【 ဆောင်းပါး 】 “ဘီလူးကျွန်းက ဝါးထည်လက်မှု”

【 ဆောင်းပါး 】 “ဘီလူးကျွန်းက ဝါးထည်လက်မှု”

ကဒူးဟုဆိုလျှင် ကျနော်တို့အားလုံးသိကြသည်မှာ တိုင်းရင်းသားလူမျိုးတစ်မျိုး၏အမည်။ကဒူးလူမျိုး ဆိုတာယနေ့ထိတိုင်ရှိသေးသည်။ကဒူးကို အသံထွက်အတိုင်း ရေးမည်ဆိုပါက ဂဒူး။ ကဒူးနှင့်တွဲလျက်ကနန်း ဆိုတာကိုလည်းကြားဖူးကြမည်ထင်၏။ကဒူးနှင့်ကနန်းမှာ မျိုးနွယ်တူ။ကဒူးလူမျိုးတို့သည် ရှေးကျသောသက် လူမျိုးထဲတွင် ပါဝင်သည်တဲ့။ရှေးဦးတိဗက်တိုဘား မင်းအုပ်စုဝင်ဟုလည်းသိရသဖြင့် ဗမာနှင့်တစ်အုပ်စုတည်း ဖြစ်သည်။သမိုင်းမှတ်တမ်းများအရ သက်လူမျိုးတို့ မှာ ဗမာထက်စောပြီး မြန်မာနိုင်ငံထဲရောက် ရှိနေထိုင်ခဲ့ ကြသူများမို့ ကဒူးတို့သည်လည်း ဗမာထက်စောပြီး မြန်မာနိုင်ငံသို့အရင်ရောက်ရှိပုံရသည်။

ကဒူးစကားမှာဗမာနှင့်မတူ။ကဒူးစကားလုံးတချို့သည် ကချင်စကားလုံးနှင့်ရာခိုင်နှုန်း၅၀ ကျော်တူ ညီသည်တဲ့။ယခုလည်း ကချင်ပြည်နယ်နှင့်ကပ်လျက် ကသာခရိုင်အတွင်းနေထိုင်နေကြဆဲ မြန်မာတိုင်းရင်းသား ၁၃၅မျိုးထဲ ပါဝင်သည့် တိုင်းရင်းသားငယ်တစ်မျိုးဖြစ်သည်။

ထိုသို့သော ကဒူးလူမျိုးအကြောင်းကို ကျနော်ကြားဖူးသည်မှာ စာတွေပေတွေဖတ်မှတ်လာသည့် ၁၇-၁၈နှစ်အရွယ်လောက်ကဖြစ်သည်။သို့သော်၊ဂဒူးဆိုသည့်အမည်ကို သိရှိတာကတော့ ဟိုး…ငယ်ငယ်လေးကတည်းကဖြစ်သည်။ကျနော်သိသောဂဒူးမှာ လူမျိုးတစ်မျိုး၏ အမည်နှင့်မဆိုင်။သူကမွန်စကား၊ပစ္စည်းတစ်မျိုး ၏အမည်။ဘယ်လိုပစ္စည်းလဲဆိုတော့ ကောက်စိုက်သမတို့ ဆောင်းသည့်အရာဟုသာ ဆိုရပေမည်။

ဂဒူးမှာ ခေါင်းကနေဆောင်းချလိုက်ရပြီး တင်ပါးလောက်အထိ နောက်ကျောလုံသောဦးထုပ်ရှည် ဟုဆိုနိုင်သည်။ဂဒူးကိုဝါးပိုးဝါး ဖက်နဲ့ပြုလုပ်ထားခြင်းဖြစ်ပြီး ခေါင်းတွင်ကြိုးသိုင်းပါသလို ခါးတွင်လည်း ချည်လို့ရသည့်ကြိုးသိုင်းပါသဖြင့် နောက်ကျောလုံပြီး လေတိုက်လည်း မလွင့်တော့ခြင်းဖြစ်သည်။တချို့ဂဒူးကို အိမ်မိုးသည့်ဓနိဖက်နဲ့လုပ်တာမျိုးလည်းရှိသည်။များသောအားဖြင့် ဝါးဖက်နဲ့သာလုပ်ကြသည်ဟု အသက်၆၅နှစ်ရှိပြီဖြစ်သော ဘီလူးကျွန်းသား ဦးလေးကပြောပြသည်။

ဂဒူး၏ပုံစံမှာ ဖားပြုတ်ပမာကြည့်ရခပ်ဆိုးဆိုး၊ဘာ့ကြောင့်တင်ပါးလောက်သာလုံသလဲလို့မေးကြည့်တော့ ကောက်စိုက်သမတို့မှာ အနည်းဆုံးဒူးကျော်လောက်ရေရှိသည့် လယ်ကွင်းထဲတွင်ကောက်စိုက်ရသဖြင့် ဂဒူးနဲ့ရေလွတ်အောင် တင်ပါးလောက်သာရှည်ခြင်းဟုဆိုသည်။

