【 ဆောင်းပါး 】 “မရှိမဖြစ် မန်နေဂျာလက်စွဲ”

【 ဆောင်းပါး 】 “မရှိမဖြစ် မန်နေဂျာလက်စွဲ”

မန်နေဂျာတစ်ဦးအဖြစ် စီမံခန့်ခွဲမှုတာဝန်များကို တိုးမြှင့်ထမ်းဆောင်ခွင့်ရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ဂုဏ်ယူဖွယ်ရာ စိတ်လှုပ်ရှားဖွယ်ရာတစ်ရပ်လည်းဖြစ်ပါသည်။တစ်ပြိုင်နက်တည်းမှာပင် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရမည်ဖြစ်၍ စိတ်အားငယ်ဖွယ်ရာများကိုလည်း တွေ့ကြုံရနိုင်ပေသည်။ဦးဆောင်သူတစ်ဦးနေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်၍ မိမိ၏အဖွဲ့အစည်းသည် လုပ်ငန်းတာဝန်များကို လက်တွဲညီညီ ပြည့်ပြည့်ဝဝလုပ် ဆောင်ဖို့ ရလဒ်ကောင်းများရရှိဖို့၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ဖို့ အစရှိသော လုပ်ငန်းတာဝန်များသည် မိမိပုခုံးပေါ်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။
 
ထူးချွန်ထက်မြက်သော ထိပ်တန်းမန်နေဂျာတစ်ဦး ဖြစ်မြောက်လာစေရန် တစ်ခုတည်းသောနည်းလမ်းဟူသည် မရှိပါချေ။ယခု မရှိမဖြစ် မန်နေဂျာလက်စွဲစာအုပ် (ဆောင်းပါးများ) သည် ထိပ်တန်းမန်နေဂျာတစ်ဦးအဖြစ်သို့ ရောက်ရှိလာစေရန် သိသင့်သိထိုက်သော၊ ရှိသင့်ရှိထိုက်သော လုပ်ဆောင်ဖွယ်ရာများ၊ အဖိုးထိုက်တန်သော အကြံဉာဏ်ကောင်းများကို မျှဝေတင်ပြသွားမည်ဖြစ်ပါသည်။အထူးသဖြင့် အဓိကစီမံခန့်ခွဲမှ နယ်ပယ် ၆ ရပ်မှ တင်ပြသွားမည်ဖြစ်ပါသည်။စီမံမှုနယ်ပယ်သို့ တက်လှမ်းလာသော လူငယ်ခြေတက် မန်နေဂျာများအတွက်သာမက ဝါရင့်မန်နေဂျာကြီးအတွက်ပါ ကောင်းစွာအထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ပါသည်။
 
မန်နေဂျာတစ်ဦးသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိအသင်းအဖွဲ့ကို၊ ဌာနတစ်ခုကို ၊ အဖွဲ့အစည်းတစ်ရပ်ကို တာဝန်ယူထားရသူဖြစ်ပေရာ စွမ်းဆောင်မှုရလဒ်ကောင်းများရရှိရန် စီမံဦးဆောင်နိုင်ရမည်ဖြစ်ပါသည်။သို့ဖြစ်ရာ မန်နေဂျာတစ်ဦးသည် လက်အောက်ဝန်ထမ်းများကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပေသည်။လူအများကို မည်သို့စီမံခန့်ခွဲမည်၊ စီမံချက်များ အရောင်းရည်မှန်းချက်များ မည်သို့ချမှတ်မည်။လုပ်ငန်းတာဝန် များကို မည်ကဲ့သို့ခွဲဝေမည်၊ လက်အောက်ဝန်ထမ်းများကိုစေ့ဆော်မှု မည်သို့ပြုလုပ်မည်၊ စိတ်ဓာတ်တက်ကြွ အောင် မည်သို့စိတ်ခွန်အားပေးမည်၊ ပြဿနာများကို မည်သို့ဖြေရှင်းမည်၊ စွမ်းဆောင်ရည်များကို မည်သို့ တိုင်းတာအကဲဖြတ်မည်၊ တိုးတက်အောင်လုပ်ဆောင်မည် စသည်များကို လူအများကို စီမံမှုပြုခြင်း Managing People ကဏ္ဍတွင် တင်ပြထားပါသည်။
 
