【 ဆောင်းပါး 】 “မမိုက်သင့်ပေ တို့တတွေ”

【 ဆောင်းပါး 】 “မမိုက်သင့်ပေ တို့တတွေ”

“ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမျှော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍၊ အမြဲခွာလျှင်း ဖဲကြဉ်မင်း” ငယ်စဉ်က သင်ကြားခဲ့ရသည့် ကန်တော်မင်းကျောင်းဆရာတော်၏ လောကသာရပျို့မှ အမျိုးလေးပါးကိုဆုံးမသည့် ကဗျာလေးကို မှတ်မှတ်ရရဖြစ်မိသည်။

အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်ကို မဆင်ခြင် မပိုင်းခြားနိုင်ဘဲ အသိအမြင် အယူအဆ လွဲမှားနေသည့် လူတချို့ လောကမှာရှိ၏။ထိုလူတို့သည် အပြစ်မကင်းသည့် ယုတ်မာကောက်ကျစ်သည့် အကြံအစည် အပြောအဆို အလုပ်အကိုင်တို့ကိုသာ မက်မက်မောမော သဘောတွေ့တတ်ကြ၏။ဆရာတော်က ထိုကဲ့သို့ လူဆိုးလူမိုက်မျိုးကို မနှစ်သက် အားမကျဘဲ မိမိဘဝပျက်စီးစေမည့် ရန်သူများအဖြစ် သဘောထားကာ ဝေးသည်ထက်ဝေးအောင် အမြဲထာဝရနေသွားကြရမည်ဟု လမ်းညွှန်သတိပေးထားခြင်းဖြစ်သည်။

တကယ်လည်းဟုတ်ပါသည်။လူမိုက်တစ်ယောက် မိမိအနားမှာရှိနေခြင်းသည် မြွေပွေး ခါးပိုက် ပိုက်ထားခြင်းထက် အဖြစ်ဆိုးလေသည်။လူမိုက်ဆိုသည်မှာ အသိဉာဏ် ဆင်ခြင်တုံတရား ကင်းမဲ့သူဖြစ်ပါသည်။အကောင်းနှင့်အဆိုး အမှန်နှင့်အမှားကို မခွဲခြားတတ်သူဖြစ်ပါသည်။လူသားတိုင်းသည် တစ်ခုခုကို အမြဲတွေးနေတတ်ကြသည်။ဓမ္မဓိဋ္ဌာန်ကျကျပြောရလျှင် အကောင်းနှင့်အဆိုး အမှန်နှင့်အမှား တစ်ခုပဲတွေးသည်။အမှန်တွေးနေချိန်မှာ အမှားမရှိပါ။အမှားတွေးနေချိန်မှာ အမှန်မရှိပါ။

အမှန်နှင့်အမှား မခွဲခြားနိုင်သည့် လူမိုက်တစ်ယောက်သည် သူလုပ်သမျှအကုန်လုံးကို အမှန်ချည်းထင်နေလိမ့်မည်။ထို့ကြောင့် သူ့အတွေးအိမ်ထဲမှာ အချိန်ပြည့် အမှားချည်းသာရှိနေပေလိမ့်မည်။သူလုပ်ချင်ရာကို စွတ်ရွတ်လုပ်နေမှာဖြစ်သည်။မျက်စိမှိတ်ထားသော လူတစ်ယောက်၏လက်ထဲကို ခဲလုံးများထည့်ပေးပြီး တရစပ် ပစ်ခိုင်းကြည့်ပါ။
သူ့ပတ်ပတ်လည်မှာရှိသော လူများ တိရစ္ဆာန်များ အရာဝတ္ထုများ တစ်ခုမဟုတ် တစ်ခုစီတော့ ခဲပစ်ချက်ထိမှာ သေချာနေပါပြီ။သည်တော့ ထိုလူမိုက်မျိုးနှင့် နေရသည့်သူများအတွက် အန္တရာယ် အကြီး အသေး တစ်ခုခုတော့ ကြုံတွေ့နေရမှာ သေချာပါသည်။

