【 ဆောင်းပါး 】 “ဘဝနေဝင်ချိန်”

【 ဆောင်းပါး 】 “ဘဝနေဝင်ချိန်”

လူတစ်ယောက်အတွက် ဘဝနေဝင်ချိန်ဆိုသည်ကား ဘယ်လိုမှ မှန်းဆလို့ရသည် မဟုတ်။တစ်ခါတစ်လေ အသက်ကြီးလာလေ ကိုယ်ဘယ်လိုဘဝဖြင့် အဆုံးသတ်ရမည်လဲ ဆိုသည်ကို မှန်းဆရသည်မှာ စိတ်မောလှသည်။ကျွန်တော့် ပတ်ဝန်းကျင်တွင် ဘဝနေဝင်ချိန်ကောင်းမည်ဟု ထင်ထားသော်လည်း နေဝင်ချိန် မကောင်းသည့် သူများနှင့် နေဝင်ချိန်ကောင်းပါ့မလားဟု ထင်ထားသူများ နေဝင်ချိန်ကောင်းသည့်သူများကိုလည်း တွေ့ရသည်။ထိုအဖြစ်တွေကိုကြည့်ရင်း လူတစ်ယောက်၏ ဘဝနေဝင်ချိန်မှာ ထိုသူ လက်ရှိဘဝ၊ ပစ္စုပန်ဘဝတွင် နေထိုင်ပြုမူသည့်အပေါ်တွင် မူတည်ပါလားဟု သတိထားမိသည်။

ကျွန်တော် ငယ်စဉ်က အထက်အညာဒေသမှာ နေခဲ့ရသည်။အမနှင့် အဘက ပြည်တွင်းစစ်ဖြစ်တော့ ရန်ကုန်သို့ ပြေးလာရင်း ရန်ကုန်မှာ အခြေကျနေထိုင်ခဲ့ရာမှ ရန်ကုန်သားစစ်စစ် ဖြစ်ခဲ့ရသည်။၁၉၈၈ ခုနှစ်တွင် နေအိမ်တွေ မြို့သစ်သို့ အပြောင်းအရွှေ့တွင် မိဘတွေ နှစ် ၄၀ ကျော် အခြေချနေထိုင်ရာ နေရာမှ ယခုနေထိုင်ရာသို့ ပြောင်းလာခဲ့ရသည်။ယခင်နေခဲ့သည့် နေရာတွင် လူတစ်ဦး၏ ဘဝနေဝင်ချိန်ကို ဆိုးဆိုးဝါးဝါးမြင်တွေ့ခဲ့ရသည်။ထိုသူမှာ ထိုစဉ်က ရပ်ကွက် ကောင်စီလူကြီး ဖြစ်သည်။ဆိုက်ကားနင်းသူဘဝမှ ကောင်စီလူကြီး ဖြစ်လာခြင်းဖြစ်သည်။

ရပ်ကွက်ကောင်စီခေတ်တွင် ထိုလူကြီးမှာ ရပ်ကွက်ထဲ ဘယ်သူမှ ပြန်မလှန်ရဲတဲ့အထိ လက်ဇောင်းထက်ခဲ့သည်။သူလုပ်သမျှ ဘယ်သူမှ မပြောရဲ။ပါတီကောင်စီခေတ်မို့ ပါတီကလူတွေဆို သူ့အိမ်မှာ စားအိမ်သောက်အိမ်၊ သမဝါယမမှာလည်း လူကြီးဖြစ်သဖြင့် မောင်ဗမာစက်ဘီး၊ ဓာတ်ဗူး စသည့် ထိုခေတ်က ရှားပါသည့် ကုန်ပစ္စည်းမှန်သမျှ သူသာမဲပေါက်သည်။နောက်တော့ ဒီလူကြီးအဖို့ ရပ်ထဲရွာထဲ အပုပ်နံ့က ထွက်လာခဲ့သည်။သူမွေးထားသည့် သားတွေ သမီးတွေကလည်း ဟိုနေဆို စီကနဲ ဒီနေရာဆို စီကနဲ။သို့သော် ဘယ်သူမှ မပြောရဲမဆိုရဲ အရေးမယူရဲ။ကောင်စီရုံးထဲ ထိပ်တုံးခတ်သည့် အချိန်မှာ ထိုထိပ်တုံးက သူ့သားသမီးတွေနှင့် မဆိုင်သလို သူ့သားသမီးတွေနှင့် ဖြစ်သည့်လူမှန်သမျှ အကြောင်းတစ်ခုမဟုတ် တစ်ခုနှင့် ထိပ်တုံးနှင့် ညားရသည်။ကြာတော့ ဒီလူမိသားစုကို လူတွေက ရွံ့ကြောက်ကြီး ဖြစ်လာသည်။