လူအများကို စီမံမှုပြုခြင်းဟူသည် တဒင်္ဂဆောင်ရွက်ပြီးစီးသည့် ကိစ္စရပ်မဟုတ်၊ စဉ်ဆက်မပြတ်လှုပ်ရှား ဆောင်ရွက်နေမည့်လုပ်ငန်းစဉ် (dynamic process) ဖြစ်ပါသည်။ရှုပ်ထွေးသောလုပ်ငန်းခွင် အခြေအနေများကို တုံ့ပြန်ဆောင်ရွက်ခြင်း၊ အနာဂတ်အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အောင်မြင်သော စွမ်း ဆောင်ရည်မြင့်သော အသင်းအဖွဲ့အဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သော အဓိကအရည်အသွေးနှင့် ကျွမ်းကျင်မှုများကို ဤကဏ္ဍတွင် လေ့လာနိုင်ပါသည်။
 
ခေါင်းဆောင်မှုဟူသည် လုပ်ငန်းပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို ဖန်တီးတည်ဆောက်နိုင်စွမ်းရှိခြင်းဖြစ်ပြီး၊ ဝန်ထမ်းတစ်ဦး တစ်ယောက်ချင်းစီ၏ စိတ်တွင်ကြီးကျယ်ခမ်းနားသော လုပ်ငန်းတာဝန်များကို ဂုဏ်ယူ ဝင့်ကြွားစွာ ထမ်းဆောင်နေလိုစိတ် ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်မှုပင်ဖြစ်ပါသည်။မိမိကိုယ်တိုင် ခေါင်းဆောင်မှုအရည်အသွေးများ တိုးမြင့်လာစေရန်နှင့်လက်အောက်ဝန်ထမ်းများကို ခေါင်းဆောင်မှုစွမ်းရည်များ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် လက်တွေ့ကျသော အကြံဉာဏ်များကို ခေါင်းဆောင်မှုကဏ္ဍ (Leadership) တွင် တင်ပြအကြံပေးထားပါသည်။
 
အောင်မြင်မှုအလားအလာကောင်းများသည် တီထွင်ဖန်တီးမှုအားကောင်းခြင်း၊ ထက်သန်စွာယုံကြည်ခြင်း၊ ဆက်သွယ်ရေးစွမ်းရည်များ တိုးတက်ကောင်းမွန်ခြင်းတို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။သို့ဖြစ်ရာ အောင်မြင်လိုသော မန်နေဂျာတို့သည် ဆက်သွယ်ရေးစွမ်းရည် (Communication skills) ကောင်းမွန်ရန် လိုအပ်ပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ရှိရန်နှင့် ထက်သန်သောယုံကြည်မှုရှိရန် လိုအပ်ပါသည်။ 
 
မြင့်မားသောစွမ်းဆောင်ရည် (High Performance) ရလိုလျှင် ဦးစွာ မိမိကိုယ်ကိုနားလည်ဖို့ လိုအပ်သည်။ကိုယ့်အကြောင်းကို ကိုယ်သိဖို့လိုသည်။မိမိ၏အားသာချက်များကို အသုံးချနိုင်ဖို့ လိုအပ်သကဲ့သို့ အားနည်းချက်များကိုကျော်လွှားနိုင်ရန် လိုအပ်ပါသည်။
 
မြင့်မားသောစွမ်းဆောင်ချက်များရရှိခြင်း (Achieving High Performance) ကဏ္ဍတွင် မိမိကိုယ်ကို သိရှိနား လည်စေသောနည်းလမ်းများ၊ လက်နက်ကိရိယာ (Tools) များ၊ အားနည်းချက်များကို ကျော်လွှားနိုင်သော နည်းလမ်းများကို ဆွေးနွေးထားပါသည်။
 
ထိရောက်သော ဆက်သွယ်ရေးစွမ်းရည်သည် လုပ်ငန်းအောင်မြင်ရေးတွင် အဓိကကျသည်။ Communication skills ကောင်းမွန်မှုမရှိလျှင် လုပ်ငန်းများထိရောက်မှုမရှိနိုင်။ဆက်သွယ်ရေးစွမ်းရည် ကောင်းမွန်စေရန်အတွက် ဆက်သွယ်ရေးမဟာဗျူဟာ ချမှတ်ခြင်းမှသည် ပရိသတ်ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းအထိ တင်ပြဆွေးနွေးထားပါသည်။ကောင်းမွန်ထိရောက်သော ဆက်သွယ်ရေးစွမ်းရည်ဟူသည် အဘယ်နည်း၊ မည်သို့လေ့လာဆည်းပူးနိုင်သနည်း။နားထောင်မှုစွမ်းရည်ကောင်း၏ ရလဒ်များ စသည်တို့ ပါဝင်သည်။
 