ဘဝခရီးကို အပြစ်ကင်းကင်းနှင့် ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းချင်သူတစ်ယောက်အတွက် လူမိုက်နှင့်အတူ နေခြင်း၊ မနေခြင်းသည် အလွန်အရေးကြီးနေလေပြီ။ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်ကပါ။ဗိမ္မိသာရမင်းကြီးသည် အရိယာသူတော်ကောင်းကြီးဖြစ်၏။မြတ်စွာဘုရားရှင်၏ ဒါယကာအရင်းတစ်ယောက်လည်းဖြစ်၏။မင်းကြီးတွင် အဇာတသတ်ဟူသော သားတော်တစ်ပါးရှိသည်။ဒေဝဒတ်သည် ဘုရားရှင်၏ တပည့်သံဃာများထဲမှ ရဟန်းတစ်ပါးဖြစ်၏။သူသည် သူကဲ့သို့ပင် သာကီဝင် မင်းမျိုးမင်းနွယ်များဖြစ်ကြသော အာနန္ဒာအပါအဝင် မင်းသားငါးယောက် ဆတ္တာသည်တစ်ယောက်တို့နှင့်အတူ ဘုရားရှင်ထံမှာ ရဟန်းဝတ်ခဲ့သည်။မကြာမီမှာပင် သူတို့ရဟန်းခုနစ်ပါးအနက် အာနန္ဒာသည် သောတာပန် အရိယာဖြစ်ခဲ့သည်။ကျန်ငါးပါးသည် ရဟန္တာများဖြစ်ခဲ့သည်။ဒေဝဒတ်တစ်ဦးတည်းသာ အရိယာမဖြစ်ဘဲ သာမန် ပုထုဇဉ်ရဟန်းအဖြစ် ကျန်ရှိသည်။

ဒေဝဒတ်သည် အရိယာဖြစ်ရန် တရားအားထုတ်ခြင်းမပြုဘဲ သမာဓိကြောင့်ရရှိထားသည့် ဈာန်သမာပတ်အပေါ် သာယာနေသည်။အသိဉာဏ်ကို တိုးမြှင့်ကျင့်ကြံဖို့ မကြိုးစားဘဲ သူ့ထက်သာသော တခြားသူများအပေါ် မနာလိုဝန်တိုစိတ်ထားနေလေသည်။ဘုရားရှင်၏ အဂ္ဂသာဝကနှစ်ပါးဖြစ်သော ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလန်တို့အပေါ် မနာလိုဝန်တိုစိတ်ထားသည်။သူနှင့်အတူ ရဟန်း တ်ခဲ့သော ရှင်အာနန္ဒာတို့အပေါ် မနာလိုဝန်တိုစိတ်ထားသည်။ဒါယကာ ဒါယိကာမများက ထိုရဟန္တာများအပေါ် ရိုသေနေတာ လှူဒါန်းနေတာကို မြင်နေရတော့ ပိုပြီးမကျေမနပ်ဖြစ်လာသည်။မဆီမဆိုင် ဘုရားရှင်ကိုပင် ရန်ငြိုးဖွဲ့လာတော့သည်။ထို့ကြောင့် အမှန်အမှားမခွဲခြားနိုင်ဘဲ မတန်မရာစိတ်နှင့် ဘုရားရှင်ကို ပခုံးချင်းယှဉ်ကာ တစ်ဖက်သတ်ပြိုင်ဆိုင်နေသူတစ်ယောက် ဖြစ်လာခဲ့သည်။

သံဃာတော်တစ်ပါးအနေနှင့် သာသနာကိုစောင့်ရှောက်ရမည့်သူဖြစ်သော်လည်း ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်လိုမှုကြောင့် ဘုရားရှင်နှင့် ဘုရားရှင်၏သာသနာကို ဖျက်ဆီးသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာရသည်။