ထိုသူက ရပ်ထဲရွာထဲ ဆွေမျိုးမဲ့ မုဆိုးမတစ်ဦးပိုင်သည့် မြေဝိုင်းထဲ တဲလေးဝင်ဆောက်သည်။ထိုခေတ်က ၁၉၈၅ ကာလဖြစ်သဖြင့် မြေအပေါ် ယခုလောက် ဘယ်သူမှ မက်မက်မောမော မရှိ။နောက်တော့ မုဆိုးမ သေသွားသဖြင့်  ကလေးတွေသာကျန်ပြီး သူတို့မှာ သူစားဝတ်နေရေးနှင့် သူလုံးပမ်းနေရသဖြင့် ထိုမြေပေါ် လာဆောက်သည့် အိမ်လေးအပေါ် ဂရုလည်းမပြုမိကြ။ထိုအချိန် ၈၈ အရေးတော်ပုံ ဖြစ်သည်။ထိုလူကြီးမိသားစု ရပ်ရွာရန်ကြောက်ပြီး ခဏပျောက်သွားသည်။စစ်တပ်က အာဏာသိမ်းပြီး ငြိမ်ဝပ်ပ်ပြားရေးအဖွဲ့တွေဖွဲ့တော့ ထိုလူကြီးမိသားစု ပြန်ရောက်လာသည်။ရပ်မိရပ်ဖထဲ ထိုသူပြန်ပါလာသည်။ထိုအချိန်တွင် သူ့သြဇာအာဏာက ယခင်ကထက် ပိုကြီးလာသည်။ထိုကာလက ညဆို တီအီးကားသံကြားလျှင် ဘယ်အိမ်ကို လူဝင်ဆွဲပြီလည်းဟု ဘုရားတနေရသည့်အချိန် ဖြစ်သည်။ညတိုင်း ဧည့်စာရင်းစစ်သည်ဆိုကာ စစ်ဖိနပ်တွေနဲ့ ခြင်ထောင်တွေလှန်ကာ လူစစ်ပြီး သူတို့ စိတ်ထဲမတွေ့သည့်သူ၊ ရပ်မိရပ်ဖနှင့် မတည့်သည့်သူ၊ နိုင်ငံရေးသမားမှန်သမျှ ဖမ်းဆီးကာ နှိပ်စက်နေချိန် ဖြစ်သည်။ထိုကာလမှာ ကြီးပြင်းခဲ့သူများ သိမှီကြမည်ထင်သည်။ထိုကာလလောက် ရပ်ထဲရွာထဲ မူးယစ်ဆေးဝါး ပေါများသည်ကား မရှိ။ဆင်ခြေဖုံး ရပ်ထဲရွာထဲတွင် ဘိန်းဖြူကို ဗန်းထဲထည့်ပြီး လည်ရောင်းမည် ဆိုသည်အထိ မူးယစ်ဆေးဝါး ပေါများခဲ့သည်။ထိုကာလက ၈၉-၉၀ ကာလတွေ ဖြစ်သည်။ထိုကာလတွင် ထိုလူကြီး ကြည့်မရသည့်သူတွေ မှန်သမျှ မူးယစ်ဆေးဝါး မသင်္ကာနှင့် ဆွဲထည့်တော့သည်။မှတ်မှတ်ရရ လမ်းထဲရှိသမျှ လူငယ်အားလုံး စုစုပေါင်း ၂၇ ယောက်ကို မူးယစ်ဆေးဝါး မသင်္ကာမှုဖြင့် ဆွဲထည့်သည်။ထို ၂၇ ယောက်ထဲ ကိုးတန်းကျောင်းသားတွေအထိ ပါကုန်သည်။ကျောင်းတွေက ဆရာ၊ ဆရာမတွေက လိုက်ပြီး အာမခံရသည်အထိ ဖြစ်ကုန်သည်။စစ်အစိုးရခေတ်ဖြစ်သဖြင့် မှားသည်မှန်သည်က နောက်၊ လောလောဆယ် တစ်လမ်းလုံး ဗြောင်းသတ်ကုန်တော့သည်။ကာဖျူးထုတ်ထားသည့်အချိန် ညဘက် စစ်ကားဖြင့် လာဆွဲသွားတာ ခံရသဖြင့် ညဘက် မိသားစုမှာ ဘာမှလုပ်လို့မရ။မနက် လမ်းထဲ ရပ်မိရပ်ဖဖြစ်သည့် ထိုလူကြီးအိမ်ကို သွားကြတော့ ထိုလူကြီးက ဘာမှစိတ်မပူနဲ့ ကိုယ်မလုပ်ရင် ဘာမှမဖြစ်ဟု နှစ်သိမ့်လိုက်သည်။နောက်တော့ ရဲစခန်းနှင့် တရားရုံးမှာ တစ်လမ်းလုံးနီးပါး ကိုယ့်သား၊ ကိုယ့်တူ၊ ကိုယ့်မြေး လွတ်ရေးအတွက် သွားပြီးလုံးပမ်းကြရတော့သည်။မစည်ကားသင့်သည့် အရပ်ဖြစ်သည့် ရဲစခန်းနှင့် တရားရုံး၊ သုဿန်ဇရပ်တွေ စည်ကားသည့် ခေတ်ပျက်ကြီးပင်။သုံးလလောက်နေမှ ပြန်လွတ်လာသည်။တစ်ယောက်မှ မူးယစ်မှုဖြင့် ပြစ်ဒဏ်မကျ။သို့သော် အားလုံး ဘဝတွေပျက်ကုန်သည်။အလုပ်ပြုတ်သူတွေပြုတ်၊ ကျောင်းအထုတ်ခံရသူတွေ အထုတ်ခံရနှင့် ဘယ်သူမှလည်း ဘာမှမလုပ်ဘဲနှင့် သုံးလလောက် အချုပ်ထဲနေရသည်။ဂတ်လှည့်တာလည်း ခံရသည်။နောက်တော့ ကြားရသည်မှာ ထိုလူကြီးက လမ်းထဲ ကြည့်မရလို့  မူးယစ်မသင်္ကာမှုဖြင့် လုံခြုံရေးတပ်ဖွဲ့တွေကို လူစာရင်း အတိအကျဖြင့် ဖမ်းခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။တကယ်လုပ်သူတွေက ဘာမှမဖြစ်။လမ်းထဲ လူငယ်သဘာ၀ နေသူများကို ကြည့်မရသဖြင့် ဒုက္ခပေးချင်းသာ။ထိုလူကြီး ဒုက္ခပေးသဖြင့် အဖမ်းခံရသူများထဲ ဟိုခြံဝိုင်းလေးထဲက ကောင်လေးလည်း ပါသွားခဲ့သည်။