မန်နေဂျာတစ်ဦးသည် စီးပွားရေးလုပ်ငန်းစွမ်းဆောင်ရည်များ (Bussiness skills) တိုးတက်မြင့်မားရန် လိုအပ် သည်။မန်နေဂျာကောင်းတစ်ဦးသည် အောင်မြင်သော စီစဉ်တင်ဆက်သူကောင်းတစ်ဦးလည်းဖြစ်ပါသည်။ကမ္ဘာတစ်လွှား စီးပွားရေးလုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်ကြရာတွင် တင်ပြဆွေးနွေးခြင်း၊ စီစဉ်တင်ဆက်ခြင်းလုပ်ငန်းများသည် မပါမဖြစ်လုပ်ငန်းများဖြစ်ရာ မန်နေဂျာတို့သည် Presentation skills ကောင်းမွန်ဖို့ပြင်ဆင်ကြိုးပမ်းကြရမည်ဖြစ်ပါသည်။အခမ်းအနားများတွင် မိတ်ဆက်စကားပြောကြားခြင်း၊ မီဒီယာများနှင့်တွေ့ဆုံခြင်း၊ ဝန်ထမ်းများကို ရင်းရင်းနှီးနှီးစကားပြောခြင်း စသည်တို့တွင် သတိပြုဖွယ်ရာများ၊ အလေးထားရမည့်အချက်များကို စီစဉ်တင်ပြခြင်း (Presenting) ကဏ္ဍတွင် အသေးစိတ်တင်ပြထားပါသည်။
 
မန်နေဂျာများ ကျွမ်းကျင်ပိုင်နိုင်ရမည့် နောက်ထပ်ကျွမ်းကျင်မှု အရည်အသွေးတစ်ရပ်မှာ စေ့စပ်ညှိနှိုင်း ခြင်းစွမ်းရည် (Negotiating) ဖြစ်ပါသည်။စေ့စပ်ညှိနှိုင်းမှုသည် ရှုပ်ထွေးသလောက် စိတ်ဝင်စားဖွယ်ကောင်းသလို စိန်ခေါ်မှုလည်းများပြားသည်။မိမိရင်ဆိုင်ကြုံတွေ့ရသော အခြေအနေအရပ်ရပ်တွင်အောင်မြင်သော စေ့စပ်ညှိနှိုင်းသူတစ်ဦး ဖြစ်မြောက်လာစေရန် နည်းလမ်းမျိုးစုံကို ဤကဏ္ဍတွင် တင်ပြထားပါသည်။၎င်းတွင်မိမိ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ညှိနှိုင်းမှုပုံစံများ၊ ဥပမာများ၊ ဆက်ဆံရေးတည်ဆောက်ခြင်း၊ မျှတခြင်း၊ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ခြင်း စသည်များပါရှိသည်။
 
မန်နေဂျာတစ်ဦးတွင် မရှိမဖြစ်လိုအပ်သော သိမှတ်ဖွယ်ရာများ၊ အချက်အလက်များ၊ အင်္ဂါရပ်များ၊ ထည့် သွင်းစဉ်းစားစရာများ လုပ်ဆောင်ဖွယ်ရာများနှင့် စွမ်းရည်များကို ဖော်ပြ အကြံပေးထားပါသည်။စွမ်းဆောင်ရည်တိုးတက်လာမှုကို တိုင်းတာအကဲဖြတ်ရန် ကိုယ့်ကိုယ်ကို သုံးသပ်ခြင်း “Ask yourself” ၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံပေးချက်များ “Tips” ၊ လေ့လာကိုးကားစရာ ဖြစ်ရပ်မှန်များ (Case Studies) ၊ ဆောင်ရန် ရှောင်ရန်များ “Do’s and Don’t” များကိုလည်းထည့်သွင်းထားပါသည်။ း
 
တက်သစ်စမန်နေဂျာများအတွက်သာမက ဝါရင့်မန်နေ ဂျာများအတွက်ပါ မရှိမဖြစ်ဆောင်ထားရမည့် လက်စွဲစာအုပ်တစ်အုပ်ဖြစ်လိမ့်မည်ဟု လေးနက်စွာယုံကြည် ပါသည်။
 
မှူးခန့်စံ
ဇန်နဝါရီ - ၅