ဘုရားရှင်ကိုပြိုင်ဆိုင်ကာ ရန်ပြုလာသော သူ၏လုပ်ရပ်များကြောင့် ရဟန်းသံဃာအများစုက သူနှင့်ဝေးအောင် ရှောင်ရှားကြသည်။ဒါယကာ ဒါယိကာမများကလည်း သူ့ကိုလှူဒါန်းခြင်းများ မပြုကြတော့။သည်တွင် ဒေဝဒတ်ခမျာ စားရေးသောက်ရေးအတွက်ပင် ကြီးမားသောအခက်အခဲဖြစ်လာရသည်။စားဝတ်နေရေး အဆင်ပြေရန်အတွက်ရော နောက်ခံအင်အားလိုအပ်မှုအတွက်ပါ အင်အားကြီးသော တစ်စုံတစ်ယောက်၏ အကူအညီရမှဖြစ်တော့မည်ဟု စဉ်းစားမိသည်။ပထမတော့ ဗိမ္မိသာရမင်းကြီးကို ချဉ်းကပ်ရန် စဉ်းစားသေးသည်။သို့သော် မင်းကြီးက သောတပန် အရိယာပုဂ္ဂိုလ်လည်းဖြစ် ဘုရားရှင်၏ ဒါယကာရင်းလည်းဖြစ် တွေးခေါ်ချင့်ချိန်နိုင်သော အတွေ့အကြုံရင့်သူလည်းဖြစ်နေ၍ ချဉ်းကပ်ရန်မဖြစ်နိုင်မှန်း သိသည်။သည်တွင် ဗိမ္မိသာရမင်းကြီး၏ သားတော် အဇာတသတ်မင်းသားကို သတိထားမိသည်။အဇာတသတ်မင်းသားသည် ငယ်ရွယ်သူလည်းဖြစ် နန်းတော်မှာသာနေထိုင်နေရသူဖြစ်၍ အတွေ့အကြုံဗဟုသုတနည်းပါးပြီး အတွေးအခေါ်နုနယ်သေးသူဖြစ်၍ ဆွဲဆောင်သိမ်းသွင်းဖို့ လွယ်ကူမည်ဟု တွေးမိပြီး အဇာတသတ်မင်းသားဆီသို့ ချဉ်းကပ်သည်။

သူရရှိထားသော ဈာန်သမာပတ် အတတ်ပညာများပြကာ ခြောက်လှန့်စည်းရုံးသည်။ခြေနှစ်ဖက် လက်နှစ်ဖက်တို့တွင် မြွေတစ်ကောင်စီ လည်ပင်းတွင်မြွေတစ်ကောင်  ခေါင်းတွင်မြွေတစ်ကောင် ပခုံးပေါ်တွင်မြွေတစ်ကောင်တင်လျက် အဇာတသတ်ရှေ့မှာ ရုတ်တရက်ပေါ်လာသောအခါ အဇာတသတ်တစ်ယောက် အံ့သြထိတ်လန့်ပြီး အလွန်အမင်းကြောက်ရွံ့သွားသည်။သည်တော့မှ သူက ရဟန်းအသွင် ပြန်ဖန်ဆင်းပြလိုက်သည်။

အဇာတသတ်သည် ဒေဝဒတ် ကို ပထမကြောက်ရွံ့ခဲ့သည်မှန်သော်လည်း ကြောက်ရွံ့မှုနောက်တွင် တဖြည်းဖြည်းနှင့် အထင်ကြီးလေးစားလာသည်။မကြာမီမှာပင် မင်းသား အဇာတသတ်သည် သူ့အပေါ် မရိုးသားစွာချဉ်းကပ်လာသော ဒေဝဒတ်အပေါ် လုံးဝယုံကြည်သွားပြီး သူရဲကောင်းတစ်ယောက်အဖြစ် ဆရာသမားတစ်ယောက်အဖြစ် ကြည်ညိုကိုးကွယ်မိလေတော့သည်။

ဒေဝဒတ် က အဇာတသတ် ကို ဘုရင်လုပ်ရန် တိုက်တွန်းသည်။အဇာတသတ်ကလည်း အချိန်တန်လျှင် ဖခင်က ဘုရင်အဖြစ် အရိုက်အရာလွှဲပေးမည်ဖြစ်ကြောင်း ပြောသည်။ဒေဝဒတ် က တစ်ဆင့်တိုး၍ စည်းရုံးပြန်သည်။အသက်ကြီးမှ ဘုရင်ဖြစ်လျှင် စည်းစိမ်ခံစားမှုအချိန်နည်းနေမည်ဖြစ်၍ အရွယ်နုပျိုစဉ်မှာ ဘုရင်ဖြစ်မှ လောကစည်းစိမ်ကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်းပြောကာ ဖခင်ဘုရင်ကြီးကိုသတ်စေသည်။အဇာတသတ်လည်း ဖခမည်းတော်ကို လုပ်ကြံရန် စီစဉ်သည်။ဖခင် ဘုရင်ကြီး သိသွားသော်လည်း သားတော်ကို အပြစ်မယူဘဲ ထီးနန်းကိုလွှဲပေးလေသည်။