ထိုကာလ လမ်းဖောက်လို့ ဖျက်ရသည်အထဲ ကျွန်တော်တို့ ပါသွားကာ မြို့သစ်သို့ ပါသွားသည်။ထိုလူကြီးမိသားစုနှင့် လမ်းထဲက အိမ်အတော်များများ လမ်းဖောက်လို့ ဖျက်ရသည့်အထဲမှ လွတ်ကင်းကျန်ခဲ့သည်။သည်အထဲ ဟိုခြံဝိုင်းလေးလည်း ကျန်ခဲ့သည်။ထိုခြံဝိုင်းလေးက တန်ဖိုးရှိလာပြီ။နောက်တော့ ထိုလူကြီးက သူထိုးထားသည့် တဲလေးကိုဖျက်ကာ မူလပိုင်ရှင် ကန့်ကွက်နေသည့်ကြားမှ ပျဉ်ထောင်အိမ်လေး ဆောက်သည်ဟု သိရသည်။နောက်တော့ ထိုလူကြီးက ထိုခြံလေးကို သူ့သြဇာအာဏာသုံးကာ ခြံဝိုင်းလေးမှ ဖဲ့ထုတ်လိုက်သည်။၁၉၉၅/၉၆ တွင် တဲပေါ်မှ တိုက်ပေါ်တင်သည့် စီမံချက်အရ အိမ်တွေဖျက်သည့်အထဲ ထိုလမ်းကလေး ပါသွားသည်။ထိုလူကြီးက အိမ်ဖျက်သည့် စီမံကိန်းက အာဏာပိုင်တွေနှင့်ပေါင်းကာ အိမ်ကိုနှစ်ခြမ်းခွဲပြီး နှစ်အိမ်လုပ်လိုက်သည်ဟု သိရသည်။နောက်တော့ နှစ်အိမ်စာရသည့် ငွေဖြင့် တိုက်ခန်းဝယ်ကာ ထိုဒေသတွင်ဘဲ ဆက်နေခဲ့သည်ဟု သိရသည်။

ဒီအထိက ကျွန်တော်သိခဲ့ရသည့် အပိုင်း။ကျွန်တော်တို့ အရပ်ကသူတွေ တခြားပြောင်းသွားသော်လည်း သာရေး၊ နာရေးဖြစ်လျှင် ဖိတ်စာ မရောက်ရောက်အောင် ပို့သလို မရောက်ရောက်အောင် လာကြသည်။သို့သော် ထိုလူကြီးမိသားစုနှင့် သူ့အဆက်အနွယ်များကို ဘယ်တော့မှ မဖိတ်။ဘယ်သူမှလည်း အဖက်မလုပ်။သူကြောင့် မိသားစုတိုင်း နာစရာတွေရှိသည်။
ဘဝလမ်းကြောင်း ပြောင်းသွားရသည်တွေ ရှိသည်။ဘယ်သူမှ မတွေ့ချင်။တစ်ခါသော် နာရေးတစ်ခုမှာ တွေ့စဉ် ထိုလူကြီးက ကျွန်တော့်ကိုတွေ့စဉ် ကျွန်တော့်ကို ဝမ်းသာအားရ ပြုံးပြသည့်အခါ ကျွန်တော်မှာ သူ့ကို ဝတ်ကျေတမ်းကျေ ပြန်ပြုံးပြဖို့ နူတ်ခမ်းတောင် ကွေးမရသည်အထိ စိတ်ခံစားမှု အကြွင်းအကျန်က ကြီးမားခဲ့သည်။
ဘာကြောင့်ဆို ကျွန်တော်လည်း ထိုလူကြီးကြောင့် ထိပ်တုံးခတ်ခံရ၊ ဆိုင်ကယ်စီးသည့် ပုံဖြင့် ကောင်စီရုံးရှေ့ အရှက်တကွဲဖြစ်ခဲ့ရသည်လည်း ရှိခဲ့ဘူး၍ပင်။