 ဝါးဖက်မှာပေါ့ပါးသဖြင့် ဆောင်းသူအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်။ထို့ကြောင့်ဂဒူးကိုကောက်စိုက်သမတို့ သာမက လယ်သမားတို့လည်း မိုးတွင်းမှာဆောင်းခဲ့ကြသည်ဟုသိရသည်။သို့သော်၊ဂဒူး၏အားနည်းချက်မှာ တစ်မိုးတွင်းသာခံခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ဂဒူးကို ကျနော်တို့အောက်ပြည်အောက်ရွာတွင် ဘယ်အချိန်ကမှန်းမသိသော ရှေးနှစ်ပေါင်းများစွာကစလို့ ဒီဘက်ခေတ် ပလတ်စတစ်မပေါများမီအချိန်ထိ တွင်ကျယ်စွာအသုံးပြုခဲ့ကြသည်။ ရန်ကုန်တိုင်းအတွင်း ကျေးလက်တွင် နေထိုင်သော အသက် ၇၀အရွယ် အမျိုးသမီးကြီးတစ်ဦးကို ပလတ်စတစ် မပေါများမီအချိန်က သူတို့ဆီက ကောက်စိုက်သမတွေ ဘာဆောင်းသလဲဟုမေးကြည့်တော့ ခမောက်ရှည် ဆောင်းသည်ဟုဆိုသည်။သူပြောသည့်ခမောက်ရှည်ပုံစံကို မေးကြည့်တော့ ကျနော်တို့ခေါ်သည့် ဂဒူးပင်ဖြစ်သည်။သူတို့အရပ်က မွန်မဟုတ်သောကြောင့် ဂဒူးဟုမခေါ်ခြင်းဖြစ်နိုင်သည်။ တခြားအရပ်တွေက ဘာကိုဆောင်းပြီး ဘယ်လိုခေါ်သလဲမသိ။

တကယ်တော့ ခမောက်ဆိုသည့်ဝေါဟာရပင် ဗမာစကားဟုတ်ဟန်မတူ။တချို့က မွန်စကားဟုဆိုသည်။သို့သော် မသေချာ၊တခြားတိုင်းရင်းသားစကားလည်းဖြစ်နိုင်သည်။မည်သို့ပင်ဆိုစေ၊ကျနော်တို့ ဘီလူး ကျွန်းတွင်း ဝါးပေါသဖြင့် ဝါးအခြေပြုပစ္စည်းတွေ ပေါပေါများများရှိသည်။

ခမောက်ဆိုလျှင်လည်း ဝါးပိုးဝါးဖက်နှင့်လုပ်ပြီး မူလတန်းအရွယ်ကလေးများကျောင်းသွားလျှင် ဆောင်းလေ့ရှိသည်။ခေါင်းစွပ်သည့်နေရာတွင် ထိပ်ချွန်ပုံစံမျိုးဖြစ်ပြီး ဘေးပတ်လည်အဝိုင်းဖြစ်သည်။မျက်လုံးထဲပေါ်အောင်ပြောရသော် ပွဲဈေးတန်းတွင်ရောင်းသည့် ကလေးများဆောင်းစရာ ဘုရင့်စစ်သည်တော်ဦးထုပ်ကို ခပ်ကြီးကြီးချဲ့ထွင်ထားသည့် ပုံစံမျိုး။

မိုးပြင်းလေပြင်းမဟုတ်လျှင် ကလေးများအတွက် အေးအေးဆေးဆေးမိုးလုံပြီး ထီးကဲ့သို့ကိုင်စရာမလိုသဖြင့် ကလေးတို့အကြိုက်ဖြစ်သည်။ဝယ်ပြီးသောခမောက်ကို ရေနံချေးသေချာသုတ်ပြီး ခြောက်သည်အထိ နေလှမ်းထားလိုက်ပါက ၂နှစ်လောက်တော့ အသာလေးခံသည်။ကျောင်းသွားလျှင် ခမောက်ချင်းမမှားရလေအောင် ခမောက်ပေါ် ကိုယ့်နာမည်ရေးထိုးထားလေ့ရှိသည်။ကျောင်းစတက်ခါဆို ခမောက်အသစ်၊အင်္ကျီအသစ်၊ လွယ်အိတ်အသစ်၊မျက်နှာပြည့်သနပ်ခါး ဝင်းဝင်းပနဲ့ ကြွားဝင့်လို့။