သည်အထိလည်း ဒေဝဒတ် က မကျေနပ်နိုင်သေးပေ။ယခုနေသာ ဘုရင်နေရာဖယ်ပေးသော်လည်း တချိန်မှာ ထီးနန်းကို ပြန်လုယူမှာဖြစ်၍ အသေသတ်မှသာ စိတ်ချရမည့်အကြောင်း သွေးထိုးပေးပြန်သည်။အဇာတသတ် က ဖခင်ကိုသတ်ရန် သူကလည်း ဘုရားရှင်ကိုသတ်ရန် ကြံစည်ကြသည်။

အဇာတသတ်မင်းက ကျေးဇူးရှင်ဖခင်ကို သတ်မိန့်ပေး၍ မသင့်တော်ကြောင်း ပြောသောအခါ ဒေဝဒတ် က တဖြည်းဖြည်းညှင်း၍သတ်ရန် အကြံပေးသည်။အဇာတသတ်လည်း ဖခင်ကို နှောင်အိမ်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး အစာရေစာဖြတ်သည်။မယ်တော်က အမျိုးမျိုးသောပရိယာယ်တို့ဖြင့် အစာရေစာကျွေးမှန်းသိပြန်သော် မယ်တော်ကိုပင် ဖခင်ချုပ်နှောင်ရာသို့ အလာမခံတော့။ဖခင်က အစာရေစာ လုံးဝမစားမသောက်ရသော်လည်း တရားသတိအမှတ်ပြုလျက် လမ်းလျှောက်နေသဖြင့် အသက်မသေသေးမှန်း သိသောအခါ ဖခင်လမ်းမလျှောက်နိုင်စေရန် ခြေဖဝါးနှစ်ဖက်ကို ဓါးဖြင့်ခွဲ၍ ဆားသိပ်ကာ မီးကင်စေ၏။ဖခင်ကြီးမှာ မစားမသောက်ရသည့်အပြင် လမ်းပင်မလျှောက်နိုင်ရှာတော့ပေ။နောက်ဆုံးတွင် ဗိမ္မိသာရမင်းကြီး သေဆုံးသွားလေသည်။

လူမိုက်ကြီး ဒေဝဒတ်၏ နောက်လိုက်လုပ်မိသော အဇာတသတ်ခမျာ မွေးဖခင် သူတော်ကောင်းကြီးကိုသတ်မိသော လူမိုက်လေးတစ်ယောက် ဖြစ်ခဲ့ရလေသည်။

ဒေဝဒတ် ရဟန်းမိုက်သည် ဖြစ်သင့်၊ မဖြစ်သင့် လုပ်သင့်၊ မလုပ်သင့် ဆင်ခြင်တွေးခေါ်ခြင်းမရှိဘဲ မိမိ၏အလိုလောဘတစ်ခုတည်းနောက်သို့ ကောက်ကောက်ပါအောင်လိုက်ရင်း ဆိုးသည်ထက်ဆိုး မိုက်သည်ထက်မိုက်လာသူဖြစ်သည်။မင်းသားအဇာတသတ်သည်  သူကြောက်ရွံ့ရာမှ အထင်ကြီးခဲ့မိသော ကျေးဇူးရှင် ဆရာသခင်အဖြစ် ယုံကြည်အားကိုးခဲ့သော ဒေဝဒတ်၏ သွေးဆောင်မှုကြောင့် ဖြစ်သင့်၊ မဖြစ်သင့် လုပ်သင့်၊ မလုပ်သင့် ဆင်ခြင်တွေးခေါ်ခြင်းမရှိဘဲ မိုက်လာရသူဖြစ်သည်။

လူမိုက်တစ်ယောက်ရှိနေခြင်းကြောင့် သူ့ပတ်ဝန်းကျင်ရှိလူများအတွက် အလွန်အန္တရယ်ကြီးလှပါသည်။ဆိုးဝါးသော အခြေအနေတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ကြုံတွေ့ရမှာ သေချာနေသည်။ထို့ထက်ပိုဆိုးသည်ကား ထိုလူမိုက်တို့၏ မမှန်ကန်သော ရက်စက်သော ယုတ်မာသော အတွေးအခေါ် များကို လက်ခံမိသောသူများအတွက် အတွေးအခေါ် အယူအဆတွေပြောင်းသွားပြီး လူကောင်းဘဝမှ လူဆိုးလူမိုက်လေးတွေ ဖြစ်လာပေမည်။တစ်စတစ်စနှင့် လူမိုက်တွေ ပွားသည်ထက်ပွား များသည်ထက်များကာ လူမိုက်လောကတစ်ခု ဖြစ်လာပေတော့မည်။