ဟိုတစ်လောက ထိုလူကြီးနေသည့် အရပ်မှ အသိတစ်ယောက်နှင့် အသုဘတစ်ခုမှာ တွေ့စဉ် စကားစပ်မိရင်း ထိုလူကြီးအကြောင်း၊ သူ့မိသားစုအကြောင်း ကြားရသည်။ကြားရသမျှ အကောင်းတစ်ခုမှ မကြားရ။ထိုလူကြီးမှာ လေဖြတ်နေကြောင်း၊ ထုံးစံအတိုင်း အတူနေ သမက်က အရက်သမားဖြစ်သဖြင့် မူးလာတိုင်း ထိုအဖိုးကြီးကို ဆဲဆိုကြောင်း၊ သမီးဖြစ်သူကလည်း သူအဖေကို သေကိုမသေနိုင်ဘူးဟု ကျိန်ဆဲလေ့ရှိကြောင်း၊ ကျန်သားသမီးများမှလည်း စားရေးသောက်ရေး ခက်ခဲနေကြောင်း၊ မြေးဖြစ်သူမှာ ဆေးမှုဖြင့် ထောင်ကျနေကြောင်း၊ အဖိုးကြီးကို တိုက်ခန်းနောက်ဖက် လမ်းကြားထဲ အဖီဆွဲထားသည့် အခန်းထဲ ထားကြောင်း၊ ဆေးလိပ်မီး ခြင်ထောင်လောင်သဖြင့် လူသိမြန်သဖြင့် ဘာမှမဖြစ်သော်လည်း လက်တွေ၊ ပေါင်တွေ မီးလောင်ခံထားရကြောင်း၊ တစ်ခါတစ်လေ တစ်ပတ် ဆယ်ရက်အထိ ကိုယ်လက်မသန့်ရှင်းပေးဘဲ သမီးဖြစ်သူကထားကြောင်း စသဖြင့်။

ယခင်နေခဲ့သည့်အရပ်က ဘုန်းကြီးကျောင်းမှ ဆရာတော် ပျံလွန်တော်မှုသည့် ဘုန်းကြီးပျံပွဲတွင် ယခင်နေခဲ့သည့် လမ်းထဲမှ လူတွေအကုန်လုံးနီးပါး လာကြရာ  ထိုလူကြီးမိသားစုကို အားလုံးက ဝိုင်းကြဉ်ထားပြီး အဖက်လုပ်မဆက်ဆံကြ။လူတွေက နာကြသည်။ခံထားရသည်ကို မမေ့နိုင်။တူဖြစ်တုန်းက ထုနှက်ခဲ့သူကို အချိန်ကာလနှင့် အသက်အရွယ်အရ ၊ဘာသာရေးအရ ခွင့်လွှတ်ပေါ်နိုင်သည်ဖြစ်စေ ထိုသူလုပ်သဖြင့် နစ်နာခံစားခဲ့ရသည်ကို မေ့ဖို့ဆိုတာ မလွယ်။ကေးဝဋ်ပုဏ္ဏား နဖူးပေါ်က အမာရွတ်ကိုမြင်တိုင်း..မဟော်သဓာ ကို နာကျည်းသလိုမျိုး မနာကျဉ်းသည့်တိုင် ခံစားမှုကို ဖျောက်ဖျက်မရ။

ကျွန်တော်တွေးမိသည်က ထိုလူ အကြောင်းပင်။ထိုလူ ဘာများရသနည်။ထိုလူ ယခုချိန်မှာ သေခြင်နေပေလိမ့်မည်။သို့သော် သေခွင့်ကားမရ။ဆင်းရဲဒုက္ခကို ခံနေရသည်။သူများမြေထဲ အဖီဆွဲကာ မတရားမြေခိုးခဲ့သဖြင့် တိုက်ခန်းနောက်လမ်းကြား နံစော်ဟောင်နေသည့် နေရာတွင် စားရမဲ့မဲ့ သောက်ရမဲ့မဲ့ဖြင့် တစ်ယောက်တည်း အထီးကျန်စွာ နေရသည်။ကိုယ့်ကိုယ်တောင် မထူမထနိုင်ဘဲ ကိုယ့်ကိုယ်တောင် မကာကွယ်နိုင်သည့် အနေအထား။

လူတွေကို ဒုက္ခပေးခဲ့သူ၏ ဘဝနေဝင်ချိန်ကား ကြောက်စရာကောင်းလေစွဟု….တရားကျမိပါသည်။

မောင်ဦးလွင်
ဇန်နဝါရီ - ၅

( Zawgyi )

လူတစ္ေယာက္အတြက္ ဘဝေနဝင္ခ်ိန္ဆိုသည္ကား ဘယ္လိုမွ မွန္းဆလို႔ရသည္ မဟုတ္။တစ္ခါတစ္ေလ အသက္ႀကီးလာေလ ကိုယ္ဘယ္လိုဘဝျဖင့္ အဆုံးသတ္ရမည္လဲ ဆိုသည္ကို မွန္းဆရသည္မွာ စိတ္ေမာလွသည္။ကြၽန္ေတာ့္ ပတ္ဝန္းက်င္တြင္ ဘဝေနဝင္ခ်ိန္ေကာင္းမည္ဟု ထင္ထားေသာ္လည္း ေနဝင္ခ်ိန္ မေကာင္းသည့္ သူမ်ားႏွင့္ ေနဝင္ခ်ိန္ေကာင္းပါ့မလားဟု ထင္ထားသူမ်ား ေနဝင္ခ်ိန္ေကာင္းသည့္သူမ်ားကိုလည္း ေတြ႕ရသည္။ထိုအျဖစ္ေတြကိုၾကည့္ရင္း လူတစ္ေယာက္၏ ဘဝေနဝင္ခ်ိန္မွာ ထိုသူ လက္ရွိဘဝ၊ ပစၥဳပန္ဘဝတြင္ ေနထိုင္ျပဳမူသည့္အေပၚတြင္ မူတည္ပါလားဟု သတိထားမိသည္။