ကျနော်တို့ဆီက ဘုန်းကြီးကျောင်းများတွင်ဆို ဘုန်းကြီးကျောင်းသားလည်းများသဖြင့် ခမောက်တွေ လည်းတစ်ယောက်တစ်လုံးမို့ ခပ်များများတွေ့ရလေ့ရှိသည်။လူကြီးတို့မှာ မိုးရွာနေချိန် ပတ်ဝန်းကျင်အိမ်များ သို့အကူးအသန်းလုပ်ပါက အလွယ်တကူခမောက်ဆောင်းသွားလေ့ရှိသည်။ထို့ပြင် ဦးထုပ်အဝိုင်းပုံစံ ခမောက်များလည်းရှိသည်။ထိုခမောက်မှာ စတိုင်မရှိသဖြင့် လူငယ်တွေဆောင်းလေ့မရှိ။လူကြီးများသာ နေပူထဲသွားလျှင် ဆောင်းလေ့ရှိသည်။

ထိုသို့သော ဝါးဖက်နဲ့လုပ်သည့်ခမောက်များကို ကျနော်တို့ဘီလူးကျွန်းက နှီးမုတ်ရွာနဲ့ကလော့ရွာတို့တွင် အိမ်တွင်းစီးပွားရေးအနေနဲ့ထုတ်လုပ်ကြသည်။ယနေ့ထိတိုင် နှီးမုတ်တွင် ဒီဇိုင်းအသစ်များနှင့်ခမောက် ထုတ်လုပ်ငန်းရှိနေသေးသည်ဟု သိရသည်။မည်သို့မည်ပုံ ဒီဇိုင်းသစ်ပြီး ဆွဲဆောင်မှုရှိသလဲတော့မသိ။ဈေးသိပ်မများတော့သလို ခမောက်ထက်တာရှည်ခံသော ထီးကို ယှဉ်နိုင်လိမ့်မည်တော့မထင်။ထားတော့။

ခမောက်အပြင် နှီးနဲ့လုပ်သည့်ဦးထုပ်နဲ့ပလိုင်းလည်း ရှိသေးသည်။သူ့ကိုတော့ နှီးဝါးနဲ့လုပ်ခြင်းဖြစ်သည်။နှီးဝါးဆိုတာက လက်တစ်ဆုပ်စာလောက်သာရှိသော ဝါးပင်ဖြစ်ပြီး ဝါးပိုးဝါးကျတော့ လုံးပတ်လည်းကြီးပြီး မြင့်လည်းမြင့်သည်။

နှီးဝါးကိုချည်လို့ရသော နှီးဖြစ်အောင် အရင်သင်ပြီးမှကိုယ်လိုချင်သောပုံစံဖြစ်အောင် အနုစိတ်လက်နဲ့ ယက်လုပ်ခြင်းဖြစ်သည်။နှီးဦးထုပ်ကို ကျနော်တို့ငယ်ငယ်က ကုလားဘီရွာတွင် စီးပွားဖြစ်အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် အလုပ်ဖြစ်ခဲ့ကြပြီး ယခုအခါမှာတော့ အနည်း ငယ်မျှသာ ကျန်တော့သည်ဟုသိရသည်။

ပြောရလျှင် ဝါးနဲ့လုပ်သောပစ္စည်းများမှာ ပလတ်စတစ်ပေါများလာချိန်တွင် ပလတ်စတစ်ကိုမယှဉ်နိုင်တော့သဖြင့် သိမ်ဝင်သွားခြင်းဖြစ်သည်။ဝါး၏အဓိကအားနည်းချက်မှာ ကြာရှည်မခံခြင်းဖြစ်ပြီး ကြာရှည်မခံသည့်ဝါးကို ကြာရှည်ခံစေမည့်နည်းပညာနဲ့ မပေါင်းစပ်နိုင်ခြင်းလည်းဖြစ်သည်။

ဂဒူးကတော့ထား။တခြားသောဝါးနဲ့လုပ်သည့်အသုံးအဆောင်ပစ္စည်းများမှာမူ တာရှည်ခံခြင်းနှင့် လူစိတ်ဝင်စားဖွယ်ရာ လက်ရာမြောက်ဖန်တီးနိုင်လျှင် နိုင်ငံတကာတွင် တစ်ခေတ်ဆန်းနေသည့်လက်နဲ့ပြုလုပ်သည့် ပစ္စည်းများပမာ ပေါက်မြောက်နိုင်မည်ဟုထင်၏။

ပြောရလျှင် ရိုးရာကို ခေတ်နဲ့အညီဆန်းသစ်ခြင်းဖြစ်သည်။ရိုးရာကရှိနှင့်ပြီးမို့ အခြေခံကောင်းရှိပြီး ဖြစ်သည်။ခေတ်နဲ့ညီဖို့ရာမှာ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုလိုသည်။ထို့အတွက် ကျွမ်းကျင်သူတို့၏အကြံပြုမှုလိုသလို ငွေရင်းရှိဖို့ရာနှင့် ဈေးကွက်လိုသည်။

ဆိုလိုသည်မှာ ရိုးရာကိုဆန်းသစ်ရာတွင် စုဖွဲ့အင်အားရှိမှုက ပဓာနကျပေသည်။

           

ငြိမ်းဆက်

Photo Credit:facebook