ထိုသို့ လူမိုက်အင်အားများလာပြီဆိုလျှင် လူကောင်းတို့၏ဘဝအတွက် လွန်စွာရင်လေးကြရပါတော့မည်။ထိုလူမိုက်တို့၏ အသတ်ခံရမည်။မသေလျှင်လည်း လူမိုက်တို့၏ အနှိပ်စက်ခံရမည်။ထိုသို့မှမဟုတ်လျှင် မိမိကိုယ်တိုင် တချိန်ချိန်မှာ လူမိုက်ဖြစ်သွားနိုင်သည်။မိမိကိုယ်တိုင် ထိန်းသိမ်းနိုင်သေးသည် ဆိုဦးတော့။မိမိ၏သားသမီးများ လူမိုက်လေးတွေဖြစ်သွားတော့မည်က ရာနှုန်းပြည့်နီးပါး သေချာနေလေပြီ။

ထို့ကြောင့်လည်း မြတ်စွာဘုရားသခင်သည် မင်္ဂလသုတ်တွင် မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးရှိသည့်အနက် ပထမဆုံးအချက်အနေနှင့် “အသေဝနာစ ဗာလာနံ” လူမိုက်ကို မပေါင်းဖေါ် ခြင်းသည် မင်္ဂလာမည်၏ဟု မှာကြားထားခြင်းဖြစ်သည်။

ဓမ္မပဒတွင်လည်း “သူတော်ကောင်းတရားကိုကျင့်ရန် မိတ်ဆွေကောင်းကိုရှာသောသူသည် မိမိထက် သီလ သမာဓိ ပညာ သာလွန်သောသူကိုလည်းကောင်း မိမိနှင့်ဂုဏ်ရည်တူဖြစ်သောသူကိုလည်းကောင်း မရနိုင်ခဲ့မူ တစ်ယောက်တည်းသာ ကောင်းစွာကျင့်ရာ၏။လူမိုက်နှင့်မူ မပေါင်းဖေါ်ရာ” ဟု မှာကြားထားပြန်ပါသည်။

ဘုရားရှင်ကိုယ်တိုင်ကပင် သတ္တဝါအပေါင်းကို လူမိုက်မဖြစ်စေချင်ပါ။လူမိုက်နှင့် မပေါင်းဖေါ်စေလိုပါ။ခေတ်မီစကားလုံးနှင့်ပြောရလျှင် လူမိုက်ဟူသည် ဗိုင်းရပ်စ်ပိုးထက်ပင် အန္တရယ်ကြီးနေပါသောကြောင့် ကျွန်တော်တို့အားလုံးကိုယ်တိုင် လူမိုက်မဖြစ်အောင် ကျင့်ရပါမည်။လူမိုက်ကိုလည်း သတိထားရှောင်ရှားရပါမည်။ကျွန်တော့်ကိုယ် ကျွန်တော်လည်း လူမိုက်မဖြစ်အောင် လူမိုက်နှင့် အတူမနေဖြစ်အောင် သတိထားနေရသည်မို့ အားလုံးအတွက် ဆုတောင်းပေးရုံသာ တတ်နိုင်ပါသည်။

လူသားအားလုံး လူမိုက်နှင့်ကင်းဝေးပါစေ။လူမိုက်နှင့်တွေ့လာလျှင်လည်း ရှောင်နိုင်တိမ်းနိုင်ပါစေ။အကယ်၍ လူမိုက်နှင့် မျက်နှာချင်းဆိုင်ဆုံတွေ့ခဲ့လျှင်လည်း ထိုလူမိုက်၏အန္တရာယ်ဘေးမှ ကင်းဝေးလွတ်မြောက်ပါစေ။လူမိုက်ရန်ကင်းသော မင်္ဂလာတရားနှင့် ထာဝရပြည့်စုံပါစေ။

ရိုက်မောင်း
စက်တင်ဘာ - ၁