ကြၽန္ေတာ္ ငယ္စဥ္က အထက္အညာေဒသမွာ ေနခဲ့ရသည္။အမႏွင့္ အဘက ျပည္တြင္းစစ္ျဖစ္ေတာ့ ရန္ကုန္သို႔ ေျပးလာရင္း ရန္ကုန္မွာ အေျခက်ေနထိုင္ခဲ့ရာမွ ရန္ကုန္သားစစ္စစ္ ျဖစ္ခဲ့ရသည္။၁၉၈၈ ခုႏွစ္တြင္ ေနအိမ္ေတြ ၿမိဳ႕သစ္သို႔ အေျပာင္းအေ႐ႊ႕တြင္ မိဘေတြ ႏွစ္ ၄၀ ေက်ာ္ အေျခခ်ေနထိုင္ရာ ေနရာမွ ယခုေနထိုင္ရာသို႔ ေျပာင္းလာခဲ့ရသည္။ယခင္ေနခဲ့သည့္ ေနရာတြင္ လူတစ္ဦး၏ ဘဝေနဝင္ခ်ိန္ကို ဆိုးဆိုးဝါးဝါးျမင္ေတြ႕ခဲ့ရသည္။ထိုသူမွာ ထိုစဥ္က ရပ္ကြက္ ေကာင္စီလူႀကီး ျဖစ္သည္။ဆိုက္ကားနင္းသူဘဝမွ ေကာင္စီလူႀကီး ျဖစ္လာျခင္းျဖစ္သည္။

ရပ္ကြက္ေကာင္စီေခတ္တြင္ ထိုလူႀကီးမွာ ရပ္ကြက္ထဲ ဘယ္သူမွ ျပန္မလွန္ရဲတဲ့အထိ လက္ေဇာင္းထက္ခဲ့သည္။သူလုပ္သမွ် ဘယ္သူမွ မေျပာရဲ။ပါတီေကာင္စီေခတ္မို႔ ပါတီကလူေတြဆို သူ႔အိမ္မွာ စားအိမ္ေသာက္အိမ္၊ သမဝါယမမွာလည္း လူႀကီးျဖစ္သျဖင့္ ေမာင္ဗမာစက္ဘီး၊ ဓာတ္ဗူး စသည့္ ထိုေခတ္က ရွားပါသည့္ ကုန္ပစၥည္းမွန္သမွ် သူသာမဲေပါက္သည္။ေနာက္ေတာ့ ဒီလူႀကီးအဖို႔ ရပ္ထဲ႐ြာထဲ အပုပ္နံ႔က ထြက္လာခဲ့သည္။သူေမြးထားသည့္ သားေတြ သမီးေတြကလည္း ဟိုေနဆို စီကနဲ ဒီေနရာဆို စီကနဲ။သို႔ေသာ္ ဘယ္သူမွ မေျပာရဲမဆိုရဲ အေရးမယူရဲ။ေကာင္စီ႐ုံးထဲ ထိပ္တုံးခတ္သည့္ အခ်ိန္မွာ ထိုထိပ္တုံးက သူ႔သားသမီးေတြႏွင့္ မဆိုင္သလို သူ႔သားသမီးေတြႏွင့္ ျဖစ္သည့္လူမွန္သမွ် အေၾကာင္းတစ္ခုမဟုတ္ တစ္ခုႏွင့္ ထိပ္တုံးႏွင့္ ညားရသည္။ၾကာေတာ့ ဒီလူမိသားစုကို လူေတြက ႐ြံ႕ေၾကာက္ႀကီး ျဖစ္လာသည္။

