိန်ကာလတွေကို များစွာဖြတ်လာရသည့်အခါ ထိုအရာတွေက ရွေးချယ်မှု၊ ကြိုးစားအားထုတ်မှုနှင့် သိပ်သက်ဆိုင်လှသည်မဟုတ်ဘဲ ကိုယ့်ရဲ့ကံအကျိုးပေးဆိုတာနှင့် ပိုသက်ဆိုင်လာမှန်းသိလာရသလို ကံအကျိုးပေးဆိုသည်ကလည်း ကြောက်စိတ်အနည်းအများအပေါ် အခြေခံကြောင်း ပိုသိလာရသည်။

ယခင် ၅ နှစ်တာကာလအတွင်း လမ်းဘေးတစ်နေရာတွင် စျေးရောင်းနေသူတစ်ဦး စျေးဦး ပေါက်ခြင်း မပေါက်ခြင်းထက် ရောင်းကောင်းခြင်း မကောင်းခြင်းကသာ အဓိကစဉ်းစားရသည့် အကြောင်းအရာဖြစ်ပြီး ယခုအချိန်ကာလတွင် စျေးရောင်းရခြင်း မရောင်းရခြင်းထက် အန္တရာယ် ကင်း၊ မကင်း ဘေးကင်းစွာ နေအိမ်သို့ပြန်လာနိုင်ခြင်း ပြန်မလာနိုင်တော့ခြင်းက အဓိကဖြစ်လာသည်ကို တွေ့ရသည်။

အရာရာတိုင်းကို ကားပေါ်မှကြည့်သည့်အခါ အရာရာကို ဖျပ်ကနဲသာမြင်ရမည်ဖြစ်သည်။သို့သော် တွေးကြည့်သည့်အခါ ဖျပ်ကနဲမြင်ရသည့် ထိုဘ၀များစွာ၏ နေ့စဉ်စားသောက်နေထိုင်မှု အခက်အခဲက ရေးမှတ်ဖော်ပြသလောက် မလွယ်ကူဘဲ ခက်ခဲဆင်းရဲစွာ နေရာချခံထားသည်ကိုမြင်ရမည်ဖြစ်သည်။လမ်းတစ်လျှောက် ကျိုးတို့ကြဲတဲ လူအချို့၊ ငိုက်စိုက်ငိုက်စိုက်ဖြင့် လျှောက်နေကြသည့် လူအချို့နှင့် တစ်ခုခုကိုတွေးကာ စိတ်ပျက်လက်ပျက် ထိုင်နေကြသည့် မြင်ကွင်းများမှာ ကျနော်တို့ ဖြတ်သန်းခဲ့ရသည့် နှစ်များစွာ၏ ပြယုဂ်ပင်ဖြစ်သည်။ဘတ်စ်ကားစီးရင်း တက်ကြွသည့် စိတ်ခံစားမှုကိုဖြစ်စေသည့် မြင်ကွင်းမျိုး၊ သပ်ရပ်သည့် မှတ်တိုင်များ၊ အလွယ်တကူသွားနိုင်လာနိုင်သည့် နေရာဒေသများ၊ အချိန်ကာလများက ကျနော်တို့ခေတ်တစ်လျှောက်လုံး ပျောက်ကွယ်ခဲ့သည့် မြင်ကွင်းများ ခံစားမှုမျိုးဖြစ်သည်။  

ဘတ်စ်ကားပေါ်တွင် ဘ၀တွေများစွာကိုမြင်ရသည်။ဘတ်စ်ကားအောက်က မြင်ကွင်းတွေကိုလည်း မြင်ရသည်။ဘတ်စ်ကားပေါ်က မြင်ကွင်းတွေထက် ဘတ်စကားပြင်ပက မြင်ကွင်းတွေက ကျနော့်စိတ်ကို ပိုဖမ်းစားနိုင်လေသည်။မီးပွိုင့်များတွင် မတွေ့ရတာကြာပြီဖြစ်သည့် တောင်းစားသူတွေကို ဖောဖောသီသီ ပြန်တွေ့လာရသည်။လမ်းဘေးတွင် အထုပ်အပိုးများဖြင့် နေစရာမရှိသည့်သူတွေကို ပြန်တွေ့လာရသည်။မှတ်တိုင်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူများကို ပြန်တွေ့လာရသည်။လမ်းဘေး အရိပ်ရရာတွင် ကိုယ့်အိမ်ကိုယ့်ယာလို နေကြသူတွေကို တွေ့လာရသည်။မြင်ကွင်းများက ယခင် ၁၉၉၀ ကာလအတိုင်းသာ။

သစ်လွင်သော ဝတ်စားဆင်ယင်မှုဖြင့် တွေ့ရသည့် မြင်ကွင်းများအစား နွမ်းသည့်အဝတ်အစားများဖြင့် စီးနင်းသည့် ခရီးသည်တွေကို ကျနော်စီးလေ့ရှိသည့် မြို့စွန်က ဘတ်စ်ကားများတွင် တွေ့ရသည်။မြို့ထဲဝင်သည့် လမ်းတစ်လျှောက် ပြိုပျက်နေသည့် အိမ်တွေကို မတွေ့ရသေးသော်လည်း ယိုယွင်းစပြုလာသည့် အိမ်တွေကို တွေ့လာစပြုလာပြီဖြစ်သည်။ပိတ်ထားသည့် အိမ်တွေ တစ်ခုတစ်လေ တွေ့လာရသည်။ထိုအိမ်ကလူတွေ ဘယ်ကိုရောက်နေသလဲဆိုတာ မတွေးနိုင်လောက်အောင်ပင် လမ်းကအတားအဆီးတွေကြောင့် ဘတ်စ်ကားက ကယိမ်းကယိုင်။

မြင်ရသည်များက ယခင်ကနှင့်မတူ။ပလက်ဖောင်းပေါ် ဆော့ကစားနေသည့် ကလေးငယ်များ။လမ်းတစ်လျှောက်လုံး ဝယ်သူအနည်းအကျင်းသာရှိသည့် စျေးဆိုင်များ။လူသူကင်းစပြုနေသည့် လမ်းများက တစတစများလာနေပြီဖြစ်သည်။

မောင်ဦးလွင်
ဒီဇင်ဘာ - ၈