ထိုသူက ရပ္ထဲ႐ြာထဲ ေဆြမ်ိဳးမဲ့ မုဆိုးမတစ္ဦးပိုင္သည့္ ေျမဝိုင္းထဲ တဲေလးဝင္ေဆာက္သည္။ထိုေခတ္က ၁၉၈၅ ကာလျဖစ္သျဖင့္ ေျမအေပၚ ယခုေလာက္ ဘယ္သူမွ မက္မက္ေမာေမာ မရွိ။ေနာက္ေတာ့ မုဆိုးမ ေသသြားသျဖင့္  ကေလးေတြသာက်န္ၿပီး သူတို႔မွာ သူစားဝတ္ေနေရးႏွင့္ သူလုံးပမ္းေနရသျဖင့္ ထိုေျမေပၚ လာေဆာက္သည့္ အိမ္ေလးအေပၚ ဂ႐ုလည္းမျပဳမိၾက။ထိုအခ်ိန္ ၈၈ အေရးေတာ္ပုံ ျဖစ္သည္။ထိုလူႀကီးမိသားစု ရပ္႐ြာရန္ေၾကာက္ၿပီး ခဏေပ်ာက္သြားသည္။စစ္တပ္က အာဏာသိမ္းၿပီး ၿငိမ္ဝပ္ပ္ျပားေရးအဖြဲ႕ေတြဖြဲ႕ေတာ့ ထိုလူႀကီးမိသားစု ျပန္ေရာက္လာသည္။ရပ္မိရပ္ဖထဲ ထိုသူျပန္ပါလာသည္။ထိုအခ်ိန္တြင္ သူ႔ၾသဇာအာဏာက ယခင္ကထက္ ပိုႀကီးလာသည္။ထိုကာလက ညဆို တီအီးကားသံၾကားလွ်င္ ဘယ္အိမ္ကို လူဝင္ဆြဲၿပီလည္းဟု ဘုရားတေနရသည့္အခ်ိန္ ျဖစ္သည္။ညတိုင္း ဧည့္စာရင္းစစ္သည္ဆိုကာ စစ္ဖိနပ္ေတြနဲ႔ ျခင္ေထာင္ေတြလွန္ကာ လူစစ္ၿပီး သူတို႔ စိတ္ထဲမေတြ႕သည့္သူ၊ ရပ္မိရပ္ဖႏွင့္ မတည့္သည့္သူ၊ ႏိုင္ငံေရးသမားမွန္သမွ် ဖမ္းဆီးကာ ႏွိပ္စက္ေနခ်ိန္ ျဖစ္သည္။ထိုကာလမွာ ႀကီးျပင္းခဲ့သူမ်ား သိမွီၾကမည္ထင္သည္။ထိုကာလေလာက္ ရပ္ထဲ႐ြာထဲ မူးယစ္ေဆးဝါး ေပါမ်ားသည္ကား မရွိ။ဆင္ေျခဖုံး ရပ္ထဲ႐ြာထဲတြင္ ဘိန္းျဖဴကို ဗန္းထဲထည့္ၿပီး လည္ေရာင္းမည္ ဆိုသည္အထိ မူးယစ္ေဆးဝါး ေပါမ်ားခဲ့သည္။ထိုကာလက ၈၉-၉၀ ကာလေတြ ျဖစ္သည္။ထိုကာလတြင္ ထိုလူႀကီး ၾကည့္မရသည့္သူေတြ မွန္သမွ် မူးယစ္ေဆးဝါး မသကၤာႏွင့္ ဆြဲထည့္ေတာ့သည္။မွတ္မွတ္ရရ လမ္းထဲရွိသမွ် လူငယ္အားလုံး စုစုေပါင္း ၂၇ ေယာက္ကို မူးယစ္ေဆးဝါး မသကၤာမႈျဖင့္ ဆြဲထည့္သည္။ထို ၂၇ ေယာက္ထဲ ကိုးတန္းေက်ာင္းသားေတြအထိ ပါကုန္သည္။ေက်ာင္းေတြက ဆရာ၊ ဆရာမေတြက လိုက္ၿပီး အာမခံရသည္အထိ ျဖစ္ကုန္သည္။စစ္အစိုးရေခတ္ျဖစ္သျဖင့္ မွားသည္မွန္သည္က ေနာက္၊ ေလာေလာဆယ္ တစ္လမ္းလုံး ေျဗာင္းသတ္ကုန္ေတာ့သည္။ကာဖ်ဴးထုတ္ထားသည့္အခ်ိန္ ညဘက္ စစ္ကားျဖင့္ လာဆြဲသြားတာ ခံရသျဖင့္ ညဘက္ မိသားစုမွာ ဘာမွလုပ္လို႔မရ။မနက္ လမ္းထဲ ရပ္မိရပ္ဖျဖစ္သည့္ ထိုလူႀကီးအိမ္ကို သြားၾကေတာ့ ထိုလူႀကီးက ဘာမွစိတ္မပူနဲ႔ ကိုယ္မလုပ္ရင္ ဘာမွမျဖစ္ဟု ႏွစ္သိမ့္လိုက္သည္။ေနာက္ေတာ့ ရဲစခန္းႏွင့္ တရား႐ုံးမွာ တစ္လမ္းလုံးနီးပါး ကိုယ့္သား၊ ကိုယ့္တူ၊ ကိုယ့္ေျမး လြတ္ေရးအတြက္ သြားၿပီးလုံးပမ္းၾကရေတာ့သည္။မစည္ကားသင့္သည့္ အရပ္ျဖစ္သည့္ ရဲစခန္းႏွင့္ တရား႐ုံး၊ သုႆန္ဇရပ္ေတြ စည္ကားသည့္ ေခတ္ပ်က္ႀကီးပင္။သုံးလေလာက္ေနမွ ျပန္လြတ္လာသည္။တစ္ေယာက္မွ မူးယစ္မႈျဖင့္ ျပစ္ဒဏ္မက်။သို႔ေသာ္ အားလုံး ဘဝေတြပ်က္ကုန္သည္။အလုပ္ျပဳတ္သူေတြျပဳတ္၊ ေက်ာင္းအထုတ္ခံရသူေတြ အထုတ္ခံရႏွင့္ ဘယ္သူမွလည္း ဘာမွမလုပ္ဘဲႏွင့္ သုံးလေလာက္ အခ်ဳပ္ထဲေနရသည္။ဂတ္လွည့္တာလည္း ခံရသည္။ေနာက္ေတာ့ ၾကားရသည္မွာ ထိုလူႀကီးက လမ္းထဲ ၾကည့္မရလို႔  မူးယစ္မသကၤာမႈျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ေတြကို လူစာရင္း အတိအက်ျဖင့္ ဖမ္းခိုင္းျခင္း ျဖစ္ေၾကာင္း သိရသည္။တကယ္လုပ္သူေတြက ဘာမွမျဖစ္။လမ္းထဲ လူငယ္သဘာ၀ ေနသူမ်ားကို ၾကည့္မရသျဖင့္ ဒုကၡေပးခ်င္းသာ။ထိုလူႀကီး ဒုကၡေပးသျဖင့္ အဖမ္းခံရသူမ်ားထဲ ဟိုၿခံဝိုင္းေလးထဲက ေကာင္ေလးလည္း ပါသြားခဲ့သည္။

ထိုကာလ လမ္းေဖာက္လို႔ ဖ်က္ရသည္အထဲ ကြၽန္ေတာ္တို႔ ပါသြားကာ ၿမိဳ႕သစ္သို႔ ပါသြားသည္။ထိုလူႀကီးမိသားစုႏွင့္ လမ္းထဲက အိမ္အေတာ္မ်ားမ်ား လမ္းေဖာက္လို႔ ဖ်က္ရသည့္အထဲမွ လြတ္ကင္းက်န္ခဲ့သည္။သည္အထဲ ဟိုၿခံဝိုင္းေလးလည္း က်န္ခဲ့သည္။ထိုၿခံဝိုင္းေလးက တန္ဖိုးရွိလာၿပီ။ေနာက္ေတာ့ ထိုလူႀကီးက သူထိုးထားသည့္ တဲေလးကိုဖ်က္ကာ မူလပိုင္ရွင္ ကန႔္ကြက္ေနသည့္ၾကားမွ ပ်ဥ္ေထာင္အိမ္ေလး ေဆာက္သည္ဟု သိရသည္။ေနာက္ေတာ့ ထိုလူႀကီးက ထိုၿခံေလးကို သူ႔ၾသဇာအာဏာသုံးကာ ၿခံဝိုင္းေလးမွ ဖဲ့ထုတ္လိုက္သည္။၁၉၉၅/၉၆ တြင္ တဲေပၚမွ တိုက္ေပၚတင္သည့္ စီမံခ်က္အရ အိမ္ေတြဖ်က္သည့္အထဲ ထိုလမ္းကေလး ပါသြားသည္။ထိုလူႀကီးက အိမ္ဖ်က္သည့္ စီမံကိန္းက အာဏာပိုင္ေတြႏွင့္ေပါင္းကာ အိမ္ကိုႏွစ္ျခမ္းခြဲၿပီး ႏွစ္အိမ္လုပ္လိုက္သည္ဟု သိရသည္။ေနာက္ေတာ့ ႏွစ္အိမ္စာရသည့္ ေငြျဖင့္ တိုက္ခန္းဝယ္ကာ ထိုေဒသတြင္ဘဲ ဆက္ေနခဲ့သည္ဟု သိရသည္။

ဒီအထိက ကြၽန္ေတာ္သိခဲ့ရသည့္ အပိုင္း။ကြၽန္ေတာ္တို႔ အရပ္ကသူေတြ တျခားေျပာင္းသြားေသာ္လည္း သာေရး၊ နာေရးျဖစ္လွ်င္ ဖိတ္စာ မေရာက္ေရာက္ေအာင္ ပို႔သလို မေရာက္ေရာက္ေအာင္ လာၾကသည္။သို႔ေသာ္ ထိုလူႀကီးမိသားစုႏွင့္ သူ႔အဆက္အႏြယ္မ်ားကို ဘယ္ေတာ့မွ မဖိတ္။ဘယ္သူမွလည္း အဖက္မလုပ္။သူေၾကာင့္ မိသားစုတိုင္း နာစရာေတြရွိသည္။
ဘဝလမ္းေၾကာင္း ေျပာင္းသြားရသည္ေတြ ရွိသည္။ဘယ္သူမွ မေတြ႕ခ်င္။တစ္ခါေသာ္ နာေရးတစ္ခုမွာ ေတြ႕စဥ္ ထိုလူႀကီးက ကြၽန္ေတာ့္ကိုေတြ႕စဥ္ ကြၽန္ေတာ့္ကို ဝမ္းသာအားရ ၿပဳံးျပသည့္အခါ ကြၽန္ေတာ္မွာ သူ႔ကို ဝတ္ေက်တမ္းေက် ျပန္ၿပဳံးျပဖို႔ ႏူတ္ခမ္းေတာင္ ေကြးမရသည္အထိ စိတ္ခံစားမႈ အႂကြင္းအက်န္က ႀကီးမားခဲ့သည္။
ဘာေၾကာင့္ဆို ကြၽန္ေတာ္လည္း ထိုလူႀကီးေၾကာင့္ ထိပ္တုံးခတ္ခံရ၊ ဆိုင္ကယ္စီးသည့္ ပုံျဖင့္ ေကာင္စီ႐ုံးေရွ႕ အရွက္တကြဲျဖစ္ခဲ့ရသည္လည္း ရွိခဲ့ဘူး၍ပင္။

ဟိုတစ္ေလာက ထိုလူႀကီးေနသည့္ အရပ္မွ အသိတစ္ေယာက္ႏွင့္ အသုဘတစ္ခုမွာ ေတြ႕စဥ္ စကားစပ္မိရင္း ထိုလူႀကီးအေၾကာင္း၊ သူ႔မိသားစုအေၾကာင္း ၾကားရသည္။ၾကားရသမွ် အေကာင္းတစ္ခုမွ မၾကားရ။ထိုလူႀကီးမွာ ေလျဖတ္ေနေၾကာင္း၊ ထုံးစံအတိုင္း အတူေန သမက္က အရက္သမားျဖစ္သျဖင့္ မူးလာတိုင္း ထိုအဖိုးႀကီးကို ဆဲဆိုေၾကာင္း၊ သမီးျဖစ္သူကလည္း သူအေဖကို ေသကိုမေသႏိုင္ဘူးဟု က်ိန္ဆဲေလ့ရွိေၾကာင္း၊ က်န္သားသမီးမ်ားမွလည္း စားေရးေသာက္ေရး ခက္ခဲေနေၾကာင္း၊ ေျမးျဖစ္သူမွာ ေဆးမႈျဖင့္ ေထာင္က်ေနေၾကာင္း၊ အဖိုးႀကီးကို တိုက္ခန္းေနာက္ဖက္ လမ္းၾကားထဲ အဖီဆြဲထားသည့္ အခန္းထဲ ထားေၾကာင္း၊ ေဆးလိပ္မီး ျခင္ေထာင္ေလာင္သျဖင့္ လူသိျမန္သျဖင့္ ဘာမွမျဖစ္ေသာ္လည္း လက္ေတြ၊ ေပါင္ေတြ မီးေလာင္ခံထားရေၾကာင္း၊ တစ္ခါတစ္ေလ တစ္ပတ္ ဆယ္ရက္အထိ ကိုယ္လက္မသန႔္ရွင္းေပးဘဲ သမီးျဖစ္သူကထားေၾကာင္း စသျဖင့္။

ယခင္ေနခဲ့သည့္အရပ္က ဘုန္းႀကီးေက်ာင္းမွ ဆရာေတာ္ ပ်ံလြန္ေတာ္မႈသည့္ ဘုန္းႀကီးပ်ံပြဲတြင္ ယခင္ေနခဲ့သည့္ လမ္းထဲမွ လူေတြအကုန္လုံးနီးပါး လာၾကရာ  ထိုလူႀကီးမိသားစုကို အားလုံးက ဝိုင္းၾကဥ္ထားၿပီး အဖက္လုပ္မဆက္ဆံၾက။လူေတြက နာၾကသည္။ခံထားရသည္ကို မေမ့ႏိုင္။တူျဖစ္တုန္းက ထုႏွက္ခဲ့သူကို အခ်ိန္ကာလႏွင့္ အသက္အ႐ြယ္အရ ၊ဘာသာေရးအရ ခြင့္လႊတ္ေပၚႏိုင္သည္ျဖစ္ေစ ထိုသူလုပ္သျဖင့္ နစ္နာခံစားခဲ့ရသည္ကို ေမ့ဖို႔ဆိုတာ မလြယ္။ေကးဝဋ္ပုဏၰား နဖူးေပၚက အမာ႐ြတ္ကိုျမင္တိုင္း..မေဟာ္သဓာ ကို နာက်ည္းသလိုမ်ိဳး မနာက်ဥ္းသည့္တိုင္ ခံစားမႈကို ေဖ်ာက္ဖ်က္မရ။

ကြၽန္ေတာ္ေတြးမိသည္က ထိုလူ အေၾကာင္းပင္။ထိုလူ ဘာမ်ားရသနည္။ထိုလူ ယခုခ်ိန္မွာ ေသျခင္ေနေပလိမ့္မည္။သို႔ေသာ္ ေသခြင့္ကားမရ။ဆင္းရဲဒုကၡကို ခံေနရသည္။သူမ်ားေျမထဲ အဖီဆြဲကာ မတရားေျမခိုးခဲ့သျဖင့္ တိုက္ခန္းေနာက္လမ္းၾကား နံေစာ္ေဟာင္ေနသည့္ ေနရာတြင္ စားရမဲ့မဲ့ ေသာက္ရမဲ့မဲ့ျဖင့္ တစ္ေယာက္တည္း အထီးက်န္စြာ ေနရသည္။ကိုယ့္ကိုယ္ေတာင္ မထူမထႏိုင္ဘဲ ကိုယ့္ကိုယ္ေတာင္ မကာကြယ္ႏိုင္သည့္ အေနအထား။

လူေတြကို ဒုကၡေပးခဲ့သူ၏ ဘဝေနဝင္ခ်ိန္ကား ေၾကာက္စရာေကာင္းေလစြဟု….တရားက်မိပါသည္။

ေမာင္ဦးလြင္
ဇန္နဝါရီ - ၅